“အင်တာနက်ဖြင့် ကျွန်ုပ် ချိန်းတွေ့သင့်သလော”
လူငယ်များအမေး . . .
“အင်တာနက်ဖြင့် ကျွန်ုပ် ချိန်းတွေ့သင့်သလော”
“ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် နေ့တိုင်းအီးမေးလ်နဲ့ဆက်သွယ်ကြတယ်။ ဘယ်မှာနေမယ်၊ ဘာလုပ်မယ်ဆိုတာတွေကို အစီအစဉ်ဆွဲခဲ့ကြတယ်။ စေ့စပ်လက်စွပ်တွေလုပ်ဖို့က ကျွန်မတာဝန်ဆိုပဲ။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတာ တစ်လတောင် မပြည့်သေးဘူး၊ ပြီးတော့ လူချင်းလည်းတွေ့ ဖူးကြသေးတာ မဟုတ်ဘူး။”—မော်နီကာ၊ ဩစတြီးယား။ *
သင်သိကျွမ်းနိုင်သည့်၊ သင် လက်ထပ်လိုသည့်သူတစ်ဦးဦးနှင့် အမှန်တကယ် တွေ့ဆုံလိုပေမည်။ သို့သော် ထိုသို့သောသူကို သင့်ကြိုးပမ်းရှာဖွေမှုကား ယခုအထိ အရာမထင်သေး။ တစ်စုံတစ်ဦးနှင့်ဆုံတွေ့ပေးရန် စိတ်ရင်းမှန်သော သူငယ်ချင်းများနှင့် မိသားစုတို့၏ ကြိုးစားပေးမှုများကလည်း အရာမရောက်ဘဲ သင့်ကို စိတ်ကသိကအောက်သာဖြစ်စေပြီး ပို၍ပင်စိတ်ဓာတ်ကျစေသည်။ ထို့ကြောင့် အကူအညီအတွက် နည်းပညာကို အားကိုးရတော့မည်လောဟု သင်တွေးနေမိပေမည်။
ဤကွန်ပျူတာခေတ်တွင် မောက်စ်တစ်ချက်နှစ်ချက်နှိပ်လိုက်ရုံဖြင့် လိုက်ဖက်သည့်အဖော်မွန်ကို အလွယ်တကူ ရှာတွေ့နိုင်မည့်ပုံရသည်။ အချို့၏ပြောဆိုချက်အရ သင်လုပ်ရမည့်အရာမှာ လူပျိုလူလွတ်များအတွက် အထူးရည်ရွယ်ထားသော ဝက်ဘ်ဆိုက်၊ အင်တာနက်စကားဝိုင်း၊ သို့မဟုတ် ဘူလက်တင်ကြော်ငြာကို ချိတ်ဆက်လိုက်ရုံသာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်း၌ တစ်လလျှင် လူပေါင်း ၄၅ သန်းသည် အွန်လိုင်းချိန်းတွေ့သည့်ဝက်ဘ်ဆိုက်များသို့ ချိတ်ဆက်လည်ပတ်ကြောင်း နယူးယောက်တိုင်းမ်စ်တွင် ဖော်ပြသည်။ အင်တာနက်အောင်သွယ်လုပ်ငန်းတစ်ခုက နိုင်ငံပေါင်း ၂၄၀ မှ လူကိုးသန်းကျော်သည် ယင်းဝန်ဆောင်မှုကို အသုံးပြုနေကြသည်ဟုဆိုသည်။
အွန်လိုင်းချိန်းတွေ့ခြင်း၏ ဆွဲဆောင်မှု
