မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရေပြားကင်ဆာကို ရင်ဆိုင်ဖြေရှင်းခြင်း

အရေပြားကင်ဆာကို ရင်ဆိုင်ဖြေရှင်းခြင်း

အရေပြား​ကင်ဆာ​ကို ရင်ဆိုင်​ဖြေရှင်းခြင်း

အသက် ၅၁ နှစ်အရွယ် ယေရမိ​သည် ဩစတြေးလျ​နိုင်ငံသား​ဖြစ်​ပြီး အိုင်း​ရ​စ်ရှ်​မျိုးနွယ်​ဖြစ်​ကာ “ရှေးခေတ်​အနောက်​ဥရောပ​ကျိန်စာ” ဟု​အချို့​သူတို့​ခေါ်ဆို​သော ဆံပင်​နီ​နှင့် နို့​နှစ်ရောင်​အသားအရေ​ရှိသည်။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “ဩစတြေးလျ​လူမျိုး​အများစု​လို ကျွန်တော်​တို့​မိသားစု​လည်း အထူးသဖြင့် သီတင်းပတ်​ကုန်​ရက်​တွေ​နဲ့ နွေ​ရာသီ​အားလပ်ရက်​တွေ​ဆို အများအားဖြင့် နေရောင်အောက်​မှာ ရောက်နေ​တတ်ကြ​တယ်။ ကလေး​တစ်ယောက်​အနေ​နဲ့ ကျွန်တော်​တို့​ရဲ့​အိမ်နောက်​ဘက်မှာ​ရှိတဲ့ ရေကူး​ကန်​မှာ ရေကူး​တာ၊ ဘ​ရ​စ်​ဘိန်း​မြို့​တောင်ဘက်​မှာ​ရှိတဲ့ ဂို​လ်းကို့စ်​မြို့ရဲ့ ကမ်းခြေ​တွေ​မှာ ရေ​လွှာ​လှိုင်း​စီး​တာ၊ ခရစ်​ကတ်​ကစား​တာတွေကို နာရီ​နဲ့​ချီ​ပြုလုပ်​ခဲ့တယ်။ မကြာခဏ ရေကူး​ဘောင်းဘီ​လေး​ပဲ ကျွန်တော်​ဝတ်​တယ်။”

ယေရမိ ဤသို့​ဆက်​ပြော​သည်– “ကျွန်တော်​ဆယ်ကျော်သက်​အရွယ်ရောက်​စ​အချိန်အထိ ထိရောက်တဲ့ နေလောင်​ကာ​လိမ်းဆေး မ​ပေါ်​သေး​ဘူး။ အဲဒီ​အချိန်တုန်းက ကြော်ငြာ​တွေ​က လူတွေကို ကမ်းခြေ​မှာ ကယ်ဆယ်​ရေး​လုပ်ဆောင်တဲ့ အသားညို​တဲ့​သြစတြေးလျ​သက်စောင့်​ပုံ​မျိုး​ထွက်​အောင် အုန်း​ဆီ​သုံး​ကြဖို့ အကြီးအကျယ်​အားပေးထား​တယ်။ အဲဒီ​အချိန်တုန်းက အရေပြား​ကို​ပျက်စီး​စေနိုင်​တဲ့ နေရောင်​အကြောင်း ကျွန်တော်​တို့ မသိကြ​သေး​ဘူး။ နေလောင်​ဒဏ်​အပြင်းအထန် ခံစား​ရပြီး​တဲ့​နောက်​မှာ ကိုယ့်​ကိုယ်ကို​ကာကွယ်​ဖို့ နေရောင်​ပြင်း​တဲ့​အခြေအနေ​မျိုး​တွေ​ကို ကျွန်တော်​ရှောင်​ခဲ့တယ်။” သို့သော် အရေပြား​မှာ ပျက်စီး​သွားပြီ​ဖြစ်သည်။ “ကျော​နဲ့​ရင်ဘတ်​ဗလာ​ကြီး​နဲ့ နေ​ပူ​ခံ​ခဲ့​တဲ့​နှစ်တွေ​တစ်လျှောက် အထူးသဖြင့် ကျွန်တော့်​ရဲ့​ရင်ဘတ်​မှာ တဖြည်းဖြည်း​ထူ​လာပြီး​မည်း​လာတဲ့ မှဲ့​ခြောက်​တွေ​အများကြီး​ပေါက်​လာခဲ့တယ်။”

ယေရမိ​သည် ထို​အချိန်​မှ​စ၍ မြင်း​မည်း​သုံးခု​အပြင် အောက်ခြေ​ဆဲလ်​ကာဆီနိုမာ အများအပြားကို​လည်း ဖယ်ရှား​ခဲ့​ရသည်။ ထို့​အတွက်​ကြောင့် သူ၏​လုပ်ရိုးလုပ်စဉ်​များ​ကို ပြောင်းလဲ​ခဲ့​ရသည်။ သူ​ဤသို့​ပြော​သည်– “ကျွန်တော်​အပြင်​မထွက်ခင် နေ့တိုင်း အလှ​ဆီ​လိမ်း​တယ်။ အဲဒီ​အပေါ်မှာ နေလောင်​ကာ​လိမ်းဆေး​ထပ်​လိမ်း​တယ်။ အခု​ဆို မနက် ၉:၀၀ နာရီ​ကနေ ညနေ ၄:၀၀ နာရီ​အထိ နွေ​ရာသီ​ရက်​အများစု​တွေ​မှာ ကျွန်တော် ဦးထုပ်​ဆောင်း​နေပြီ။” အရေပြား​ရောဂါ​အထူးကု​ဆရာဝန်​ထံ​လည်း သုံးလ​တစ်ကြိမ် ဆေးစစ်​ခံ​နေပြီ​ဖြစ်သည်။

