သန့်ရှင်းသောနေအိမ် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရမည့်ကဏ္ဍ
သန့်ရှင်းသောနေအိမ် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရမည့်ကဏ္ဍ
မက္ကဆီကိုမှ နိုးလော့! စာရေးသူ ပေးပို့သည်
သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းသည် အမှန်တကယ် ပျော်စရာကောင်းလိုက်လေခြင်း! သို့သော်၊ မြို့ကြီးပြကြီးများတွင် အမှိုက်သရိုက်များလာလွန်းသဖြင့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားရန် ပို၍ခက်ခဲလာသည်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက အမှိုက်စုသိမ်းသည့်စနစ်များ စီစဉ်ပေးခြင်းဖြင့် လမ်းများကိုသန့်ရှင်းသပ်ရပ်မှုရှိစေရန် ကြိုးစားကြသော်လည်း အချို့နေရာများတွင် အမှိုက်သရိုက်စုပုံလာလေ့ရှိသည်။ ယင်းနေရာများသည် အလွန်ပင်အကျည်းတန်လာပြီး လူထုကျန်းမာရေးကိုထိခိုက်စေသည်။ အမှိုက်ပုံများကြောင့် ရောဂါဖြစ်စေသည့် ကြွက်များ၊ ပိုးဟပ်များနှင့် အခြားပိုးမွှားများ တိုးပွားများပြားလာစေသည်။ ဤအခြေအနေနှင့်ပတ်သက်၍ သင်ပြုလုပ်နိုင်စရာ တစ်စုံတစ်ခုရှိပါသလော။ အမှန်ပင်ရှိပါသည်၊ သင်၏အိမ်နှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားပေးပါ။
စိတ်သဘောထားမှန်ရှိခြင်း
ဆင်းရဲနွမ်းပါးခြင်းနှင့် ညစ်ပတ်သည့်ပတ်ဝန်းကျင်များ သို့မဟုတ် လူနေအိမ်များသည် တစ်တွဲတည်းဖြစ်သည်ဟု အချို့ယူမှတ်ကြသည်။ သို့သော် ယင်းသို့ဖြစ်စရာမလိုပါ။ ငွေအင်အားနည်းခြင်းကြောင့် ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားရန် ပို၍ခက်ခဲမည်မှန်သော်လည်း စပိန်စကားပုံတစ်ခုဆိုသကဲ့သို့ “ဆင်းရဲနွမ်းပါးခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းတို့သည် ဆန့်ကျင်ဘက်မဖြစ်ကြပါ။” အခြားတစ်ဖက်တွင်မူ လူတစ်ဦးသည် ပြည့်စုံကုံလုံသည့်အတွက် သူ၏ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားလိမ့်မည်ဟု မယူမှတ်နိုင်ချေ။
အိမ်တွင်းအိမ်ပြင်သန့်ရှင်းသပ်ရပ်ခြင်းသည် လက်တွေ့ကျင့်ဆောင်တတ်သော စိတ်သဘောထားအပေါ် မူတည်သည်။ အမှန်မှာ၊ အိမ်ကိုသန့်ရှင်းသပ်ရပ်စွာထားခြင်းသည် မိသားစုတစ်စုလုံး၏ စိတ်သဘောထားအပေါ် များစွာမူတည်သည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့နေထိုင်သည့်ပတ်ဝန်းကျင်အပါအဝင် နေအိမ်များ သန့်ရှင်းသပ်ရပ်နေရန် ကျွန်ုပ်တို့အားလုံး အဘယ်အရာပြုလုပ်နိုင်သည်ကို ဆန်းစစ်သင့်သည်။
