ကိုယ်လက်လှုပ်ရှားဖို့ အမှန်တကယ်လို အပ်သလော
ကိုယ်လက်လှုပ်ရှားဖို့ အမှန်တကယ်လို အပ်သလော
“ကျန်းမာရေးကောင်းနေဖို့ တစ်ပတ်လျှင် ကိုယ်လက်လေ့ကျင့်ခန်း နှစ်ကြိမ်လုပ်ပါ။ တစ်ရက်လျှင် မိနစ် ၃၀ ကိုယ်လက်လှုပ်ရှားပါ။ကင်ဆာမဖြစ်အောင် အရက်ရှောင်ပါ။ နှလုံးရောဂါအဖြစ်နည်းစေရန် အရက်သောက်ပါ။ စေတနာနှင့်ပြောသော အကြံပေးစကားကြောင့် သင်စိတ်ဖိစီးခံရဖူးပါသလား။ သတင်းစာခေါင်းစီးများသည် တစ်နေ့တွင်တစ်မျိုးပြောပြီး နောက်တစ်ပတ်အကြာတွင် လုံးဝဆန့်ကျင်ဘက်တစ်မျိုး ပြောပြန်၏။ . . . သိပ္ပံပညာရှင်များသည် အဘယ်ကြောင့် သဘောချင်းမတိုက်ဆိုင်နိုင်ကြသနည်း။ တစ်ပတ်တွင် ကော်ဖီသောက်ခြင်းက ဘေးဖြစ်စေသည်ဟုဆိုပြီး နောက်တစ်ပတ်တွင်အန္တရာယ်မရှိဟု ပြောခြင်းမှာ အဘယ်ကြောင့်နည်း။”—ဘာဘရာ အေ. ဘရမ်၊ ပညာရေးပါရဂူ၊ ကိုယ်လက်လှုပ်ရှားခြင်းနှင့် အားကစားပညာရပ်ပါမောက္ခ။
ကျန်းမာရေးပညာရှင်များသည် အာဟာရ၊ ကျန်းမာကြံ့ခိုင်ရေးကိစ္စများနှင့်ပတ်သက်လာလျှင် သဘောထားကွဲလေ့ရှိကြ၏။ လူအများသည် ကျန်းမာနေစေရန် ဆောင်ရ၊ ရှောင်ရမည့်အရာများ များလွန်းသဖြင့် စိတ်ရှုပ်ထွေးနေကြ၏။ သို့သော် တော်သင့်ရုံကိုယ်လက်လှုပ်ရှားမှုလိုသည် ဟူသည့်အချက်နှင့်စပ်လျဉ်း၍မူ သိပ္ပံပညာရှင်အားလုံး သဘောထားချင်းတိုက်ဆိုင်ကြပုံရသည်၊ ကျန်းမာရေးပိုကောင်းလိုလျှင် မှန်မှန်ကိုယ်လက်လှုပ်ရှားရမည်ဟူ၏!
