မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု

အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု

အလုပ်အကိုင်​ရှာတွေ့နိုင်​ရန် သော့ချက်​ငါး​ခု

မည်သူသည် အကောင်းဆုံး​အလုပ်ကို ရလေ့​ရှိ​သနည်း။ အရည်အချင်း​အရှိဆုံး လျှောက်ထား​သူ​လော။ “မဟုတ်” ဟု အလုပ်အကိုင်​ရေးရာ​အတိုင်ပင်ခံ​တစ်ဦး​ဖြစ်သူ ဘရိုင်ယန်​က​ဆို​သည်။ “အထိရောက်ဆုံး​အလုပ်ရှာ​တတ်​သူ​သာ အလုပ်​ရသည်။” အထိရောက်ဆုံး အလုပ်အကိုင်​ရှာဖွေသူ​တစ်ဦး​ဖြစ်လာ​ရန် သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ အကြံပြုချက်​ငါး​ခု​ကို သုံးသပ်ကြည့်​ကြပါစို့။

အစီအစဉ်​ကျနမှု​ရှိပါ

သင်သည် အလုပ်​ကောင်း​တစ်ခု​ဆုံးရှုံး​ခဲ့​ပါ​က သို့​မဟုတ် အချိန်​အတော်ကြာ​အလုပ်​လက်မဲ့​ဖြစ်နေ​ပါ​က အလွယ်တကူ​စိတ်ဓာတ်ကျ​နိုင်​သည်။ “ကျွန်မ​ပထမ​အကြိမ်​အလုပ်ပြုတ်​တုန်း​က နောက်​အလုပ်​တစ်ခု​ရှာ​မယ်​ဆို​တဲ့ အပြုသဘော​ရှိခဲ့တယ်” ဟု ဂျာမနီ​မှ အဝတ်​ချုပ်​သူ က​က်သ်​ရီ​နာ​က​ဆို​သည်။ “တစ်လ​ပြီး​တစ်လ​ကုန်​သွားပေ​မဲ့ နောက်​အလုပ်​တစ်ခု​ရှာမတွေ့​တဲ့​အခါ စိတ်ဓာတ်ကျ​လာတယ်။ နောက်ဆုံး သူငယ်ချင်းတွေ​နဲ့ အဲဒီ​အကြောင်း​ပြော​ဖို့​တောင် ကျွန်မ​အခက်တွေ့​လာတယ်။”

မျှော်လင့်ချက်မဲ့​သည်​ဟူသော​ခံစားချက်​ကို သင်​မည်သို့​တွန်းလှန်​နိုင်​သနည်း။ “ဘာလုပ်​ရမည်ကို​သိရှိ​လျက် နေ့ရက်​တစ်ရက်​စ​နိုင်​ဖို့ ပုံမှန် ‘အလုပ်,လုပ်​ရက်’ အလား လုပ်ဆောင်ရန်​အရေးကြီး​သည်” ဟု ရက် ၃၀ သို့​မဟုတ် ထို့​ထက်နည်း​သော​ရက်​အတွင်း အလုပ်​တစ်ခု​ရှာဖွေခြင်း​ဟူသော စာအုပ်​က​အကြံပြု​သည်။ စာရေး​ဆရာများ​က “နေ့စဉ်​ပန်းတိုင်​များ​ထားပြီး သင်​အဘယ်အရာ​များ​ပြုပြီး​ပြီ​ကို မှတ်သား​ရန်” အားပေးထား​သည်။ ထို့​ပြင် သူတို့က “နေ့တိုင်း​ကို အလုပ်သွား​မည့်​ပုံစံ​ကဲ့သို့ ဝတ်စား​ဆင်ယင်​ခြင်း​ဖြင့် အစပြု​ရမည်” ဟု​ပြော​သည်။ အဘ​ယ့်​ကြောင့်​နည်း။ “ကောင်းကောင်းမွန်မွန် ဝတ်စား​ဆင်ယင်​ထားခြင်း​က တယ်လီဖုန်း​ဖြင့်​စကားပြော​သောအခါ​၌​ပင် မိမိကိုယ်ကို ယုံကြည်​စိတ်ချမှု ရှိစေသည်။”

