မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သောဘုရားသခင်’ ကား မည်သူနည်း

‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သောဘုရားသခင်’ ကား မည်သူနည်း

စစ်မှန်​၍ တစ်ပါး​တည်း​ဖြစ်သော​ဘုရားသခင်’ ကား မည်သူ​နည်း

ယေရှုသည် မိမိ၏​ခမည်းတော်​ဟု​ခေါ်ဆို​သော ဘုရားသခင်​ထံ မကြာခဏ​ဆုတောင်း​ခဲ့​ပြီး အခြားသူများ​ကိုလည်း ထိုသို့ ဆုတောင်း​ကြဖို့ သင်ပေးခဲ့​သည်။ (မဿဲ ၆:၉-၁၁; လုကာ ၁၁:၁၊ ၂) ယေရှု​မသေဆုံးမီ နာရီ​ပိုင်း​အလို​တွင် တမန်​တော်​များနှင့်​အတူ ဆုတောင်း​သည့်​အခါ သူ​ဤသို့​အသနားခံ​ခဲ့​၏– ‘အို​အဘ၊ အကျွန်ုပ်​အချိန်​ရောက်​ပါ​ပြီ . . . သားတော်​သည် ကိုယ်တော်​၏​ဘုန်း​ကို ထင်ရှား​စေပါ​မည်​အကြောင်း သားတော်​၏​ဘုန်း​ကို ထင်ရှားစေ​တော်​မူ​ပါ။ ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင် တစ်ပါး​တည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။’—ယောဟန် ၁၇:၁၊

‘မှန်သော​ဘုရားသခင် တစ်ပါး​တည်း​ဖြစ်​တော်​မူ​သော’ ဟု​ခေါ်ဆို​ခဲ့​သော​အရှင်​ထံ ယေရှု​ဆုတောင်း​ခဲ့​ကြောင်း သတိပြုပါ။ ဘုရားသခင်​၏​သာလွန်​မြင့်မားသော အနေအထား​ကို​ညွှန်ပြ​ကာ ကိုယ်တော် ဤသို့​ဆက်​ဆုတောင်း​ခဲ့​၏– “အို​အဘ၊ ဤ​ကမ္ဘာ​မ​ပေါ်​မတည်မီ​က ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ခံစား​ခဲ့​ရသော​ဘုန်း​အသရေ​ကို ယခု​အခါ​၌ ရှေ့တော်တွင် အကျွန်ုပ်​အား ပေး​တော်​မူ​ပါ။” (ယောဟန် ၁၇:၅သတင်းကောင်း) ယေရှုသည် ဘုရားသခင်​နှင့်အတူ​ရှိနေ​စေဖို့ ဆုတောင်း​ခဲ့​သည်​ဖြစ်​ရာ တစ်ချိန်တည်း​တွင် ‘စစ်မှန်​၍​တစ်ပါး​တည်း​သော​ဘုရားသခင်’ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ဤ​အကြောင်းကို ဆန်းစစ်​ကြည့်​ကြ​စို့။

