ငါဘာကြောင့် လူပေါင်းမှားရတာလဲ။
လူငယ်များအမေး . . .
ငါဘာကြောင့် လူပေါင်းမှားရတာလဲ။
“ကျွန်မ သူနဲ့သိပ်မရင်းနှီးသင့်ဘူးဆိုတာ သိတယ်၊ ဒါပေမဲ့ ကျွန်မ ရင်းနှီးခွင့်ပေးလိုက်ရတာ တစ်ခုခုတော့တစ်ခုခုပဲ။ ယောက်ျားတစ်ယောက်က ကျွန်မနဲ့အချိန်ဖြုန်းချင်တယ်ဆိုတာကို ကျွန်မမယုံနိုင်အောင်ပဲ”—နန်စီ။ *
“စကိတ်ကစားရုံကို ကျွန်တော်တစ်ယောက်တည်းသွားလေ့ရှိတယ်၊ မကြာခင်မှာပဲ အဲဒီမှာ ကျွန်တော်ဖွဲ့ခဲ့တဲ့ ‘မိတ်ဆွေတွေ’ နဲ့ စပြီး မှန်မှန်ပေါင်းသင်းခဲ့တယ်။ ခဏတွင်းချင်းမှာပဲ ကျွန်တော်ဟာ အကျင့်ပျက်တဲ့ဘဝပုံစံနဲ့ နေလာတော့တယ်။”—ဒန်။
နန်စီနှင့် ဒန်တို့သည် ခိုင်ခံ့သောဝိညာဉ်ရေးနှင့် ဘဝကိုစတင်ခဲ့ကြသည်။ နန်စီသည် ဘုရားသခင်ကိုကြောက်ရွံ့သော မိသားစုတွင် ကြီးပြင်းလာပြီး ကိုးနှစ်အရွယ်တွင် သူ၏ယုံကြည်ခြင်းအကြောင်းကို အခြားသူများအား စ၍ဝေမျှနေသည်။ ဒန်သည် ဆယ်ကျော်သက်တစ်ယောက်အနေဖြင့် အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းတွင် ဝင်ရောက်ခဲ့သည်။ သို့တိုင်၊ သူတို့နှစ်ဦးစလုံးသည် ဝိညာဉ်ရေးတွင် ပြင်းထန်သောအတားအဆီးများရှိကြသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် မကောင်းသောသူတို့နှင့် ပေါင်းသင်းသောကြောင့်ဖြစ်သည်။
သင့်အပေါ်မကောင်းသောသြဇာသက်ရောက်စေနိုင်သူအဖြစ် သင်ကောင်းစွာသိထားသူတစ်စုံတစ်ယောက်ထံ မမျှော်လင့်ဘဲ သင်ဆွဲဆောင်ခံရဖူးသလော။ ထိုသူသည် သာမန်စိတ်ဝင်စားစရာများတူညီသည့် အတန်းဖော်တစ်ဦး၊ သို့မဟုတ် သင်စိတ်ဝင်စားနေသည့် လိင်ခြားသူတစ်ဦးပင် ဖြစ်နိုင်သည်။
“မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူသော ကျမ်းစာဆုံးမစကားကို သင်ပြန်အမှတ်ရပေမည်။ (၁ ကောရိန္သု ၁၅:၃၃) သို့သော် ယေဟောဝါကို မကိုးကွယ်သောသူအားလုံးတို့သည် မကောင်းသောအပေါင်းအသင်းဖြစ်ကြသလော။ သူတို့တွင် နှစ်သက်မြတ်နိုးဖွယ် သို့မဟုတ် ချီးမွမ်းဖွယ်ကောင်းသော အရည်အသွေးများရှိလျှင်ကော အသို့နည်း။ ယုံကြည်သူချင်းဖြစ်သော်လည်း ဝိညာဉ်ရေး၌ ပုံသက်သေမကောင်းသူတစ်ဦးဆိုလျှင်ကော အဘယ်သို့နည်း။ ဤမေးခွန်းများကို မဖြေဆိုမီ ထိုသို့သောဆွဲဆောင်မှုများသည် မည်သို့နှင့် အဘယ်ကြောင့် ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။
