ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဆံပင်ပေါက်ခြင်း ယုံတမ်းစကား
“ဆံပင်ညှပ်ခြင်း၊ ရိတ်ခြင်းတို့သည် ဆံပင်ပေါက်နှုန်း၊ ဆံပင်သား၊ ဆံပင်သန်ခြင်းတို့အပေါ် အကျိုးမသက်ရောက်” ဟုနယူးယောက်တိုင်းမ်စ်၏ ကျန်းမာကြံ့ခိုင်ရေးဆောင်းပါးတစ်ပုဒ်က ဖော်ပြသည်။ ဆံပင်ညှပ်မည်၊ ရိတ်မည်ဆိုလျှင် ဆံပင်သန်လာမည်ဟူသော ယုံတမ်းစကားမှာ နှစ်ပေါင်းများစွာရှိနေပြီ။ ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက ထပ်တလဲလဲပြုလုပ်ခဲ့သော လေ့လာမှုများအရ “ဆံပင်ရှည်၊ ဆံပင်သားတို့သည် ဆံပင်ရိတ်သည့် အကြိမ်အရေအတွက်နှင့်မဆိုင်ဘဲ မျိုးရိုးနှင့် ဟော်မုန်းပမာဏအပေါ်မူတည်” သည်ဟု ထိုဆောင်းပါးက ဆိုသည်။ အဆိုပါယုံတမ်းစကားသည် အဘယ်ကြောင့် ဆက်ရှိနေရသနည်း။ လူတို့သည် ဆံပင်သန်ချိန်မရောက်မီ၊ ဆံပင်ဖျော့သည့် ငယ်ရွယ်စဉ်ချိန်တွင် ဆံပင်စရိတ်ခြင်းကြောင့်ဖြစ်ပေမည်။ “ဆံပင်၏အရင်းတွင် ပို၍နက်မှောင်ပြီး ကြမ်းသည့်အတွက် ဆံပင်အဖျားများကို ညှပ်ပစ်ခြင်းက ပို၍ကြမ်းသော ဆံပင်ပုံပေါက်စေသည်။ ဆံပင်ရိတ်ပြီး ပြန်ပေါက်လာသည့် ကြမ်းသောဆံပင်အတိုလေးများသည် နဂိုဆံပင်ရှည်ထက် ပို၍လည်းသိသာထင်ရှားနေပေမည်” ဟုတိုင်းမ်စ် သတင်းစာက ဖော်ပြ၏။
ဆူညံသောကစားစရာများကို သတိပြု
“ဆူညံသောကစားစရာများသည် ကလေးများ၏အကြားအာရုံကို ထိခိုက်စေနိုင်သည်” ဟုတိုရွန်တိုစတားသတင်းစာက ဖော်ပြ၏။ “သုံးနှစ်အောက် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ကစားစရာအမျိုးပေါင်း ၄၀” ကိုစစ်ဆေးကြည့်ရာ “အနည်းဆုံး ကစားစရာ ၂၅ မျိုးသည် ကလေးများ၏အကြားအာရုံကို ထိခိုက်စေနိုင်လောက်အောင် ဆူညံကြောင်း” ကနေဒီယမ်အကြားအာရုံပါရဂူအဖွဲ့က တွေ့ ရှိခဲ့ကြသည်ဟု ထိုသတင်းစာကဆို၏။ ကစားစရာဆယ်လူလာဖုန်းတွင် အသံအကျယ်ဆုံး ၁၁၅ ဒယ်ဆီဘယ်ရှိသည်။ အကြားအာရုံပညာရှင် ရစ်ချတ် လာရိုခ်၏အဆိုအရ ထိုအသံသည် “ဂျက်လေယာဉ်၏အသံထက် မကျယ်သော်လည်း ဒစ္စကိုကပွဲရုံအများစု၏ဆူညံသံထက် ပို၍ကျယ်သည်။” ကနေဒါကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော လက်ရှိစံနှုန်းမှာ ၁၀၀ ဒယ်ဆီဘယ်ဖြစ်၏။ “မိနစ် ၃၀ အတွက် သတ်မှတ်ထားသော အသံ၏စံနှုန်း ၈၇ ဒယ်ဆီဘယ်သည် အကြားအာရုံကို ပို၍မထိခိုက်နိုင်” ကြောင်း လေ့လာရေးအဖွဲ့က အကြံပြုသည်ဟု ထိုဆောင်းပါးက ဖော်ပြ၏။