ကောင်းကင်​တွင် ယေရှု၏​အနေအထား

ထိုသို့​ဆုတောင်း​ပြီး​နောက် နာရီ​အနည်းငယ်​အကြာတွင် ယေရှု​အသတ်ခံခဲ့ရ​၏။ သို့သော် ကာလ​ကြာမြင့်စွာ​မဟုတ်ဘဲ သောကြာ​နေ့​မွန်းလွဲပိုင်း​မှ တနင်္ဂနွေ​နေ့​နံနက်​အထိ​သာ သေဆုံး​ခဲ့​ခြင်း​ဖြစ်သည်။ (မဿဲ ၂၇:၅၇–၂၈:၆) “ထို​ယေရှုကို ဘုရားသခင်​ထမြောက်​စေတော်မူ​သည်ကို ငါ​တို့​ရှိသမျှသည် သက်သေခံ​ဖြစ်​ကြ​၏” ဟု တမန်​တော်​ပေတရု ဆို​ခဲ့​သည်။ (တမန်​တော် ၂:၃၁၊ ၃၂) ယေရှုသည် မိမိ​ကိုယ်တိုင်​ကို ရှင်ပြန်ထမြောက်​စေနိုင်​မည်​လော။ မဖြစ်​နိုင်​ပါ၊ သမ္မာကျမ်းစာ​အရ သေ​သော​သူ​မူ​ကား “အဘယ်အရာကို​မျှ​မသိ။” (ဒေ. ၉:၅) ယေရှု၏​ကောင်းကင်​ခမည်းတော် ‘စစ်မှန်​၍​တစ်ပါး​တည်း​သော​ဘုရားသခင်’ က ထမြောက်​စေ​ခဲ့​ခြင်း​ဖြစ်၏။—တမန်​တော် ၂:၃၂; ၁၀:၄၀

ထိုသို့​ထမြောက်​ပြီး​နောက်ပိုင်း မကြာမီတွင် ယေရှု၏​တပည့်​ဖြစ်သူ သတေဖန်​သည် ဘာသာရေး​ညှဉ်းပန်း​သူများ​လက်ချက်​ဖြင့် သေဆုံး​ခဲ့​ရသည်။ သူတို့သည် သတေဖန်​အား ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​စဉ် မြင်ကွင်း​တစ်ခု​ကို သူ​တွေ့မြင်​ခဲ့​သည်။ “ကြည့်​ပါ။ ကောင်းကင်​ဖွင့်လှစ်​သည်ကို​လည်းကောင်း၊ လူသား​သည် ဘုရားသခင်​၏​လက်ယာတော်​ဘက်၌ ရပ်နေ​သည်ကို​လည်းကောင်း ငါ​မြင်​သည်” ဟု​သူ​ဆို​၏။ (တမန်​တော် ၇:၅၆) သတေဖန်​မြင်တွေ့ခဲ့​ရသော “လူသား” ယေရှုသည် ကောင်းကင်​တွင် ဘုရားသခင်​အား အထောက်အကူ​ပြု​သည့် အနေအထား​ဖြစ်သော “ဘုရားသခင်​၏​လက်ယာတော်​ဘက်” ၌​ရှိနေပြီး ကိုယ်တော် မြေကြီးပေါ်​မကြွလာမီ​က ‘ဘုရားသခင်​နှင့်အတူ’ ရှိခဲ့​သကဲ့သို့​ဖြစ်သည်။—ယောဟန် ၁၇:၅

သတေဖန်​အသတ်ခံရ​ပြီး​နောက်ပိုင်း​တွင် ပေါလု​ဟူ​သည့် ရောမ​အမည်​ဖြင့်​လူသိ​များ​သူ ရှောလု​အား အံ့ဖွယ်​နည်းဖြင့် ယေရှု ကိုယ်ယောင်​ထင်ရှားပြ​ခဲ့​သည်။ (တမန်​တော် ၉:၃-၆) ဂရိ​နိုင်ငံ၊ အေ​သင်​မြို့တွင် ပေါလု​ရှိနေစဉ် “လောကဓာတ်​မှ​စ၍ လောကဓာတ်​၌​ရှိ​လေ​သမျှ​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​သော​ဘုရားသခင်” အကြောင်း သူ​ပြောဆို​ခဲ့​သည်။ ‘စစ်မှန်​၍​တစ်ပါး​တည်း​သော​ဘုရားသခင်’ သည် ‘ခန့်​ထား​တော်​မူ​သော​သူ [“လူသား၊” က​ဘ] အားဖြင့် လောကသား​တို့ကို ဖြောင့်မတ်ခြင်း​တရား​နှင့်​ညီ​လျော်​စွာ စစ်ကြော​စီရင်​မည့်​နေ့ရက်​ကို ချိန်းချက်​တော်​မူ​ပြီ။ ထို​သူကို သေခြင်း​မှ ထမြောက်​စေတော်မူ​သော​အားဖြင့် ခပ်သိမ်း​သော​လူ​တို့အား ယုံ​လောက်​သော​သက်သေ​ကို​ပြတော်မူ​ပြီ’ ဟု ၎င်း​ဘုရားသခင်​နှင့်​ပတ်သက်​၍ ဟောပြောခဲ့​၏။ (တမန်​တော် ၁၇:၂၄၊ ၃၁) ဤ​တွင် တမန်​တော်​ပေါလု​က ယေရှု​အား ကောင်းကင်​အသက်တာကို ပြန်​ရရှိစေ​ခဲ့​သူ ဘုရားသခင်​ထက် အဆင့်နိမ့်​သော ‘လူသား’ အဖြစ် ဖော်ပြ​ခဲ့​သည်။

