မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပူပိုင်းဒေသမှ တောင်ပံရှိ အလှအပ

အပူပိုင်းဒေသမှ တောင်ပံရှိ အလှအပ

အပူပိုင်း​ဒေသ​မှ တောင်ပံ​ရှိ အလှအပ

စပိန်​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ခရီးသည်​အချို့​အတွက် အပူပိုင်း​မိုးသစ်တော​သို့ ပထမ​အကြိမ်​လည်ပတ်မှု​သည် စိတ်ပျက်ဖွယ်​ကောင်း​ပေမည်။ သူတို့သည် တစ်မူထူး​သော တိရစ္ဆာန်​များ​ကို မြင်တွေ့​ရန်​စိတ်စော​နေ​သော်လည်း တိရစ္ဆာန်​အများစုမှာ ညဘက်​မှ​ထွက်​လေ့​ရှိပြီး သစ်တော​ရွက်​အုပ်​တန်း​ရှိ ငှက်​အများအပြားကို မမြင်နိုင်​ပေ။

“သစ်တော​တွင် အသံဗလံ​များ​ကြားနေ​ရ​ရာ သက်ရှိ​များနှင့် ပြည့်နှက်​နေသည့်​လက္ခဏာ အများအပြား​ရှိသည်” ဟု အင်အားကြီး မိုးသစ်တော​စာအုပ်​က​ဆို​သည်။ သို့သော် ထို​စာအုပ်​က​ထပ်၍ “လည်ပတ်​ကြည့်ရှု​သူ​တစ်ယောက်​သည် စိတ်ရှည်​စွာ​စောင့်ကြည့်​ရန်၊ စူးစမ်း​ရှာဖွေ​ရန် အချိန်​များစွာ​မပေး​လိုလျှင် လိပ်ပြာများ​မှ​လွဲ​၍ အခြား​မည်သည့်​တိရစ္ဆာန်​ကို​မျှ မြင်တွေ့ခွင့်​ရမည်​မဟုတ်ပေ” ဟု​ဆို​သည်။ လည်ပတ်​ကြည့်ရှု​သူများ​အတွက် ဝမ်းသာစရာ​မှာ အပူပိုင်း​ဒေသ​လိပ်ပြာများ​သည် အရောင်​စုံ​၍ အလွန်​လှပ​သဖြင့် မိုးသစ်တော​သို့ ခရီး​တစ်ခေါက်​ကို မမေ့နိုင်​စ​ရာ​ဖြစ်စေ​သည်။

အပူပိုင်း​ဒေသ​ရှိ​လိပ်ပြာများ​သည် ယင်း​တို့၏ အရွယ်အစား၊ အမျိုးစုံ​လင်​မှု​နှင့် အရောင်အသွေး​တို့​ကြောင့် ထူးခြား​လှ​သည်။ သစ်တော​၏​အစိမ်းရောင်​သည် တောတွင်း​လ​ဟာ​တွင် အ​ပြာ​အ​နီ​အဝါရောင်​တို့​ဖြင့် တောက်ပြောင်​နေသော လိပ်ပြာများ လူး​လာ​ပျံသန်း​နေဖို့ အကောင်းဆုံး​နောက်ခံ​ဖြစ်သည်။ ထို​မြင်​နေကျ​အရောင်​များ​အပြင် တောင်​အမေရိက​တွင် အလင်း​ဖောက်​တောင်ပံ​များ​ရှိသော လိပ်ပြာများ​ကိုလည်း သင်​မြင်တွေ့​နိုင်​သည်။ အခြား​လိပ်ပြာ​မျိုးစိတ်များ​၏ တောင်ပံ​အတွင်းပိုင်း​သည် အပေါ်ပိုင်း​ထက် ပို​၍​ပင်​လှပ​တောက်ပြောင်​၏။ အရောင်​မှိုင်း​ဇီးကွက် လိပ်ပြာများ​တွင် သူတို့၏​အညို​ရော​င်​ခန္ဓာကိုယ်​ကို တောက်ပ​စေသည့် ဇီးကွက်​မျက်လုံး​ကဲ့သို့​သော မျက်လုံး​ပုံ​အပြော​က်​ကြီး​များ​ရှိသည်။ သို့သော် အချို့​လိပ်ပြာများ​ကို​မူ ခွဲခြား​သိရှိ​ရန်​အလွန်​ခက်​သဖြင့် ဝါသနာ​ကြီးသော​လေ့လာသူ​သာ အရွက်​ခြောက်​တစ်ခု​နှင့် လိပ်ပြာ​တစ်ကောင်​ကို ခွဲခြား​သိမြင်​နိုင်​ပေမည်။

