မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမည်ခံ နတ်ဘုရားများ

အမည်ခံ နတ်ဘုရားများ

အမည်ခံ နတ်​ဘုရား​များ

တမန်​တော်​ပေါလု​သည် လုတ္တရ​မြို့တွင် ခြေမစွမ်း​သူ​တစ်ဦး​ကို ကုသ​ပေး​သည့်​အခါ လူတို့က “နတ်​ဘုရား​တို့သည် လူ​အယောင်​ကို​ဆောင်​၍ ငါ​တို့​ရှိရာသို့ ဆင်းသက်​ပါ​သည်​တကား!” ဟု​ဟစ်အော်​ကြ​၏။ သူတို့က ပေါလု​ကို ဟေ​ရ​မေ၊ အဖော်​ဖြစ်သူ ဗာနဗ​ကို ဇုသ​ဟု​ခေါ်ဆို​ကြ​၏။ (တမန်​တော် ၁၄:၈-၁၄) ဧဖက်​မြို့တွင် ဒေ​မေ​တ​ရိ​အမည်​ရှိသော ပန်းထိမ်​သ​မား​တစ်ဦး​က ပေါလု​သာ ဆက်​ဟောပြောနေ​မည်​ဆိုလျှင် ‘ကြီးမြတ်သော​နတ်​ဘုရားမ အာ​တေ​မိ​၏​ဗိမာန်တော် . . . ဘုန်း​အသရေတော်​မှ ရှုတ်ချခြင်း​သို့​ရောက်မည်’ ဟု​သတိပေး​ခဲ့​သည်။—တမန်​တော် ၁၉:၂၄-၂၈သမ္မာ။

ပထမ​ရာစု​ရှိ​လူများ​သည် ယနေ့ခေတ်​လူများ​ကဲ့သို့​ပင် “ကောင်းကင်​နှင့်​မြေကြီးပေါ်​၌ အမည်ခံ ‘နတ်​ဘုရား​များ’” ကိုကိုး​ကွယ်​ကြသည်။ ထို့​ကြောင့် “‘ဘုရားသခင်​များ’ နှင့် ‘အရှင်သခင်’ အမြောက်အမြား” ရှိကြောင်း ပေါလု​ဆို​ခဲ့​ခြင်း​ဖြစ်၏။ သို့သော် သူ​ဤသို့​ရှင်းပြ​ခဲ့​သည်– “ငါ​တို့​အဖို့​မှာ အဖ​ခမည်းတော်​ထာဝရ​ဘုရားသခင် တစ်ပါး​တည်း​သာ​လျှင် ရှိ​တော်​မူ​၏။” ၎င်း​အပြင် “ငါ​တို့​မှာ အရှင်သခင်​တစ်ပါး​တည်း​သာ​လျှင်​ရှိ၏၊ ထို​အရှင်​ကား သခင်​ယေရှု​ခရစ်​ပေ​တည်း။”—၁ ကောရိန္သု ၈:၅၊ ၆သတင်းကောင်း။

ယေရှုကို ဘုရားသခင်​ဟု​လည်း ခေါ်​သည်မဟုတ်​လော

ယေရှု​က မိမိကိုယ်ကို ဘုရားသခင်​ဖြစ်သည်​ဟု တစ်ခါမျှ​မဆို​ခဲ့​သော်လည်း ဟေရှာယ​ပရောဖက်ပြုချက်​တွင် ယေဟောဝါ​၏ ခန့်အပ်​ခံ​ရှင်ဘုရင်​အနေ​နှင့် ကိုယ်တော်​အား “တန်ခိုး​ကြီးသော​ဘုရားသခင်၊” “ငြိမ်သက်ခြင်း​အရှင်” ဟု​ခေါ်ဆို​ထား​သည်။ “အာဏာတော်​တိုးတက်ခြင်း​နှင့် ငြိမ်သက်​တော်​မူ​ခြင်း​သည် . . . အမြဲ​ရှိ​လိမ့်​မည်” ဟု​ဟေရှာယ ပရောဖက်ပြုချက်​က ဆက်​ဖော်ပြ​၏။ (ဟေရှာယ ၉:၆၊ ၇) ထို့​ကြောင့် ကြီးမြတ်သော​ရှင်ဘုရင် ယေဟောဝါ​၏​သားတော်​ဖြစ်သော “အရှင်” အနေ​နှင့် ယေရှုသည် ‘အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​၏’ ကောင်းကင်​အစိုးရ​ဘုရင်​အဖြစ် အသုံးတော်ခံ​ပါ​လိမ့်​မည်။—ထွက်မြောက်ရာ ၆:၃