သင်သည် အရှက်အကြောက်ကြီးပြီး လူတို့နှင့် တွေ့ဆုံပေါင်းသင်းရခက်နေသလော။ ငြင်းပယ်ခံရမည်ကို ကြောက်နေသလော။ သို့မဟုတ် သင်နေထိုင်သည့်နေရာတွင် အိမ်ထောင်ဖက်လောင်းမရှိဟုသာ ယူဆသလော။ ထိုသို့ဆိုလျှင် ကွန်ပျူတာဖြင့် ချိန်းတွေ့ခြင်းသည် သင့်အတွက် နှစ်လို့ဖွယ်ဖြစ်ပေမည်။ တစ်ခုအနေနှင့် အွန်လိုင်းအောင်သွယ်လုပ်ငန်းများသည် သင့် “ချိန်းတွေ့မှု” ကို သင်ကိုယ်တိုင် ထိန်းချုပ်ထားနိုင်မည်ဟု ကတိပေးကြသည်။ အသက်အရွယ်အုပ်စုများ၊ နေထိုင်သည့်နိုင်ငံ၊ ကိုယ်ရေးရာဇဝင်အချက်အလက်များ၊ ဓာတ်ပုံများနှင့် အင်တာနက်တွင်အသုံးပြုမည့် နာမည်ဝှက်များကို ဖြည့်စွက်ရမည့်အကွက်များကို ဖော်ပြပေးထားသည်။ စိတ်ကြိုက်ရွေးချယ်နိုင်စွမ်းရှိသောကြောင့် အွန်လိုင်းချိန်းတွေ့ခြင်းသည် ပိုမိုထိရောက်ပြီး မျက်နှာချင်းဆိုင်တွေ့ရသည်ထက် ကြောင့်ကြစိတ်ပိုနည်းစေပုံရသည်။
အဖြစ်မှန်ကား မည်သို့နည်း။ ဆိုက်ဘာစပေ့တွင် ချိန်းတွေ့ခြင်းသည် တည်မြဲသောပျော်ရွှင်မှုကို အမှန်တကယ် ရရှိစေပါသလော။ ဤအချက်ကို သုံးသပ်ကြည့်ပါ– ခြောက်နှစ်တာကာလအတွင်း အောင်သွယ်လုပ်ငန်းတစ်ခုတွင် ပုံမှန်အသုံးပြုသူ ၁၁ သန်းရှိလာခဲ့သည်။ သို့တိုင် သူတို့ထဲမှ ၁,၄၇၅ ဦးသာ လက်ထပ်ခဲ့ကြသည်။ အဖွဲ့ဝင် တစ်သန်းကျော်ရှိသည့် ချိန်းတွေ့မှုလုပ်ငန်းနောက်တစ်ခုတွင် ၇၅ ဦးသာ လက်ထပ်ခဲ့ကြသည်။ အဘယ်အရာ မှားယွင်းနေ၍နည်း။
တစ်ဦးကိုတစ်ဦး အရှိအတိုင်း သိမြင်နိုင်သည့် နည်းလမ်းတစ်ခုလော
မဂ္ဂဇင်းဆောင်းပါးတစ်ခုက “အင်တာနက်ပေါ်တွင် လူတိုင်းလိုလိုသည် ဆွဲဆောင်မှုရှိသော၊ ရိုးသားသော၊ အောင်မြင်သောပုံဖမ်းကြသည်” ဟုပြောသည်။ သို့သော် မိမိအကြောင်းမိမိဖော်ပြသော အချက်အလက်သည် မည်မျှတိကျမှန်ကန်ပါမည်နည်း။ အခြားသတင်းဆောင်းပါးတစ်ပုဒ်က ဤသို့ဖော်ပြသည်– “လူတိုင်းလိုလို နည်းနည်းတော့ လိမ်တတ်ကြတယ်။” လူကြိုက်များသော ဆယ်ကျော်သက်မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးသည် ထိုဖော်ပြချက်နှင့်ပတ်သက်၍ ကိုယ်တိုင်သုတေသနပြုခဲ့သည်။ လူကြိုက်အများဆုံး ချိန်းတွေ့သည့်ဝက်ဘ်ဆိုက်သုံးခုတွင် စာရင်းပေးသွင်းလိုက်ပြီး နောက်တစ်နေ့မှာပင် တုံ့ပြန်မှုအတော်များများရရှိခဲ့သည်။ ယင်းကြောင့် အမျိုးသားအတော်များများနှင့် ချိန်းတွေ့ခဲ့ရသည်။ ရလဒ်ကားအဘယ်နည်း။ တကယ့် လိမ်ညာမှုကြီးပင်! ထိုသူများသည် သူတို့အကြောင်း ဗြောင်ကျကျလိမ်ခဲ့ကြသည်။ သူက ဤသို့သတိပေးသည်– “ကျွန်မအတွေ့အကြုံအရ သူတို့ဟာ လိမ်လည်ကြတယ်။”
