မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် သင့်အားအကျိုးပြု

ဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် သင့်အားအကျိုးပြု

ဥယျာဉ်​စိုက်​ပျိုး​ပြုစု​ခြင်း​သည် သင့်​အား​အကျိုးပြု

ဥယျာဉ်​စိုက်​ပျိုး​ပြုစု​ခြင်း​ကို သင်​နှစ်သက်​သလော။ သင့်​ဝါသနာ​မှ စိတ်​ကြည်နူး​ခြင်း​ထက်မက သင်​အကျိုး​ခံစား​နိုင်​ပါ​သည်။ “ဥယျာဉ်​စိုက်​ပျိုး​ပြုစု​ခြင်း​သည် စိတ်ဖိစီးမှု​နှုန်း လျော့ကျ​စေခြင်း၊ သွေးဖိအား​ကျစေ​ခြင်း​နှင့် အသက်ရှည်​ရန်​ပင် ကူညီ​ပေး​နိုင်ရာ သင့်​ကျန်းမာ​ရေး​အတွက်​အကျိုးပြု​သည်” ဟု​သုတေသီ​များ အထောက်အထား​ရှာတွေ့​ကြောင်း လန်ဒန်​မြို့ အင်​ဒီ​ပဲ​န်းဒန့်​သတင်းစာ​က သတင်းပေး​သည်။

“အလုပ်များ​သော၊ ဖိစီးမှုများ​သော တစ်နေ့တာ​ပြီး​နောက် အိမ်သို့ပြန်​လာပြီး သင့်​ဥယျာဉ်​ထဲ​၌ အချိန်ဖြုန်း​ခြင်း​သည် များစွာ​စိတ်​သက်သာမှု​ရရှိစေ​သည်” ဟု​စာရေး​ဆရာမ ဂေး​စာ့ခ်ျ​က​ပြော​သည်။ ဥယျာဉ်​စိုက်​ပျိုး​ပြုစု​ခြင်း​သည် အကျိုးနပ်​ပြီး စိတ်ဝင်စားစရာ​ကောင်း​ရုံ​မ​က အားကစားရုံ​သို့​သွားခြင်း​ထက် ပို​ကောင်းသော​လေ့ကျင့်ခန်း​ကို​ပင် ပေး​နိုင်​သည်။ မည်သို့​အားဖြင့်​နည်း။ စာ့ခ်ျ​အရ “မြေ​တူးဆွ​ခြင်း၊ ထွ​န်​ခြ​စ်​ဖြင့် မြေ​ညှိ​ခြင်း စ​သော​လှုပ်ရှားမှုများ​သည် စက်ဘီး​စီး​ခြင်း​ထက် ကယ်လိုရီ​ပို​ကျစေ​သည့် ပုံမှန်​လေ့ကျင့်ခန်း​ကောင်း​များ​ဖြစ်သည်။”

ဥယျာဉ်​တစ်ခု​စိုက်​ပျိုး​ပြုစု​ခြင်း​သည် အထူးသဖြင့် သက်ကြီးရွယ်အို​များ​ကို အကျိုးပြု​သည်။ အညွန့် သို့​မဟုတ် အ​ဖူး​အသစ်​တစ်ခု​ထွက်​လာရန် စောင့်ဆိုင်းခြင်း​က ယုံကြည်​စိတ်ချမှု​ဖြင့် ရှေ့သို့​ရှု​မြော်​တတ်​ရန်​ကူညီ​ပေး​သည်။ ထို့​အပြင် “ဥယျာဉ်သည် အသက်အရွယ်​ကြီးရင့်​ခြင်း​၏ နာကျင်မှု​နှင့် စိတ်​အလိုမကျ​ဖြစ်မှု​ကို ကုစား​ပေး​သည်” ဟု ဥယျာဉ်​စိုက်ပျိုးခြင်း​အတတ်​ဆိုင်ရာ အဖွဲ့အစည်း​၏ ဒေါက်တာ ဘ​ရ​စ်​ဂျစ် ဘော့​ဒ်​မ​န်း​က​ပြော​သည်။ သူတစ်ပါးကို ပို​၍​ပို​၍​မှီခို​အားထား​လာ​ရသော​ကြောင့် သက်ကြီးရွယ်အို​များသည် မကြာခဏ စိတ်ဓာတ်ကျ​တတ်ကြ​သည်။ ဒေါက်တာ ဘော့​ဒ်​မ​န်း သတိပြုမိ​သကဲ့သို့ပင် “မည်သည့်​အပင်များ​စိုက်​မည်၊ ဥယျာဉ်​ကို​မည်သို့​ပုံစံ​ပြုလုပ်​မည်​နှင့် မည်သို့​ဂရုစိုက်​ထိန်းသိမ်း​မည်​တို့​က ထိန်းချုပ်​တတ်လာ​စေ​သည်။ ထို့​အပြင် ထိုသို့​ပြုလုပ်ခြင်း​က သက်ကြီးရွယ်အို​များ ဂရုစိုက်​ပြုစုပေး​ခံရ​သလို​ဖြစ်သွား​သည်။”

