မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်မြဲစေနိုင်ပုံ

အလုပ်မြဲစေနိုင်ပုံ

အလုပ်​မြဲ​စေနိုင်​ပုံ

“ဆောင်ရွက်စရာ​အမှုကို ကြိုး​စား၍ ပြီးစီး​စေ​တတ်သော​သူ​ရှိသလော။ ထို​သူသည် သာမည​လူ​၏​အမှုကို​မ​ဆောင်ရွက်၊ ရှင်ဘုရင်​၏​အမှုတော်ကို​ဆောင်ရွက်​ရ၏။”—သု. ၂၂:၂၉

အထက်ပါ ကျမ်းချက်​က​ဖော်ပြ​သည့်​အတိုင်း အရည်အချင်း​ရှိသော​အလုပ်သမား​များသည် များသောအားဖြင့် အလွန်​တန်ဖိုး​ထား​ခံရ​ကြသည်။ အလုပ်ရှင်​များ နှစ်သက်​တန်ဖိုး​ထားသော တတ်ကျွမ်းမှု​နှင့် အရည်အသွေး​အချို့​ကား အဘယ်နည်း။ အလုပ်သမား ၇၀၀ ရှိသော​ကုမ္ပဏီ​တစ်ခု​၏ လူ့​စွမ်းအား​ရင်းမြစ်​ဌာန ဒါရိုက်တာ ဂျော့ဂျ်​က နိုးလော့! ကို​ဤသို့​ပြော​သည်– “လုပ်သား​တစ်ဦး​မှာ ကျွန်တော်​တို့​တန်ဖိုး​ထား​တာ​က​တော့ ကောင်းကောင်း​ပြောဆို​ဆက်သွယ်​နိုင်​တဲ့ အရည်အသွေး၊ တခြား​သူတွေနဲ့ လိုက်လျောညီထွေ လုပ်ကိုင်​နိုင်စွမ်း​တွေ​ပဲ​ဖြစ်တယ်။” သင့်​အလုပ်​မြဲ​ရန် အလားအလာ​တိုးပွား​စေသော ထို​အရည်အသွေးများ တိုးတက်လာ​စေရန် သင့်​အား​ကူညီ​နိုင်​သည့် လက်တွေ့ကျ​အကြံဉာဏ် သမ္မာကျမ်းစာ​တွင်​ပါဝင်​သည်။ သာဓက​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ထိရောက်​စွာ ပြောဆို​ဆက်သွယ်​ပါ

ထိရောက်​စွာ​ပြောဆို​ဆက်သွယ်​နိုင်​သူသည် သူ၏​နှုတ်​ကို​မ​ဖွင့်​မီ​က​ပင် သူ၏​အလုပ်​စတင်​ကြောင်း သမ္မာကျမ်းစာ​ရေးသူ ယာကုပ်​က ပြော​သည်။ လူတစ်ဦး​သည် ‘နား​ကြား​ခြင်း​ငှာ​လျင်မြန်​ပြီး စကားပြော​ခြင်း​ငှာ​နှေး’ သင့်​ကြောင်း သူ​ရေးသားခဲ့​သည်။ (ယာကုပ် ၁:၁၉) ယင်းသည် အဘ​ယ့်​ကြောင့် အကြံဉာဏ်​ကောင်း​ဖြစ်​သနည်း။ ရှောလမုန် ဤသို့​ရေး​သည်– “အကျိုးအကြောင်းကို​မ​စစ်​မီ အမှု​စီရင်​သော​သူသည် မိုက်​သော​အပြစ်၊ အရှက်ကွဲ​ရသော​အပြစ်ရှိ​၏။” (သု. ၁၈:၁၃) သင့်​အလုပ်ရှင်​နှင့် အလုပ်ဖော်​တို့​ပြော​ရာ​ကို စူးစိုက်​နားထောင်ခြင်းက နားလည်မှု​လွဲ​ခြင်း​နှင့် မိုက်မဲ​သော​အမှား​များ​ပြုလုပ်​မိ​ခြင်း​မှ သင့်​အား​တားဆီး​ပေး​နိုင်​သည်။