လူတစ်ယောက်၏ အရပ်၊ ကိုယ်အလေးချိန်တို့ကို ထင်ယောင်ထင်မှားပြောခြင်းသည် အသေးအဖွဲဖြစ်ပုံရသည်။ ‘ရုပ်ရည်အသွင်အပြင်က သိပ်အရေးမကြီးပါဘူး’ ဟုအချို့ဆိုပေမည်။ မှန်ပါသည်၊ သမ္မာကျမ်းစာကိုယ်နှိုက်က “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏” ဟုဆိုသည်။ (သု. ၃၁:၃၀) သို့သော် သေးငယ်ပုံရသောကိစ္စများတွင် လိမ်ညာခြင်းသည် ဆက်ဆံရေးတစ်ခုကို အစပြုဖို့ နည်းလမ်းကောင်းတစ်ခုလော။ (လုကာ ၁၆:၁၀) ကိုယ်ပိုင်ပန်းတိုင်များကဲ့သို့သော ပို၍လေးနက်သည့်ကိစ္စများနှင့်ပတ်သက်၍ သူပြောသည့်အခြားအကြောင်းအရာများကိုကော သင်မည်မျှယုံကြည်နိုင်မည်နည်း။ သမ္မာကျမ်းစာက “တစ်ယောက်နှင့်တစ်ယောက် မှန်သောစကားကိုပြောကြလော့” ဟုဆိုသည်။ (ဇာခရိ ၈:၁၆) မှန်ပါသည်၊ ရိုးသားမှုသည် တိုးတက်လာစေနိုင်သည့် ဆက်ဆံရေး၏အုတ်မြစ်ဖြစ်သည်။
ဆိုက်ဘာစပေ့တွင်ချိန်းတွေ့ရာ၌ မကြာခဏဆိုသလို မဖြစ်နိုင်သောစိတ်ကူးစိတ်သန်းများ ပါဝင်တတ်သည်။ နယူးစ်ဝိခ်မှ သတင်းတစ်ပုဒ်က ဤသို့ဆိုသည်– “အသုံးပြုသူများသည် သူတို့၏အီးမေးလ်များကို ဂရုတစိုက် ရေးသားတည်းဖြတ်ပြီး မိမိကိုယ်ကို အတတ်နိုင်ဆုံး အမွှမ်းတင်ဖော်ပြကြသည်။ . . . ရလဒ်မှာ တုံ့ပြန်မှုကောင်းရရှိစေသည်– သူတို့သည် နှစ်လို့ဖွယ်ကောင်းပြီး သင့်အပေါ် စိတ်ဝင်စားပုံရသောကြောင့် သင်လည်း သူတို့အပေါ် နှစ်လို့ဖွယ်တုံ့ပြန်ပြီး စိတ်ဝင်စားတော့သည်။” နယူးယောက် ရန်းစလား သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ အွန်လိုင်းဆက်ဆံရေးများကို လေ့လာသော ပါမောက္ခတစ်ဦးက ထိုအခြေအနေမျိုးတွင် အလွန်ခိုင်မာသောသံယောဇဉ် ချက်ချင်းငြိတွယ်သွားနိုင်သည်ဟု ဆိုသည်။ သို့သော် မကြာခဏလေ့လာတွေ့ရှိချက်အရ ပျော်ရွှင်သောအိမ်ထောင် ထူထောင်ရေးအတွက်ကား ယင်းကို အားထား၍မရနိုင်ပေ။ သူ၏အွန်လိုင်းချိန်းတွေ့သည့် အတွေ့အကြုံနှင့်ပတ်သက်၍ အမျိုးသားတစ်ဦး ဤသို့ရေးသားခဲ့သည်– “အဲဒါဟာ ထောင်ချောက်တစ်ခုပဲ။ သင့်စိတ်ကူးထဲမှာတော့ လိုချင်တာတွေအားလုံး ကွက်တိဖြစ်နေမယ်။”
မျက်နှာချင်းဆိုင် တွေ့ဆုံမှုများ