အစည်းအဝေးများ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
လုပ်ငန်းဆိုင်ရာ အစည်းအဝေးများကို လိုရင်းတိုရှင်းပြုလုပ်ပြီး မလိုအပ်ဘဲ အစည်းအဝေးမခေါ်ရန် ကုမ္ပဏီများစွာက သိမြင်လာကြပြီဟု နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြသည်။ အလုပ်အမှုဆောင်အချို့သည် အစည်းအဝေးများတွင် အချိန်မကုန်စေရန် အချိန်ဖမ်းနာရီများ၊ မှုတ်၍အချက်ပေးသည့်ပီပီများ၊ သက်သောင့်သက်သာမရှိသောထိုင်ခုံများကို အသုံးပြုကြသည့်အပြင် တက်ရောက်သူများကို ထိုင်ခိုင်းမည့်အစား မတ်တတ်ရပ်ခိုင်းထားကြသည်။ ထင်ရှားသည်မှာ အလုပ်အမှုဆောင်များသာ ယင်းသို့သောအမြင်ရှိကြသည်မဟုတ်ချေ။ အလုပ်သမား ၆၀၀ ကျော်ကို လေ့လာဆန်းစစ်ရာတွင် “အစည်းအဝေးများကို အချိန်ကြာကြာ ကျင်းပခြင်းသည်” အချိန်အဖြုန်းဆုံးလုပ်ရပ်ဖြစ်သည်ဟု ဖော်ပြကြသည်။ အလုပ်အမှုဆောင်များသည် အစည်းအဝေးကျင်းပရန် အမှန်တကယ်လိုမလို အစည်းအဝေးအစီအစဉ်ကို အရင်ကြည့်ပြီးမှ ဆုံးဖြတ်သင့်ကြောင်း လုပ်ငန်းခွင်အခြေအနေကိုင်တွယ်ရေးနှင့်ပတ်သက်၍ အကြံပြုသည့် စာရေးဆရာ ပါတီ ဟာက်အဝဲက ဖော်ပြသည်။ အဆိုတင်သွင်းသော အစည်းအဝေးသည် သတင်းအချက်အလက်ပေးဖို့သက်သက်သာဖြစ်လျှင် ယင်းအချက်အလက်များကို အီး-မေးလ်နှင့်ပို့နိုင်၊ မပို့နိုင် စဉ်းစားကြည့်ပါ။
မြေအောက်ပျိုးခင်း
“စိုစွတ်သောသတ္တုတွင်းသည် သစ်ပင်ကြီးထွားရန် အကောင်းဆုံးနေရာဖြစ်သည်။ ယင်းနေရာသည် အမြဲမပြတ်စိုစွတ်ပြီး တစ်နှစ်ပတ်လုံး ဘူမိအပူချိန် ၂၅ စင်တီဂရိတ် [၇၇ ဒီဂရီဖာရင်ဟိုက်] ရှိသည်” ဟု တိုရွန်တိုစတားသတင်းစာကဆို၏။ အင်န်ကိုလိမိတက် သတ္တုတွင်းကုမ္ပဏီတစ်ခုသည် ၁၉၈၆ ခုနှစ်မှစ၍ မြေအောက်ပျိုးခင်းတစ်ခုကို လျှို့ဝှက်စိုက်ပျိုးခဲ့သည်။ ကနေဒါနိုင်ငံ၊ ဆက်ဒ်ဘဲရီမြို့အနီးရှိ ခရီတဲန်သတ္တုတွင်း၏ မြေအောက်အနက်ပေ ၄,၆၀၀ ရှိပျိုးခင်းတွင် ရာသီအလိုက် ပျိုးပင်ပေါင်း ၅၀,၀၀၀ ကို စိုက်ပျိုးသည်။ အချိန်တိုင်းကိရိယာများ တပ်ဆင်ထားသော သိုလှောင်ကန်များသည် အပင်ပေါက်လေးများကို တစ်နေ့လျှင် မြေသြဇာနှင့်ရေ ဂါလံပေါင်း ၅၃၀ လောင်းပေးသည်။ နေအလင်းရောင်အာနိသင်မျိုးရရှိရန် ၁,၀၀၀ ဝပ်အားရှိသည့် မီးသီးအလုံးသုံးဆယ်ဖြင့် “စတင်စိုက်ပျိုးသော ပထမဆုံးအပတ်တွင် တစ်နေ့လုံး