မျက်မှောက်ခေတ်တွင် အထူးသဖြင့် စက်မှုထွန်းကားသောနိုင်ငံများ၌ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းသည် ပြဿနာကြီးတစ်ခု ဖြစ်လာပေပြီ။ ရှေးယခင်က ထိုသို့သောနိုင်ငံများရှိ လူများစွာသည် လယ်ယာစိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် ဆောက်လုပ်ခြင်းကဲ့သို့သော ကာယအလုပ်များကို လုပ်ကိုင်ခဲ့ကြရ၏။ ၎င်းတို့၏ဘိုးဘေးများသည် အသက်ရှင်နိုင်ရုံလေးအတွက် ခွန်အားများစွာစိုက်ထုတ်ကြရ၍ နွမ်းရိသွားလေ့ရှိကာ ၎င်းတို့၏သက်တမ်းပင် တိုတောင်းခဲ့လေသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းအရ “ရှေးဂရိနှင့်ရောမနိုင်ငံတို့တွင် လူ့ပျမ်းမျှသက်တမ်းမှာ ၂၈ နှစ်ခန့်ဖြစ်၏။” ယင်းနှင့်ဆန့်ကျင်လျက် ၂၀ ရာစုနှစ်အကုန်ပိုင်းတွင် ဖွံ့ ဖြိုးပြီးနိုင်ငံများရှိ လူ့သက်တမ်းမှာ ၇၄ နှစ်ခန့်ဖြစ်လာ၏။ အဘယ်ကြောင့် ပြောင်းလဲသွားခဲ့ရသနည်း။
နည်းပညာ—ကောင်းချီးလော၊ ကျိန်စာလော
ယနေ့လူတို့သည် လွန်ခဲ့သောရာစုနှစ်များစွာက အသက်ရှင်ခဲ့ကြသူတို့ထက် ကျန်းမာရေးပိုကောင်းကြပြီး အသက်ပိုရှည်ကြ၏။ ယင်းသို့ဖြစ်ရခြင်းမှာ နည်းပညာပြောင်းလဲမှုနှင့် တစ်စိတ်တစ်ပိုင်းဆက်နွှယ်သောကြောင့်ဖြစ်သည်။ ခေတ်မီဆန်းသစ်တီထွင်မှုများကြောင့် ကျွန်ုပ်တို့၏လုပ်ပုံလုပ်နည်းများ ပြောင်းလဲသွားခဲ့ပြီး တပင်တပန်းလုပ်ရသောအလုပ်များစွာသည် သက်သက်သာသာဖြစ်လာ၏။ ဆေးပညာသည် ရောဂါတိုက်ဖျက်ရေးတွင် အကြီးအကျယ်တိုးတက်လာခဲ့ရာ လူအများစု၏ကျန်းမာရေး တိုးတက်ကောင်းမွန်လာ၏။ သို့သော် ရှေ့နောက်မညီသည့်အရာတစ်ခုရှိနေသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ခေတ်သစ်နည်းပညာက ကျန်းမာရေးကို ပိုကောင်းလာစေသော်လည်း လူအများစုအား အထိုင်များသည့်ဘဝပုံစံသို့လည်း ရောက်သွားစေခဲ့လေပြီ။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ နှလုံးသွေးကြောဆိုင်ရာရောဂါစာရင်းအင်း မှတ်တမ်းတွင် “စီးပွားရေးပြောင်းလဲခြင်း၊ မြို့ပြဖြစ်လာခြင်း၊ စက်မှုပညာထွန်းကားလာခြင်း၊ ကမ္ဘာချီဆက်စပ်ပြောင်းလဲလာခြင်းတို့ကြောင့် နှလုံးရောဂါဖြစ်စေသည့် ဘဝပုံစံအပြောင်းအလဲများ ဖြစ်ပေါ်လာသည်” ဟုအမေရိကန်နှလုံးဘက်ဆိုင်ရာအဖွဲ့အစည်းက ရှင်းပြသည်။ အဆိုပါမှတ်တမ်းက နှလုံးရောဂါဖြစ်စေသည့် အဓိကအကြောင်းရင်းများတွင် “လှုပ်လှုပ်ရှားရှားမရှိခြင်းနှင့် ကျန်းမာရေးနှင့်မညီသောဓာတ်စာ” တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောအနှစ် ၅၀ ခန့်က နိုင်ငံများစွာတွင် အလုပ်ကြိုးစားသူတစ်ဦးသည် ချွေးပြိုက်ပြိုက်ကျအောင် မြင်းဖြင့် ထယ်ထိုးမည်၊ ရွာသို့ စက်ဘီးနင်းပြန်လာပြီး ဘဏ်သို့သွားမည်၊ ညနေပိုင်းတွင် အိမ်ကို ပြုပြင်ရပေမည်။ သို့သော် သူ၏သားမြေးတို့၏ဘဝပုံစံမှာ အတော်လေးခြားနားသွားလေပြီ။ ခေတ်သစ်အလုပ်သမားသည် တစ်နေကုန်နီးပါး ကွန်ပျူတာရှေ့ထိုင်နေမည်၊ သွားလိုသည့်နေရာတိုင်းသို့ ကားမောင်း၍သွားမည်၊ ညနေပိုင်းတွင် တီဗွီရှေ့ အချိန်ကုန်စေမည်။