သူ၏​အခြေအနေ​ဆိုး​ကို ရင်ဆိုင်​ဖြေရှင်း​ရန် အဘယ်အရာက သူ့​အား​ကူညီ​ပေး​ခဲ့​ကြောင်း ယေရမိ​ဤသို့​ပြောပြ​သည်– “တခြား​သူတွေက ကျွန်တော်​ကို အချိန်မရွေး​သေ​နိုင်တယ်​လို့ ထင်​နေချိန်မှာ ပြန်ကောင်း​လာနိုင်တယ်​ဆို​တဲ့ မျှော်လင့်ချက် ယေဟောဝါ​ဘုရားသခင် ကျွန်တော့်​ကို​ပေး​ခဲ့တယ်။ မြင်း​မည်း​ကင်ဆာ​ဝေဒနာသည်​တွေ​ရဲ့ သက်တမ်း​တို​လေး​ကြောင့် လွန်ခဲ့တဲ့​အနှစ် ၂၀ လောက်​က ကျွန်တော့်​ကို လူသေ​တစ်ယောက်လို​ပဲ တချို့​သဘောထား​ခဲ့​ကြတယ်။ ဘုရင်​ဒါဝိဒ်ရဲ့ ‘[ကျွန်ုပ်] သည် နာ​ဖျား​၍​တုံးလုံး​နေသော​အခါ ထာဝရ​ဘုရားသခင်​သည် ထောက်ပင့်​တော်​မူ​မည်။ [ကျွန်ုပ်] နာ​၍​နေစဉ်​ကာလ ကိုယ်တော်​သည် [ကျွန်ုပ်] ၏​အိပ်ရာရှိသမျှ​ကို လှန်​ပြန်​တော်​မူ​မည်’ ဆို​တဲ့​စကား​တွေ​ရဲ့ ဆိုလိုရင်း​ကို ကျွန်တော်​ကိုယ်တွေ့​ခံစား​ခဲ့​ရတယ်။”—ဆာလံ ၄၁:၃

အရေပြား​ကင်ဆာ​ကို ခါးစည်း​ခံ​ခဲ့​ရသူ နောက်​တစ်ဦး​မှာ မက်စီးန်​ဖြစ်သည်။ အသား​ဖြူ​သော​မက်စီးန်​သည် ငယ်ရွယ်စဉ်​တွင် အပူပိုင်း​ဒေသ​များ​ဖြစ်သည့် ပထမ​တွင် ဒိုမီနီကန်​သမ္မတနိုင်ငံ၊ နောက်ပိုင်း ပွာတီရီကို​နိုင်ငံ​သို့ ခရစ်ယာန်​သာသနာပြု​အဖြစ် စေလွှတ်​ခံရ​သည်။ အနှစ် ၂၀ ကြာ သူ၏​ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​တွင် နေ​ပူ​ထဲ​၌ တစ်အိမ်​မှ​တစ်အိမ်​သို့​သွား​ရသည့် ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ငန်း ပါဝင်​သည်။ ထို့​ပြင် အားလပ်ချိန်​များ​တွင် နေ​ပူ​ခံ​ခြင်း​ကို သူ​ခုံမင်​သည်။ ထို့နောက် ၁၉၇၁ ခုနှစ်​တွင် အောက်ခြေ​ဆဲလ် ကာဆီနိုမာ​ကို သူ၏​မျက်နှာ​တွင် တွေ့ရှိ​ခဲ့​သည်။ ပျက်ယွင်း​မှု​ကို ပြုပြင်​ရန် ဓာတ်​ရောင်ခြည်​ကုထုံး​များနှင့် အရေပြား​အစားထိုး​ခွဲစိတ်​ကုသ​ခြင်း ခံယူ​ခဲ့​ရသည်။ သို့သော် ကင်ဆာ​ဆဲလ်​များ ဆက်လက်​ပေါ်လာ​ဆဲ​ဖြစ်သည်။

