ဖြူရော်ရော်မှ အညိုရောင်သို့—အရေပြားနှင့်ပတ်သက်သည့် ပြောင်းလဲနေသော အယူအဆများ
ဖြူရော်ရော်မှ အညိုရောင်သို့—အရေပြားနှင့်ပတ်သက်သည့် ပြောင်းလဲနေသော အယူအဆများ
အဘယ်အရာသည် သင့်အတွက် ကျန်းမာရေးကောင်းခြင်း၏ လက္ခဏာဖြစ်သနည်း။ ကျစ်လျစ်ပြီး နေလောင်ထားသည့်ညိုနေသော ခန္ဓာကိုယ်လော။ ဥရောပတိုက်သားအများအပြားနှင့် မြောက်အမေရိကလူမျိုးများအတွက် ထိုသို့ဖြစ်သည်။ သို့သော် ထိုသို့အမြဲတမ်း မဟုတ်ခဲ့ပေ။ လွန်ခဲ့သောနှစ်များက ဥရောပသူများသည် မိမိတို့ကိုယ်ကို နေရောင်ခြည်မှကာကွယ်ရန် အနားပြန့်ကားသောဦးထုပ်များဆောင်းပြီး နေကာထီးများကို သယ်ဆောင်သွားကြသည်။ ဖြူရော်ရော်အသားအရေကို အထက်တန်းလွှာ၏အမှတ်လက္ခဏာအဖြစ် ယူမှတ်ကြသည်။ နေလောင်၍ညိုနေသောအသားအရေသည် ကာယလုပ်သား၏ အမှတ်သညာဖြစ်ခဲ့သည်။
ပို၍ရှေးကျသောအချိန်များ၌၊ အဆိပ်ဖြစ်သည်ဟု ယနေ့ လူသိများသောပစ္စည်းများကို အသားအရေပို၍ဖြူလာစေရန် အသုံးပြုကြသည်။ သာဓကအနေနှင့် ဘီ.စီ.အီး. ၄၀၀ ပြည့်နှစ်လောက်ကတည်းက ဂရိလူမျိုးများသည် ခဲကာဗွန်နိတ် မျက်နှာလိမ်းပေါင်ဒါမှုန့်ဖြင့် သူတို့၏အသားအရေကို ပိုဖြူစေခဲ့ကြသည်။ ရောမဧကရာဇ် နီရို၏မိဖုရား ပေါ်ပီယာ ဆဗီးနားသည် မျက်နှာဖြူလာစေရန် အဆိပ်ရှိသော ယင်းအမှုန့်ကို သုံးခဲ့သည်။ ၁၆ ရာစုတွင် အီတလီအမျိုးသမီးအချို့သည် သူတို့၏မျက်နှာပိုဝင်းပလာစေရန် စိန်ဓာတ်ပေါင်းကို သုံးခဲ့ကြသည်။ သို့သော် ၁၉၂၀ ပြည့်လွန်နှစ်များအစောပိုင်းကတည်းက ပြင်သစ်အဝတ်အစားဒီဇိုင်နာ ကိုကိုး ချန်နယ်သည် နေလောင်၍ညိုသောအသားအရေကို ခေတ်စားလာအောင်ပြုခဲ့ပြီး လူအများအပြားက နေလောင်သောကိုယ်ခန္ဓာကို ဖက်ရှင်ကျသည်ဟု ယူမှတ်လာကြသည်။ သို့နှင့် လူတို့သည် နာရီပေါင်းများစွာ နေပူစာလှုံကြသည်။
သို့သော် အိမ်ပြင်တွင်အပန်းဖြေသွားသူတိုင်း ပိုညိုသောအသားအရေကို လိုချင်ကြသည်မဟုတ်။ နေပူခံခြင်းသည် သူတို့ယဉ်ကျေးမှုအဝင်မဟုတ်ပေ။ သူတို့သည် နေရောင်ကြောင့် အသားညိုခြင်းထက် တစ်နေ့တာ နေရောင်ခြည်နွေးနွေးနှင့် လေပြေညင်းတို့ကြောင့်ခံစားရသည့် လန်းဆန်းပေါ့ပါးမှုတို့ကို သာ၍နှစ်သက်ကြသည်။ သူတို့၏အသားအရေသည် အဘယ်ကြောင့် နေပူဒဏ်မှကာကွယ်မှု လိုအပ်သနည်း။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
၂၀ ရာစု အစောပိုင်းမှ ကမ်းခြေမြင်ကွင်း
[Credit Line]
Brown Brothers