သန့်ရှင်းရေးအစီအစဉ်
မိခင်တစ်ဦး၏အိမ်မှုကိစ္စများသည် ဘယ်တော့မျှပြီးဆုံးသွားသည် မရှိချေ။ အစားအစာချက်ပြုတ်ရပြီး ကလေးများကျောင်းသွားရန် အသင့်ပြင်ပေးရရုံမက အိမ်နှင့်ပတ်ဝန်းကျင်ကိုပါ သန့်ရှင်း သပ်ရပ်စွာ ကြိုးစားထားပေးရသည်။ မိခင်သည် သားသမီးများ၏အဝတ်ပေများနှင့် အခြားအသုံးအဆောင်များကို မကြာခဏလိုက်သိမ်းဆည်းပေးရကြောင်း သင်သတိပြုမိသလော။ မိသားစုတစ်စုလုံးပါဝင်သည့် ရှင်းလင်းပြတ်သားသော သန့်ရှင်းရေးအစီအစဉ်တစ်ခုရှိခြင်းက မိခင်၏တာဝန်ကို ပေါ့ပါးသွားစေနိုင်သည်။
အိမ်တွင် နေ့စဉ် ဂရုစိုက်ဆေးကြောသန့်ရှင်းပေးရမည့် အလုပ်များရှိသကဲ့သို့ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ သန့်ရှင်းရေးလုပ်ရမည့် အလုပ်များလည်းရှိသည်ကို အိမ်ရှင်မအချို့ ဆုံးဖြတ်ပြုလုပ်ကြသည်။ အမှန်မှာ တစ်နှစ်တစ်ခါသာ သန့်ရှင်းရေးပြုလုပ်ပေးဖို့ ဇယားဆွဲထားနိုင်သည့်အရာများလည်းရှိသည်။ ဥပမာ၊ နိုင်ငံအသီးသီးရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲအဆောက်အအုံများမှ ဗေသလအိမ်များတွင် နံရံကပ်ဗီရိုများကို တစ်နှစ်တစ်ခါ အသေးစိတ်သန့်ရှင်းရေး ပြုလုပ်ကြသည်။ ထိုအချိန်သည် အသုံးမပြုသည့်ပစ္စည်းများကို လွှင့်ပစ်ပြီး ဗီရိုကိုသန့်ရှင်းသပ်ရပ်စွာပြန်ထားရန် အခွင့်ကောင်းဖြစ်သည်။ နံရံများကိုလည်း ဆေးကြောတိုက်ချွတ်ရန် ပုံမှန်ဇယားတစ်ခုရှိသည်။
အိမ်တွင် ကျန်းမာရေးကောင်းရှိရန်အတွက် သန့်ရှင်းဖို့လိုသောရေချိုးခန်း၊ အိမ်သာအစရှိသည့်နေရာများရှိသည်။ နေ့စဉ်သန့်ရှင်းဆေးကြောပေးဖို့လိုသည့်အပြင် ဖြစ်နိုင်လျှင် တစ်ပတ်တစ်ကြိမ် ပိုစေ့စေ့စပ်စပ် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် ပိုးမွှားများတိုးပွားလာမည်မဟုတ်ပေ။ အိမ်သာအိုးတွင် အစွန်းအထင်းများပေါ်တတ်၍ ၎င်းတို့ကိုချွတ်မရဟု အချို့ယူမှတ်ကြသည်။ သို့သော် အချို့အိမ်များရှိ အိမ်သာအိုးများသည် လုံးဝအစွန်းအထင်းမရှိ သန့်ရှင်းတောက်ပြောင်နေသည်ကို သင်တွေ့ဖူးမည်။ အမှန်မှာ ယင်းကို သက်ဆိုင်ရာသန့်ရှင်းရေးပစ္စည်းများနှင့် အမြဲဆေးကြောပေးဖို့သာလိုသည်။