ယေရှုသည် ဘုရားသခင်​ထက် အဆင့်နိမ့်​သူ​ဖြစ်​ကြောင်း တမန်​တော်​ယောဟန်​က​လည်း ဖော်ပြ​ခဲ့​သည်။ “ယေရှုသည် ခရစ်တော်​တည်း​ဟူသော ဘုရားသခင်​၏​သားတော်​ဖြစ်​တော်​မူ​သည်ကို” စာရှုသူ​တို့​ယုံကြည်​စေရန် မိမိ၏​ခရစ်ဝင်​ကျမ်း​ကို ရေးသားခဲ့​ခြင်း​ဖြစ်သည်​ဟု ယောဟန်​ဆို​ခဲ့​၏။ (ယောဟန် ၂၀:၃၁) ယောဟန်​သည် မိမိ၏​ခရစ်ဝင်​ကျမ်း​တွင် ယေရှု​အဖြစ်​ခွဲခြား​ဖော်ပြ​သည့် “သိုးသငယ်” ကို ကောင်းကင်​မြင်ကွင်း​တစ်ခု​တွင် တွေ့မြင်​ခဲ့​သည်။ (ယောဟန် ၁:၂၉) သိုးသငယ်​သည် “မြေကြီး​မှ​ရွေးနုတ် [သို့​မဟုတ် ရှင်ပြန်ထမြောက်] သော​သူ” ဟု ယောဟန်​ဆို​ခဲ့​သော ၁၄၄,၀၀၀ နှင့်အတူ​ရပ်နေ​သည်။ ၁၄၄,၀၀၀ သည် သိုးသငယ်​၏ “နာမ​နှင့် ခမည်းတော်​၏​နာမကို နဖူး​၌​အက္ခရာ​တင်သော​သူ” ဖြစ်သည်​ဟု ယောဟန်​ရှင်းပြ​ခဲ့​သည်။—ဗျာ. ၁၄:၁၊

“သိုးသငယ်” နှင့် “ခမည်းတော်” သည် တစ်ပါး​တည်း​ဖြစ်​နိုင်​မည်​လော။ လုံးဝ​မဖြစ်​နိုင်​ပါ။ သမ္မာကျမ်းစာ​တွင် ၎င်း​တို့အား သီးခြား​စီ​ဖော်ပြ​ထား​၏။ ၎င်း​တို့​၌ နာမ​ကိုယ်စီ​ပင်​ရှိကြသည်။