သို့သော် ‘ယေရှုကို “တန်ခိုး​ကြီးသော​ဘုရားသခင်” လို့​ခေါ်​တာ ဘာ​သဘော​လဲ၊ ယေရှု​ကိုယ်တော်တိုင် ဘုရားသခင်​ဖြစ်တယ်လို့ တမန်​တော်​ယောဟန် ပြော​နေတာ​မဟုတ်လား’ ဟု​တစ်စုံ​တစ်ဦး​က မေး​ပေမည်။ ယောဟန် ၁:၁ တွင် ဤသို့​ဆို​ထား​သည်– ‘အစအဦး​၌ နှုတ်မြွက်​စကားတော်​ရှိ၏။ နှုတ်မြွက်​စကားတော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ၏။ နှုတ်မြွက်​စကားတော်​သည်လည်း ဘုရားသခင်​ဖြစ်​တော်​မူ​၏။’ ယင်းက ကမ္ဘာ​ပေါ်​တွင် သူငယ်​ယေရှု​အဖြစ် မွေးဖွား​ခဲ့​သော ‘နှုတ်မြွက်​စကားတော်’ သည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​ဖြစ်သည်​ဟု​ဆိုလို​ကြောင်း အချို့​က စောဒကတက်​ကြ​၏။ ယင်းသည် မှန်​ပါသလော။

ဤ​ကျမ်းချက်​က ယေရှု​ကိုယ်တော်တိုင် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​ဖြစ်သည်​ဟု အဓိပ္ပာယ်​ရ​ပါ​က “နှုတ်ကပါဌ်တော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ၏” ဟူသော အစပိုင်း​ဖော်ပြချက်​နှင့် ဆန့်ကျင်​နေ​ပေမည်။ တစ်စုံ​တစ်ဦး​သည် အခြား​ပုဂ္ဂိုလ်​တစ်ဦး “နှင့်အတူ” ရှိနေ​ပါ​က ထို​သူတို့သည် တစ်ဦးတည်း​မဖြစ်​နိုင်​ပေ။ ထို့​ကြောင့် ဘာသာပြန်​ကျမ်း​များစွာ​က နှုတ်ကပါဌ်တော်​သည် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင် မဟုတ်​ကြောင်း ရှင်းလင်း​နားလည်စေ​ရန် ခွဲခြား​ဖော်ပြ​ကြ​၏။ ဥပမာ၊ ဘာသာပြန်​ကျမ်း​တစ်ခု​တွင် အောက်ပါ​အတိုင်း​ဆို​ထား​သည်– “နှုတ်ကပါဌ်တော်​သည် ဘုရားသခင်​ဖြစ်​တော်​မူ​၏၊” “နှုတ်မြွက်​စကားတော်​သည် ဘုရား​တစ်ပါး​ဖြစ်​တော်​မူ​၏၊” “နှုတ်မြွက်​စကားတော်​သည် ဘုရားပမာ​ဖြစ်​တော်​မူ​၏။” *