မီးဖိုချောင်တွင်လည်း အသေအချာသန့်ရှင်းရေးပြုလုပ်ဖို့လိုသည်။ သင်သည် နေ့စဉ်ပင် ပန်းကန်ခွက်ယောက်များကိုဆေးကြောပြီး မီးဖိုနှင့်စားပွဲခုံကို သန့်ရှင်းရေးပြုလုပ်သည်မှန်သော်လည်း၊ မကြာခဏဆိုသလို၊ ဖြစ်နိုင်လျှင်အနည်းဆုံးတစ်လတစ်ကြိမ် မီးဖိုချောင်ရှိ ရေခဲသေတ္တာစသည့်အခြားပစ္စည်းများ၏ အနောက်ဘက်နှင့် ပန်းကန်ဆေးကန်အောက်ဘက်တို့တွင် ပို၍စေ့စေ့စပ်စပ် သန့်ရှင်းရေးပြုလုပ်ဖို့လိုသည်။ အစားအသောက်သိမ်းဆည်းလေ့ရှိသည့် ကြောင်အိမ်၊ ဗီရိုစသည်တို့ကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် ပိုးဟပ်များနှင့် အခြားပိုးမွှားများ ခိုအောင်းနိုင်မည်မဟုတ်ပါ။
မိသားစုပူးပေါင်းဆောင်ရွက်မှု
အချို့မိဘများသည် သားသမီးများကို စည်းကမ်းချမှတ်ပေးပြီး လေ့ကျင့်ပေးထားသည့်အတွက် ကျောင်းမသွားမီ သူတို့အိပ်ရာများသိမ်းကြသည်၊ အဝတ်ပေများကို သူ့နေရာသူထားကြပြီး သူတို့၏ကိုယ်ပိုင်ပစ္စည်းများကိုလည်း သပ်ရပ်စွာထားကြသည်။ လူတိုင်းအတွက်အကူအညီဖြစ်သောစည်းမျဉ်းတစ်ခုမှာ “အရာအားလုံး သူ့နေရာသူရှိရမည်ဖြစ်သည်။”
ထို့ပြင်၊ မိသားစုမှအချို့သူများသည် သတ်သတ်မှတ်မှတ် အိမ်မှုကိစ္စတာဝန်တစ်ခု သို့မဟုတ် အိမ်တစ်ခြမ်းကို သန့်ရှင်းရေးပြုလုပ်ရန် တာဝန်ယူနိုင်သည်။ ဥပမာ၊ ဖခင်ဖြစ်သူသည် ကားဂိုဒေါင်ကို သန့်ရှင်းသပ်ရပ်စွာထားကာ အနည်းဆုံးတစ်နှစ်တစ်ကြိမ် စေ့စေ့စပ်စပ် သန့်ရှင်းရေးပြုလုပ်သလော။ ဤသို့ပြုလုပ်ချိန်တွင် ကလေးတစ်ယောက် ကူညီပေးနိုင်သလော။ ခြံရှေ့တွင် ပေါင်းပင်များရှင်းခြင်း၊ မြက်ရိတ်ခြင်းတို့ကို မည်သူပြုလုပ်သနည်း။ အိမ်ပြင်၏အသွင်အပြင်သည် ကြည့်ပျော်ရှုပျော် ဖြစ်စေရန် ယင်းကိုဘယ်နှစ်ကြိမ် ပြုလုပ်ကြသနည်း။ ခေါင်မိုးအောက်ထပ်ခိုး သို့မဟုတ် ပစ္စည်းသိုလှောင်ခန်းမှ မလိုအပ်ဘဲရှုပ်ပွနေသော ပစ္စည်းများကို ရှင်းထုတ်ပစ်ပြီး သန့်ရှင်းသပ်ရပ်စွာထားပေးရန် လိုသလော။ လိုအပ်မည်ဆိုလျှင် မည်သူရှင်းပေးမည်နည်း။ မိဘအချို့သည် သားသမီးများကို ဤတာဝန်များခွဲပေးတတ်ကြပြီး အလှည့်ကျလုပ်စေသည်။
ထို့ကြောင့် သင့်အိမ်ကိုထိန်းသိမ်းပေးရန် အစီအစဉ်ဇယားကောင်းတစ်ခု ရေးဆွဲပါ။ သန့်ရှင်းရေးကို သင်တစ်ယောက်တည်း လုပ်သည်ဖြစ်စေ၊ မိသားစုနှင့်အတူလုပ်သည်ဖြစ်စေ၊ လူငှားပြီးလုပ်ရသည်ဖြစ်စေ ရှင်းလင်းပြတ်သားသောအစီအစဉ်ရှိရန်လိုသည်။ မိမိအိမ်ကိုအလွန်သပ်ရပ်စွာထားသော မိခင်တစ်ဦးက ထိုသို့ဖြစ်စေရန် မိသားစုလိုက်ဝိုင်းဝန်းကူညီကြပုံကို ဤသို့ပြောပြသည်– “ကျွန်မနဲ့သမီးသုံးယောက်က