လူပေါင်းသန်းတစ်ထောင်ကို ကျွေးမွေးရန် ကြိုးစားခြင်း
လူပေါင်းသန်းတစ်ထောင်ကို ကျွေးမွေးရန် ကြိုးစားခြင်း
လူသန်းတစ်ထောင်သည် နေ့စဉ် အဆာပြေလောက်သည့်အထိ မစားကြရချေ။ သို့တိုင် ကုလသမဂ္ဂအဆိုအရ ဤဆိုးရွားလှသောအခြေအနေသည် မရှိသင့်ချေ။
“ပထမဦးစားပေးလုပ်ဆောင်ရမည့်အရာမှာ အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ပစ်ရမည်ဟု သင်တို့ပြောခဲ့ကြသည်။” ကုလသမဂ္ဂ အတွင်းရေးမှူး ကိုဖီအာနန်က စက်တင်ဘာ ၈ ရက်၊ ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့သြဇာအရှိဆုံးသော အမျိုးသားများနှင့် အမျိုးသမီးများ၏ အစည်းအဝေးတစ်ခု၌ ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။ သူတို့သည် ကုလသမဂ္ဂထောင်စုနှစ်ထိပ်သီးဆွေးနွေးပွဲသို့ စုရုံးရောက်ရှိလာကြပြီး ထိုအစည်းအဝေးအတွင်း အဆိုပါခေါင်းဆောင်အတော်များများသည် ကမ္ဘာ့ဆင်းရဲမှု၏ပြဿနာများအပေါ် ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုခဲ့ကြသည်။ “အလွန်ဆင်းရဲနွမ်းပါးမှုသည် လူသားအပေါင်းကို စော်ကားခြင်းဖြစ်သည်” ဟုဘရာဇီးလ်နိုင်ငံ၏ဒု-သမ္မတက ပြောခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်က ဤသို့ပင်ပြောဆိုခဲ့သည်– “ဖွံ့ဖြိုးပြီးနိုင်ငံများဘက်မှ အာဖရိကတွင် စိတ်ပျက်ဖွယ်ပျက်ကွက်မှုရှိနေရာ ကျွန်ုပ်တို့၏ယဉ်ကျေးမှုကို ထိတ်လန့်စေမှုနှင့် အရှက်ရစေသည်။”
တိုင်းနိုင်ငံများသည် ငတ်ပြတ်နေသောလူသားများကို ကျွေးမွေးရန် သူတို့တတ်နိုင်သည့်အရာကို မလုပ်ဆောင်ခဲ့ခြင်းကြောင့် အရှက်တကွဲဖြစ်ရကြောင်း ထိုမိန့်ခွန်းပြောသူနှစ်ဦးက အတိအလင်းဖော်ပြခဲ့ကြသည်။ ကမ္ဘာမြေပေါ်ရှိ လူအားလုံးအတွက် နေထိုင်မှုအခြေအနေ တိုးတက်စေလိုသည့်ဆန္ဒရှိကြောင်း သက်သေပြသည့်အနေနှင့် ထိုထိပ်သီးဆွေးနွေးပွဲတက်ရောက်သူများက အောက်ပါအချက်များပါဝင်သော အဓိဋ္ဌာန်ရှစ်ချက်ကို လုပ်ဆောင်သွားရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်– “လောလောဆယ်တွင် ချွတ်ခြုံကျဆင်းရဲလွန်းသည့် လူသန်းတစ်ထောင်ကျော်သော ကျွန်ုပ်တို့၏လူသားချင်းများဖြစ်သည့် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများကို ဆင်းရဲတွင်းမှလွတ်မြောက်စေနိုင်ရန် ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားသွားကြပါမည်။ . . . ၂၀၁၅ ခုနှစ်ရောက်လျှင် တစ်နေ့ဝင်ငွေ တစ်ဒေါ်လာမပြည့်သည့် ကမ္ဘာ့လူဦးရေနှင့် ဆာလောင်မှုခံစားနေဦးရေကိုလည်း ထက်ဝက်လျှော့ချမည်ဟု ကျွန်ုပ်တို့ထပ်လောင်း၍ အဓိဋ္ဌာန်ပြုပါသည်။”