သိုးသငယ်​နှင့် ခမည်းတော်​၏​နာမ

ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​ကြ​သည့်​အတိုင်း ဘုရားသခင့်​သားတော်​ဖြစ်သော သိုးသငယ်​၏​နာမ​မှာ ယေရှု​ဖြစ်၏။ (လုကာ ၁:၃၀-၃၂) သို့​ဆိုလျှင် ခမည်းတော်​၏​နာမ​ကား အဘယ်နည်း။ သမ္မာကျမ်းစာ​တွင် ထို​နာမတော် အကြိမ်ပေါင်း​များစွာ​ပါရှိ​၏။ ဥပမာ၊ ယေရမိ ၃၃:၂ တွင် ‘ဤ​အမှုကိုပြု​သော​ဘုရားသခင်၊ ဤ​အမှုကို ဖန်ဆင်း​စီရင်​သော​ဘုရားသခင်၊ ယေဟောဝါ​အမည်​ရှိသော ထာဝရ​ဘုရားသခင်​မိန့်တော်မူသည်​ကား’ ဟု​ဖော်ပြ​ထား​သည်။ ဝမ်းနည်းစရာမှာ ဘာသာပြန်​ကျမ်း​များစွာ​တွင် ဘုရားသခင့်​နာမတော်​ဖြစ်သော ယေဟောဝါ​ကို “သခင် (LORD)၊” “ဘုရားသခင် (GOD)” ဟူသော​စကားလုံး​ဖြင့် အစားထိုး​ခဲ့​ကြသည်။ ဤ​စာလုံးကြီး​များ​က အခြားသူ​တို့​ခေါ်ဆို​ကြသော နတ်​ဘုရား​များ (gods) သို့​မဟုတ် အရှင်​များ (lords) နှင့်​ကွဲပြား​ခြားနား​စေ​သည်။ * သို့​တိုင် ဘာသာပြန်​ကျမ်း​များစွာ​တွင် ဘုရားသခင့်​နာမတော်​ကို ရှိ​သင့်​သည့်​နေရာများ​၌ ပြန်လည်​ထည့်သွင်း​ကြသည်။

အင်္ဂလိပ်​ဘာသာ​စကား​ဖြင့် အမေရိကန်​စံတင်​ဘာသာပြန်​ကျမ်း (၁၉၀၁) သည် ဘုရားသခင်​၏​နာမတော် ယေဟောဝါ​ကို ရှိ​သင့်​သည့်​နေရာတွင် ပြန်လည်​ထည့်သွင်း​သော ထူးခြားသည့် ဘာသာပြန်​ကျမ်း​တစ်စောင်​ဖြစ်၏။ ထို​ကျမ်း​၏​နိဒါန်း​တွင် ဤသို့​ဖော်ပြ​ထား​သည်– “အမေရိကန်​စံ​ကျမ်းစာ​တည်းဖြတ်​သူများ​က ဂရုတစိုက်​သုံးသပ်​ပြီး​နောက် နာမတော်​သည် မြတ်​လှ​သဖြင့် မ​မြွက်​အပ်​ဟူသော ဂျူး​လူတို့၏​အယူသီးမှု​သည် အင်္ဂလိပ် သို့​မဟုတ် အခြား​မည်သည့်​ဘာသာပြန်​ကျမ်း​ကို​မျှ မ​စိုးမိုး​အပ်​တော့​ဟု တညီတညွတ်​တည်း ခိုင်မာ​စွာ ခံယူ​လိုက်​ကြသည်၊ ထို့​ကြောင့် ခေတ်​သစ်​ခရစ်ယာန်​သာသနာပြု​များ​ရေးခဲ့​သော ဘာသာပြန်​ကျမ်း​အမြောက်အမြား​တွင် ဂျူး​အယူသီးမှု မပါ​ရှိ​ပေ။” *