မီးထွန်းပေးသည်၊ ထို့နောက် သုံးပတ်အထိ ၁၈ နာရီမီးထွန်းပြီး ၆ နာရီပိတ်လိုက်သည်၊ နောက်ပိုင်းအချိန်များတွင် သတ္တုတွင်း၏အပြင်မှာကဲ့သို့ ၁၂ နာရီမီးထွန်းပေးပြီး ၁၂ နာရီပိတ်လိုက်သည်” ဟုသတင်းစာကဆို၏။ ဇန်နဝါရီလကုန်ပိုင်းမှ စတင်အပင်ပျိုးသည်၊ မေလကုန်တွင် ထင်းရှူးနီနှင့် ဂျဲ့က်ခ်ထင်းရှူးပင်ပေါက်များကို သတ္တုတွင်းကုမ္ပဏီပိုင်ဆိုင်ရာ မြေကွက်ပေါ်နှင့် အနီးတစ်ဝိုက်တွင် အသင့်စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ရပ်ကွက်ရှိလူထုကိုလည်း ပျိုးပင်ငယ်အချို့ လှူဒါန်းကြသည်။
ဥယျာဉ်စိုက်ပျိုးခြင်းသည် လေဖြတ်ထားသည့်ဒဏ်ကို သက်သာစေ
“လေဖြတ်ပြီးနောက် ဥယျာဉ်စိုက်ပျိုးခြင်းသည် ဘဝကို အားရကျေနပ်စေသည်” ဟုဂျာမန်သတင်းစာ ဂျီစာနာ အယ်လ်ဂျီမိုင်နာက ဖော်ပြ၏။ အဘယ်လုပ်ဆောင်မှုများက အားရကျေနပ်မှုဖြစ်စေသနည်းဟု လေဖြတ်ထားရာမှ ပြန်သက်သာလာသည်မှာ ခြောက်လရှိပြီဖြစ်သော လူနာအယောက် ၇၀ ကိုမေးမြန်းခဲ့သည်။ အိမ်အလုပ်,လုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ချက်ပြုတ်ခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ကားမောင်းခြင်း၊ အလုပ်လုပ်ခြင်းနှင့် တခြားလူမှုရေးကိစ္စများစွာက အားရကျေနပ်မှုပေးသည်ဟု အဆိုပြုကြ၏။ သို့သော် ဥယျာဉ်စိုက်ပျိုးခြင်းကသာ ဘဝကို ပိုမိုအားရကျေနပ်စေ၏ဟု ဖော်ပြကြသည်။ လူနာကို အလုပ်ပေး၍ကုသသူ ဘရစ်ဂျစ် အိုဘအော့၏အဆိုအရ ဥယျာဉ်စိုက်ပျိုးခြင်းသည် “လေဖြတ်ထားသောလူနာများအတွက် တစ်စုံတစ်ရာကို အာရုံစိုက်ရန်နှင့် ဆက်လက်အာရုံပြုနေရန် ပို၍လွယ်ကူစေသည်။ သူတို့၏အာရုံများကို အလုပ်များနေစေပြီး အသစ်သောအရာများ ကြီးထွားနေကာ အသက်သည် ဆက်လက်ရှင်သန်နေကြောင်း သိရှိစေသည်။ ယင်းသည် ဆိုးဆိုးရွားရွားဝေဒနာခံစားနေသူအတွက် အရေးကြီး၏။” အိမ်အပြင်တွင် အလုပ်လုပ်ခြင်းသည် အိမ်ထဲတွင် အထီးကျန်နေမှုကို ပပျောက်စေနိုင်သည်။ သွားလာလှုပ်ရှားစေနိုင်သည်။ ချင့်ချိန်နိုင်စွမ်းကို ကျင့်သားရစေနိုင်သည်။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စိုးရိမ်ရဖွယ်ရှိ