မက်စီးန် ဤသို့​ပြောပြ​သည်– “ပြဿနာ​က​တော့ ကင်ဆာ​ဆဲလ်​တွေ​ကို သတိ​မပြုမိ​တတ်ကြ​တော့ ဆက်​ကြီးထွား​လာကြတယ်။ အနှစ် ၃၀ လောက် ဆရာဝန်​တွေ၊ ဆေးခန်း​တွေ​နဲ့ ဆေးရုံ​တွေ​ဆီ​သွား​ရတာ ကြာရှည်​ပြီး စိတ်ဖိစီး​တဲ့​ကာလ​ဖြစ်​ခဲ့တယ်။ တခြား​နည်းတွေနဲ့ ကင်ဆာ​ကု​ဖို့ ဆေးခန်း​ကို အကြိမ်ကြိမ်​သွားခဲ့​ရတဲ့​အပြင် ကျွန်မ​ရဲ့​မျက်နှာကို အနည်းဆုံး ဆယ်​ကြိမ်​ခွဲစိတ်​ကုသ​ခဲ့​ရတယ်။” ယခု​အသက် ၈၀ ရှိပြီ​ဖြစ်သော မက်စီးန် အများဆုံး​ခံယူ​ခဲ့​သည့်​ကုထုံး​မှာ ကင်ဆာ​ဆဲလ်​များ​ကို အမြစ်​ပြတ်​ခွဲထုတ်​ရာ​တွင် ပို​၍​ထိရောက်​အောင်မြင်​သော မိုး​စ်​ခွဲစိတ်​ကုသမှု​ဖြစ်သည်။

အရေပြား​ကင်ဆာ ထပ်တလဲလဲ​ပြန်​ဖြစ်သည့်​အတွက် မက်စီးန်​သည် နေရောင်​ရှောင်နိုင်​ရန် သူ၏​လူထု​ဓမ္မ​အမှုဆောင်ခြင်းကို ညနေပိုင်း​တွင် ပြုလုပ်ခြင်း​ဖြင့် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​အသွင်​ကို ပြောင်းလဲ​ခဲ့​သည်။ အဘယ်အရာက မက်စီးန်​အား အောင်မြင်စွာ​ရင်ဆိုင်​ဖြေရှင်း​နိုင်​စေ​ခဲ့​သနည်း။ “တစ်ခု​က​တော့ အပြုသဘောထား​ရှိ​ခြင်း​ဖြစ်တယ်။ ကင်ဆာ​ဆဲလ်​တွေ​က ဆက်​ပြီး​ပေါ်လာ​မယ်၊ ဆရာဝန်​ဆီ ပြန်သွား​နေရ​ဦး​မယ်​ဆိုတာ​ကို ကျွန်မ​သိထားတယ်။ အဲဒါကို​ကျွန်မ လက်ခံတယ်။ ကိုယ့်​ကိုယ်ကို မ​သနား​မိအောင်၊ ကျွန်မ​ရဲ့​အခက်အခဲ​တွေ​အတွက် မ​ညည်းညူ​မိအောင် ကြိုးစား​တယ်။ အဲဒါတွေကြောင့် ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်မ​ရဲ့​ရွှင်လန်းမှု ပျောက်​မသွား​ဘူး။ ယေဟောဝါ​ရဲ့​နိုင်ငံတော်​အကြောင်း တခြား​သူတွေကို ကျွန်မ ပြောပြ​နိုင်​တုန်း​ပဲ။ မဝေးတော့​တဲ့​အနာဂတ် ကမ္ဘာသစ်​မှာ ထာဝစဉ်​ရောဂါ​ပျောက်ကင်း​မယ်​ဆို​တဲ့ မျှော်လင့်ချက် ကျွန်မ​မှာ​ရှိတယ်။ အဲဒီ​အချိန်ကျရင် နုပျို​လှပတဲ့​မျက်နှာကို ကျွန်မ​ပိုင်ဆိုင်​ရလိမ့်မယ်။”

မှန်ပါသည်၊ အရေပြား​ကင်ဆာ​ဝေဒနာသည်​များနှင့် အခြား​ရောဂါ​ဝေဒနာသည်​များသည် ယောဘဝတ္ထု​တွင် မှတ်တမ်း​တင်ထား​သည့် ဤ​စကား​များ​ပြည့်စုံ​လာ​မည့်​နေ့ရက်​ကို စောင့်မျှော်​နိုင်​ကြသည်– “ထို​သူသည် သူငယ်​ထက်​အသားအရေ​နုထွား​၍ ပျို​သော​အသက်​နှင့်​တစ်ဖန်​ပြည့်စုံ​လိမ့်​မည်။” (ယောဘ ၃၃:၂၅) ထို​အချိန်​မရောက်မီ နေရောင်​အလွန်အကျွံ​ခံ​ခြင်း​၏ အန္တရာယ်ကို သတိပြု​ပြီး ကျွန်ုပ်​တို့၏​အရေပြား​ကို ကာကွယ်​ထိန်းသိမ်း​ရန် အသိတရား​ရှိ​ရှိ​ကြိုးစား​ကြပါစို့။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေရမိ​သည် မြင်း​မည်း​သုံးခု​အပါအဝင် အရေပြား​ကင်ဆာ အတော်များများ ဖယ်ရှား​ခဲ့​ရသည်။ သို့သော် သူသည် အပြုသဘော​နှင့် မျှော်လင့်ချက်​ဆက်​ထိန်းထား

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“ကမ္ဘာသစ်​မှာ . . . နုပျို​လှပတဲ့​မျက်နှာကို ကျွန်မ​ပိုင်ဆိုင်​ရလိမ့်မယ်။”—မက်စီးန်