သုံးပါး​ပေါင်း​တစ်ဆူ—မည်​သူ့​သွန်သင်ချက်​နည်း

ယေဟောဝါ​နှင့် ယေရှု​တို့သည် ဘုရားသခင်​တစ်ပါး​တည်း​ဖြစ်သည်​ဟု​သွန်သင်သော သုံးပါး​ပေါင်း​တစ်ပါး​အယူဝါဒ​နှင့်​ပတ်သက်​၍​ကော။ ၁၉၉၉၊ ဧပြီ-ဇွန်လ​ထုတ် သက်ရှိ​တရား​ပလ္လင်​မဂ္ဂဇင်း​တွင် သုံးပါး​ပေါင်း​တစ်ဆူ​ကို ဤသို့​အနက်ဖွင့်​ထား​၏– “ဘုရားသခင်​နှင့် ခမည်းတော်​တစ်ပါး၊ သခင်​ယေရှု​ခရစ်​တစ်ပါး၊ သန့်ရှင်းသော​ဝိညာဉ်​တော်​တစ်ပါး၊ ‘ပုဂ္ဂိုလ်’ သုံးပါး​သည် . . . တန်းတူ သို့​မဟုတ် တစ်ပါး​တည်း​ဖြစ်၏ . . . ; ပုဂ္ဂိုလ်​သုံးပါး​သည် ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ကာ ထပ်တူ​အရည်အသွေးများ​ကို ပိုင်ဆိုင်​ကြသည်၊ သို့​တိုင် ၎င်းတို့၏​ပင်ကို​လက္ခဏာများ​အားဖြင့် သီးခြား​စီ​ဖြစ်​ကြောင်း သိထားကြ​၏။ *

ဤ​ရှုပ်ထွေး​လှ​သော သုံးပါး​ပေါင်း​တစ်ဆူ​သွန်သင်ချက်​သည် မည်သည့်​နေရာ​မှ အရင်းခံ​သနည်း။ ၁၉၉၈၊ မေ ၂၀-၂၇ ရက်ထုတ်၊ ခရစ်ယာန်​ရာစုနှစ်​မဂ္ဂဇင်း​တွင် သုံးပါး​ပေါင်း​တစ်ဆူ​သည် “ယေရှု၏​သွန်သင်ချက်​မဟုတ်ဘဲ ချာ့ခ်ျ​၏​သွန်သင်ချက်​ဖြစ်သည်” ဟု ဝန်ခံ​ပြောဆို​သော ဓမ္မ​ဆရာ​တစ်ဦး၏​စကား​ကို ကိုးကား​ဖော်ပြ​ခဲ့​သည်။ သုံးပါး​ပေါင်း​တစ်ဆူ​သည် ယေရှု၏​သွန်သင်ချက်​မဟုတ်သည့်​တိုင် ယင်းသည် ကိုယ်တော်​သွန်သင်​ခဲ့​ရာ​နှင့် ကိုက်ညီ​ပါသလော။

ခမည်းတော်—သားတော်​ထက် သာလွန်​မြင့်မြတ်

“ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော” ဟု​ဆုတောင်း​ရန် နောက်လိုက်​များ​ကို ယေရှု​သင်ပေးခဲ့​၏။ ယေဟောဝါ​ဟု​အမည်​ရှိသော ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် သားတော်​ထက် သာလွန်​မြင့်မြတ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​၏။ ဥပမာ၊ ယေဟောဝါ​သည် “ရှေး​ကမ္ဘာ​အဆက်ဆက်​မှ​စ၍ နောက်​ကမ္ဘာ​အဆက်ဆက်​တိုင်အောင်” ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ယေရှုကို​မူ ‘သတ္တဝါ​အပေါင်းတို့တွင် သားဦး’ ဟု ကျမ်းစာ​ဆို​ထား​သည်။ ယေဟောဝါ​သည် ယေရှု​ထက်​သာ၍​ကြီးမြတ်သော​ကြောင့် “ငါ့​ခမည်းတော်​သည် ငါ့​ထက်​သာ၍​ကြီးမြတ်​တော်​မူ​၏” ဟု​ယေရှု​ကိုယ်တိုင် မိန့်ဆိုခဲ့​ခြင်း​ဖြစ်သည်။ (မဿဲ ၆:၉; ဆာလံ ၉၀:၁၊ ၂; ကောလောသဲ ၁:၁၅; ယောဟန် ၁၄:၂၈) သို့​တိုင် သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​က ခမည်းတော်​နှင့်​သားတော်​သည် “ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်၏” ဟု​ခံယူ​ထား​သည်။