ဆွဲဆောင်မှုနောက်ဝယ် အဘယ်အရာရှိသနည်း
လူသားအားလုံးသည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ယေဟောဝါကို မသိသူအချို့တို့သည် ကောင်းသောအရည်အသွေးများ တင်ပြကြလိမ့်မည်ဟု မျှော်လင့်နိုင်သည်။ ထို့ကြောင့် အချို့လူတို့သည် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်ကြသော်လည်း သူတို့သည် လေးစားထိုက်သော၊ နှစ်သက်စရာပင်ကောင်းသောသူများ ဖြစ်နေကြောင်း သင်တွေ့ရှိပေမည်။ ကျမ်းစာအမှန်တရားများကို မသိရှိသောကြောင့်မျှဖြင့် ထိုသို့သောသူတို့ကို လုံးဝရှောင်ကြဉ်သင့်သလော။ မရှောင်ကြဉ်သင့်ပါ။ “ခပ်သိမ်းသောသူတို့အား ကောင်းစွာသောအမှုကိုပြု” ရန် ကျမ်းစာက ကျွန်ုပ်တို့အား ဆုံးမထားရာတွင် သင့်ခရစ်ယာန်ယုံကြည်ချက်များကို လက်မခံသောထိုသူများလည်း ပါဝင်သည်။ (ဂလာတိ ၆:၁၀) သင်၏ရင်းနှီးသောအပေါင်းအသင်းများကို ရွေးချယ်ရာတွင် ဂရုစိုက်ရမည်ဟုဆိုသောကြောင့် သင်သည် အခြားသူများထက် သာလွန်နေဘိသကဲ့သို့ ပြုမူသင့်သည်ဟု မဆိုလိုပါ။ (သု. ၈:၁၃; ဂလာတိ ၆:၃) ထိုသို့သောအပြုအမူက သင့်ခရစ်ယာန်ယုံကြည်ချက်များအပေါ် ဆိုးရွားစွာထိခိုက်ပါလိမ့်မည်။
သို့ရာတွင် အချို့သောခရစ်ယာန်များသည် နှစ်လို့ဖွယ်ဖြစ်ခြင်းထက် ကျော်၍ပြုမူတတ်ကြသည်၊ ဝိညာဉ်ရေးရာများကို အနည်းငယ်သာ စိတ်ဝင်စားသူ သို့မဟုတ် စိတ်မဝင်စားသူများနှင့် ခိုင်မြဲသောနှောင်ကြိုးများ ဖွဲ့ခဲ့ကြသည်။ အစောပိုင်းတွင်ဖော်ပြထားသော ဒန်သည် စကိတ်စီးကျွမ်းကျင်သောသူတစ်ယောက် ဖြစ်လာခဲ့သည်။ ဒေသန္တရစကိတ်ရုံတွင် သူနှင့်မှန်မှန်ပေါင်းသင်းစပြုလာသူတို့သည် ခရစ်ယာန်များမဟုတ်ကြပါ။ နောက်ဆုံးတွင် ဒန်သည် သူ၏ “မိတ်” သစ်များနှင့်အတူ အကျင့်ယိုယွင်းခြင်းနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတွင် ပါဝင်လာခဲ့သည်။ သူ၏ဘဝပုံစံသည် ခရစ်ယာန်ဘာသာနှင့် မအပ်စပ်တော့ကြောင်း သိမြင်သောအခါ ဒန်သည် သူ၏ခရစ်ယာန်ဓမ္မအမှုကိုစွန့်လွှတ်ပြီး အသင်းတော်အစည်းအဝေးများတက်ရောက်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် စစ်မှန်သောဝတ်ပြုရေးသို့ ပြန်လှည့်လာရန် လိုအပ်သောပြောင်းလဲမှုများပြုလုပ်ဖို့ နှစ်အတန်ကြာ အားမွေးခဲ့ရသည်။
