မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖျားနာမှုကို ဟာသဉာဏ်နှင့်ရင်ဆိုင်ခြင်း

ဖျားနာမှုကို ဟာသဉာဏ်နှင့်ရင်ဆိုင်ခြင်း

ဖျားနာ​မှု​ကို ဟာသ​ဉာဏ်​နှင့်​ရင်ဆိုင်​ခြင်း

စပိန်​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ကွန်​ချီ​သည် ခု​နစ်​နှစ်​တိုင်တိုင် ကင်ဆာ​ရောဂါ​ကို တိုက်လှန်​ခဲ့​ရသော လူလတ်ပိုင်း​အရွယ် ပျော်ပျော်​နေတတ်​သည့် အမျိုးသမီး​တစ်ဦး​ဖြစ်သည်။ သူသည် ရင်​သား​ကင်ဆာ​ဖြစ်​နေကြောင်း ဦးဆုံး​သိရှိ​ခဲ့​ချိန်​မှ​စ၍ ကင်ဆာ​ဖြစ်စေ​သော​အကျိတ်​များ​ကို ထိန်းချုပ်​နိုင်​ရန် ခွဲစိတ်​ကုသမှု​ခု​နစ်​ကြိမ် ခံ​ခဲ့​ရပြီ​ဖြစ်သည်။ သူ မည်သို့​ရင်ဆိုင်​ဖြေရှင်း​နိုင်​သနည်း။

“ဆရာဝန်​တွေ​က ကျွန်မ​ကို သတင်းဆိုး​တွေ ပြောပြ​တဲ့​အခါတိုင်း လိုအပ်​တယ်လို့​ထင်​ရင် စိတ်​ဆင်းရဲမှု​တွေ သက်သာ​သွား​အောင် စိတ်​ရှိတဲ့​အတိုင်း ငို​ပစ်လိုက်​တယ်” ဟု​ဆို​သည်။ “ပြီး​တော့ ပုံမှန်​အတိုင်း ကြိုးစား​ပြီး​ပြန်နေ​လိုက်တယ်၊ တရုတ်​ဘာသာ​စကား​သင်​တာ​တွေ၊ ခရစ်ယာန်​စည်းဝေးကြီး​တွေ​ကို တက်ရောက်​တာ​တွေ၊ မိသားစု၊ မိတ်ဆွေတွေနဲ့​အတူ အားလပ်ရက်​အပန်းဖြေ​သွားတာ​တွေ​စတဲ့ ကျွန်​မနှစ်သက်တာတွေကို လုပ်လိုက်တယ်။ ‘အဘယ်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​အသက်တာကို တစ်​တောင်​ခန့်မျှ တိုးပွား​စေနိုင်​သနည်း’ ဆို​တဲ့ ယေရှုရဲ့​စကား​တွေ​ကို ကျွန်မ​အမြဲ​သတိ​ရတယ်။”—မဿဲ ၆:၂၇

သူ ဤသို့​ထပ်​ပြောပြ​သည်– “ဟာသ​ဉာဏ်​ကောင်းကောင်း​ရှိနေဖို့​လည်း ကျွန်မ​အမြဲ​ကြိုးစား​နေတယ်။ ဆရာဝန်​တွေ​ကို ရ​ယ်​စ​ရာတွေ​ပြော​တယ်၊ ကျွန်မ​ကို​ရယ်မော​စေ​တဲ့​ဇာတ်လမ်း​တွေ​ကြည့်​တယ်၊ ပို​ပြီး​အရေးကြီးတာက​တော့ မိတ်ဆွေ​တွေ၊ ဆွေမျိုးသားချင်း​တွေ​နဲ့ ပုံမှန်​ထိတွေ့​နိုင်အောင် ကြိုးစား​တယ်။ ရှ​င့်​ကို ရ​ယ်​အောင်​လုပ်နိုင်တဲ့​မိတ်ဆွေတွေနဲ့ ပေါင်းသင်း​တာ​ဟာ တကယ့်​အားဆေး​ပဲ။ တစ်ခါ​က​ဆိုရင်၊ ခွဲစိတ်​ခန်းမ​ဝင်​ခင်​လေးမှာ မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်း​တချို့က မ​ခွဲစိတ်​ခင်​ည​မှာ ဖြစ်ပျက်​တဲ့ အတော်​ရယ်ရတဲ့​ဖြစ်ရပ်​လေး​တစ်ခု​အကြောင်း ကျွန်မ​ကို​ပြောပြ​ကြတယ်။ ကျွန်မ သိပ်​ရ​ယ်​ရတော့ ခွဲစိတ်​ခန်း​ကို လုံးဝ​စိုးရိမ်​သောက​မရှိဘဲ​နဲ့ ဝင်နိုင်​ခဲ့တယ်။”