ဂရိ​ကျမ်းစာ​များ​တွင် ယောဟန် ၁:၁ ကို အလားတူ​ပင် “ဘုရား​တစ်ပါး” ဟု​ဖော်ပြ​ထား​သည်။ ဥပမာ၊ ဟေရုဒ်အန္တိပ​မင်း​၏​အသံကို “ဤ​အသံသည် ဘုရားသခင်​တစ်ပါး​၏​အသံ​ဖြစ်၏” ဟု​လူအုပ်​ကြွေးကြော်​ခဲ့​သည်။ ပေါလု မြွေ​ပွေး​ကိုက်​ခံရ​ပြီး​နောက် လူတို့က “ဤ​သူ​ကား ဘုရား​တစ်ပါး​ဖြစ်သည်” ဟု​ဆို​ကြ​၏။ (တမန်​တော် ၁၂:၂၂က​ဘ; ၂၈:၃-၆က​ဘ) ဂရိ​သဒ္ဒါ​နှင့် သမ္မာကျမ်းစာ​သွန်​ချက်​နှစ်မျိုး​စ​လုံး​က နှုတ်ကပါဌ်တော်​သည် ဘုရားသခင်​မဟုတ်ဘဲ ‘ဘုရားသခင်​တစ်ပါး’ ဖြစ်​ကြောင်း တညီတညွတ်​တည်း​ဆို​ထား​၏။—ယောဟန် ၁:၁

ယောဟန်​က မိမိ၏​ခရစ်ဝင်​ကျမ်း ပထမ​အခန်းကြီး​တွင် “နှုတ်ကပါဌ်တော်” သည် အဘယ်အရာ​ဖြစ်​ကြောင်း ဖော်ပြ​ထား​ပုံ​ကို သုံးသပ်ကြည့်​ပါ– “နှုတ်ကပါဌ်တော်​သည်လည်း လူ့​ဇာတိ​အဖြစ်ကို​ခံ​ယူ၍ . . . ငါ​တို့​တွင်​တည်​နေ​တော်​မူ​၍ [ဘုရားသခင်​မဟုတ်] ခမည်းတော်​၌ တစ်ပါး​တည်း​သော​သားတော်​၏​ဘုန်း​ကဲ့သို့ ကိုယ်တော်​၏​ဘုန်းတော်​ကို ငါ​တို့သည် ရှုမြင်​ရ​ကြပြီ။” ထို့​ကြောင့် လူ့​ဇာတိ​အဖြစ်ကို​ခံယူ​သော “နှုတ်ကပါဌ်တော်” သည် လူသား​ယေရှု​အဖြစ် မြေကြီးပေါ်​အသက်ရှင်ခဲ့​ကာ လူ​တို့​မြင်တွေ့ခဲ့ကြ​သည်။ သို့သော် “ဘုရားသခင်​ကို အဘယ်သူမျှ​မမြင်​စ​ဖူး” ဟု​ယောဟန်​ဖော်ပြ​ထား​ရာ ယေရှုသည် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင် မဖြစ်​နိုင်​ပေ။—ယောဟန် ၁:၁၄၊ ၁၈