အရွယ်အစား​ကြီးမားသော အပူပိုင်း​ဒေသ​လိပ်ပြာများ​သည် ကြည့်ရှု​လေ့လာသူ​များ​၏​အာရုံ​ကို ဖမ်းစား​လေ့​ရှိသည်။ အချို့​မှာ ငှက်​အသေးစား​များ​ထက်​ကြီး​ပြီး ငှက်​များ​ကဲ့သို့ အားအင်​အပြည့်​ဖြင့် ပျံသန်း​သွား​လာလေ့​ရှိသည်။ မိုးသစ်တော​မှ ကွဲပြား​ခြားနား​သည့် လိပ်ပြာ​မျိုးစိတ်များ​အရေအတွက်​မှာ အံ့သြဖွယ်ကောင်း​၏။ မလေးရှား​အပူပိုင်း​ဒေသ​၌ မျိုးစိတ်ပေါင်း​တစ်ထောင်​နီးပါး​နှင့် ပီရူး​နိုင်ငံ​၌ တစ်ကမ္ဘာလုံး​၏ ၂၀ ရာခိုင်နှုန်း​ဖြစ်သော မျိုးစိတ်ပေါင်း​လေး​ထောင် မှီတင်း​နေထိုင်​လျက်​ရှိသည်။

လိပ်ပြာ​တောင်ပံ​တွင် အရောင်​မျိုးစုံ​ပါရှိ​နိုင်​သော်လည်း ထို​အသွေး​အရောင်​များသည် အမှန်​အားဖြင့် ရောင်ခြယ်​ဓာတ်​အများအပြား​ပါ​ရှိ၍​မဟုတ်ပေ။ တောင်ပံ​တွင် သေးငယ်​သည့်​အ​ကြေး​ခွံ​များ ထောင်နှင့်ချီ​ကပ်​နေသည့် အလင်း​ဖောက်​တစ်ရှူး​အလွှာ​ပါး​တစ်ခု​ရှိပြီး ထို​အ​ကြေး​ခွံ​တစ်ခုစီ​၌ များသောအားဖြင့် ရောင်ခြယ်​ဓာတ်​တစ်ခု​သာ​ပါရှိ​၏။ သို့သော် ရုပ်မြင်သံကြား​စက်​ရှိ ပုံရိပ်​ထင်​စေသည့် ရော​င်​ပြောင်း​တောက်​ပစ္စည်း​များ​ကဲ့သို့ အရောင်​အမျိုးမျိုး​ရှိသော အ​ကြေး​ခွံ​များသည် ကြည့်ရှု​သူအား အခြား​အရောင်​တစ်မျိုး​ကို​မြင်​စေ​သည်။