ဟာသ​ဉာဏ်​နှင့် အပြုသဘောထား​သည် ကျန်းမာ​ရေး​ပြဿနာ​များ​ကို ဖြေရှင်း​ရာ​တွင် အကူအညီ​ဖြစ်စေ​နိုင်​ကြောင်း ကွန်​ချီ​တစ်ဦးတည်း​သာ သိရှိ​ခဲ့​သည်မဟုတ်​ပါ။ ခေတ်​သစ်​ဆေးပညာ​က​လည်း နာကျင်မှု၊ ရောဂါ​တို့ကို တွန်းလှန်​ရာ​၌ ဟာသ​ဉာဏ်​၏​အဖိုးတန်​သော​အခန်းကဏ္ဍကို စတင်​အသိအမှတ်ပြု​လာပြီ။

ခန္ဓာကိုယ်​နှင့် စိတ်​အတွက် အကျိုးရှိ

ဤ​အယူအဆ​သည် အသစ်အဆန်း​မဟုတ်ပါ။ လွန်ခဲ့သော​နှစ်ပေါင်း​သုံး​ထောင်​ကျော်​က ဘုရင်​ရှောလမုန်က ဤသို့​ရေးသားခဲ့​သည်– ‘စိတ်​ရွှင်လန်းခြင်း​သည် အကောင်းဆုံး​သော​ဆေး​ဖြစ်သည်။’ (သု. ၁၇:၂၂ယေရုရှလင်​ကျမ်းစာ) ၁၇ ရာစု​၏​စပိန်​လူမျိုး​စာရေး​ဆရာ လို​ပ်​ဒီ​ဗီ​ဂါ က​လည်း ထို​နည်းတူ ရေးသားခဲ့​သည်– “ကျွန်ုပ်​တို့သည် ဟာသ​ဉာဏ်​ကောင်း​ကို အသုံးပြု​နေ​မည်​ဆိုလျှင် ပို​၍​ကျန်းမာ​လာ​မည်​ဟု​ယူဆ​ပါ​သည်။” သို့သော် ဖိစီးမှုများ​သော ယနေ့​လောကတွင် ဟာသ​ဉာဏ်​ကို ထုတ်သုံး​မည့်​အစား သို​ဝှက်ထား​ကြ​ပုံ​ပေါက်​သည်။ ကျွန်ုပ်​တို့သည် ရွှေရောင်လွှမ်း​သော​နည်း​ပညာ​ခေတ်တွင် အသက်​ရှင်​နေကြ​ပုံ​ပေါက်​သော်လည်း ကောင်းသော​ရ​ယ်​ရွှင်​စ​ရာ​ဟာသ​များ​မှာ​မူ လျော့နည်းလာ​သည်။ အဲလ်​အာ​တီ​ဒီ​လာရီ​ဆာ (ရယ်မော​ခြင်း​အတတ်ပညာ) စာအုပ်​၌ မျက်မှောက်​လူ့ဘောင်တွင် “ဟို​မို စ​ပီ​ယန်း​စ် [လူသားများ] သည် ဟို​မို ဒီ​ဂျီ​တဲ​လ်စ်​ဖြင့် အစားထိုး​ခံ​နေကြ” ပုံ​ပေါက်​သည်​ဟု ဖော်ပြ​ထား​သည်။ တစ်ခါတစ်ရံ ဒီ​ဂျီ​တဲ​လ်ဘိုက်​များနှင့် ကွန်ပျူတာ​မော်​နီ​တာ​များသည် ရ​ယ်​စ​ရာ​စကား၊ အမူအရာ​များ၊ အပြုံး​များ​ကို ဖျောက်ဖျက်​နေ​ပုံ​ရသည်။

ဟာသ​ဉာဏ်​ကောင်း​ရှိ​ခြင်း​က ပို​၍​အပြုသဘောဆောင်​သော​အတွေး​များ၊ စိတ်​လှုပ်ရှားမှုများ၊ အပြု​အမူ​တို့​ရှိစေရန် လူနာများ​ကို ကူညီ​ပေး​သည်။ မကြာသေးမီ​က ကင်ဆာ​နှင့် ရောဂါ​သက်သာ​စေသည့်​ဆေးပညာ​ကုထုံး​ဘက်တွင် ပါရဂူ​တစ်ဦး​ဖြစ်သူ ဒေါက်တာ ဂျင်​မီ​ဆန်​ဇ် အော​တ​စ္စ ရေးသားသော​ဆောင်းပါး​တစ်ပုဒ်​အရ ဟာသ​နှော​တတ်​ခြင်း​က “ဆက်သွယ်ရေး​ကို အဆင်ပြေ​စေ​သည်၊ ရောဂါ​ပြီး​စနစ်​ကို အားရှိစေ​သည်၊ နာကျင်မှုကို သက်သာ​စေ​သည်၊ စိုးရိမ်​ပူပန်မှု​ကို လျော့နည်းစေ​သည်၊ စိတ်​တင်းမာမှု၊ ကြွက်သား​တောင့်တင်းမှု​တို့ကို ဖြေ​လျော့​စေ​သည်၊ တီထွင်​ဖန်တီး​နိုင်စွမ်း​နှင့် မျှော်လင့်ချက်​တို့ကို လှုံ့ဆော်ပေး​သည်။”