စိတ်​ကျန်းမာ​ရေး​ပြဿနာ ခံစား​နေရသူ​များသည် လှပ​ငြိမ်းချမ်း​သော​ဝန်းကျင်​တွင် အလုပ်လုပ်​သောအခါ မကြာခဏ သက်သာရာ​ရ​ကြသည်။ ထို့​အပြင် အခြားသူများ​အတွက် ပန်း​များ၊ အစားအစာ​များ စိုက်ပျိုးခြင်း​က ထိုသို့​သော​သူများ​အား ယုံကြည်​စိတ်ချမှု​နှင့် ကိုယ့်​ကိုယ်ကို​လေးစားမှု​တို့​ပြန်​ရရှိ​စေနိုင်​သည်။

သို့သော် စိမ်းလန်း​သော​ဥယျာဉ်​မှ စိုက်​ပျိုး​ပြုစုသူ​သာ အကျိုး​ရသည်​မဟုတ်ပါ။ တ​က္က​ဆပ်​တက္ကသိုလ် ပါမောက္ခ ရော်​ဂျာ ဦလ်​ရ​စ်ခ်​သည် စိတ်ဖိစီးမှု​ခံစား​နေရသူ​များနှင့် စမ်းသပ်မှု​တစ်ခု​ပြုလုပ်​ခဲ့​သည်။ အပင်များ​ဝန်းရံ​နေသည့် စိမ်းလန်း​သော​ဝန်းကျင်​သို့ ခေါ်သွား​ခံရ​သူများ​၏ နှလုံးခုန်​နှုန်း​နှင့် သွေးဖိအား​တိုင်းတာချက်​အရ သူတို့သည် ထိုသို့​သော​နေရာ​မျိုး​သို့ မ​ရောက်​လိုက်ရ​သူတို့ထက် အလျင်အမြန်​ပြန်​ကျန်းမာ​လာ​ကြ​ကြောင်း ထို​ပါမောက္ခ​တွေ့ ရှိခဲ့​သည်။ အလားတူ​စမ်းသပ်မှု​တစ်ခု​က​လည်း ဆေးရုံ​၌​ခွဲစိတ်​ကုသမှု​ပြီး​နောက် သစ်ပင်​များ​ကို​မြင်နိုင်​သည့် အခန်း​များ​တွင် လူနာများ​အား​နေ​စေခြင်း​က အကျိုးပြု​ကြောင်း တွေ့ ရှိခဲ့​ကြသည်။ အခြား​လူနာများ​နှင့်​နှိုင်း​စာ​လျှင် ဤ​သူတို့သည် “ပို​၍​မြန်မြန်​ကျန်းမာ​လာ​ကာ အချိန်တို​အတွင်း အိမ်ပြန်ကြ​ရပြီး ဝေဒနာ​သက်သာ​စေသော​ဆေးဝါး​များ မလို​သလော​က်​ဖြစ်၍ ညည်းညူ​မှု​နည်း​ကြသည်။”