အိမ်အလုပ်တွေကို ခွဲဝေပြီးလုပ်ကြတယ်။ နော်မာအာဒရီအာနာက ဧည့်ခန်း၊ အိပ်ခန်းနှစ်ခန်း၊ အိမ်ဝင်းရှိ လေသာဆောင်နဲ့ အိမ်ရှေ့လမ်းမကို သန့်ရှင်းရေးလုပ်ရတယ်။ အဲနာဟိုအာကီနာက မီးဖိုချောင်သန့်ရှင်းရေးကို တာဝန်ယူတယ်။ မာရီယာဒဲလ်ကာမဲန်က ပန်းကန်အိုးခွက်တွေ တိုက်ချွတ်ဆေးကြောပေးပြီး ကျွန်မကတော့ အဝတ်လျှော်ဖွပ်တာနဲ့ တခြားအလုပ်တွေလုပ်တယ်။”
အိမ်အပြင် သပ်ရပ်သန့်ရှင်းရှုပျော်ဖွယ်ရှိခြင်း
အိမ်အပြင်ဘက်ကော။ သင်သည် အိမ်ကြီးအိမ်ကောင်းနှင့်နေသည်ဖြစ်စေ၊ ရိုးရိုးကုပ်ကုပ်အိမ်မျိုးတွင် နေထိုင်သည်ဖြစ်စေ အိမ်အပြင်ဘက်၏ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးကို စီစဉ်ပေးဖို့လိုသည်။ ဥပမာ၊ အိမ်ခြံစည်းရိုးတံခါး၏ ပတ္တာတစ်ခု ပြုတ်နေပေမည်။ တံခါးပြုတ်ထွက်သွားသည့်အထိ ၎င်းကိုမပြုပြင်ဘဲထားမည်ဆိုလျှင် မည်မျှအကြည့်ရဆိုးမည်ကို သင်သိပေမည်။ အိမ်အဝင်ဝတွင် သို့မဟုတ် လူသွားလမ်းဘေးတွင် အမှိုက်များစုပုံထားလျှင်လည်း အလားတူပင်ဖြစ်သည်။ ထို့ပြင်၊ ခြံဝင်းအတွင်း ဘူးခွံများ၊ ကိရိယာတန်ဆာပလာများနှင့် အခြားပစ္စည်းများကို စနစ်တကျမစီဘဲ စုပုံထားပါက ပိုးမွှားသတ္တဝါများ ခိုအောင်းရာနေရာဖြစ်စေနိုင်သည်။
မိသားစုအချို့သည် လူသွားလမ်းနှင့် အိမ်ရှေ့လမ်းမ ကြီးပင်အပါအဝင် အိမ်ပတ်ပတ်လည်တွင် တစ်ရက်တစ်ခါ သို့မဟုတ် ပတ်စဉ် လိုအပ်လျှင်လိုအပ်သလို တံမြက်စည်းလှည်းပြီး သန့်ရှင်းရေးပြုလုပ်ကြသည်။ အချို့နေရာများတွင် အစိုးရက မြို့ရွာသန့်ရှင်းရေးအတွက် အလွန်ကောင်းသော အစီအစဉ်များ ရှိသော်လည်း၊ အခြားနေရာများတွင်မူ စည်ပင်သာယာရေး အစီအစဉ်များမရှိပေ။ ကျွန်ုပ်တို့အားလုံးသည် မိမိ တို့နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားကြမည်ဆိုလျှင် ရှုပျော်ဖွယ်ဖြစ်ရုံမကကျန်းမာရေးနှင့်လည်းပို၍ညီညွတ်ပေမည်။
မိသားစုအချို့သည် အထက်ဖော်ပြပါတာဝန်များကို ဇယားရေးဆွဲပြီး ယင်းအတိုင်းလုပ်ဆောင်ရန် မြင်တွေ့နိုင်သည့်နေရာတွင်ကပ်ထားကြသည်။ ဤသို့ပြုခြင်းသည် အကျိုးများစွာရှိ၏။ အမှန်မှာ၊ သန့်ရှင်းရေးနှင့်ပတ်သက်၍ သင်သိသင့်သိအပ်ရာအားလုံးကို ဤတွင်ကျွန်ုပ်တို့မဖော်ပြထားပါ။ ဥပမာ၊ မည်သည့်သန့်ရှင်းရေးပစ္စည်းများသည် သင့်အရပ်ဒေသနှင့်သင့်တော်မည်၊ သင်တတ်နိုင်သည့်ငွေအားဖြင့် အဘယ်ပစ္စည်းကိရိယာများဝယ်ယူနိုင်မည်ကို သင်ကိုယ်တိုင်ဆုံးဖြတ်ရန်လိုသည်။