‘ရှင်ပြန်ထမြောက်​လာတဲ့ ယေရှုကို သောမ​တွေ့​တဲ့​အခါ “အကျွန်ုပ်၏​အရှင်၊ အကျွန်ုပ်၏​ဘုရားသခင်” လို့​ခေါ်​ခဲ့​တာ​ပဲ’ ဟု​တစ်စုံ​တစ်ဦး​က မေး​ပေမည်။ ဖော်ပြ​ခဲ့​ပြီး​သည့်​အတိုင်း ယေရှုသည် ဘုရားသခင်​အဖြစ်တော်​ရှိသည့်​သဘော​မျိုး​ဖြင့် ဘုရားသခင်​တစ်ပါး​ဖြစ်​သော်လည်း ခမည်းတော်​မဟုတ်ပါ။ ယေရှု​က မာဂဒလမာရိ​ကို “ငါ​၏​ခမည်းတော်​တည်း​ဟူသော သင်တို့၏​ခမည်းတော်၊ ငါ​၏​ဘုရားသခင်​တည်း​ဟူသော သင်တို့၏​ဘုရားသခင်​ထံ​တော်​သို့ ငါ​တက်​ရမည်” မိန့်ဆိုခဲ့​၏။ ယောဟန်​သည် မိမိ၏​ခရစ်ဝင်​ကျမ်း​ကို အဘယ်ကြောင့်​ရေးခဲ့​ကြောင်းကို​လည်း သတိရပါ​လေ။ သောမ​အကြောင်း​မှတ်တမ်းတင်​ပြီး နောက်​အခန်းငယ်​သုံးခု​မြောက်​တွင် “ယေရှုသည် ခရစ်တော်​တည်း​ဟူသော ဘုရားသခင်​၏​သားတော်​ဖြစ်​တော်​မူ​သည်ကို သင်တို့သည် ယုံ” စေရန် ရေးခဲ့​ခြင်း​ဖြစ်သည်​ဟု​ဆို​ကာ ကိုယ်တော်​သည် ဘုရားသခင်​မဟုတ်​ကြောင်း ရှင်းပြ​ခဲ့​သည်။—ယောဟန် ၂၀:၁၇၊ ၂၈၊ ၃၁

‘ဤ​လာ​က​ကို​အစိုးရ​သော​ဘုရားသခင်’ ကား မည်သူ​နည်း

နတ်​ဘုရား​များစွာ​ရှိ​နေသည်​မှာ ရှင်းနေပါသည်။ ကျွန်ုပ်​တို့​တွေ့ခဲ့​ကြ​သည့်​အတိုင်း သမ္မာကျမ်းစာ​တွင် အချို့​နတ်​ဘုရား​များ​ကို အမည်​နာမ​ဖြင့် ဖော်ပြ​ထား​သည်။ သို့​တိုင် ရှေး​အချိန်​က ယေဟောဝါ​၏​တန်ခိုးတော်​ကို မြင်တွေ့ခဲ့​သူများ​က “ယေဟောဝါ​သည် စစ်မှန်သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ယေဟောဝါ​သည် စစ်မှန်သော ဘုရားသခင်​ဖြစ်​တော်​မူ​၏” ဟု​ဟစ်အော်​ခဲ့​ကြသည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၃၉က​ဘ) သို့သော် အခြား​နတ်​ဘုရား​တစ်ပါး​၌​လည်း တန်ခိုး​ရှိ၏။ ‘ဤ​လောကကို​အစိုးရ​သော ဘုရားသခင်​သည် သူတို့၏​ဉာဏ်​မျက်စိ​ကို​ကွယ်​စေ​၏’ ဟု​သမ္မာကျမ်းစာ​က ဆို​ထား​သည်။—၂ ကောရိန္သု ၄:၄

ယေရှု​မသေဆုံးမီ​ည​က မိမိ​တပည့်​များ​အား “ဤ​လောကကို​အစိုး​ရသော​မင်း” ဟု​ကိုယ်တော်​ခေါ်ဆို​ခဲ့​သည့် နတ်​ဘုရား​အကြောင်း သုံးကြိမ်​တိုင်​သတိပေး​ခဲ့​သည်။ ဤ​တန်ခိုး​ကြီးသော​မင်း သို့​မဟုတ် နတ်​ဘုရား​သည် “ပြင်​သို့​နှင်ထုတ်ခြင်း​ကို​ခံရ​လိမ့်​မည်” ဟု​ယေရှု​မိန့်ဆို​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁၂:၃၁; ၁၄:၃၀; ၁၆:၁၁) ဤ​နတ်​ဘုရား​ကား မည်သူ​နည်း၊ သူ​အုပ်စိုး​နေသည့်​လောက​ကား အဘယ်နည်း။