မှန်ပါသည်၊ အလုပ်​တစ်ခု​ရှာတွေ့​ရန် အချိန်​မည်မျှ​ကြာ​ပါစေ ယင်းကို သင်၏​အလုပ်​ဖြစ်စေ​ပါ။ အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သော က​က်သ်​ရီ​နာ​သည် ထို​ကဲ့သို့​အစီအစဉ်​တ​ကျ ချဉ်းကပ်​နည်းကို​သုံးခဲ့​သည်။ သူ​ဤသို့​ပြော​သည်– “အလုပ်အကိုင်​ရှာဖွေ​ပေး​တဲ့​ရုံး​ကနေ အလုပ်​ခေါ်​နေတဲ့​အလုပ်ရှင်တွေရဲ့ လိပ်စာ​နဲ့​ဖုန်း​နံပါတ်​တွေ ကျွန်မ​ရခဲ့တယ်။ သတင်းစာ​ကြော်ငြာ​မှာ​တွေ့​တဲ့ အလုပ်တွေကို လျှောက်​တယ်။ တယ်လီဖုန်း​လမ်းညွှန်​စာအုပ်​ကို သေချာ​လေ့လာ​ပြီး​နောက် အလုပ်​နေရာတွေ​ရှိပြီး မ​ကြော်ငြာ​ရသေးတဲ့ ကုမ္ပဏီ​တွေ​ကို စာရင်း​လုပ်ပြီး သူတို့နဲ့​ဆက်သွယ်​ခဲ့တယ်။ ကိုယ်ရေး​ရာဇဝင်​အကျဉ်း​ကိုလည်း​ရေး​ပြီး သူတို့ဆီ​ပို့​ခဲ့တယ်။” ထိုသို့​အစီအစဉ်​တ​ကျ အလုပ်ရှာ​ပြီး​နောက် သင့်တော်​သော​အလုပ်​တစ်ခု​ကို က​က်သ်​ရီ​နာ ရှာတွေ့ခဲ့​သည်။

မ​ကြော်ငြာ​သော အလုပ်အကိုင်​ဈေးကွက်​အတွင်း ဝင်​ရှာပါ

ပိုက်ကွန်​အကြီးဆုံး​နှင့် ငါးဖမ်း​သ​မား​သည် ငါး​ရနိုင်​ခြေ​အများဆုံး​ရှိသည်။ ထို့​ကြောင့် သင်လည်း သင်၏ “ပိုက်ကွန်” အရွယ်အစား​ကြီး​လာအောင် မည်သို့​ပြု​ရမည်ကို သိထားခြင်းက အလုပ်အကိုင်​ရှာဖွေ​ရာ​တွင် သင်၏​အခွင့်အလမ်း​များ​ကို တိုးတက်စေ​ပါ​လိမ့်​မည်။ သင်သည် သတင်းစာ သို့​မဟုတ် အင်တာနက်​မှ အလုပ်​ခေါ်​သည့်​ကြော်ငြာ​များ​ကို​သာ လျှောက်​နေပါက ရရှိနိုင်​သည့် အလုပ်အကိုင်​အများစုကို လက်လွတ်​ဆုံးရှုံး​သွား​နိုင်​သည်။ အလုပ်အကိုင်​အများစုကို မ​ကြော်ငြာ​ကြ​ပေ။ ထို​မ​ကြော်ငြာ​သော အလုပ်အကိုင်​ဈေးကွက်​ကို သင်​မည်သို့​သိနိုင်​သနည်း။

ကြော်ငြာ​ထည့်​သည့်​အလုပ်များ​ကို လျှောက်​ခြင်း​အပြင် က​က်သ်​ရီ​နာ​ကဲ့သို့ သင်​လုပ်နိုင်​သော​အလုပ်​ရှိသည်​ဟု သင်​ထင်​သည့် လုပ်ငန်းများ​ဆီ​ရောက်​နိုင်​ရန် အပတ်စဉ်​အချိန်ဖယ်​ထား​ရမည်။ အလုပ်အကိုင်​နေရာများ​ကို ကြော်ငြာ​ထည့်​သည်​အထိ မ​စောင့်ပါ​နှင့်။ အကယ်၍ မန်နေဂျာ​က အလုပ်​မရှိ​ဟု​သင့်​အား​ဆိုလျှင် အခြား​အဘယ်​နေရာသို့ သင်​သွား​နိုင်​ကြောင်း​နှင့် အဘယ်​သူနှင့် သတ်သတ်မှတ်မှတ် စကားပြော​သင့်​ကြောင်းကို သူသိ​သလော​ဟု မေးကြည့်ပါ။ အကယ်၍​သူ​အကြံပေး​ပါ​က သင့်​အား​ပို့လိုက်​သည့် သူ၏​နာမည်​ကို​ပြော​ပြီး ထို​ကုမ္ပဏီ​နှင့် အချိန်းအချက်​ပြုလုပ်​ပါ။

