မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်ကား မည်သူနည်း

ယေရှုခရစ်ကား မည်သူနည်း

ယေရှု​ခရစ်​ကား မည်သူ​နည်း

စိတ်ချ​လောက်​သော သမိုင်း​မှတ်တမ်းအရ ယေရှု​အမည်​ရှိသော ပုဂ္ဂိုလ်​တစ်ဦး​သည် လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ ကျော်​က ယုဒ​နယ်၊ ဗက်လင်မြို့​ငယ်​လေး​တွင် ဖွားမြင်​ခဲ့​သည်။ ထို​အချိန်တွင် ဟေရုဒ်​မင်းကြီး​သည် ယေရုရှလင်​မြို့၌ ဘုရင်​ဖြစ်နေ​ပြီး ကဲသာ​ဘုရင်​သြ​ဂုတ္တု​မှာ ရောမ​နိုင်ငံ​၏​ဧကရာဇ်​ဖြစ်၏။ (မဿဲ ၂:၁; လုကာ ၂:၁-၇) ခရစ်ယာန်​ဘာသာ​ကို ထို​အချိန်​က​ရောမ​အုပ်စိုးရှင်​များ ဖိနှိပ်​ထားသော​ကြောင့် များသောအားဖြင့် ပထမ​နှင့်​ဒုတိယ​ရာစု​မှ ရောမ​သမိုင်း​ပညာရှင်​များသည် ယေရှု​အကြောင်း မ​ရေးသား​ဝံ့​ကြ​ချေ။

အခြား​တစ်ဖက်​တွင် သမိုင်း​ပညာရှင်​များ​၏​ကမ္ဘာ့​သမိုင်း​စာအုပ်​က ဤသို့​ဖော်ပြ​သည်– “[ယေရှု၏] သမိုင်း​တွင်​သော​လုပ်ရပ်​တို့သည် လောက​ရေးရာ​ရှုထောင့်​သက်​သက်​က ကြည့်​လျှင်​ပင် အခြား​အဘယ်​သမိုင်းဝင်​ပုဂ္ဂိုလ်​တို့၏ လုပ်ရပ်​ထက်​မဆို ပို​၍​အရေးပါ​သည်။ ယဉ်ကျေးမှု​ထွန်းကား​လာ​သူ​အများစု လက်ခံ​ထားသော ခရစ်နှစ်​သည် [ယေရှု] မွေးဖွားချိန်​မှ စတင်​ရေတွက်​သည်။”

သမိုင်း​တွင် အခြား​မည်သည့်​ပုဂ္ဂိုလ်​၏​အကြောင်း​ထက်​မဆို ယေရှု​အကြောင်း​ရေးသားသော စာအုပ်​က ပို​များသည်​ဟု တိုင်းမ်​စ်​မဂ္ဂဇင်းက ဖော်ပြ​သည်။ ယင်း​စာအုပ်​များ​က ယေရှုသည် အမှန်တကယ် မည်သူ​ဖြစ်​ကြောင်း အဓိက​ထား​ဖော်ပြ​သည်။ ယင်းသည် လူ့​သမိုင်း​တွင် အခြား​အဘယ်​အကြောင်းအရာ​ထက်​မဆို ပို​အငြင်းပွား​စ​ရာ​ဖြစ်​ရသည့်​ကိစ္စ ဖြစ်​ပေမည်။

ယေရှု​မည်သူ​ဖြစ်​ကြောင်း​နှင့်​စပ်​လျ​ဉ်း​သည့် အစောပိုင်း​မေးခွန်းများ

မာရိသည် ကလေး​တစ်ဦး​ရမည်​ဖြစ်​ပြီး ယေရှု​ဟု​အမည်မှည့်​ရမည်​ဖြစ်​ကြောင်း ကြားသိ​သည့်​အခါ “ဤ​အမှုအရာ​သည် အဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း၊ အကျွန်ုပ်သည် ယောက်ျား​နှင့်​မဆက်ဆံ​ပါ” ဟု​ပြန်​မေးခဲ့​၏။ ထို​အခါ ဘုရားသခင့်​ကောင်းကင်တမန် ဂါဗြေလ​က ဤသို့​ဆို​သည်– ‘အမြင့်ဆုံး​သော​ဘုရားသခင်​၏ အာနုဘော်​တော်​သည် သင့်ကို​လွှမ်းမိုး​လိမ့်​မည်။ ထို​အကြောင်းကြောင့် ထို​သန့်ရှင်းသော​သား​သည်လည်း ဘုရားသခင်​၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံရ​လိမ့်​မည်။’—လုကာ ၁:၃၀-၃၅