လိပ်ပြာများ​ကို​တွေ့မြင်​နိုင်​သည့် အကောင်းဆုံး​အချိန်​မှာ ပန်း​များ​အပေါ် ယင်း​တို့​ရ​စ်​ဝဲ​နေချိန် ဖြစ်သည်​ဟု သင်​ထင်​ကောင်း​ထင်​မည်​ဖြစ်​သော်လည်း မိုးသစ်တော​၌ များသောအားဖြင့် ထိုသို့​မဟုတ်​ချေ။ ပန်း​အများစုမှာ သစ်တော​ရွက်​အုပ်​တန်း​၏ အမြင့်​တွင်​ပွင့်​လေ့​ပွင့်​ထ​ရှိပြီး လိပ်ပြာများ​အတွက် ဝတ်​ရည်​ပွဲတော်ကြီး တည်ခင်း​ပေး​သော်လည်း ယင်း​တို့ကို မြေပြင်​ပေါ်​ရှိ​လည်ပတ်​ကြည့်ရှု​သူ မမြင်နိုင်​ပေ။ လိပ်ပြာ​အဖို​များ မြေပြင်​သို့​ဆင်း​ပြီး ဆား​ကို​စုပ်ယူ​လေ့​ရှိ၍ တော်​သေး​သည်။ လိပ်ပြာများ​မိတ်လိုက်​စဉ် လိုအပ်သော​သတ္တု​ဓာတ် လျော့နည်း​သွား​နိုင်ရာ စိုစွတ်​သော​မြေပြင်​မှ အစိုဓာတ်​ကို​စုပ်ယူ​ခြင်း​ဖြင့် လိုအပ်ရာ​ကို​ပြန်​ဖြည့်​သည်​ဟု ဆို​လေ့​ရှိ၏။ ထို့​ကြောင့် စိုစွတ်​သော​သစ်တော​လမ်း သို့​မဟုတ် စမ်း​ချောင်း​ဘေး​တွင် မိုးသစ်တော​လိပ်ပြာများ​ကို လေ့လာခြင်း​သည် အကောင်းဆုံး​ဖြစ်​ပေမည်။

လိပ်ပြာများ စုဝေး​အနားယူ​သည့်​နေရာတစ်ခု​ကိုလည်း သင်​တွေ့​လိုက်​ပေမည်။ အပူပိုင်း​ဒေသ​လိပ်ပြာများ​သည် စုရုံး​အနားယူ​လေ့​ရှိသည်။ နံနက်ခင်း​နေရောင်ခြည်​အောက်တွင် အရွက်​တစ်​ရွက်​ပေါ် နား​နေကြ​စဉ် ယင်း​တို့​အနီး​သို့​သွား​၍ ကပ်​ကြည့်​နိုင်​ပေမည်။ အချို့​မျိုးစိတ်များ​မှာ မ​နား​မနေ ပျံသန်း​သွားလာ​နေ​ပုံ​ရှိသော်လည်း ယင်း​တို့၏​ရောင်စုံ​ပျံသန်းမှု​ကို ရှုစား​ရခြင်း​က​ပင် မိုးသစ်တော​သို့ သင့်​အလည်​ခရီး​အတွက် ပို​၍​ပျော်ရွှင်စရာ​ဖြစ်စေ​နိုင်​ပေ​သည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လက်​ပီ​ဒေါ့​တ​ရာ အလှပြ​ပွဲ

မည်သည့်​လိပ်ပြာ၊ မည်သည့်​ဖ​လံ​သည် အလှ​ဆုံး​ဖြစ်သည်​ဟု ရွေး​ရ​ခက်​သော်လည်း အချို့​မျိုးစိတ်များ​မှာ အမှန်ပင်​ထူးခြား​ထင်ရှား​၏။ *

ပျံလွှား​အမြီး​လိပ်ပြာများ (Papilionidae)

ရောင်စုံ​လိပ်ပြာ မျိုးစိတ်​ကြီး​တစ်ခု​ဖြစ်​ပြီး ယင်း​တို့​အများအပြား​၏ အနောက်​တောင်ပံ​များ​တွင် သေးငယ်သော “အမြီး” ရှိသည်။ ယင်း​တို့သည် အလျင်အမြန်​ပျံသန်း​တတ်​ပြီး သစ်တော​ရွက်​အုပ်​တန်း​ရှိ​ပန်း​များ​ကို မှီဝဲ​လေ့​ရှိသည်။

မော်​ဖို​လိပ်ပြာများ (Morphidae)

တောင်​နှင့်​ဗဟို​အမေရိက​တွင်​သာ တွေ့ ရှိ​ရပြီး ဤ​လိပ်ပြာများ​တွင် သတ္တု​ရော​င်​ပြေး အပြာရောင် ရင်သပ်​ရှုမောဖွယ် တောင်ပံ​များ​ရှိသည်။ ယင်း​တို့၏​သက်တံ​ရော​င်​ပြေး​သည် အလင်းရောင်​စဉ်​တန်း​ခွဲ​ဖြန့်​ခြင်း​ပေါ်​မူတည်​သည်။ ယင်း​တို့၏​တောင်ပံ​များ​ကို ဖြည်းညင်း​စွာ​ခတ်​သည်​နှင့်​အမျှ ပြာ​ရ​င့်​ရ​င့်​အရောင်​မှာ အလင်း​ထောင့်​ပေါ်​မူတည်ပြီး တောက်ပ​လာ​လိုက် မှိန်​သွား​လိုက်​ဖြစ်သည်။