ပထမ​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သော တိုနီ​သည် ဤနည်းဖြင့်​အလုပ်​တစ်ခု​ရခဲ့​သည်။ “ကြော်ငြာ​မ​ထည့်​တဲ့ ကုမ္ပဏီ​တွေ​ကိုလည်း ကျွန်တော်​က စ​ဆက်သွယ်​ခဲ့တယ်” ဟု​သူ​ပြော​သည်။ “ကုမ္ပဏီ​တစ်ခု​က လောလောဆယ် အလုပ်​လစ်လပ်​နေတဲ့ နေရာ​မရှိပေမဲ့ နောက်​သုံးလ​ကြာ​မှ ပြန်​ကြိုးစား​ကြည့်​ပါ​လို့ ပြော​ခဲ့တယ်။ ကျွန်တော်​အဲလို​လုပ်ခဲ့​ပြီး အလုပ်​တစ်ခု​ရခဲ့တယ်။”

တောင်​အာဖရိက​မှ ကြင်ဖော်​မဲ့​မိခင်​တစ်ဦး​ဖြစ်သူ ပ​ရင်း​မ်​ရို့စ် အလားတူ​ပြုလုပ်​ခဲ့​သည်။ “ရှေးဦး​သူနာပြု​သင်တန်းတက်​တုန်း​က လမ်းဘေး​မှာ​ဆောက်​နေတဲ့ အဆောက်အအုံ​တစ်ခု​ကို သတိပြုမိ​ပြီး အဲဒါဟာ ဘိုးဘွား​ရိပ်သာ​တစ်ခု​ဖြစ်လာ​မယ်​ဆိုတာ ကျွန်မ​သိခဲ့ရတယ်။ အဆောက်အဦ​ကြီးကြပ်ရေး​မှူး​နဲ့ တွေ့ဆုံ​နိုင်​ဖို့ ကျွန်မ​အကြိမ်ကြိမ်​ကြိုးစား​ခဲ့တယ်။ နောက်ဆုံး သူက အခု​လောလောဆယ် အလုပ်​မရှိ​သေး​ဘူးလို့​ပြော​တယ်။ ဒါပေမဲ့ စေတနာ့​ဝန်ထမ်း​ပဲ​ဖြစ်ဖြစ် လုပ်လို့​ရမလား​ဆိုတာ​သိဖို့ ခဏ​ခဏ​ပြန်​သွားခဲ့တယ်။ နောက်ဆုံး ယာယီ​လုပ်သား​အဖြစ် အလုပ်ခန့်​အပ်​ခံရ​တယ်။ ဘယ်​တာဝန်ကို​မဆို ကျွန်မ​ဝီရိယ​ရှိ​ရှိ​ကြိုးစား​လုပ်ခဲ့တယ်။ ရလဒ်​က​တော့ လိုအပ်​တဲ့​အရည်အချင်းတွေ ကျွန်မ​ရလာ​ပြီး အဲဒီ​အဆောက်အဦ​မှာ အမြဲတမ်း​အလုပ်​တစ်ခု​ရခဲ့တယ်။”