တန်ဖိုး​မ​ဖြတ်​နိုင်သော ဟာသ​ဉာဏ်

ဟာသ​ဉာဏ်​ကောင်း​ရှိ​ခြင်း​သည် ကုသ​ရာ​တွင် အဘယ်ကြောင့် ထိရောက်​သနည်း။ ယင်းသည် မနှစ်မြို့ဖွယ်​အခြေအနေ​များ ရင်ဆိုင်​ရ​လျှင်​ပင် အခြေအနေ​များ​ကို အပြုသဘောပါပါ ကိုင်တွယ်​ဖြေရှင်း​စေသော အရည်အသွေး​တစ်ခု​ဖြစ်သော​ကြောင့်​တည်း။ “ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် ရ​ယ်​ရွှင်​ဖွယ်​ဟာသ​ပြော​ခြင်း၊ ရယ်မော​ခြင်း​တို့ ပါဝင်​စေခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​ခွန်အား​ကို ဆက်လက်​တည်မြဲ​စေပြီး ပင်ပန်း​နွမ်း​နယ်​မှုများ​ကို သက်သာ​စေ​ကာ မိမိကိုယ်ကို​သနားခြင်း​ကို ထုတ်ပစ်​စေ​သည်” ဟု​ဆန်​ဇ်​အော​တ​စ္စ​က အခိုင်အမာ​ပြောဆို​သည်။

ကျွန်ုပ်​တို့ကို ပြုံးရယ်​စေသော​အရာ​သည် လူတစ်ဦး​နှင့်​တစ်ဦး၊ ယဉ်ကျေးမှု​တစ်ခု​နှင့်​တစ်ခု တူညီ​မည်​မဟုတ်​သည်​မှာ သဘာဝ​ပင်။ “အလှအပ​သည် ကြည့်မြင်​သူ၏​မျက်စိ​အပေါ် မူတည်​သကဲ့သို့ ကောင်းသော​ရ​ယ်​ရွှင်​ဖွယ်​ဟာသ​သည်လည်း လေ့လာသူ​၏​စိတ်​အပေါ် မူတည်​သည်” ဟု​ဆန်​ဇ်​အော​တ​စ္စ​က ရှင်းပြသည်။ သို့သော်၊ ကျွန်ုပ်​တို့၏​နောက်ခံ သို့​မဟုတ် ပညာရေး​အခြေအနေ မည်သို့​ပင်​ရှိနေပါစေ ဟာသ​ဉာဏ်​ရှိ​ခြင်း​သည် အများအားဖြင့် ဆက်သွယ်ရေး​အတွက် ထိရောက်​သော​နည်း​တစ်ခု၊ စုပုံ​နေသော​စိုးရိမ်​ပူပန်မှု၊ စိတ်​တင်းကျပ်​မှု သို့​မဟုတ် မ​လုံခြုံမှု​တို့အတွက် အသုံးဝင်​သော​ထွက်ပေါက်​တစ်ခု ဖြစ်လေ့​ရှိသည်။ ယင်းက ကျွန်ုပ်​တို့ကို များစွာ​ထောက်ကူ​ပေး​နိုင်​သည်​မှန်​လျှင် ဟာသ​ဉာဏ်​ကောင်း​ပျိုးထောင်​နိုင်​ရန် ကျွန်ုပ်​တို့​အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