ခမည်းတော်​သည် သားတော်​ထက် သာလွန်​မြင့်မြတ်​သည့်​အပြင် သီးခြား​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း ယေရှု​အသတ်မခံရမီ​က ဆုတောင်းချက်​တွင် ဤသို့​ရှင်းရှင်း​ဖော်ပြ​၏– “အို​အဘ၊ အလိုတော်​ရှိလျှင် ဤ​ခွက် [အရှက်တကွဲ​သေဆုံးရခြင်း] ကို အကျွန်ုပ်​မှ​လွှဲ​တော်​မူ​ပါ။ သို့သော်လည်း အကျွန်ုပ်​အလို​ရှိသည်​အတိုင်း မဖြစ်ပါစေ​နှင့်၊ ကိုယ်တော်​အလို​ရှိသည်​အတိုင်း ဖြစ်ပါစေ​သော်။” (လုကာ ၂၂:၄၂) သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​က​ဆို​သကဲ့သို့ ဘုရားသခင်​နှင့်​ယေရှုသည် “ပုဂ္ဂိုလ်​တစ်ပါး​တည်း” ဖြစ်​မည်​ဆိုလျှင် ယေရှု​နှင့်​ခမည်းတော်​၏​အလိုတော်သည် မည်သို့​ကွာခြား​နိုင်​မည်​နည်း။—ဟေဗြဲ ၅:၇၊ ၈; ဟေဗြဲ ၉:၂၄

ထို့​ပြင် ယေဟောဝါ​နှင့်​ယေရှုသည် ပုဂ္ဂိုလ်​တစ်ပါး​တည်း​ဖြစ်ပါ​က တစ်ဦး​သိထား​ရာ​ကို နောက်​တစ်ဦး​မသိ​ခြင်း​မှာ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ဥပမာ၊ လောက​၏​တရား​စီရင်​ချိန်​အကြောင်း ယေရှု​ပြော​သည့်​အခါ “ထို​အချိန်နာရီ​ကို​ကား ခမည်းတော်​မှတစ်ပါး အဘယ်သူမျှ​မသိ။ ကောင်းကင်တမန်​များ​မသိ။ သားတော်လည်း​မသိ” ဟု​မိန့်ဆိုခဲ့သည်။—မာကု ၁၃:၃၂

သုံးပါး​ပေါင်း​တစ်ဆူ​နှင့် ချာ့ခ်ျ

သုံးပါး​ပေါင်း​တစ်ဆူ​သည် ယေရှု​နှင့် ကနဦး​ခရစ်ယာန်​များ​၏​သွန်သင်ချက် မဟုတ်ပါ။ အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သကဲ့သို့ ယင်းသည် “ချာ့ခ်ျ​၏​သွန်သင်ချက်​တစ်ခု” ဖြစ်၏။ ၁၉၉၉ ခုနှစ်​ထုတ် သက်ရှိ​တရား​ပလ္လင်​မဂ္ဂဇင်း​တွင် သုံးပါး​ပေါင်း​တစ်ဆူ​နှင့်​ပတ်သက်​၍ ဤသို့​ဖော်ပြ​ထား​သည်– “တစ်ခါတစ်ရံ သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​သည် ခရစ်ယာန်​သွန်သင်ချက်​၏​စံ​ဖြစ်သည်​ဟု လူတိုင်း​ယူဆ​ပုံ​ရသည်၊” သို့သော် ဤသို့​ဆက်ဆို​၏၊ ယင်းသည် “ကျမ်းစာ​သွန်သင်ချက်” မဟုတ်ပါ။