နောက်ပိုင်း​တွင် ယေရှုသည် တမန်​တော်​များ​ကို အံ့အားသင့်​စေသည့် အံ့ဖွယ်အမှု​များ ပြုလုပ်​ခဲ့​သည်။ ဂါလိလဲ​ပင်လယ်​တွင် လေပြင်း​မုန်တိုင်း​ကြောင့် လှေ​နစ်​လု​မတတ်​ဖြစ်နေ​ချိန်​တွင် ယေရှု​က “တိတ်ဆိတ်​ငြိမ်​ဝပ်​စွာ​နေ” ဟု​ပင်လယ်​ကို​ဆုံးမ​တော်​မူ​သည်။ ထို​အခါ တမန်​တော်​များ​က “ဤ​သူ​ကား​အဘယ်​သို့​သော​သူ​နည်း” ဟု​တအံ့တသြ​ပြောဆို​ခဲ့​ကြသည်။—မာကု ၄:၃၅-၄၁; မဿဲ ၈:၂၃-၂၇

ယေရှု အမှန်တကယ်​မည်သူ​ဖြစ်သည်​ဟူသော​မေးခွန်း​ကို ယေရှု​ခေတ်​ကလူ​တို့ မေးလေ့​ရှိကြသည်၊ ထို့​ကြောင့် လူတို့က မိမိ​အား မည်သူ​ဖြစ်​ကြောင်း​ဆို​ကြ​သနည်း​ဟု တမန်​တော်​များ​ကို ကိုယ်တော်​မေး​လေ​၏။ ‘လူ​အချို့​က ကိုယ်တော်​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်သည်၊ အချို့​က ဧလိယ​ဖြစ်သည်၊ အချို့​က ယေရမိ​မှ​စ၍ ပရောဖက်​တစ်ပါး​ဖြစ်သည်’ ဟု​ဆို​ကြ​ကြောင်း သူတို့​ပြန်ဖြေ​ခဲ့​သည်၊ အဆိုပါ​ပုဂ္ဂိုလ်​အားလုံး​မှာ ကွယ်လွန်​ခဲ့​ကြပြီ​ဖြစ်သည်။ ထို့နောက် “‘သင်တို့လည်း ငါ့ကို အဘယ်သူ​ဖြစ်သည်​ဆို​ကြ​သနည်း’ ဟု​ယေရှု​မေးမြန်း​တော်​မူလျှင် ရှိမုန်​ပေတရု​က ‘ကိုယ်တော်​သည် ခရစ်တော်​တည်း​ဟူသော အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏​သားတော် ဖြစ်​တော်​မူ​သည်’ ဟု​လျှောက်​လေ​၏။” ကောင်းကင်တမန်​ဆိုး​များ​ဖြစ်သော နတ်ဆိုး​တို့​ပင် ယေရှု​အား “ကိုယ်တော်​သည် . . . ဘုရားသခင်​၏​သားတော် ဖြစ်​တော်​မူ​၏” ဟု​ဆို​ကြသည်။—မဿဲ ၁၆:၁၃-၁၆; လုကာ ၄:၄၁

မိမိ​မည်သူ​ဖြစ်​ကြောင်း ယေရှု​ပြောဆို​ခဲ့

ယေရှု​က မိမိကိုယ်ကို ဘုရားသခင်​၏​သားတော်​ဖြစ်သည်​ဟု ပြော​ခဲ​လှသော်လည်း ဘုရားသခင်​၏​သားတော်​ဖြစ်သည်​ကို အသိအမှတ်ပြု​ခဲ့​၏။ (မာကု ၁၄:၆၁၊ ၆၂; ယောဟန် ၃:၁၈; ၅:၂၅၊ ၂၆; ၁၁:၄) သို့သော် မိမိသည် “လူသား” ဖြစ်​ကြောင်း အမြဲလိုလို​ပြောဆို​ခဲ့​သည်။ ဤနည်းဖြင့် မိမိသည် အမှန်ပင် လူသား​တစ်ဦး​ဖြစ်​ကြောင်း လူ့​ဇာတိ​အဖြစ်ကို အာရုံစိုက်​စေ​ခဲ့​သည်။ ထိုသို့​ပြုခြင်း​ဖြင့် ဒံယေလ​မြင်တွေ့ခဲ့​သော မြင်ကွင်း​တစ်ခု​မှ အသက်ကြီး​သော​သူ ဘုရားသခင်​၏​အထံတော်​သို့ ရောက်လာ​သော “လူသား” သည် မိမိ​ကိုယ်တိုင်​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။—မဿဲ ၂၀:၂၇-၂၈; ဒံယေလ ၇:၁၃