ငှက်​တောင်ပံ​လိပ်ပြာများ (Ornithoptera)

ဤ​လိပ်ပြာများ​ကို အရှေ့တောင်​အာရှ​နှင့် ဩစတြေးလျ​၏​အပူပိုင်း​ဒေသ​တွင် တွေ့ ရှိ​ရသည်။ နာမည်​အတိုင်း ယင်း​တို့သည် ငှက်​အတော်များများ​ထက် တောင်ပံ​ပို​ကြီးသော လိပ်ပြာ​ကြီး​များ​ဖြစ်သည်။ ယင်း​တို့၏​အလှ​နှင့် ရှားပါးမှု​တို့​က ယင်း​တို့အား ရွှေ​ထက်​ပင်​အမှန်တကယ် တန်ဖိုး​ရှိစေသည်။

ယူ​ရေး​နစ်​ဒ်ဖ​လံ​များ (Uraniidae)

လိပ်ပြာများ​ဟု​သတ်မှတ်​ခံရ​မည့်​အစား ဖလံကောင်​များ​ဖြစ်သော ဤ​လှပ​တင့်တယ်​သည့်​အင်းဆက်​များသည် နေ့​ဘက်တွင် ပျံသန်း​ကြသည်။ သက်တံ​၏​အရောင်​အားလုံး​ပါရှိ​သော တောင်ပံ​များ​ရှိသည့် မာဒါဂက်စကား​ကျွန်း​မှ ခရစ္စီရီးဒီးယား မာဒါဂက်စကား​ရီး​ယန်း​စစ် မျိုးစိတ်​ကို “ကမ္ဘာ​ပေါ် အလှ​ဆုံး​အင်းဆက်” ဟု​ဆို​ကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 လိပ်ပြာများ​နှင့်​ဖ​လံ​များ​ကို လက်​ပီ​ဒေါ့​တ​ရာ​အမျိုးအစား​အဖြစ် ခွဲခြား​သတ်မှတ်​ထား​သည်။

[Credit Lines]

Morpho: Zoo, Santillana del Mar, Cantabria, España; all others in box: Faunia, Madrid

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

“ဟို​င်​ပို​လီ​ရီး​ယား အို​တို” မျိုးစိတ်​၏​အလင်း​ဖောက်​တောင်ပံ​များ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဟ​ယူ​ဝ​စ်တ်​စ​န်​၏ သီ​စီ​ယာ ကိုရိုနာ​တာ အပြာရောင်​လိပ်ပြာ။ ယင်း​၏​တောင်ပံ အတွင်းပိုင်း (ဝဲ​ဘက်​ပုံ) သည် အပေါ်ပိုင်း ကဲ့သို့​ပင် လှပ​တောက်ပြောင်​သည် (အပေါ်​ပုံ)

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ဂေါလျတ် ငှက်​တောင်ပံ​လိပ်ပြာ (ပုံမှန်​အရွယ်အစား)

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဇီးကွက်​လိပ်ပြာများ​၏ တောင်ပံ​အတွင်းပိုင်း

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သစ်​ရွက်ခြောက်​လိပ်ပြာ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မြေကြီးပေါ်​မှ ဆား​ဓာတ် စုပ်ယူ​နေသော အပူပိုင်း​ဒေသ​လိပ်ပြာများ

[Picture Credit Lines on page 16]

Hypoleria oto: Zoo, Santillana del Mar, Cantabria, España; all other photos: Faunia, Madrid

[Picture Credit Lines on page 17]

Dry-leaf and yellow butterflies: Zoo, Santillana del Mar, Cantabria, España; all other photos: Faunia, Madrid