သင်​စကားပြော​သောအခါ ပြောပုံ​ပြောနည်း​လည်း အရေးကြီး​သည်။ သင်သည် ရှင်းလင်း​ပြတ်သား​စွာ​နှင့် လုံလောက်​သော​အသံပမာဏ​ဖြင့် ပြောပါ​က အခြားသူများ​နားလည်​ပြီး သင်​ပြော​သည့်​အရာ​အပေါ် နားထောင်သူ​၏​အလေးထား​မှု တိုးမြှင့်​လာနိုင်​ခြေ​များသည်။ ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သော အလုပ်အကိုင်​ရေးရာ​အ​တိုင်​အပင်​ခံ ဘရိုင်ယန် ဤသို့​ပြော​သည်– “နည်း​ပညာ​အရည်အသွေး​မ​ရှိ၍ မဟုတ်ဘဲ ထိရောက်​စွာ​ပြောဆို​ဆက်သွယ်​နိုင်​ခြင်း​မ​ရှိ၍ လူ​အမြောက်အမြား အလုပ်အကိုင်​များ​ဆုံးရှုံး​နေခြင်း​ကို သင်​အံ့သြ​ပေ​လိမ့်​မည်။”

အခြား​သူများ​နှင့် အလိုက်အထိုက်​လုပ်ဆောင်ပါ

အလုပ်ဖော်​များနှင့် အချိန်​မည်မျှ​သင်​အသုံးပြု​နေသည်​ကို ကြည့်​ခြင်း​ဖြင့် သူတို့ကို​သင်​ကောင်းစွာ​သိကျွမ်း​မည်​မှာ ယုံမှားဖွယ်​မရှိပေ။ ထို့​ကြောင့် သူတို့၏​အမှား​များ၊ အားနည်းချက်များ​နှင့် ပတ်သက်ပြီး အတင်းအဖျင်း​ပြော​ရန်​သွေးဆောင်​ခံရ​နိုင်​သည်။ သို့သော် သမ္မာကျမ်းစာ​အကြံဉာဏ်​မှာ “ငြိမ်​ဝပ်​စွာ​နေ၍ ကိုယ်​အမှုကို​ဆောင်ရွက်” ရန်ဖြစ်​သည်။ (၁ သက်သာလောနိတ် ၄:၁၂) ထိုသို့​ပြုလုပ်ခြင်း​ဖြင့် “သူတစ်ပါး​အမှု၌​ရောနှော​သော” သူ​အဖြစ် နာမည်​ရခြင်း​မှ ကျွန်ုပ်​တို့​ရှောင်နိုင်​မည်​ဖြစ်သည်။ (၁ ပေတရု ၄:၁၅) ထို့​ပြင် အချိန်ဖြုန်း​ခြင်း၊ သင့်​အလုပ်ဖော်​များနှင့် သဘောထားကွဲ​လွဲ​ခြင်း​တို့ကို ရှောင်နိုင်​မည်​ဖြစ်သည်။

အလုပ်​တာဝန်​တစ်ခု ပေးအပ်​ခံရ​ပါ​က ယေရှု၏ ဤ​ပညာရှိ​သွန်သင်ချက်​ကို စိတ်​တွင်​စွဲမြဲ​ထား​ပါ– “အကြင်သူသည် သင့်ကို​အနိုင်​ပြု​၍ ခရီး​တစ်တိုင်​သွား​စေ​၏၊ ထို​သူနှင့်​တကွ နှစ်​တိုင်​သွား​ဦး​လော့။” (မဿဲ ၅:၄၁) ယေရှုသည် အစိုးရ​အာဏာပိုင်​များနှင့်​ပတ်သက်​၍ ပြော​နေ​သော်လည်း ဤ​မူ​သည် အလုပ်ခွင်​နှင့်​လည်း သက်ဆိုင်​ပါ​သည်။ သင်သည်​အလုပ်​ကြိုးစား​သူ—ခရီး​မိုင်​အပို​သွား​မည့်​သူ—အဖြစ် နာမည်​ရထား​ပါ​က သင့်​အလုပ်​မြဲ​နိုင်​စ​ရာ​အကြောင်း​ရှိသည်။ သင့်ထံ​မှ အလုပ်ရှင်​တောင်းဆို​ပိုင်ခွင့်​မှာ အကန့်အသတ်​ရှိပါ​သည်။ ယေရှု​က “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး​ကြလော့။ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား ဘုရားသခင်​အား ဆက်​ပေး​ကြ” ရန်​ပြော​ခဲ့​သည်။ (မဿဲ ၂၂:၂၁) ဤ​တွင် မူ​အရ ဘုရားသခင်​အား​ဝတ်ပြုရေး​ကဲ့သို့​သော သာ၍​အရေးကြီး​သည့်​ကိစ္စ​များ​တွင် အခွင့်အာဏာ​ရှိ​သူများ ဝင်စွက်​ခွင့်​မပြု​သင့်​ကြောင်း ယေရှု​ဆိုလို​နေခြင်း​ဖြစ်သည်။