ကက်သလစ်​စွယ်စုံ​ကျမ်း​သစ် (၁၉၆၇) တွင် သုံးပါး​ပေါင်း​တစ်ဆူ​အကြောင်း အသေးစိတ်​ဆွေးနွေးခန်း​ကို ဖော်ပြ​ကာ ဤသို့​ဝန်ခံ​၏– “သုံးပါး​ပေါင်း​တစ်ပါး​အယူဝါဒ​သည် ၄ ရာစု​နှောင်းပိုင်းတွင် ပေါ်ပေါက်​လာ​ခဲ့​သည်။ . . . ၄ ရာစု​အဆုံး​မတိုင်မီ ‘သုံးပါး​တစ်ဆူ​ဘုရား’ အယူ​၏ တိကျသော​ပုံဖော်ချက်​သည် မတည်မြဲ​သေး။ ခရစ်ယာန်​ဘာသာ​၏​ဘဝ၊ ယုံကြည်​ခံယူ​ချက်​တို့​နှင့် တစ်သားတည်း​မရှိ​သေး​သည်​မှာ အသေအချာ​ပင်။”

ဆွစ်ဇလန်၊ ဘ​န်​တက္ကသိုလ်​၏​ပါမောက္ခ မာတင်​ဗာနာ​က ဤသို့​ဆို​၏– “ခမည်းတော်​ဘုရားသခင်​နှင့် ယေရှု၏​တော်စပ်ပုံ​ကို ဓမ္မသစ်​ကျမ်း​တွင်​ဆွေးနွေး​တိုင်း လူသား​အနေ​ဖြင့်​ဖြစ်စေ၊ မေရှိယ​အနေ​ဖြင့်​ဖြစ်စေ ကိုယ်တော်​ကြွလာခြင်း​က လက်အောက်ခံ​ဖြစ်​ခြင်း​သဘော​အဖြစ် လုံးလုံး​လက်ခံ​နားလည်​ထား​ကြ​၏။” ယေရှု​နှင့် အစောပိုင်း​ခရစ်ယာန်​တို့၏ ယုံကြည်ချက်​သည် ယနေ့ ချာ့ခ်ျ​၏​သုံးပါး​ပေါင်း​တစ်ပါး​သွန်သင်ချက်​နှင့် တခြား​စီ​ပင်။ ဤ​သွန်သင်ချက်​သည် မည်သည့်​နေရာ​မှ​လာ​သနည်း။

သုံးပါး​ပေါင်း​တစ်ဆူ​၏ ကနဦး​ရင်းမြစ်

သမ္မာကျမ်းစာ​တွင် အာရှတရက်၊ မိလကုံ၊ ခေမုရှ​နှင့် မောလုတ်​အပါအဝင် လူ​တို့​ဝတ်ပြု​ကိုးကွယ်​ကြသော နတ်​ဘုရား​နှင့်​နတ်​ဘုရားမ​များစွာ ဖော်ပြ​ထား​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၁:၁၊ ၂၊ ၅၊) တစ်ချိန်က ရှေး​ဣသရေလ​လူမျိုး​တို့​ပင် ဗာလ​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်သည်​ဟု ယုံကြည်ခဲ့​ကြသည်။ ထို့​ကြောင့် ယေဟောဝါ​ရှင်​၏ ပရောဖက်​ဧလိယ​က ဘုရားသခင်​မှန်​ကို​ရွေးချယ်​ကြ​ရန် ဤသို့​တောင်းဆို​ခဲ့​၏– ‘ယေဟောဝါ​သည် ဘုရားသခင်​မှန်​လျှင် ထို​ဘုရားသခင်​ကို ဆည်းကပ်​ကြလော့။ ဗာလ​သည် ဘုရားသခင်​မှန်​လျှင် ထို​ဘုရား​ကို ဆည်းကပ်​ကြလော့။’—၃ ဓမ္မ​ရာဇဝင် ၁၈:၂၁