မ​ကြော်ငြာ​သော​အလုပ်​ဈေးကွက်​ကို ရှာ​ရာ​တွင် သင့်​အား​ကူညီ​ရန် မိတ်ဆွေများ၊ မိသားစု​နှင့် အခြား​အပေါင်းအသင်းများကို​လည်း တောင်းဆို​နိုင်​သည်။ ဤနည်းဖြင့်​ပင် တောင်​အာဖရိက​မှ လုံခြုံရေး​အရာရှိ​တစ်ဦး​ဖြစ်သူ ယာ​ကို​ဘတ်​စ် အလုပ်​တစ်ခု​ရခဲ့​သည်။ သူ​ဤသို့​ပြော​သည်– “ကျွန်တော်​အလုပ်,လုပ်နေတဲ့ ကုမ္ပဏီ​ပိတ်​သွား​တုန်း​က ကျွန်တော့်​မိတ်ဆွေတွေနဲ့ မိသားစုကို ကျွန်တော်​အလုပ်​တစ်ခု​ရှာနေတယ်​ဆိုတာ အသိပေး​ထား​တယ်။ တစ်နေ့​တော့ ကျွန်တော့်​သူငယ်ချင်း​တစ်ယောက် ကုန်​တိုက်ကြီး​တစ်ခု​ရဲ့ ငွေရှင်း​ကောင်တာ​မှာ တန်းစီ​စောင့်နေ​တုန်း အမျိုးသမီး​နှစ်ယောက် စကားပြော​နေတာကို အမှတ်တမဲ့​ကြား​လိုက်တယ်။ အမျိုးသမီး​တစ်ယောက်​က နောက်​တစ်ယောက်ကို အလုပ်​လိုက်ရှာ​နေတဲ့​သူ​တစ်ယောက်ယောက်​ရှိသလား​ဆိုပြီး မေး​နေတယ်။ ဒါနဲ့ ကျွန်တော့်​သူငယ်ချင်း​က ကြားဖြတ်​ပြီး အဲဒီ​အမျိုးသမီးကို ကျွန်တော့်​အကြောင်း​ပြောပြ​လိုက်တယ်။ အဲဒီမှာ​သူတို့ အချိန်းအချက်​လုပ်ပြီး​တဲ့​နောက် ကျွန်တော်​အလုပ်​ရခဲ့တယ်။”

ပြောင်းသာလဲသာ​ရှိပါ

အလုပ်အကိုင်​ရှာတွေ့နိုင်​သည့် သင့်​အခွင့်အလမ်း​များ တိုးတက်လာ​စေရန် သင်​ပြောင်းသာလဲသာ​ရှိ​ရမည်။ ပထမ​ဆောင်းပါး​တွင်​ဖော်ပြ​ခဲ့​သော ဟို​င်​မေး ဤသို့​ပြော​သည်– “ကိုယ်​မျှော်လင့်တဲ့​အရာအားလုံး​နဲ့ ပြည့်စုံ​တဲ့​အလုပ်​တစ်ခု​ရဖို့​ဆိုတာ မဖြစ်​နိုင်ဘူး။ မျှော်လင့်​ထား​တာ​နဲ့ တစ်ထပ်တည်း​မကျတဲ့​အလုပ်နဲ့ ကျေနပ်​တတ်​အောင် သင်ယူဖို့​လိုတယ်။”

ပြောင်းသာလဲသာ​ရှိ​ခြင်း​ဟူသည် အလုပ်အကိုင်​တစ်မျိုး​မျိုး​နှင့် ပတ်သက်​၍ အစွဲအလမ်း​မထား​ခြင်း​ဖြစ်​နိုင်​သည်။ မက္ကဆီကို​တွင်​နေထိုင်​သော အဲရစ်ကာ​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ စီမံခန့်ခွဲရေး​မှူး​အဖြစ် လေ့ကျင့်​ခံ​ထား​ရ​သဖြင့် အစပိုင်း​တွင် သူ​ပို​နှစ်သက်သော​အလုပ်ကို ရှာမတွေ့​နိုင်​ဘဲ​ဖြစ်​ခဲ့​သည်။ “သင့်တော်​တဲ့​ဘယ်​အလုပ်ကို​မဆို လက်ခံ​တတ်​အောင် ကျွန်မ​သင်ယူ​ခဲ့​ရတယ်။ အဲဒီ​အတောအတွင်း အရောင်း​စာရေး​အဖြစ် လုပ်ကိုင်​ခဲ့တယ်။ လမ်းပေါ်မှာ တာ​ကို​လို့​ခေါ်​တဲ့ အ​ဆာ​သွပ်​ပြောင်းဖူး​မုန့်​တွေ ရောင်းပြီး အိမ်တွေမှာ​လည်း သန့်ရှင်းရေး​လိုက်​လုပ်တယ်။ နောက်ဆုံး ကျွန်မ​ကျွမ်းကျင်​တဲ့​အလုပ်​တစ်ခု​ကို ရှာတွေ့နိုင်​ခဲ့တယ်” ဟု​သူ​ပြော​သည်။