ရိုးသားပါ

ကုမ္ပဏီ ၁,၄၀၀ ကျော်​နှင့်​ပြုလုပ်​သော သုတေသန​တစ်ရပ်​က အလုပ်ရှင်​အများစု​သည် “ရိုးသားမှု​နှင့် သမာဓိ​ရှိ​မှု​ကို အလုပ်​လျှောက်ထား​သူတို့တွင် သူတို့​အထင်ကြီး​လေးစား​ရ​ဆုံး အရည်အသွေးများ​အဖြစ် သတ်မှတ်” ကြောင်း ဖော်ပြ​သည်။ ရိုးသားမှု​ရှိ​ခြင်း​တွင် အလုပ်ရှင်​၏​ပိုက်ဆံ သို့​မဟုတ် ပစ္စည်း​များ​မခိုး​ခြင်း​ထက်မက​ပါဝင်​ကြောင်း ထင်ရှား​သည်။ ယင်းသည် အချိန်​မခိုး​ခြင်း​ကိုလည်း ဆိုလို​သည်။ အလုပ်​ရှာဖွေ​ပေး​သည့် ကိုယ်စားလှယ်​အဖွဲ့​တစ်ဖွဲ့​နှင့် ပြုလုပ်​သော လေ့လာမှု​တစ်ရပ်​က အလုပ်သမား​တစ်​ဦးလျှင် ပျမ်းမျှ​အားဖြင့် အပတ်​တိုင်း ၄ နာရီ ၁၅ မိနစ်​မျှ အချိန်​ခိုး​ကြ​ကြောင်း တွေ့ရှိ​သည်။ အခြား​အရာများ​အပြင် အချိန်​ခိုး​သူများ​သည် အလုပ်ကို​ပုံမှန်​နောက်​ကျရောက်​ပြီး စောစော​ဆင်း​ကာ အလုပ်ချိန်​အတွင်း အခြား​အလုပ်သမား​များနှင့် ပြောဆို​ဆက်ဆံ​နေ​သူများ​ဖြစ်သည်။

သမ္မာကျမ်းစာ​က ဤသို့​အကြံပြု​ထား​သည်– “ခိုး​တတ်သော​သူသည် နောက်​တစ်ဖန်​မခိုး​ဘဲ၊ မိမိ​လက်​နှင့် ကောင်းသော​အလုပ်ကို လုပ်ဆောင်​အားထုတ်​စေ။” (ဧဖက် ၄:၂၈) ထို့​ပြင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ခရစ်ယာန်​များ​အား အခွင့်အာဏာ​ရှိ​သူများ စောင့်ကြည့်​မနေ​သည့်​တိုင် အလုပ်​ကြိုးစား​ရန် အားပေးထား​သည်။ တမန်​တော်​ပေါလု ဤသို့​ရေး​သည်– “အစေခံကျွန်​တို့၊ သခင်​ဘုရား​ကို​ကြောက်ရွံ့​လျက်၊ လူတို့၏​စိတ်​ကို​နူး​ညွတ်​စေသော​သူ​ကဲ့သို့၊ မျက်မှောက်​၌​သာ​နားထောင်​သည်မဟုတ်၊ စိတ်​နှစ်ခွ​မရှိဘဲ၊ လောကီ​သခင်၏​စကား​ကို အရာရာ၌​နားထောင်​ကြလော့။” (ကောလောသဲ ၃:၂၂) ကြီးကြပ်​ကွပ်ကဲမှု မရှိသည့်​အခါ​၌​ပင် အလုပ်​ကောင်းကောင်း​လုပ်​သည်​ဟု သင်​နာမည်​ရထား​ပါ​က သင်သည်​ယုံကြည်​စိတ်ချ​ထိုက်​သော အလုပ်သမား​ဖြစ်သည်။

