ဆက်လက်ရှင်သန်နိုင်ရေးသည် ပရိယာယ်ဆင်ခြင်းအပေါ် မူတည်သောအခါ
ဆက်လက်ရှင်သန်နိုင်ရေးသည် ပရိယာယ်ဆင်ခြင်းအပေါ် မူတည်သောအခါ
စပိန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
အင်းဆက်လောကတွင် နေ့စဉ်အရေးကြီးသော ပြဿနာနှစ်ရပ် ရှိသည်– စားစရာအလုံအလောက် ရှာဖွေရန်နှင့် အစားမခံရဖို့ ရှောင်ရှားရန်တို့ဖြစ်သည်။ ငှက်များ၊ ဖားများနှင့် အိမ်မြှောင်၊ ပုတ်သင်တို့အတွက် အင်းဆက်များသည် မက်မောဖွယ်အစာဖြစ်ကြသည်။ ထို့ကြောင့် အင်းဆက်များအတွက် ဆက်အသက်ရှင်သန်ရေးသည် ၎င်းတို့၏ပတ်ဝန်းကျင်နှင့် ခွဲခြားမရနိုင်အောင် ရောနေခြင်းအပေါ် မူတည်သည်။
ဤသို့ မြင်ကွင်းမှ ပျောက်ကွယ်ရန် အင်းဆက်မျိုးစိတ်များစွာသည် အံ့ဖွယ်ကောင်းလောက်အောင် ကိုယ်ယောင်ဖျောက်နိုင်ကြသည်။ ဤကိုယ်ယောင်ဖျောက်နည်း၏ အကျိုးဖြစ်ထွန်းမှုသည် မည်သည့်လူ့ဖန်တီးတီထွင်မှုတို့ထက်မဆို ပိုမိုသာလွန်ပါသည်။ ထူးခြားသော ဥပမာသုံးခုကို ဆန်းစစ်ကြည့်ကြစို့။
● ရွက်ခြောက် လိပ်ပြာများ။ ၎င်းတို့အတောင်ပံများ၏ အောက်ဘက်သည် အညိုရောင်ဖြစ်၍ အရွက်ခြောက်နှင့် ခွဲခြားမရနိုင်လောက်အောင် အလွန်တူသည်။ ယင်း၏ပုံစံတွင် အရွက်၏အရောင်သာမက အကြောနှင့်ရိုးတံတို့လည်း ပါဝင်သည်။ လိပ်ပြာတို့ ကိုယ်ယောင်ဖျောက်နည်းသည် အလွန်အောင်မြင်သောကြောင့် အစိမ်းရောင်သစ်ရွက်များပေါ် နားနေသည့်တိုင် ၎င်းတို့သည် သစ်တောအမြင့်ပိုင်းမှ ကြွေကျသော အရွက်ခြောက်နှင့် ချွတ်စွပ်တူကြသည်။
● တောပုရစ်များ သို့မဟုတ် ကေတီဒစ်များ။ တောပုရစ်များသည် အရွက်ခြောက်များအသွင်ယူခြင်းဖြင့် မဟုတ်ဘဲ အရွက်စိမ်းများအသွင်ယူခြင်းဖြင့် ဆက်ရှင်သန်ကြသည်။ “ဤအသွင်တူခြင်းသည် ပုံသဏ္ဌာန်နှင့် အရောင်လောက်သာမဟုတ်ဘဲ အကြောများ၏ပုံစံနှင့် မှိုတက်သည့်အသွင် အစက်အပြောက်များအထိလည်း တူညီကြသည်” ဟုစာအုပ်တစ်အုပ်ကရှင်းပြသည်။ ပူးတွဲပါပုံကို သင်အနီးကပ်ကြည့်လျှင် ဤအင်းဆက်၏ အတောင်ပံပေါ်ရှိ သေးငယ်သော အစက်အပြောက်လေးများ သို့မဟုတ် အကွက်လေးများကို တွေ့မြင်ရမည်ဖြစ်ပြီး ၎င်းတို့က ထိုအင်းဆက်၏ရုပ်ဖျက်ပုံကို ပိုသဘာဝကျစေသည်။
● နှံကောင်များ။ ဤအင်းဆက်ငယ်လေးများကို အမြဲလိုလို သတိမထားမိကြချေ။ ယင်းက သူတို့ဆက်အသက်ရှင်နေနိုင်သည့် အဓိကအကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဆူးတန်းများအသွင် တုပခြင်းဖြင့် နောက်ခံမှခွဲခြားမရအောင် ရောသွားကြသည်။ အင်းဆက်တစ်ကောင်စီသည် ဆူးနှင့်တူပြီး သစ်ကိုင်းပေါ်တွင် စီတန်းနေကြသည့် နှံကောင်အုပ်စုလိုက်သည် ယင်းသစ်ကိုင်းကို ဆူးများသောအသွင် ရှိစေသည်။ အနီးကပ်ပြီး အသေအချာကြည့်မှသာလျှင် ထို “ဆူးများ” သည် သေးငယ်သောနှံကောင်များ ဖြစ်သည်ကို သိရလိမ့်မည်။
အင်းဆက်ကိုယ်ယောင်ဖျောက်နည်း အမျိုးမျိုးသည် အများအားဖြင့် ၎င်းတို့၏ တိကျမှန်ကန်မှုကဲ့သို့ အံ့ဩစရာကောင်းပေသည်။ ကော့စတာရီကာနိုင်ငံမှ ခူကောင်တစ်ကောင်သည် ငှက်ချေးနှင့်အလွန်တူ၏၊ တုတ်ချောင်းပုံအင်းဆက်များမူ တုတ်ချောင်းများမှ ခွဲခြားမရသလောက်ဖြစ်သည်။ တောင်အာဖရိကနိုင်ငံမှ ကျိုင်းကောင်တစ်မျိုးသည် ကျောက်တုံးနှင့်အလွန်ဆင်တူ၏၊ အစ္စရေးနိုင်ငံတွင်တွေ့ရသော ပိုးမွှားတစ်မျိုးသည် ၎င်းစားသုံးသောပန်းပင်၏အသွင်နှင့် တစ်ထပ်တည်းဖြစ်သည်။
ပရိယာယ်ဆင်မှုသည် မည်သည့်ပုံစံမျိုးပင်ဖြစ်ပါစေ ယင်းသည် အင်းဆက်များအတွက် အကာအကွယ်ဖြစ်စေကာ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာအမျိုးမျိုးမှ အထူးစိတ်ဝင်စားဖွယ် အချက်အနည်းငယ်ကို ရရှိစေပါသည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တုတ်ချောင်းပုံ အင်းဆက်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ရွက်ခြောက်လိပ်ပြာ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
နှံကောင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တောပုရစ်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ငှက်ချေးနှင့်ဆင်တူသည့် ခူကောင်
[Credit Line]
© Gregory G. Dimijian/Photo Researchers