လေ့လာမှုတစ်ရပ်အရ အတိတ်က ဆွီဒင်သစ်ခုတ်သမားများသည် သစ်ပင်များခုတ်လှဲခြင်း၊ သစ်တုံးများရွှေ့ခြင်းတို့အတွက် တစ်နေ့လျှင် ကယ်လိုရီ ၇,၀၀၀ အထိ လောင်ကျွမ်းစေခဲ့ကြ၏၊ ယခုမူ အလုပ်ကြမ်းအများစုကို ခေတ်မီဆန်းပြားသောစက်များက လုပ်ဆောင်နေသည်ကို စောင့်ကြည့်နေရသည်။ တစ်ချိန်က လူတို့သည် ကမ္ဘာ့လမ်းမအများစုကို ပေါက်ချွန်းများ၊ ဂေါ်ပြားများဖြင့် ဖောက်လုပ်ခဲ့ကာ ပြုပြင်ထိန်းသိမ်းခဲ့ကြရ၏။ ယခုမူ ဖွံ့ ဖြိုးဆဲနိုင်ငံများ၌ပင် မြေထိုးစက်များနှင့် အခြားအကြီးစားစက်ကိရိယာများက တူးဆွကော်ထုတ်နေရသည်။
တရုတ်နိုင်ငံဒေသတချို့တွင် သယ်ယူပို့ဆောင်ရေးအတွက် စက်ဘီးအစား စကူတာဆိုင်ကယ်များကို တဖြည်းဖြည်း လူကြိုက်များလာကြ၏။ အမေရိကန်ပြည်ထောင်စုတွင် ခရီးစဉ်အားလုံး၏ ၂၅ ရာခိုင်နှုန်းသည် တစ်မိုင်ပင်မရှိချေ၊ ဤခရီးတို ၇၅ ရာခိုင်နှုန်းကို မော်တော်ကားများဖြင့် သွားလာကြ၏။
ခေတ်သစ်နည်းပညာသည် အထိုင်များသောကလေးသူငယ် မျိုးဆက်တစ်ဆက်ကိုလည်း ထွက်ပေါ်စေခဲ့သည်။ ဗီဒီယိုဂိမ်းများသည် “ပို၍ပျော်စရာကောင်းလာပြီး ပို၍သရုပ်ပေါ်လာသည်နှင့်အမျှ ကလေးများသည် . . . ဂိမ်းစက်ခလုတ်ခုံများပေါ်တွင် အချိန်ကြာကြာ ဆော့ကစားလာကြသည်” ဟုလေ့လာမှုတစ်ရပ်က သတိပြုမိခဲ့၏။ တီဗွီကြည့်ခြင်း၊ ကလေးများအတွက် ထိုင်၍ကြည့်နေရသည့် အခြားသောဖျော်ဖြေရေးပုံစံများနှင့်စပ်လျဉ်း၍လည်း အလားတူ ကောက်ချက်ချခဲ့ကြပြီ။
အထိုင်များသောဘဝပုံစံ၏ အန္တရာယ်များ
ကာယပိုင်းအားစိုက်ထုတ်မှုကို အကြီးအကျယ် လျှော့ချလိုက်ခြင်းကြောင့် လူများစွာသည် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ခံစားကြရသည်။ ဥပမာ၊ ဗြိတိန်နိုင်ငံမှ ကျန်းမာရေးအေဂျင်စီတစ်ခုသည် မကြာသေးမီက ဤသို့ဖော်ပြခဲ့သည်– “လှုပ်ရှားမှုမရှိသောကလေးသူငယ်များသည် ကိုယ့်ကိုယ်ကိုလေးစားမှုပိုနည်း၍ စိုးရိမ်စိတ်ပိုများကာ စိတ်ဖိစီးမှုပိုများမည့်အန္တရာယ်ရှိကြ၏။ ထို့ပြင် ယင်းကလေးသူငယ်များသည် လှုပ်ရှားတက်ကြွသော ကလေးသူငယ်များထက် ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲမည့်အလားအလာ ပိုများ၏။ လှုပ်ရှားမှုမရှိသော အလုပ်သမားများသည် လှုပ်ရှားမှုရှိသော အလုပ်သမားများထက် အလုပ်မဆင်းသည့်ရက် ပိုများကြ၏။ လှုပ်လှုပ်ရှားရှားမရှိသူတို့သည် သက်ကြီးပိုင်းဘဝတွင် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အခြေခံခွန်အားနှင့် ပြောင်းသာလဲသာရှိမှုတို့ကို ဆုံးရှုံးကြရသည်။ ထို့ကြောင့် လူများစွာသည် လွတ်လပ်မှုဆုံးရှုံးသွားကြပြီး စိတ်ကျန်းမာရေး ပိုညံ့ဖျင်းကြသည်။”