ထို​နတ်​ဘုရား​မှာ ပုန်ကန်​သူ​ကောင်းကင်တမန် စာတန်​ပင်​ဖြစ်၏။ ကျွန်ုပ်​တို့ မည်သို့​သိရှိ​ရသနည်း။ စာတန်​သည် ယေရှုကို​သွေးဆောင်​သောအခါ “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့ကို​လည်းကောင်း၊ ထို​တိုင်းနိုင်ငံ​တို့၏ ဘုန်း​စည်းစိမ်​ကိုလည်း​ကောင်း ပြညွှန်​၍ ကိုယ်တော်​သည် ငါ့ကို​ညွတ်​ပျပ်​ကိုးကွယ်​လျှင် ယခု​ပြ​လေ​သမျှ​တို့ကို ငါ​ပေး​မည်” ဟု​သမ္မာကျမ်းစာ​က ဆို​ထား​သည်။ (မဿဲ ၄:၈၊ ၉) စာတန်​က မိမိ,မပိုင်ဆိုင်​ရာ​ကို ယေရှု​အား ကမ်း​လှမ်း​မည်​ဆိုလျှင် ယင်းသည် သွေးဆောင်မှု​တစ်ရပ်​ဖြစ်​မည်​မဟုတ်ပါ။ အမှန်ပင် ‘လောကသား​အပေါင်းတို့သည် စာတန်​၏​လက်၌​ရှိကြသည်’ ဟု​တမန်​တော်​ယောဟန် ဖော်ပြ​ခဲ့​၏။—၁ ယောဟန် ၅:၁၉

“ဤ​လောကကို​အစိုး​ရသော​မင်း​သည် ပြင်​သို့​နှင်ထုတ်ခြင်း​ကို​ခံရ​လိမ့်​မည်” ဟု​ယေရှု၏​ကတိပေး​ခဲ့​ကြောင်း အမှတ်ရပါ​လေ။ (ယောဟန် ၁၂:၃၁) အမှန်​မှာ ‘လောကသည် ရွေ့သွား​ကွယ်ပျောက်​တတ်၏’ ဟု​တမန်​တော်​ယောဟန် ကြိုပြော​ထား​သကဲ့သို့ ဤ​လောက သို့​မဟုတ် ဤ​အစီအစဉ်​စနစ်​သည် ၎င်း​၏​အုပ်စိုးရှင်​နှင့်အတူ ကွယ်ပျောက်​သွားပါ​လိမ့်​မည်။ သို့သော် “ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား . . . ထာဝရ​တည်​၏” ဟု​ယောဟန်​ဆက်​ပြော​ခဲ့​သည်။ (၁ ယောဟန် ၂:၁၇) စစ်မှန်​၍ တစ်ဆူတည်း​သော​ဘုရားသခင်​၏ ထူးမြတ်​လှ​သော​ရည်ရွယ်ချက်​နှင့် ယင်း​မှ ကျွန်ုပ်​တို့​အကျိုး​ခံစား​နိုင်​ပုံ​ကို ယခု​ဆန်းစစ်​ကြည့်​ကြ​စို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဂျိမ်း​အယ်​လ် တို​မ​န်​နက်​၏ ဓမ္မသစ်​ကျမ်း; ဘင်ဂျမင်ဝေလ်စင်​၏ သည်​အဲ​န်း​ဖက်​တစ် ဒို​င်​ဂ​လော့​ထ် ကြားညှပ်​ကျမ်း; ဂျေ.အမ်.ပီ​စ​မ​စ်​နှင့် ဂျေ​ဂွတ်​စ​ပိ​၏ ကျမ်းစာ—အမေရိကန်​ဘာသာပြန်​ကျမ်း တို့ကို​ကြည့်​ပါ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လုတ္တု​ရ​မြို့သား​များသည် ပေါလု​နှင့် ဗာနဗ​ကို နတ်​ဘုရား များ​ဟု ခေါ်​ခဲ့​ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုသည် မာဂဒလမာရိ​အား “ငါ​၏​ဘုရားသခင်​တည်း​ဟူသော သင်တို့၏​ဘုရားသခင်​ထံ​တော်​သို့ ငါ​တက်​ရမည်” ဟု​ပြော​ခဲ့