စက်တင်ဘာ၊ ၂၀၀၀ ပြည့်နှစ်မှစ၍ ထိုမွန်မြတ်သောပန်းတိုင်ဆီသို့ရောက်ရန် အဘယ်တိုးတက်မှုများ ပြုလုပ်ခဲ့ကြပြီနည်း။
အပြောထက် အလုပ်တာသွားသည်
၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာအစိုးရပိုင်းအစပြုဆောင်ရွက်ချက်က ကုလသမဂ္ဂထောင်စုနှစ်ကြေညာချက်တွင် ဖော်ပြခဲ့သောပန်းတိုင်များကို အထမြောက်အောင်မြင်စေရန် အဘယ်အရာလုပ်ဆောင်ခဲ့ကြသည်ကို စတင်အကဲခတ်ခဲ့သည်။ ၂၀၀၄၊ ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သော တရားဝင်အစီရင်ခံစာတွင် ဤသို့ဖော်ပြသည်– “ကမ္ဘာကြီးသည် ၎င်း၏အရေးကြီးဆုံးသောပန်းတိုင်အားလုံးတွင် ကြိုးစားအားထုတ်ရန် ပျက်ကွက်နေသည်။” ငတ်ပြတ်မှုနှင့်ပတ်သက်၍ ထိုအစီရင်ခံစာတွင် ဤသို့ဖော်ပြသည်– “ပြဿနာမှာ ကမ္ဘာတွင် အစားအစာလုံးဝရှားပါးခြင်းကြောင့် မဟုတ်ပါ၊ အစားအစာ အလုံအလောက်ရှိနေပါသည်။ ပြဿနာကား ပိုက်ဆံမရှိသူများက အစားအစာနှင့် အာဟာရအလုံအလောက် မရရှိနိုင်ခြင်းဖြစ်သည်။”
ဆင်းရဲနွမ်းပါးမှုပြဿနာကို ထိုသတင်းတွင် ဤသို့ခြုံငုံဖော်ပြထားသည်– “တက်ကြွက်ထက်သန်မှုမရှိသည့်လုပ်ဆောင်မှုသည် ယခုအခါ ဆင်းရဲချမ်းသာအစိုးရများတွင် အဓိကတာဝန်ရှိသည်။ သို့သော် ချမ်းသာသူများ ရည်ရွယ်ထားသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်သည် အဆင်းရဲဆုံးသူများကို အကျိုးယုတ်စေလေ့ရှိသည်။ ချမ်းသာသောနိုင်ငံများသည် အာဝဇ္ဇန်းအလွန်ကောင်းကြသော်လည်း ထိုစနစ် ပြုပြင်ပြောင်းလဲရေးကိုသော်လည်းကောင်း၊ အဆင်းရဲဆုံးသူများအတွက် ရည်ရွယ်သည့် ဖွံ့ဖြိုးရေးအကူအညီများ မည်မည်ရရပေးရေးကိုသော်လည်းကောင်း စိတ်ဝင်စားမှုမရှိကြချေ။ ယင်းသို့ပြစ်တင်ပြောဆိုကြသော်လည်း နိုင်ငံရေးသမားများသည် အရေးယူဆောင်ရွက်မည့်အစား ဆက်လက်အချေအတင်ပြောဆိုနေကြပြီး မိမိတို့၏အကျိုးအတွက်သာ ဆက်လက်ခြယ်လှယ်နေကြသည်။ လောလောဆယ်တွင် ကမ္ဘာ့ဆင်းရဲသားများသည် ဆာလောင်မြဲဆာလောင်နေကြသည်။