မယ်လန်နီသည် ဝိညာဉ်ရေးအားနည်းသော ယုံကြည်ခြင်းတူသူတစ်ဦးထံ ဆွဲဆောင်ခံရသည်။ “သူဟာ အားပေးမှု လိုအပ်တယ်လို့ ပြောကြတယ်။ ဒါကြောင့် ကျွန်မ သူ့ကိုပေါင်းဖြစ်သွားတာ” ဟု မယ်လန်နီက ရှင်းပြသည်။ မှန်ပါသည်၊ သမ္မာကျမ်းစာက ကျွန်ပ်တို့အား “စိတ်ငယ်သောသူတို့ကို အားပေးကြ” ရန် တိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၁၄) သို့သော် မယ်လန်နီသည် သူ့မိတ်ဆွေသစ်ကို အရက်ဆိုင်များ၌ စပြီးဆက်သွယ်ပေါင်းသင်းကာ ဆက်လက်ပေါင်းသင်းမှုများပြုလုပ်ခြင်းက သူ့အား ကဲ့ရဲ့ပြစ်တင်စရာအမူအကျင့်ထဲသို့ ကျဆင်းသွားစေသည်။
မိသားစု၏ အခန်းကဏ္ဍ
မိသားစုအခြေအနေများက မိမိစိတ်ဝင်စားရာကိုဖြစ်စေသည့်အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။ မိမိသည် စိတ်ပိုင်းအရ ခံစားချက်မရှိသူ၊ ဘာသိဘာသာနေသောယောက်ျားကလေးများကို အမြဲပင် စိတ်ဝင်စားပုံရသည်ကို မစ်ရှယ်လ် အံ့သြမိသည်။ သူနှင့်တစ်ခါမှမရင်းနှီးခဲ့သော၊ သူ့အတွက်တစ်ခါမှအချိန်မပေးခဲ့သော သူ့အဖေကို သူတို့က သတိရစေကြောင်း သူကောက်ချက်ချခဲ့သည်။ သူသည် ချဉ်းကပ်ရန်မလွယ်သောလူတစ်ယောက်၏ အာရုံစိုက်မှုနှင့် အရေးပေးမှုကို ရယူရာတွင် အလွန်ကျင့်သားရလာပြီး ထိုသို့သောဆက်ဆံရေးများသို့ မသိမသာသွေးဆောင်ခံရသည်ဟု သူယုံကြည်သည်။
ယင်းနှင့်ခြားနားလျက် ခရစ်ယာန်မိဘများလက်အောက်တွင် ကြီးပြင်းလာသော လူငယ်တစ်ယောက်သည် မိဘများ၏ကြပ်မတ်မှု ခံရလွန်းသည်ဟု ခံစားရကာ အခြားသူများ မည်သို့နေထိုင်ကြသည်နှင့်ပတ်သက်၍ စူးစမ်းလိုပေမည်။ ထိုသို့ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ “လောကမိတ်သဟာယဖွဲ့” ခြင်းအားဖြင့် မိဘများ၏ချုပ်ချယ်မှုအတွက် ရင်းစားပြန်ရရန် ကြိုးစားခြင်းသည် အဖြေလော။ (ယာကုပ် ၄:၄) ဘီးလ်ဘာဖြစ်သွားသည်ကို သုံးသပ်ကြည့်ပါ။
ဘီးလ်က ငယ်ရွယ်ချိန်မှစ၍ မိခင်ကကျမ်းစာသင်ပေးသော်လည်း မိမိဘဝကို ယေဟောဝါထံ အပ်နှံခြင်းမပြုရန် ရွေးချယ်လိုက်သည်၊ ထိုသို့အပ်နှံခြင်းက မိမိ၏လွတ်လပ်မှုကို ကန့်သတ်ချုပ်ချယ်လိမ့်မည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ စစ်မှန်သောခရစ်ယာန်ဘာသာအပြင်ဘက်ရှိဘဝသည် မည်သို့ရှိသည်ကို