ဤတိုတုတ်ရှင်းလင်းသော အကြံပြုချက်များက သင့်နေအိမ်နှင့်ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း မိသားစုတစ်စုလုံးကို သတိပြုစေမည်မှာ သေချာပါသည်။ နေအိမ်တစ်ခုနှင့် အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားခြင်းသည် သင်၏ငွေအင်အားအပေါ် မမူတည်ဘဲ သင်၏စိတ်သဘောထားအပေါ် မူတည်ကြောင်း မှတ်ကျုံးပါ။
[စာမျက်နှာ ၁၂၊ ၁၃ ပါ လေးထောင့်ကွက်]
အိမ်သန့်ရှင်းရေးအတွက် လက်တွေ့ကျအစီအစဉ်
သင့်ကိုယ်ပိုင်အချက်အလက်များ ဖြည့်စွက်ရေးသားရန် အပိုကွက်လပ်ကိုအသုံးပြုပါ
အရေးကြီးသောအချက်– သန့်ရှင်းရေးဓာတုပစ္စည်းများကို ရောနှောအသုံးပြုခြင်းသည် အလွန်အန္တရာယ်များနိုင်သည်၊ အထူးသဖြင့် ချွတ်ဆေးနှင့် အမိုးနီးယား ရောနှောအသုံးပြုခြင်းဖြစ်သည်
✔ နေ့စဉ်
❏ အိပ်ခန်း– အိပ်ရာခင်းပြီး အခန်းထဲရှိပစ္စည်းများကို စနစ်တကျသပ်ရပ်စွာထားပါ
❏ မီးဖိုချောင်– ပန်းကန်ခွက်ယောက်များနှင့် ပန်းကန်ဆေးကန်ကိုဆေးကြောပါ။ စင်များပေါ်၊ စားပွဲပေါ် ရှုပ်ပွမနေအောင် ပစ္စည်းများကို သပ်ရပ်စွာထားပါ။ လိုအပ်ပါက တံမြက်စည်းလှည်းပါ၊ ကြမ်းတိုက်ပါ
❏ ရေချိုးခန်း– လက်ဆေးဇလုံနှင့် အိမ်သာအိုးကိုဆေးကြောပါ။ ပစ္စည်းများကိုစနစ်တကျထားပါ
❏ ဧည့်ခန်းနှင့်အခြားအခန်းများ– ပစ္စည်းများကို စနစ်တကျသပ်ရပ်စွာထားပါ။ ပရိဘောဂများကို အပေါ်ယံသန့်ရှင်းရေးလုပ်ပါ။ လိုအပ်ပါက တံမြက်စည်းလှည်းပါ၊ ကြမ်းတိုက်ပါ၊ သို့မဟုတ် ဖုန်စုပ်ပါ
❏ အိမ်တစ်အိမ်လုံး– အမှိုက်များကို စနစ်တကျ စုသိမ်းပါ
✔ အပတ်စဉ်
❏ အိပ်ခန်း– အိပ်ရာခင်းလဲပါ။ လိုအပ်ပါက တံမြက်စည်းလှည်းပါ၊ ကြမ်းတိုက်ပါ၊ သို့မဟုတ် ဖုန်စုပ်ပါ။ ပရိဘောဂများကို ဖုန်သုပ်ပါ
❏ မီးဖိုချောင်– မီးဖို၊ မီးဖိုချောင်စင်ပေါ်တင်ထားသော ပစ္စည်းများနှင့် ပန်းကန်ဆေးကန်တွင်တပ်ဆင်ထားရာများကို ဆေးကြောသန့်ရှင်းပေးပါ။ ကြမ်းတိုက်ပါ
❏ ရေချိုးခန်း– ရေချိုးခန်းနံရံနှင့် ထိုတွင်တပ်ဆင်ထားရာအားလုံးကို ဆေးကြောပါ။ အိမ်သာအိုး၊ ဗီရိုနှင့် အခြားမျက်နှာပြင်များကို ပိုးသတ်ဆေးဖြင့် သန့်ရှင်းရေးလုပ်ပါ။ မျက်နှာသုတ်ပဝါများလဲပါ။ တံမြက်စည်းလှည်းပါ၊ ကြမ်းတိုက်ပါ
✔ လစဉ်
❏ ရေချိုးခန်း– နံရံအားလုံးကို စေ့စေ့စပ်စပ်ဆေးကြောပါ
❏ အိမ်တစ်အိမ်လုံး– တံခါးဘောင်များကို သန့်ရှင်းရေးလုပ်ပါ။ ဆိုဖာ၊ ဆက်တီ စသောပရိဘောဂပစ္စည်းများကို စေ့စေ့စပ်စပ်သန့်ရှင်းရေးလုပ်ပါ