“ရည်မှန်းချက်မှ လက်တွေ့အကောင်အထည်ဖော်ရေးသို့” ဟူ၍ ခေါင်းစဉ်တပ်ထားသော ကမ္ဘာ့စီးပွားရေးဖိုရမ်မှ သတင်းလွှာတစ်စောင်က “အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုပေါ်လစီများကို မပြောင်းလဲလျှင် လူများစွာသည် တိုး၍တိုး၍ငတ်ပြတ်လာကြလိမ့်မည်။ ယင်းသို့မဖြစ်စေရန် အမျိုးသားပေါ်လစီများသည် ငတ်ပြတ်မှုအပေါ်အာရုံစိုက်ရမည်၊ အောင်မြင်သောပြည်တွင်းကြိုးစားအားထုတ်မှုများလည်း တိုးများလာစေရမည်” ဟုသတိပေးသည်။ ပိုကောင်းသောပေါ်လစီများနှင့် ပို၍ “အောင်မြင်သောပြည်တွင်းကြိုးစားအားထုတ်မှုများ” ကို မည်သူပြုလုပ်မည်နည်း။ လူတို့၏အခြေအနေကို တိုးတက်စေမည်ဟု ၂၀၀၀ ပြည့်နှစ်တွင် လူသိရှင်ကြားဆုံးဖြတ်ခဲ့ကြသည့် အစိုးရများပင်ဖြစ်သည်။
ကတိဖျက်မှုတစ်ခုက စိတ်ပျက်စေနိုင်သည်၊ အတော်များများကတိပျက်ခြင်းက အယုံအကြည်ကင်းမဲ့စေသည်။ ဆင်းရဲသူများကိုစောင့်ရှောက်မည်ဟူသောကတိအတိုင်းမလုပ်ဆောင်ကြသောကြောင့် ကမ္ဘာ့အစိုးရများကို အယုံအကြည်မရှိကြတော့ချေ။ ဆင်းရဲသောကာရစ်ဘီယံနိုင်ငံတစ်နိုင်ငံတွင် နေထိုင်သည့် ကလေးငါးယောက်မိခင်တစ်ဦးသည် သူ၏မိသားစုကို တစ်နေ့တစ်နပ်သာ ကျွေးနိုင်သည်။ သူဤသို့ပြောပြသည်– “ကျွန်မတို့ စားနိုင်ဖို့ကိုဘဲ ဂရုစိုက်နိုင်တယ်။ ဘယ်သူ့မှာအာဏာရှိရှိ အရေးမကြီးပါဘူး။ အာဏာရှိတဲ့သူတစ်ဦးတစ်ယောက်ဆီက ကျွန်မတို့ ဘာဆိုဘာမှ မရခဲ့ဖူးဘူး။”
ကျမ်းရေးသူယေရမိက “အိုထာဝရဘုရား[သခင်]၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာများကို မစီရင်ပိုင်ကြောင်း အကျွန်ုပ်သိပါ၏” ဟုရေးသားခဲ့သည်။ (ယေရမိ ၁၀:၂၃) ဆင်းရဲမှုပြဿနာများကို လူ့အစိုးရများ ဖြေရှင်းပေးနိုင်စွမ်းမရှိခြင်းက ကျမ်းစာ၏မှန်ကန်မှုကို ခိုင်မာစေသည်။
သို့သော် လူ့ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်းရှိပြီး ဖြေရှင်းပေးလိုသည့် အုပ်စိုးရှင်တစ်ပါးရှိပါသည်၊ ထိုအရှင် မည်သူမည်ဝါဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ထိုအုပ်စိုးရှင် တာဝန်ယူသောအခါ နောက်တစ်ဖန် မည်သူမျှငတ်မွတ်တော့မည် မဟုတ်ချေ။
မျှော်လင့်ချက်အတွက် အခြေအမြစ်တစ်ခု
“ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍ အချိန်တန်လျှင် သူတို့ကိုကျွေးမွေးတော်မူ၏။” (ဆာလံ ၁၄၅:၁၅) လူတို့၏အစာရေစာလိုအပ်မှုကို ဂရုစိုက်ပေးမည့်အရှင်ကား မည်သူနည်း။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဖြစ်သည်။ လူသားမျိုးနွယ်သည် ငတ်မွတ်ခေါင်းပါးမှုနှင့် အခြားသောပြဿနာများကို နှစ်ပေါင်းထောင်နှင့်ချီ၍ ခံစားခဲ့ကြသော်လည်း ယေဟောဝါသည် လူသားများကို အစဉ်စိတ်ဝင်စားတော်မူခဲ့သည်။ ကိုယ်တော်သည် လူ့အစိုးရများ၏ပျက်ကွက်မှုကို သိမှတ်သဖြင့် ယင်းလူ့အစိုးရများကို ကိုယ်တော်တိုင်တည်ထောင်သည့် အစိုးရတစ်ခုဖြင့် မကြာမီ အစားထိုးတော့မည်ဟု ကိုယ်တော်၏မမှားနိုင်သောနှုတ်မြွက်တော်သမ္မာကျမ်းစာက ဖော်ပြသည်။
ယေဟောဝါ ဤသို့မိန့်တော်မူသည်– “ငါ၏ဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင်ဘိသိက်ပေးပြီ။” (ဆာလံ ၂:၆) စကြဝဠာတွင် အမြင့်မားဆုံးအာဏာပိုင်ထံမှလာသော ဤကြွေးကြော်ချက်က မျှော်လင့်ချက်ရှိစေပါသည်။ လူ့အုပ်စိုးရှင်များသည် မိမိတို့၏ပြည်သူပြည်သားများကို ကူညီပေးရန် မကြာခဏပျက်ကွက်ခဲ့ကြသော်လည်း ဘုရားသခင့်ခန့်အပ်ခံဘုရင် ယေရှုခရစ်မှာမူ ကမ္ဘာ့အဆင်းရဲဆုံးသောလူသားများ မကြုံခဲ့ဖူးသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးပါလိမ့်မည်။
ဤခန့်အပ်ခံဘုရင်မှတစ်ဆင့် ယေဟောဝါသည် ငတ်မွတ်သောသူအားလုံးကို ကျွေးမွေးတော်မူလိမ့်မည်။ “ဗိုလ်ခြေတို့အရှင်ထာဝရဘုရား[သခင်]သည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူမျိုးခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်” ဟုဟေရှာယ ၂၅:၆ တွင်ဆိုထားသည်။ ခရစ်တော်အုပ်ချုပ်သည့် ဘုရားသခင့်နိုင်ငံတော်အောက်တွင် လူတို့သည် အဘယ်နေရာတွင် နေထိုင်ကြပါစေ ဘယ်သောအခါမျှ စားကောင်းသောက်ဖွယ်များ မရှိဘဲနေကြတော့မည်မဟုတ်ပါ။ ယေဟောဝါနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရင့်ရဲစေတော်မူ၏။”—ဆာလံ ၁၄၅:၁၆။
[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]
“ဖွံ့ဖြိုးပြီးနိုင်ငံများဘက်မှ အာဖရိကတွင် စိတ်ပျက်ဖွယ်ပျက်ကွက်မှုရှိနေရာ ကျွန်ုပ်တို့၏ယဉ်ကျေးမှုကို ထိတ်လန့်စေမှုနှင့် အရှက်ရစေသည်။”—ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အီသီယိုးပီးယား– ဤနိုင်ငံရှိ လူ ၁၃ သန်းခန့်သည် ထောက်ပံ့သော အစားအစာအပေါ် မှီခိုနေကြသည်။ အထက်တွင် ဖော်ပြထားသော ကလေးသည် သူတို့ထဲမှတစ်ဦးဖြစ်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အိန္ဒိယ– ဤကျောင်းသားများသည် ကျောင်းတွင် အစားအစာရရှိကြ
[Picture Credit Lines on page 12]
Top: © Sven Torfinn/Panos Pictures; bottom: © Sean Sprague/Panos Pictures