သို့သော် လူတချို့က မျက်နှာချင်းဆိုင်မတွေ့ဆုံခြင်းသည် တိကျသောအကျိုးများရှိသည်ဟု ယူဆကြပေမည်။ သူတို့က အွန်လိုင်းချိန်းတွေ့ခြင်းသည် စုံတွဲများအား ရုပ်ရည်အသွင်အပြင်ကြောင့် အာရုံထွေမသွားဘဲ အိမ်ထောင်ဖက်လောင်း၏ အတွင်းစိတ်ကို အာရုံစိုက်စေသည်ဟု ယူဆကြပေမည်။ မှန်ပါသည်၊ သမ္မာကျမ်းစာက လူတစ်ဦး၏ အတွင်းအရည်အချင်းများကို အာရုံစိုက်ရန် အားပေးထားသည်။ (၁ ပေတရု ၃:၄) သို့သော် ပြဿနာမှာ ကွန်ပျူတာဆက်ဆံရေးတွင် ကိုယ်ဟန်အမူအရာများ၊ အပြုံးများ သို့မဟုတ် မျက်နှာနေမျက်နှာထားတို့ကို သင်မတွေ့မြင်နိုင်ပေ။ သူသည် အခြားသူများနှင့် မည်သို့ဆက်ဆံကြောင်း၊ ဖိစီးမှုများနှင့်ကြုံရသည့်အခါ မည်သို့ပြုမူတတ်ကြောင်း သင်မသိမြင်နိုင်ပေ။ ထိုအရာများက ထိုသူသည် ယုံကြည်အားကိုးပြီး ချစ်မြတ်နိုးနိုင်မည့်သူဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် အရေးကြီးသည်။ ၁ ကောရိန္သု ၁၃:၄၊ ၅ တွင်တွေ့ရသည့် မေတ္တာနှင့်ပတ်သက်သော ကျမ်းစာအနက်ဖွင့်ဆိုချက်ကို ဖတ်ကြည့်ပါ။ မေတ္တာကို အပြောဖြင့်မဟုတ်ဘဲ အပြုအမူများဖြင့် သတ်မှတ်ကြောင်း သတိပြုပါ။ ထို့ကြောင့် လူတစ်ယောက်ကို အချိန်ယူလေ့လာပြီး ထိုသူသည် အပြောနှင့်အလုပ် ညီမညီအကဲခတ်ရမည်။
ထိုသို့သောအရေးကြီးသည့် အချက်အလက်များမသိဘဲ စုံတွဲများသည် ပိုးပန်းစဉ်တွင် ခံစားချက်များနှင့် သဘောထားများကို စောစောစီးစီး ရင်ဖွင့်လွန်တတ်ကြသည်။ သတိမထားဘဲစွန့်လုပ်ကြသောကြောင့် အချို့စုံတွဲများသည် တစ်ယောက်အကြောင်းတစ်ယောက် မဆိုစလောက်သာသိထားသော်လည်း လေးနက်သောချစ်ကတိကဝတ်များ အလျင်စလိုပေးမိတတ်ကြသည်။ “အင်တာနက်ပေါ်တွင် အချစ်သည် တကယ်ပင်မျက်စိမရှိပါ” ဟုခေါင်းစဉ်ရှိသော ဆောင်းပါးတစ်ပုဒ်က မိုင် ၈,၀၀၀ ဝေးသောလူနှစ်ဦး အွန်လိုင်းတွေ့ဆုံခဲ့ခြင်းအကြောင်း ပြောပြသည်။ သုံးပတ်ကြာပြီးနောက် သူတို့လူချင်းတွေ့ခဲ့ကြသည်။ “သူမျက်တောင်ခြယ်ဆေးထူလပျစ်ကြီး ဆိုးထားတယ်” ဟုအမျိုးသားက ပြောသည်။ “မျက်တောင်ခြယ်ဆေးဆိုးတတ်တဲ့ မိန်းကလေးတွေနဲ့ ကျွန်တော်မချိန်းတွေ့ဘူး။” ဆက်ဆံရေးမှာ လျင်မြန်စွာ အဆုံးသတ်ခဲ့သည်။ မိမိထံလာလည်ရန် ခရီးစရိတ်ကျခံပေးသော အမျိုးသားသည် လူချင်းတွေ့ကြပြီးနောက် အမျိုးသမီး၏အပြန်လေယာဉ်လက်မှတ်ဖိုး မပေးတော့သောကြောင့် လူချင်းတွေ့ဆုံသည့်စုံတွဲ၏ရလဒ်မှာ အလွန်စိတ်ပျက်စရာဖြစ်ခဲ့သည်!