သိချင်သောကြောင့် ဂိုဏ်းတစ်ခုနှင့်ဆက်သွယ်ရာ သူသည် မူးယစ်ဆေးဝါးသုံးသူ၊ အကြမ်းဖက်မှုနှင့် ရာဇ၀တ်မှုကျူးလွန်သူဘဝသို့ ရောက်သွားသည်။ ရဲသားများ၏မော်တော်ကားက အမြန်လိုက်လံမှုကြောင့် သူသည် ဒဏ်ရာရပြီး လနှင့်ချီမေ့မြောခဲ့သည်။ ဆရာဝန်များက သူအသက်ရှင်မည့်ပုံမပေါ်ဟု ထင်ကြသည်။ ဝမ်းသာစရာကား ဘီးလ်သတိပြန်လည်လာခြင်းဖြစ်သည်။ သို့သော် သူသည် မျက်စိကွယ်ပြီး မသန်မစွမ်းဖြစ်ခဲ့ရသည်။ သူသည် အထိနာသောအတွေ့အကြုံမှ သင်ခန်းစာရခဲ့ပြီး အခုအခါ ဆက်ကပ်အပ်နှံထားသည့် ခရစ်ယာန်တစ်ဦး ဖြစ်နေသည်။ သို့သော် ဘီးလ်သည် ခက်ခဲကြမ်းတမ်းသောအတွေ့အကြုံ သင်ယူခြင်းမှ ဘဝတစ်လျှောက်လုံး အကျိုးဆက်များရရှိနိုင်ကြောင်းကိုလည်း သိရှိလာခဲ့သည်။
အခြားသောသြဇာ သက်ရောက်မှုများ
တစ်ခါတစ်ရံတွင် ဖျော်ဖြေမှုလူထုဆက်သွယ်ရေးက အဘယ်အရာသည် အသင့်တော်ဆုံးမိတ်ဆွေဖြစ်သည် ဟူသည်နှင့်ပတ်သက်၍ လူငယ်တစ်ဦး၏စိတ်ကူးစိတ်သန်းအပေါ် ဩဇာသက်ရောက်သည်။ ဥပမာ၊ အစပိုင်းတွင် ကြမ်းတမ်းပြီး အဆိုးမြင်သဘောထားရှိနေပုံပေါက်သော သူရဲကောင်းတစ်ဦးသည် နောက်ပိုင်းတွင် ပို၍ နှလုံးသားနူးညံ့သိမ်မွေ့သူဖြစ်ကြောင်းထင်ရှားလာသည့် ဇာတ်လမ်းမျိုး တင်ဆက်သည့် စာအုပ်များ၊ ရုပ်မြင်သံကြားအစီအစဉ်များ၊ ရုပ်ရှင်များနှင့် တေးဂီတဗီဒီယိုများကို နေရာတိုင်းတွင်တွေ့ရသည်မှာ အဆန်းမဟုတ်ပါ။ စာနာမှုကင်းပြီး တစ်ကိုယ်ကောင်းဆန်ပုံပေါက်သောလူတို့သည် အမှန်တွင် သိတတ်ပြီး ဂရုစိုက်သူများဖြစ်နိုင်ဖွယ်ရှိကြသည်ဟူသောသဘောကို တင်ပြလိုခြင်းဖြစ်သည်။ ထို့ပြင်၊ ထိုကောင်းမွန်သည့် အရည်အသွေးများပေါ်လာရန် လိင်ခြားသူတစ်ဦးဖြစ်လေ့ရှိသည့် မိတ်ဆွေကောင်းတစ်ဦးသာလိုအပ်သည်ဟူသောအယူအဆကို ဖော်ပြလိုခြင်းလည်းဖြစ်ပေမည်။ ထိုအယူအဆကြောင့် ထိုဇာတ်လမ်းများကို ရောင်းချနေရခြင်းဖြစ်သည်။ သို့ရာတွင်၊ ဤစိတ်ကူးယဉ်အချစ်ဇာတ်လမ်းသည် ဘဝအဖြစ်မှန်တွင် မှန်ကန်ကြောင်း သင်အကြိမ်မည်မျှ စဉ်းစားသနည်း။ ဝမ်းနည်းစရာကား၊ အချို့သောလူငယ်များသည် ထိုသို့သောအကျိုးမပေးသည့် စိတ်ကူးယဉ်အတွေးများတွင်နစ်မျောကာ တစ်ကိုယ်ကောင်းဆန်၍ကြမ်းတမ်းသည့်ပုဂ္ဂိုလ်တစ်ယောက်နှင့် မိတ်ဆွေဖွဲ့—လက်ထပ်သည့်အထိပင်ပြုခဲ့ကြပြီး ထိုပုဂ္ဂိုလ်ကို အထူးနားလည်စာနာထောက်ထားတတ်သူတစ်ယောက်အဖြစ်သို့ “ပြောင်းလဲ” လာရန် အချည်းနှီးစောင့်မျှော်ခဲ့ကြသည်။