မိမိသည် ဘုရားသခင့်​သားတော်​ပါ​ဟု ကြေညာ​နေ​မည့်​အစား အခြားသူများ ထိုသို့​ကောက်ချက်​ချ​လာ​စေရန် ကိုယ်တော်​လုပ်ဆောင်ခဲ့​သည်။ နှစ်ခြင်း​ဆရာ​ယောဟန်၊ ယေရှု၏​မိတ်ဆွေ မာသ​အပါအဝင် တမန်​တော်​များ​သာမက လူ​တို့​ပင် ထိုသို့​ကောက်ချက်​ချ​ခဲ့​ကြသည်။ (ယောဟန် ၁:၂၉-၃၄; ၁၁:၂၇) ယေရှုသည် ကတိထားရာ​မေရှိယ​ဖြစ်​ကြောင်း လူ​တို့​ယုံကြည်ခဲ့​ကြ​၏။ ကိုယ်တော်​သည် ကောင်းကင်​တွင် တန်ခိုး​ကြီး​ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် အသက်ရှင်ခဲ့​ပြီး ကိုယ်တော့်​အသက်ကို အပျိုစင်​မာရိ​၏​သား​အိမ်တွင်း​သို့ အံ့ဖွယ်​နည်းဖြင့် ဘုရားသခင်​ပြောင်းရွှေ့​ပေး​ခဲ့​ကြောင်း လူ​တို့ သိရှိ​ထား​ကြသည်။—ဟေရှာယ ၇:၁၄; မဿဲ ၁:၂၀-၂၃

ပထမ​လူသား​အာဒံ​နှင့်​တူညီ

ယေရှုသည် ကဏ္ဍ​အတော်များများ​တွင် ပထမ​လူသား​အာဒံ​နှင့် တူညီ​သည်။ ဥပမာ၊ သူတို့​နှစ်ဦးစလုံး​သည် စုံလင်​သူများ​ဖြစ်​ကြ​ပြီး လူသား​ဖခင်​မရှိကြ​ချေ။ (ကမ္ဘာဦး ၂:၇၊ ၁၅) ထို့​ကြောင့် သမ္မာကျမ်းစာ​တွင် ယေရှုကို “နောက်ဆုံး​အာဒံ”—“တန်ဖိုး​တူ​ရွေးနုတ်ဖိုး” အဖြစ်​ဆောင်ရွက်​သူ စုံလင်သော​လူသား​ဖြစ်သည်​ဟု ဆို​ထား​သည်။ ယေရှု၏​အသက်သည် စုံလင်သူ​လူသား​အဖြစ် ဘုရားသခင်​ဖန်ဆင်း​ခဲ့​သော ပထမ​လူသား​အာဒံ​၏​အသက်​နှင့် တန်ဖိုး​တူညီ​သည်။—၁ ကောရိန္သု ၁၅:၄၅; ၁ တိမောသေ ၂:၅၊ ၆က​ဘ။

သမ္မာကျမ်းစာ​တွင် ပထမ​လူသား​အာဒံ​ကို “ဘုရားသခင့်​သား” ဟု​ခေါ်​ခဲ့​သည်။ (လုကာ ၃:၃၈သ​မ) သို့သော် အာဒံသည် ဘုရားသခင်​အား တမင်တကာ​မနာခံ​သောကြောင့် ဘုရားသခင့်​သား​အဖြစ် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို လက်လွတ်​ဆုံးရှုံး​ခဲ့​သည်။ ယေရှု​မူ ကောင်းကင်​ခမည်းတော်​အပေါ် အမြဲ​သစ္စာရှိ​ကာ ဘုရားသခင်​နှစ်သက်​မြတ်နိုးသော သားတော်​ဖြစ်မြဲ​ဖြစ်နေ​ခဲ့​သည်။ (မဿဲ ၃:၁၇; ၁၇:၅) ယေရှု​အား ကယ်တင်ရှင်​အဖြစ်​လက်ခံ​ကာ ယုံကြည်ခြင်း​တင်ပြ​သူအား​လုံး ထာဝရ​အသက်​ရရှိနိုင်​ကြောင်း သမ္မာကျမ်းစာ​က ဆို​ထား​၏။—ယောဟန် ၃:၁၆၊ ၃၆; တမန်​တော် ၅:၃၁; ရောမ ၅:၁၂၊ ၁၇-၁၉