အက်ဒါအမည်ရှိ လုံမငယ်တစ်ဦးသည် အွန်လိုင်းချိန်းတွေ့သည့် သူ၏အတွေ့အကြုံကို ဤသို့ပြန်ပြောသည်– “ဆက်ဆံရေးဟာ မယုံကြည်နိုင်လောက်အောင် ကောင်းခဲ့တယ်။ ကျွန်မတို့လက်ထပ်ဖို့အထိ စီစဉ်ခဲ့ကြတယ်။” သို့သော် လူချင်းတွေ့ကြသောအခါ ထိုဆက်ဆံရေးမှာ လုံးဝပြတ်တောက်သွားခဲ့သည်။ “သူဟာ ကျွန်မမျှော်လင့်ထားသလို မဟုတ်ဘဲ အပြစ်ရှာဝေဖန်တတ်တဲ့သူ၊ မြည်တွန်တောက်တီးတတ်တဲ့သူဖြစ်နေတယ်။ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။” တစ်ပတ်ကြာသော် ဆက်ဆံရေးပြိုကွဲခဲ့ပြီး အထင်နှင့်အမြင် တခြားစီဖြစ်သောကြောင့် အက်ဒါမှာ အလွန်စိတ်ပျက်ခဲ့ရသည်။
ကွန်ပျူတာချိန်းတွေ့ခြင်း၏ စိတ်ကူးယဉ်ကမ္ဘာထဲ၌ စိတ်လှုပ်ရှားမှုသည် အချိန်မတန်ဘဲ ပြင်းထန်လာနိုင်သည်။ ဆက်ဆံရေးမှာ ထင်သလိုဖြစ်မလာဖို့ အကြောင်းများသည်ဖြစ်ရာ သင့်အားစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေနိုင်သည်။ နယပုံပြင် ၂၈:၂၆ တွင် “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏” ဟုသတိပေးထားသည်။ မှန်ပါသည်၊ မဖြစ်နိုင်သောစိတ်ကူးနှင့် စိတ်လှုပ်ရှားမှုတို့ပေါ် အခြေခံ၍ ကြီးလေးသောဆုံးဖြတ်ချက်များချခြင်းသည် ပညာမဲ့ရာကျသည်။ နယပုံပြင်ကျမ်းက ဤသို့ဆက်ဖော်ပြသည်– “ပညာသတိနှင့်ကျင့်သောသူမူကား ဘေးလွတ်တတ်၏။”
အလျင်လိုခြင်း၏ အန္တရာယ်များ
တစ်ယောက်အကြောင်းတစ်ယောက် ဘာမျှမသိသေးဘဲ အလျင်စလိုပတ်သက်ခြင်းသည် အမှန်ပင်ပညာမဲ့ရာရောက်ပါသည်။ အင်္ဂလိပ်စာရေးဆရာ ရှိတ်စပီးယား၏အဆိုကို ဤသို့ကိုးကားထားသည်– “အဆောတလျင်အိမ်ထောင်ပြုက အောင်မြင်ခဲ၏။” သမ္မာကျမ်းစာအဆိုမှာ ပို၍ပင်တိုက်ရိုက်ကျသည်– “အဆောတလျင်ပြုတတ်သူတိုင်း မလွဲမသွေဆင်းရဲရမည်။”—သု. ၂၁:၅၊ ကဘ။
အင်တာနက်ချိန်းတွေ့ခဲ့သူကြများစွာ ထိုအတိုင်းဖြစ်ခဲ့ကြခြင်းမှာ ဝမ်းနည်းစရာပင်။ အစပိုင်းတွင်ဖော်ပြခဲ့သော မော်နီကာသည် တစ်စုံတစ်ဦးနှင့် တစ်လကြာမျှစာအဆက်အသွယ်လုပ်ခဲ့ပြီးနောက် သူ၏အိမ်ထောင်ဖက်လိုချင်သောဆန္ဒ ပြည့်ဝပြီဟု ထင်ခဲ့သည်။ လက်ထပ်ဖို့အထိ—စေ့စပ်လက်စွပ်များ တာဝန်ယူပြုလုပ်ဖို့အထိပင်—စီစဉ်ထားသည့်ကြားမှ သူအဆောတလျင် ပတ်သက်ခဲ့သည့်ဆက်ဆံရေးမှာ “အကြီးအကျယ် ဝမ်းနည်းကြေကွဲမှု” ဖြင့် အဆုံးသတ်ခဲ့ရသည်။
သမ္မာကျမ်းစာ၏အကြံပြုချက်ကို လိုက်နာခြင်းဖြင့် ဝမ်းနည်းကြေကွဲစရာများကို သင်ရှောင်နိုင်ပါသည်– ‘ကောင်းသောသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။’ (သု. ၂၂:၃) သို့သော် ကွန်ပျူတာချိန်းတွေ့ရာတွင် သင်ရင်ဆိုင်ရမည့် အန္တရာယ်များမှာ စိတ်ပျက်ခြင်းနှင့် စိတ်ဒဏ်ရာများမျှသာ မဟုတ်ပေ။ နောက်ထပ်ပြဿနာများကို လာမည့်ဆောင်းပါးတွင် ဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နာမည်အချို့ပြောင်းထားသည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အွန်လိုင်းတွင် လူတို့သည် အများအားဖြင့် သူတို့အကြောင်းကို ချဲ့ကား၊ လိမ်လည်ပြောကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ချစ်ရည်လူးသည့် အီးမေးလ်စာလွှာများစွာပို့ပြီးနောက် လူချင်းဆုံတွေ့သည့်အခါ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း မကြာခဏတွေ့ရှိရ