ပထမဦးဆုံး​လှမ်း​နိုင်​သည့်​ခြေလှမ်း​မှာ ကျွန်ုပ်​တို့၏​ပြဿနာ​များ သို့​မဟုတ် ဖျားနာ​မှု​အပေါ် လုံးလုံး​အာရုံစိုက်​ခြင်း​ကို ရပ်တန့်​လိုက်ပြီး လောလောဆယ်​အခြေအနေ​ကို အပြုသဘောပါပါ မွေ့လျော်​တတ်​ရန် အစပြု​ကြိုးစား​ခြင်း​ဖြစ်သည်။ ထို့​ပြင် ဆင်ခြင်တုံ​တရား​ရှိ​ရှိ စဉ်းစားတတ်​ရန်​ကြိုးစား​ပြီး ကျွန်ုပ်​တို့၏​အခက်အခဲ​ကို ကြီးမား​စေ​ရုံ​သာ​ဖြစ်စေ​သော ထင်ယောင်ထင်မှား သို့​မဟုတ် ဆင်ခြင်တုံ​တရား​နှင့်​မညီ​သည့်​အတွေး​များ​ကို ငြင်းပယ်​သင့်​သည်။ အရာရာကို ရှုထောင့်​တစ်မျိုး​မှ ကြည့်မြင်​တတ်​ရန် သင်ယူခြင်း​အားဖြင့်လည်း ဟာသ​ဉာဏ်​ကို ပျိုးထောင်​နိုင်​သည်။ ကျွန်ုပ်​တို့ တစ်ချိန်​လုံး ပျော်​နေ၊ ရယ်မော​နေကြ​သည်မဟုတ်​ချေ၊ သို့သော် အခြေအနေ​တစ်ခု​ကို ရွှင်မြူး​စ​ရာ​အဖြစ်​ရှုမြင်​တတ်​မည်​ဆိုလျှင် အောင်မြင်စွာ​ရင်ဆိုင်​ဖြေရှင်း​နိုင်စွမ်း ရှိစေပါ​လိမ့်​မည်။ “ရ​ယ်​ရွှင်​စ​ရာ​သည် ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​များ​မှ ကျွန်ုပ်​တို့၏​အာရုံ​ကို အခိုက်အတန့် လွှဲ​သွား​စေနိုင်​ပြီး ပြဿနာ​နှင့်​ပတ်သက်​၍ အမြင်​သစ်​ကို​ပေး​ကာ . . . ယင်း​ပြဿနာ​ကို စိတ်​သစ်​လူသစ်​ဖြင့် ဖြေရှင်း​စေ​သည်” ဟု​ဆန်​ဇ်​အော​တ​စ္စ​က ထပ်လောင်း​ဖော်ပြ​သည်။

မှန်ပါသည်၊ ဟာသ​ဉာဏ်​ကောင်း​ရှိ​ခြင်း​သည် ဘဝတွင် ကျွန်ုပ်​တို့​ရင်ဆိုင်​ရသော အကျပ်အတည်း​တိုင်း​အတွက် ကုစား​နည်း​မဟုတ်သည့်​တိုင် များသောအားဖြင့် ပြဿနာ​များ​ကို ပို​၍​အပြုသဘောဆောင်​သော၊ မျှတသော​နည်းဖြင့် ရင်ဆိုင်​နိုင်​ရန် ကူညီ​ပေး​ပါ​လိမ့်​သည်။ ကွန်​ချီ ဝန်ခံ​သည့်​အတိုင်း “ဖျားနာ​တာ ရ​ယ်​စ​ရာ​မဟုတ်ပေမဲ့ ရှင့်ရဲ့​ဟာသ​ဉာဏ်​ကို ကြိုးစား​ပြီး​ထိန်းထား​ရမယ်။ ကျွန်မ​ရဲ့​ဘဝကို ကောက်​ပဲ​သီးနှံ​တွေ အများကြီး​ရှိတဲ့ ဟင်းသီးဟင်းရွက်​ခြံ​တစ်ခြံ​အဖြစ် ကျွန်မ​စိတ်ကူး​ကြည့်​တယ်၊ ဝမ်းနည်းစရာကတော့ အဲဒါတွေ​ထဲ​က​တစ်မျိုး​ဟာ ကျွန်မ​ရဲ့​ရောဂါ​ဖြစ်​နေတယ်။ ဒါပေမဲ့ အဲဒါကို ကြိုးစား​ပြီး​ဘေးဖယ်​ထား​လိုက်တယ်၊ ဒါမှသာ တခြား​အရာ​တွေ​ကို မလွှမ်းမိုး​နိုင်​မှာ။ တကယ်တော့ ကျွန်မ ကင်ဆာ​ကို အနိုင်ယူ​လိုက်ပြီ​လို့ မပြော​နိုင်​ပါ​ဘူး၊ ဒါပေမဲ့ ကျွန်မ ဘဝကို ပျော်မွေ့​နေတုန်းပဲ၊ အဲဒါဟာ သိပ်​အရေးကြီးတယ်​လေ။”

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကွန်​ချီ​သည် ခင်ပွန်း​ဖြစ်သူ ဖဲ​လိ​စ်​နှင့် ညီမ​ဖြစ်သူ ပီလီ​တို့​ထံ​မှ အားပေးမှုကို​ရရှိ