သို့သော် အချို့​က ယေရှုသည် ဘုရားသခင့်​သားတော်​ဖြစ်​ရုံ​မျှ​မဟုတ်၊ အမှန်ပင် ဘုရားသခင်​ကိုယ်တော်တိုင်​ဖြစ်သည်​ဟု စောဒကတက်​ကြသည်။ ယေရှု​နှင့် ခမည်းတော်​နှစ်ပါးစလုံး တန်ခိုး​ကြီး​ဘုရားသခင်​ဖြစ်​ကြသည်​ဟု ဆို​ကြသည်။ သူတို့​အဆို မှန်​ပါသလော။ ယေရှုသည် တစ်နည်း​နည်းဖြင့် ဘုရားသခင်​၏​အစိတ်အပိုင်း ဖြစ်ပါ​သလော။ ယေရှု​နှင့် ကျမ်း​ရေးသူ​တစ်ဦးဦး​က ထိုသို့​ဆို​ခဲ့​သလော။ စစ်မှန်​၍ တစ်ဆူတည်း​ဖြစ်သော​ဘုရားသခင်​ကား မည်သူ​နည်း။ ထို​အရှင်​မှာ မည်သူ​ဖြစ်သည်​ဟု ယေရှု​မိန့်ဆိုခဲ့​သနည်း။ ကျွန်ုပ်​တို့ ဆန်းစစ်​ကြည့်​ကြ​စို့။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လူသိ​အများဆုံး ပုဂ္ဂိုလ်

ယေရှု၏​တစ်ခေတ်​တည်း​သားများ​ဖြစ်​ကြသော မဿဲ၊ မာကု၊ လုကာ၊ ယောဟန်တို့​လေးဦး​က ကိုယ်တော်​၏​ဘဝ​ဇာတ်ကြောင်း​ကို မှတ်တမ်းတင်​ခဲ့​ကြသည်၊ သူတို့​ထဲ​မှ​နှစ်ဦး​မှာ ကိုယ်တော်​နှင့် အလွန်​ရင်းနှီး​ကျွမ်းဝင်​ကြ​၏။ ကျမ်း​ရေးသူ​၏​အမည်ပေး​ထားသော စာစောင်​များ​ကို ခရစ်ဝင်​ကျမ်း​များ​ဟု အများ​က​ခေါ်ဆို​ကြ​ကာ ကျမ်း​အပိုင်း​များ​ကို ဘာသာ​စကား​ပေါင်း နှစ်ထောင်​ကျော်​ဖြင့် ဖတ်ရှု​နိုင်ပြီ​ဖြစ်သည်။ ဤ​ကျမ်းစောင်​ငယ်​များ​ကို အခြား​စာစောင်​များနှင့်​ပေါင်းစပ်​ကာ သမ္မာကျမ်းစာ​ဖြစ်လာ​သည်။ သမိုင်း​တွင် ခရစ်ဝင်​ကျမ်း​ဖြန့်ချိ​မှု​သည် ကျမ်း​တစ်စောင်​ချင်း​အနေ​နှင့်​ဖြစ်စေ၊ ကျမ်းစောင်​အပိုင်း​များ​အနေ​နှင့်​ဖြစ်စေ အခြား​အဘယ်​စာအုပ်​ထက်​မဆို သာလွန်​သည်။ ယေရှုသည် အသက်ရှင်ခဲ့သမျှ​တွင် လူသိ​အများဆုံး​ပုဂ္ဂိုလ်​ဖြစ်သည်​မှာ အံ့ဩစရာ​မဟုတ်ပါ​လေ!

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“ဤ​သူ​ကား အဘယ်​သို့​သော​သူ​နည်း” ဟု တမန်​တော်​များ မေးခဲ့​ကြ