အချို့သူတို့သည် ဆိုးသောသူတို့ထံ အဘယ်ကြောင့် ဆွဲဆောင်ခံနေရသည့် နောက်ထပ်အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။ သူတို့သည် မိမိတို့ကိုယ်ကို မနှစ်မြို့ဖွယ်ရာအဖြစ် ယူမှတ်ကြသောကြောင့် မိမိတို့ကို ကြိုက်နှစ်သက်ပုံရသူတိုင်းနီးပါးကို လက်ခံကြခြင်းဖြစ်သည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော နန်စီသည် ‘ဘုရားသခင်၌သာ’ ထိမ်းမြားရန်ဟူသော ကျမ်းစာအဆိုကို သိရှိထားသည်။ (၁ ကောရိန္သု ၇:၃၉) သို့သော်၊ သူကိုယ်သူ ဆွဲဆောင်မှုမရှိသူ ဟု အမြဲယူမှတ်သောကြောင့် သူနှင့်ယုံကြည်ခြင်းမတူသော အလုပ်ဖော်တစ်ယောက်က ချစ်ကြိုက်ကြောင်းပြလာသောအခါ သဘောကျသွားသည်။ သူနှင့်အတူ အပြင်ထွက်တတ်လာပြီး အန္တရာယ်များသော လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုအပြစ်ထဲ ကျရောက်လုနီးပါးဖြစ်ခဲ့ရသည်။
ဆိုခဲ့ပြီးသောတွေ့ကြုံမှုများက တင်ပြထားသည့်အတိုင်း၊ ခရစ်ယာန်လူငယ်တစ်ဦးသည် မကောင်းသောသြဇာသက်ရောက်စေနိုင်သူတို့ကို စိတ်ဝင်စားရန်ဖြစ်စေသည့်အကြောင်းရင်း အမြောက်အမြားရှိသည်။ ထိုသို့သောသူတို့နှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်ရန်အတွက်လည်း ရှာကြံအကြောင်းပြချက် နည်းလမ်းအများအပြားရှိပုံရသည်။ သို့တစေ၊ ထိုသို့သောခင်မင်ရင်းနှီးမှုများသည် ပူပင်သောကဖြစ်စေသည်သာမက ဘေးဆိုးများကိုပင် မလွဲမရှောင်သာရင်ဆိုင်ရစေသည်။ အဘယ်ကြောင့်နည်း။
ခင်မင်ရင်းနှီးမှု၏ အစွမ်း
အမှန်ပြောရလျှင် သင်သည် သင့်မိတ်ဆွေများနှင့်တူလာသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ အချိန်ပေးပေါင်းသူများသည် ကျွန်ုပ်တို့အပေါ် အစွမ်းသြဇာများစွာသက်ရောက်သည်။ ဤအစွမ်းက အကောင်း သို့မဟုတ် အဆိုးကို ဖြစ်စေနိုင်ကြောင်း နယပုံပြင် ၁၃:၂၀ ကဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည်ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” ရင်းနှီးသောမိတ်ဆွေများသည် ကားတစ်စီးတည်းကို အတူစီးနေသော လူနှစ်ယောက်ကဲ့သို့ တစ်ခုတည်းသောဦးတည်ချက်နှင့် တစ်ခုတည်းသောလိုရာခရီးကို မလွဲမသွေရောက်ကြရမည်သာဖြစ်သည်။ ထို့ကြောင့် “ငါ့မိတ်ဆွေရဲ့လမ်းစဉ်က ငါသွားချင်တဲ့နေရာကို ဦးတည်နေသလား။ အဲဒါက ငါ့ဝိညာဉ်ရေးပန်းတိုင်တွေနဲ့ ရည်မှန်းချက်တွေဆီ ပိုပြီးနီးကပ်စေမလား” ဟူ၍ ကိုယ့်ကိုယ်ကိုမေးပါ။