❏ ဥယျာဉ်၊ ခြံဝင်း၊ကားဂိုဒေါင်– လိုအပ်ပါက တံမြက်စည်းလှည်းပြီး သန့်ရှင်းရေးလုပ်ပါ။ အမှိုက်သရိုက်များနှင့် မလိုအပ်သောပစ္စည်းများ မစုပုံစေပါနှင့်
✔ ခြောက်လတစ်ကြိမ်
❏ အိပ်ခန်း– အိပ်ရာဖုံးများကို ကုန်ထုတ်သူ၏ ညွှန်ကြားချက်အတိုင်း လျှော်ဖွပ်သန့်ရှင်းရေးလုပ်ပါ
❏ မီးဖိုချောင်– ရေခဲသေတ္တာကိုရှင်းထုတ်ပြီး စေ့စေ့စပ်စပ်သန့်ရှင်းရေးလုပ်ပါ
❏ ရေချိုးခန်း– စင်များနှင့် အံဆွဲများကို ရှင်းထုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။ မလိုအပ်သောပစ္စည်းများ၊ အသုံးမဝင်တော့သောပစ္စည်းများကို လွှင့်ပစ်ပါ
❏ အိမ်တစ်အိမ်လုံး– မီးအိမ်များ၊ ပန်ကာများ၊ လျှပ်စစ်မီးသီးများ တို့ကိုသန့်ရှင်းရေးလုပ်ပါ။ တံခါးများကို သန့်ရှင်းရေးလုပ်ပါ။ ပြတင်းပေါက်ကန့်လန့်ကာများ၊ ပြတင်းပေါက်များ၊ ပြတင်းပေါက်ဘောင်များတို့ကို ဆေးကြောပါ
✔ နှစ်စဉ်
❏ အိပ်ခန်း– အဝတ်ဗီရိုများကို ရှင်းထုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။ မလိုအပ်သောပစ္စည်းများကို လွှင့်ပစ်ပါ။ စောင်များကိုလျှော်ပါ။ မွေ့ရာများကို ဖုန်စုပ်ပါ သို့မဟုတ် စေ့စေ့စပ်စပ်သန့်ရှင်းရေးလုပ်ပါ။ ခေါင်းအုံးများကို ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း သန့်ရှင်းရေးလုပ်ပါ
❏ မီးဖိုချောင်– စင်များ၊ ကြောင်အိမ်များ၊ အံဆွဲများကို ရှင်းထုတ်ပြီး စေ့စေ့စပ်စပ်သန့်ရှင်းရေးလုပ်ပါ။ မလိုအပ်သောပစ္စည်းများကို လွှင့်ပစ်ပါ။ ပစ္စည်းပစ္စယများကိုရွှေ့ပြီး မျက်နှာပြင် သို့မဟုတ် ၎င်းတို့အောက်ရှိကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပါ
❏ အိမ်တစ်အိမ်လုံး– နံရံအားလုံးကို ဆေးကြောပါ။ ပရိဘောဂများနှင့် လိုက်ကာများကို ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း သန့်ရှင်းရေးလုပ်ပါ
❏ ဂိုဒေါင် သို့မဟုတ် သိုလှောင်ခန်း– စေ့စေ့စပ်စပ်တံမြက်စည်းလှည်းပါ။ မလိုအပ်သောပစ္စည်းများကို စနစ်တကျစီပေးပါ သို့မဟုတ် လွှင့်ပစ်ပါ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
“အရာအားလုံး သူ့နေရာနှင့်သူ ရှိရမည်”
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
သင်အသုံးမပြုတော့သည့် ပစ္စည်းပစ္စယများကို ဖယ်ရှားပစ်လျှင် ကောင်းပေမည်