ကနေဒါ ကျန်းမာကြံ့ခိုင်ရေးနှင့် ဘဝပုံစံ သုတေသနဌာန၏ ဥက္ကဋ္ဌ ကိုရာ ကရက်ဂ်က “ကနေဒါလူမျိုးများသည် အလုပ်တွင် ယခင်ကလောက် တက်တက်ကြွကြ မရှိကြတော့ချေ၊ . . . အများအားဖြင့် ကိုယ်လက်လှုပ်ရှားမှု လျော့နည်းသွားကြပြီ” ဟုရှင်းပြသည်။ “အဝလွန်သူ ၁၅ ရာခိုင်နှုန်းအပါအဝင် ကနေဒါလူမျိုး ၄၈ ရာခိုင်နှုန်းခန့်မှာ ကိုယ်အလေးချိန်ပိုနေသူများဖြစ်ကြ၏” ဟု ကနေဒါသတင်းစာ ဂလုပ်ဘ်အဲန်မေးလ်က ဖော်ပြသည်။ ကနေဒါ နိုင်ငံတွင် လူကြီး ၅၉ ရာခိုင်နှုန်းသည် အထိုင်များသူများဖြစ်ကြောင်း အဆိုပါသတင်းစာက ဆက်ဖော်ပြသည်။ “အဝလွန်ခြင်းနှင့် အထိုင်များသည့်ဘဝပုံစံ တိုးများလာခြင်းတို့ကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အလျင်အမြန်တိုးပွားလာနေ” သည်ဟု ဖင်လန်နိုင်ငံ၊ ကူအိုပီအိုတက္ကသိုလ်မှ ဒေါက်တာ မတ်တီ အူစီတူပါက သတိပေးပြောကြားသည်။
ဟောင်ကောင်တွင် မကြာသေးမီကပြုခဲ့သော လေ့လာမှုတစ်ရပ်၌ အသက် ၃၅ နှစ်နှင့် အထက်ရှိသူတို့တွင် သေဆုံးမှု ၂၀ ရာခိုင်နှုန်းခန့်မှာ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဖော်ပြထားခဲ့သည်။ ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ ထိုင်-ဟင် လမ်က ဦးဆောင်လေ့လာခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ကပ်ရောဂါဗေဒဆိုင်ရာ သမိုင်းဝင်မှတ်တမ်းက ဟောင်ကောင်တရုတ်လူမျိုးများတွင် “ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းသည် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးခြင်းထက် အန္တရာယ်ပိုများသည်” ဟုကောက်ချက်ချခဲ့သည်။ တရုတ်ပြည်သည်လည်း “ထပ်တူအခြေအနေမျိုးကို ကြုံတွေ့ရလိမ့်မည်” ဟုသုတေသီများက ဟောကိန်းထုတ်ထားကြသည်။
ဤကိစ္စသည် မှန်ကန်ပါသလော။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးခြင်းထက်ပင် ကျွန်ုပ်တို့၏ကျန်းမာရေးကို အမှန်ထိခိုက်စေနိုင်ပါသလော။ လှုပ်လှုပ်ရှားရှားနေသူတို့နှင့်ယှဉ်ကြည့်လျှင် လှုပ်လှုပ်ရှားရှားမရှိသူတို့သည် သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတစ်မျိုးမျိုး၊ အရိုးပွရောဂါ၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေပိုများကြောင်း လူအများလက်ခံထားကြသည်။ *
သည်ဝေါလ်စထရိဂျာနယ်က ဤသို့ဖော်ပြသည်– “အာဟာရချို့တဲ့မှု ထူပြောသည့်ဒေသများအပါအဝင် ကမ္ဘာ့တိုက်ကြီးတိုင်းလိုလိုတွင် ကိုယ်အလေးချိန်ပိုနေသူ သို့မဟုတ် အဝလွန်နေသူဦးရေမှာ ထိတ်လန့်ဖွယ်ရာနှုန်းဖြင့် မြင့်တက်လာနေပြီ။ အဓိကလက်သည်မှာ အမေရိကန်ပြည်ထောင်စုတွင် အဝလွန်ရောဂါကပ်ဆိုက်စေသည့် ကယ်လိုရီမြင့်မားသော ဓာတ်စာများနှင့် အထိုင်များသည့်ဘဝပုံစံတို့ပေါင်းစပ်မှုကြောင့် ဖြစ်သည်။” ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း ကာရိုလင်းစကာတက္ကသိုလ်မှ ကျန်းမာရေးအမူအကျင့်ဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ စတီဖန် ရော့စ္စနာကလည်း ယင်းကို သဘောတူကာ “ဤကမ္ဘာတွင် အဝလွန်ရောဂါ တိုးများခြင်းမရှိသည့်နိုင်ငံဟူ၍ မရှိပါ” ဟု အခိုင်အမာပြောဆိုသွားသည်။
ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်
ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် အတော်အသင့်ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုဖို့လိုကြောင်း ရှင်းနေပါသည်။ သို့သော် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၏ အန္တရာယ်များကို လူသိရှင်ကြားကြေညာထားသည့်ကြားမှ ကမ္ဘာ့လူဦးရေအများစုမှာ မလှုပ်မရှားဘဲရှိနေကြသေးသည်။ ကမ္ဘာ့လူဦးရေ၏ ၆၀ နှင့် ၈၅ ရာခိုင်နှုန်းကြား “အထူးသဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများသည် ကျန်းမာရေးအကျိုးကျေးဇူးများ ခံစားလောက်အောင် ကာယရေးလှုပ်ရှားမှု မပြုလုပ်ကြ” ကြောင်း ကမ္ဘာ့နှလုံးဘက်ဆိုင်ရာဖယ်ဒရေးရှင်းက ယူဆထား၏။ “ထို့ပြင် ကလေးသူငယ် သုံးပုံနှစ်ပုံနီးပါးကလည်း ၎င်းတို့၏ကျန်းမာရေးအတွက် လှုပ်ရှားမှုနည်းနေကြ” ကြောင်း အဆိုပါအဖွဲ့အစည်းက ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုတွင် လူကြီး ၄၀ ရာခိုင်နှုန်းခန့်မှာ အထိုင်များသူများဖြစ်ကြပြီး အသက် ၁၂ နှစ်နှင့် ၂၁ နှစ်ကြား လူငယ်ထက်ဝက်ခန့်မှာ အားစိုက်လုပ်ရသည့် လှုပ်ရှားမှုများတွင် မှန်မှန်မပါဝင်ကြချေ။
ဥရောပ ၁၅ နိုင်ငံတွင် အထိုင်များသော ဘဝပုံစံပျံ့နှံ့မှုကို လေ့လာဆန်းစစ်ခဲ့ရာ လှုပ်ရှားမှုမရှိသည့်ရာခိုင်နှုန်းမှာ ဆွီဒင်နိုင်ငံတွင် ၄၃ ရာခိုင်နှုန်းရှိပြီး ပေါ်တူဂီနိုင်ငံတွင် ၈၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရ၏။ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် အထိုင်များသူများဖြစ်ကြသည်။ “ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးစစ်တမ်းများ စုစည်းထားသည့် အချက်အလက်မှာ ထူးထူးခြားခြားကိုက်ညီနေသည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ သို့ဖြစ်၍ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် နှစ်စဉ် လူနှစ်သန်းခန့် သေဆုံးနေကြသည်ကို ကျွန်ုပ်တို့မအံ့သြသင့်ပေ။
ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးပညာရှင်များက ဤဖြစ်အင်ကို စိုးရိမ်ဖွယ်ရာအဖြစ် ရှုမြင်ကြ၏။ တုံ့ပြန်သည့်အနေနှင့် ကမ္ဘာတစ်ဝန်းမှ အစိုးရအေဂျင်စီများသည် အတော်အသင့်ကိုယ်လက်လှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများအကြောင်း လူထုအား ပညာပေးရန် အမျိုးမျိုးစည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ ခရစ်နှစ် ၂၀၁၀ ပြည့်နှစ်၌ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့က မိမိတို့၏နိုင်ငံသားများတွင် ကိုယ်လက်လှုပ်ရှားမှုပမာဏ ၁၀ ရာခိုင်နှုန်းတိုးများလာမည်ဟု မျှော်လင့်ထားကြသည်။ စကော့တလန်နိုင်ငံကလည်း ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်၌ လူကြီး ၅၀ ရာခိုင်နှုန်းအား ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်လာစေဖို့ ရည်မှန်းထား၏။ “ကိုယ်လက်လှုပ်ရှားမှုကို အမျိုးသားရေးအစီအစဉ်အဖြစ် အသားပေးခဲ့ကြသည့် အခြားသောနိုင်ငံများမှာ မက္ကဆီကို၊ ဘရာဇီး၊ ဂျမေကာ၊ နယူးဇီလန်၊ ဖင်လန်၊ ရုရှားဖယ်ဒရေးရှင်း၊ မော်ရိုကို၊ ဗီယက်နမ်၊ တောင်အာဖရိက၊ စလိုဗီးနီးယားနိုင်ငံတို့ဖြစ်ကြ” ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အစီရင်ခံစာတစ်စောင်တွင် ရှင်းလင်းဖော်ပြထားသည်။
အစိုးရများနှင့် ကျန်းမာရေးအဖွဲ့အစည်းများက ကြိုးပမ်းအားထုတ်နေကြသော်လည်း လူတိုင်း မိမိကျန်းမာရေးကို မိမိဂရုစိုက်ရမည့်တာဝန်ရှိသည်။ ‘ငါ လုံလုံလောက်လောက် လှုပ်ရှားနေရဲ့လား။ ကိုယ်လက်လှုပ်ရှားမှု လုံလုံလောက်လောက် လုပ်နေရဲ့လား။ မလုပ်ဘူးဆိုရင် ငါ့ရဲ့အထိုင်များတဲ့ဘဝပုံစံကနေ လွတ်ကျွတ်အောင် ဘာလုပ်ရမလဲ’ ဟူ၍ မိမိကိုယ်ကို မေးကြည့်ပါ။ သင်၏ကိုယ်လက်လှုပ်ရှားမှုပမာဏကို မည်သို့တိုးတက်စေနိုင်ကြောင်း နောက်ဆောင်းပါးက ဖော်ပြပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်စေသည့် အခြေအနေတချို့ကို သိသိသာသာ တိုးများစေနိုင်သည်။ ဥပမာ၊ အမေရိကန်နှလုံးဘက်ဆိုင်ရာအဖွဲ့အစည်း၏အဆိုအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းသည် “နှလုံးရောဂါဖြစ်မည့်အန္တရာယ်ကို နှစ်ဆတိုးစေပြီး သွေးတိုးမည့်အန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများစေသည်။ ၎င်းအပြင် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် လေဖြတ်ခြင်းတို့ကြောင့် သေဆုံးရဖို့အကြောင်း နှစ်ဆရှိ၏။”
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
မလှုပ်မရှားဘဲနေခြင်း၏ စရိတ်စက
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် လူ့အဖွဲ့အစည်းအပေါ် တင်လာသည့် ငွေကုန်ကြေးကျများမှုကို အစိုးရများနှင့် ကျန်းမာရေးအဖွဲ့အစည်းများစွာက အလွန်အလေးအနက်ထားလာကြသည်။
● ဩစတြေးလျ– ဤနိုင်ငံတွင် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့်ဆက်နွှယ်သည့် နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များမှာ ဒေါ်လာ ၃၇၇ သန်းခန့်ရှိ၏။
● ကနေဒါ– ကမ္ဘာ့နှလုံးဘက်ဆိုင်ရာဖယ်ဒရေးရှင်း၏အဆိုအရ တစ်နှစ်တာအတွင်း ဒေါ်လာ ၂ ဘီလီယံကျော် သုံးစွဲခဲ့သည့် ကနေဒါ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များသည် “ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့်စပ်ဆိုင်နေ၏။”