မိမိကိုယ်ကို ရိုးရိုးသားသားအကဲဖြတ်ရန် ခက်ခဲနိုင်သည်မှာမှန်၏။ ပြင်းပြသောခံစားချက်များ ပါဝင်ပတ်သက်နိုင်သည်။ သို့သော် ခံစားချက်တစ်ခုတည်းက မိတ်ဆွေများရွေးချယ်ရာတွင် အားထားနိုင်သောလမ်းညွှန်မှုကိုပေးနိုင်သလော။ ထပ်တလဲလဲပြောလေ့ရှိသော အကြံဉာဏ်ကို သင်ကြားဖူးပေမည်– “စိတ်အလိုကို လိုက်ပါ။” သို့သော် နယပုံပြင် ၂၈:၂၆ ကဤသို့ဖော်ပြထားသည်– “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။” (ယေရမိ ၁၇:၉; တောလည်ရာ ၁၅:၃၉) စဉ်းလဲခြင်းသည် သစ္စာမရှိခြင်း၊ မှားယွင်းခြင်း သို့မဟုတ် နှစ်ဘဝစံခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသူနှင့် သစ္စာဖောက်သူတစ်ဦးအဖြစ် အများသိလူတစ်ယောက်ကို သင်ယုံကြည်စိတ်ချနိုင်မည်လော။ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးသည် ကောက်ကျစ်စဉ်းလဲနိုင်သည်။ ထို့ကြောင့် ဆက်ဆံရေးတစ်ခုသည် မှန်သည်ဟုခံစားရရုံမျှဖြင့် ကောင်းကျိုးဖြစ်စေမည်မဟုတ်ပါ။
ပို၍အားထားနိုင်သော လမ်းညွှန်တစ်ခုမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သည်။ သင့်မစုံလင်သောနှလုံးသားနှင့်မတူဘဲ ကျမ်းစာမူများသည် သင့်ကိုဘယ်တော့မျှ လမ်းလွဲစေမည် သို့မဟုတ် စိတ်ဓာတ်ကျစေမည်မဟုတ်ပါ။ တစ်ဦးတစ်ယောက်သည် ကောင်းကျိုးပေးသောမိတ်ဆွေတစ်ဦးဖြစ်မဖြစ် ဆုံးဖြတ်ရာတွင် ကျမ်းစာမူများက သင့်ကို မည်သို့ကူညီပေးနိုင်သနည်း။ တစ်သက်တာမိတ်ဆွေ—အိမ်ထောင်ဖက်—တစ်ယောက်ကို ရွေးချယ်ရာတွင် အကျိုးပျက်နစ်နာစေတတ်သောရွေးချယ်မှုပြုလုပ်မိခြင်းကို မည်သို့ရှောင်နိုင်မည်နည်း။ ဤမေးခွန်းများကို နောင်တွင် သုံးသပ်ပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 အမည်များကိုပြောင်းထားသည်။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အကောင်းဆုံးမိတ်ဆွေနှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ယူဆချက်ကို လူထုဆက်သွယ်ရေးက ဩဇာသက်ရောက်နိုင်သည်