သုံးပါး​တွဲ​ဘုရား​များ​ကို ကိုးကွယ်​ခြင်း​သည် ယေရှု​မမွေး​မီ​က​ပင် သ​မား​ရိုး​ကျ​ဖြစ်နေ​သည်။ သမိုင်း​ပညာရှင် ဝီလ်ဒူးရန့်​က “သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​သည် အီဂျစ်​နိုင်ငံ​မှ ဆင်းသက်​ခဲ့​သည်” ဟု​ဆို​၏။ ဘာသာရေး​နှင့်​ကျင့်ဝတ်​စွယ်စုံ​ကျမ်း​တွင် ဂျိမ်း​ဟ​တ်​စတင်​က ဤသို့​ရေးခဲ့​သည်– “ဥပမာ​အနေ​နှင့် အိန္ဒိယ​ဘာသာ​တရား​တွင် ဗြဟ္မာ၊ သီ​ဝ၊ ဗိဿနိုး သုံးပါး​ပေါင်း​တစ်ဆူ​ဝါဒီ၊ အီဂျစ်​ဘာသာ​တရား​တွင် အို​စိုက်​ရ​စ္စ၊ အို​က်စ္စ၊ ဟော​ရပ်​စ် သုံးပါး​ပေါင်း​တစ်ဆူ​ဝါဒီ​တို့​နှင့် ကျွန်ုပ်​တို့ တွေ့ဆုံ​ခဲ့​ရသည်။”

ထို့​ကြောင့် ဘုရား​ပေါင်း​များစွာ​ရှိ၏။ ယင်းကို အစောပိုင်း​ခရစ်ယာန်​များ အသိအမှတ်ပြု​ကြ​ပါသလော။ ယေရှုကို အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​အဖြစ် သူတို့​ရှုမြင်ကြ​ပါသလော။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 ဥပမာ၊ ဆာလံ ၁၁၀:၁ ကို​ကြည့်​ပါ။ ဤ​အခန်းငယ်​ကို ယေရှု​နှင့်​ပေတရု​တို့​နှစ်ဦးစလုံး​က ကိုးကား​ခဲ့​သည်။—မဿဲ ၂၂:၄၂-၄၅; တမန်​တော် ၂:၃၄-၃၆

^ အပိုဒ်၊ 12 ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၂၁ မှ “ဘုရားသခင့်​နာမတော်​ကို ကျွန်ုပ်​တို့​အသုံးပြုသင့်​ပါသလော” ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 14 ယေရှု​ကွယ်လွန်​ပြီး​နောက် နှစ်​ရာစု​အနည်းငယ်​အကြာတွင် ပေါ်ပေါက်​လာသော အာ​သန်​နေ​စီ​ယန်​အယူဝါဒ​က သုံးပါး​ပေါင်း​တစ်ဆူ​ကို ဤသို့​အနက်ဖွင့်​၏– “ခမည်းတော်​သည် ဘုရားသခင်​ဖြစ်​တော်​မူ​၏၊ သားတော်​သည် ဘုရားသခင်​ဖြစ်​တော်​မူ​၏၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်​ဖြစ်​တော်​မူ​၏။ သို့သော် ဘုရားသခင်​သုံး​ဆူ​မဟုတ်၊ ဘုရားသခင်​တစ်ဆူတည်း​ဖြစ်၏။”

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အီဂျစ်

ဘီ.စီ.အီး. ဒုတိယ​ထောင်စုနှစ်​က အို​စိုက်​ရ​စ္စ၊ အို​က်စ္စ၊ ဟော​ရပ်​စ်​တို့​သုံးပါး​တစ်ဆူ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဆီးရီးယား​မြို့တော် ပဲ​လ်​မိုင်​ရာ​မြို့

စီ.အီး ပထမ​ရာစု​ခန့်​က လ​ဘုရား၊ ကောင်းကင်​ဘုရား၊ နေ​ဘုရား​သုံးပါး​တစ်ဆူ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အိန္ဒိယ

စီ.အီး ခု​နစ်​ရာစု​ခန့်​က ဟိန္ဒူ​သုံးပါး​ပေါင်း​ဘုရား

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

နော်​ဝေး

စီ.အီး ၁၃ ရာစု​ခန့်​က (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်​တော်) သုံးပါး​ပေါင်း​တစ်ဆူ

[Picture Credit Line on page 7]

Top two photos: Musée du Louvre, Paris