“သင်သည် ယခု လူနေမှုအဆင့်အတန်းကို မြှင့်တင်ပြီး သက်ကြီးရွယ်အိုများအတွက် အိုစာမင်းစာ မစီစဉ်ထားလျှင် ၂၀၃၀ သို့မဟုတ် ၂၀၄၀ ပြည့်နှစ်ရောက်သော် လူသားချင်းစာနာကာ ကူညီပေးရမည့်အတိုင်းအတာ ကြီးမားလာမည်ကို သင်တွေ့ရှိရလိမ့်မည်” ဟုဝါရှင်တန် ဒီ.စီ.မြို့ရှိ ကမ္ဘာလုံးဆိုင်ရာ သက်ကြီးရွယ်အိုများနှင့်ပတ်သက်သော ရှေ့ပြေးအဖွဲ့၏ ဒါရိုက်တာရစ်ချက် ဂျက်ခ်ဆင်က သတိပေးသည်။ အပြည်ပြည်ဆိုင်ရာ မီယာမီသံတော်ဆင့်သတင်းစာအရ သက်တမ်းရှည်လာပြီး မွေးဖွားနှုန်းနည်းလာခြင်းက ကမ္ဘာတစ်ဝန်းတွင် “သက်ကြီးရွယ်အိုများကို တိုးများလာ” စေ၏။ ဥပမာ၊ မက္ကဆီကိုရှိ သက်ကြီးရွယ်အိုများသည် ၂၀၅၀ ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ တိုးများလာနိုင်ဖွယ်ရှိ၏။ တရုတ်နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင် သက်ကြီးရွယ်အိုဦးရေသည် တစ်မုဟုတ်ချင်းတိုးများလာပြီး ရာစုနှစ်လယ်ပိုင်းအထိ အသက်ရှင်ကြမည့် သက်ကြီးရွယ်အို ၃၃၂ သန်းရှိလိမ့်မည်ဟု မျှော်လင့်ရ၏။ သက်ကြီးရွယ်အိုများအတွက် လိုအပ်သော “ကြီးမားသည့်လူမှုရေးလုပ်ငန်းများ” လုပ်ဆောင်ရန် ယခုတွင် “အချိန်သည် အကန့်အသတ်သာကျန်တော့သည်” ဟုထိုဆောင်းပါးက ဖော်ပြသည်။
ကလေးများအတွက် ဆေးမြီးတိုများ
ဘရာဇီးနှင့် တခြားနိုင်ငံများတွင် ဆေးကြော်ငြာအားကောင်းပြီး အလွယ်တကူ ဝယ်ယူရရှိနေကြသည့်အတွက် “ကလေးများကို ဆရာဝန်ထံ ခေါ်သွားရန် ‘အချိန်မရှိ’ ဟုမကြာခဏ ပြောဆို၍” ကလေးများကို မဆင်မခြင် ဆေးတိုက်နေကြသည်ဟု ဖိုလ်ယား အွန်လိုင်းတွင် ဖော်ပြသည်။ မိသားစုများစွာသည် ဆေးဝါးများကို အိမ်တွင် အသင့်ဆောင်ထားကြသည်။ သို့သော် “လူတို့၏အထင်နှင့် ဆန့်ကျင်လျက် ဆရာဝန်၏ဆေးစာမပါဘဲ ဝယ်နိုင်သော ဆေးဝါးများကို မမှန်မကန်၊ မလိုအပ်ဘဲတိုက်လျှင် ကလေး၏ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။” ရိုးရိုးချောင်းဆိုးခြင်းကဲ့သို့သော ကလေးရောဂါများသည် ဆေးမတိုက်ဘဲ ပျောက်ကင်းနိုင်သည်။ “ကျွန်မတို့ဆီမှာ ဘာရောဂါပဲဖြစ်ဖြစ် ဆေးနဲ့ပဲ ဖြေရှင်းတတ်ကြတယ်” ဟုဆောပိုလိုကလေးဆေးရုံမှ အထူးကုဆရာဝန် လူးဆယာ ဖဲရို ဘရီခ်ကဆို၏။ အများအားဖြင့် တော်သင့်သောဓာတ်စာသည် ကလေးအတွက် မရှိမဖြစ်လိုအပ်သော်လည်း ဖြည့်စွက်ဓာတ်စာများကို မတန်တဆကျွေးနေကြသည်။ “မိဘတွေက ကလေးအတွက် လိုအပ်တဲ့ဗီတာမင်ကို မေးတဲ့အခါ ကျွန်မက သစ်သီးတွေများများ ဝယ်သွားပြီး အရည်ညှစ်တိုက်ပါလို့ သူတို့ကို ပြောပြတယ်” ဟုဘရီခ်ကဆိုသည်။