လက်တွေ့ကျပါ

သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့​အချိန်ကာလ​သည် အလွန်​ကျပ်တည်း​ပြီး ကိုင်တွယ်​ရ​ခက်​လိမ့်​မည်​ဟု တိကျ​စွာ​ကြိုပြော​ထား​သည်။ (၂ တိမောသေ ၃:၁) ယင်းကြောင့် နိုင်ငံရေး​နှင့်​လူမှုရေး မတည်ငြိမ်မှု​များ၊ အပြောင်းအလဲ​များသည် စီးပွားရေး​မသေချာ​မရေရာမှု​ကို မလွဲဧကန်​ဖြစ်စေ​လိမ့်​မည်။ (မဿဲ ၂၄:၃-၈) ထို့​ကြောင့် အထက်ပါ​အကြံပြုချက်များ​ကို သင်​လိုက်နာ​စေ​ကာ​မူ အလုပ်အကိုင် ဆုံးရှုံး​နေ​ဦး​မည်​သာ​ဖြစ်သည်။

သို့သော် သမ္မာကျမ်းစာ​မူများ​ကို​လိုက်နာခြင်းက အလုပ်​လက်မဲ့​ဖြစ်​ခြင်း​ကြောင့်​ပေါ်ပေါက်​သော စိုးရိမ်​သောက​များ​ကို လျော့ပါး​စေနိုင်​သည်။ ယေရှု​က “ယုံကြည်​အားနည်း​သော​သူတို့၊ ယနေ့​အသက်ရှင်​လျက် နက်ဖြန်​မီးဖို​ထဲ​သို့​ရောက်​သောတော​မြက်​ပင်ကို ဘုရားသခင်​သည် ထိုသို့​သော​အဝတ်​နှင့် ဖုံးလွှမ်း​တော်​မူလျှင်၊ ထို​မျှ​မ​က သင်တို့ကို​အဝတ်​နှင့်​ဖုံးလွှမ်း​တော်​မူ​မည်​မဟုတ်လော။ ထို့​ကြောင့် အဘယ်​သို့​စားသောက်​ရ​အံ့​နည်း၊ အဘယ်​သို့​ဝတ်​ရ​အံ့​နည်း​ဟူ၍ မစိုးရိမ်​ကြ​နှင့်။ . . . ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သိတော်မူ၏” ဟု​ပြော​ခဲ့​သည်။—မဿဲ ၆:၃၀-၃၂

ကမ္ဘာ​တစ်ဝန်း​တွင် သန်းနှင့်ချီ​ရှိသော အခြားသူ​တို့​ကဲ့သို့ အထက်တွင်​ဖော်ပြ​ခဲ့​သော အဲရစ်ကာ​သည် အထက်ပါ​စကား​များ​၏ မှန်ကန်မှု​ကို​တွေ့ရှိ​ခံစား​ခဲ့​ရသည်။ သူ၏​ခံစားချက်​ကို ဤသို့​အကျဉ်း​ရုံး​ဖော်ပြ​ခဲ့​သည်– “လက်ရှိ​လုပ်နေတဲ့ အလုပ်ကို​ကျွန်မ အရမ်း​နှစ်သက်ပါ​တယ်။ ဒါပေမဲ့ အခြေအနေ​တွေ​ဟာ အမြဲတမ်း​ပြောင်းလဲ​နေတယ်​ဆိုတာ အတွေ့အကြုံ​အရ ကျွန်မ​သိတယ်။ ဒီ​ကြားထဲ​က​ပဲ သမ္မာကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံး​ခြင်း​နဲ့ ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​တတ်လာ​ခြင်း​ဖြင့် အလုပ်​လက်မဲ့​ဖြစ်​နေတဲ့​အချိန်​မှာ ကျွန်မ​ရဲ့​စိုးရိမ်​ပူပန်မှု​တွေ​ကို ဘယ်လို​လျော့နည်းစေ​ရမလဲ​ဆိုတာ​နဲ့ ကိုယ်​ရထားတဲ့​အလုပ်​ပေါ် ကျေနပ်​ရောင့်ရဲစိတ် ဘယ်လို​တိုးများ​စေ​ရမလဲ​ဆိုတာ​တွေ​ကို ကျွန်မ​သိရှိ​လာခဲ့တယ်။”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာရုံ​စူးစိုက်​နားမထောင်ခြင်း​က သင့်​အား အလုပ်ပြုတ်​သွား​စေနိုင်