● အမေရိကန်ပြည်ထောင်စု– ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်အတွင်း ဒေါ်လာ ၇၆ ဘီလီယံအထိ သုံးစွဲခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ ဆေးဘက်ဆိုင်ရာ ဧရာမကုန်ကျစရိတ်သည် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်ခဲ့၏။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကလေးသူငယ်များ ကိုယ်လက်လှုပ်ရှားဖို့လို
မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုများတွင် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်မပြုလုပ်သည့် ကလေးဦးရေ တိုးများလာကြောင်း တွေ့ ရှိခဲ့သည်။ လှုပ်ရှားမှုမရှိခြင်းကို ယောက်ျားလေးများထက် မိန်းကလေးငယ်များတွင် ပိုတွေ့ရ၏။ ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ ၎င်းတို့၏ကိုယ်လက်လှုပ်ရှားမှုပမာဏလည်း ကျဆင်းသွားသည်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းကြောင့် ကလေးများ ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်–
● အရိုးများနှင့် ကြွက်သားများကို ဖွံ့ ဖြိုးသန်မာစေသည့်အပြင် အဆစ်များကိုလည်း ကောင်းမွန်စေသည်
● ကိုယ်အလေးချိန်ပိုခြင်း၊ အဝလွန်ခြင်းတို့ကို ကာကွယ်ပေးသည်
● သွေးတိုးခြင်းကို နှောင့်နှေးစေသည် သို့မဟုတ် ကာကွယ်ပေးသည်
● အမျိုးအစား ၂ ဆီးချိုရောဂါမှ ကာကွယ်ပေးသည်
● ကိုယ့်ကိုယ်ကိုလေးစားသည့်စိတ် တိုးများစေပြီး စိုးရိမ်ပူပန်မှုနှင့် ဖိစီးမှုတို့မှ ကာကွယ်ပေးသည်
● တက်ကြွလှုပ်ရှားသည့် ဘဝပုံစံရှိစေကာ အထိုင်များသည့် လူကြီးဘဝမှ ကာကွယ်ပေးနိုင်သည်
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သက်ကြီးရွယ်အိုများကို ပို၍ ကျန်းမာကြံ့ခိုင်စေ
သင်သည် အသက်ကြီးလာလေ အသင့်အတင့်ကိုယ်လက်လှုပ်ရှားခြင်းမှ အကျိုးခံစားရလေဖြစ်သည်ဟု ဆိုကြ၏။ သို့တိုင် အသက်ကြီးသူများစွာသည် ထိခိုက်အနာတရဖြစ်မည်၊ ဖျားနာမည်စိုး၍ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ဖို့ တွန့်ဆုတ်နေကြ၏။ အသက်ကြီးသူများအနေနှင့် အားစိုက်လုပ်ရသည့် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်ကို မစတင်မီ မိမိတို့၏ဆရာဝန်နှင့် တိုင်ပင်သင့်သည်မှာ မှန်ပါသည်။ သို့ရာတွင် ကိုယ်လက်လှုပ်ရှားမှုသည် အသက်ကြီးသူများ၏ ဘဝအရည်အသွေးကို သိသိသာသာ တိုးတက်စေနိုင်ကြောင်း ပညာရှင်များက ယူဆထားကြ၏။ အသက်ကြီးသူများ မှန်မှန်ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် တိုးတက်လာနိုင်စရာရှိသည့် ကဏ္ဍတချို့မှာ အောက်ပါအတိုင်းဖြစ်သည်–
● စိတ်ပိုင်းဆိုင်ရာ နိုးကြားမှု
● မျှမျှတတရှိပြီး ပြောင်းသာလဲသာရှိမှု
● စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ကျန်းမာမှု
● နာမကျန်းမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုမှ နာလန်ထနှုန်း
● အစာအိမ်အူလမ်းကြောင်းနှင့် အသည်းတို့၏လုပ်ဆောင်မှုများ
● ဇီဝတွင်းဖြစ်ပျက်မှု
● ကိုယ်ခံစွမ်းအား
● အရိုးသိပ်သည်းမှု
● ခွန်အားပမာဏ