ပထမ​ဆောင်းပါး​တွင်​ဖော်ပြ​ခဲ့​သော မေရီ​သည်လည်း စာရေး​အလုပ်ပြုတ်​သွားသော​အခါ ပြောင်းသာလဲသာ​ရှိဖို့လို​အပ်​ကြောင်း သိမြင်ခဲ့​သည်။ သူ​ဤသို့​ပြောပြ​သည်– “ကျွန်မ​လုပ်ခဲ့တဲ့​အလုပ်​ပုံစံ​မျိုးကို​ပဲ မရ​မနေ​လိုက်ရှာ​တာ​မျိုး ကျွန်မ,မ​လုပ်​ဘူး။ ကျွန်မ​ကြားသိ​တဲ့ ဘယ်​အလုပ်အကိုင်​အခွင့်အလမ်း​ကို​မဆို၊ နိမ့်ကျတဲ့​အလုပ်​မျိုး​ဖြစ်ပါစေ ကျွန်မ​လိုက်​စုံစမ်း​တယ်။ ရလဒ်အနေနဲ့ ကျွန်မ​ရဲ့​ကလေး​နှစ်ယောက်ကို ထောက်ပံ့​နိုင်​တဲ့​အလုပ်​ရခဲ့တယ်။”

ထိရောက်​သော​ကိုယ်ရေး​ရာဇဝင်​အကျဉ်း​တစ်ခု ရေးသားခြင်း

စီမံခန့်ခွဲရေး​ပိုင်း​ဆိုင်ရာ​နေရာများ​ကို လျှောက်ထား​သူများ​အတွက် ပညာ​ရည်​နှင့်​အလုပ်​အတွေ့အကြုံ မှတ်တမ်း​အကျဉ်း ရေးသား​ပေး​ပို့​ရန် မဖြစ်​မနေ​လိုအပ်​သည်။ * သို့သော် အဘယ်​အလုပ်​မျိုးကို​ပင် သင်​ရှာနေ​ပါစေ ကောင်းစွာ​ပြင်ဆင်​ရေးသား​ထားသော ကိုယ်ရေး​ရာဇဝင်​အကျဉ်း​သည် အလွန်​အကျိုးရှိ​နိုင်​သည်။ “ကိုယ်ရေး​ရာဇဝင်​အကျဉ်း​သည် အလုပ်ရှင်​အား သင်​မည်သူ​ဖြစ်​ကြောင်း​သာမက သင်​အဘယ်အရာ​များ ပြီးမြောက်​အောင်မြင်​ခဲ့​ကြောင်း​နှင့် သင့်​အား သူတို့​အဘ​ယ့်​ကြောင့် လိုအပ်​ရ​ကြောင်းကို ပြောပြ​သည်” ဟု ဩစတြေးလျ​မှ အလုပ်အကိုင်​ရေးရာ​အတိုင်ပင်ခံ နီ​ဂျဲလ်​က​ဆို​သည်။

ကိုယ်ရေး​ရာဇဝင်​အကျဉ်း​ကို သင်​မည်သို့​ရေးသား​ပြုစု​သနည်း။ သင့်​နာမည်​အပြည့်အစုံ၊ မွေး​သက္ကရာဇ်၊ လိပ်စာ၊ ဖုန်း​နံပါတ်​နှင့် အီးမေးလ်​လိပ်စာ​များ ရေးပါ။ သင့်​ရည်ရွယ်ချက်ကို ဖော်ပြ​ပါ။ သင်​ရှာနေ​သော​အလုပ်အကိုင်​နှင့် ပတ်သက်​၍ သင်​တက်ရောက်​အောင်မြင်​ခဲ့​သော မည်သည့်​လေ့ကျင့်​သင်ကြားမှု​နှင့် ကျွမ်းကျင်​မှု​ကို​မဆို ပေါ်လွင်​စေသည့် ပညာ​အရည်အချင်း​စာရင်းပြု​စု​ပါ။ ယခင်​အလုပ်အကိုင်​အတွေ့အကြုံ​၏ အသေးစိတ်​အချက်အလက်​များ​ကို ရေးပါ။ သင်​အဘယ်အရာ​လုပ်ခဲ့သည်​သာမက သင်​တက်လှမ်း​အောင်မြင်​နိုင်​ခဲ့​သော ပန်းတိုင်​များနှင့် ယခင်​အလုပ်ရှင်​အား သင်​လုပ်ဆောင်ပေး​နိုင်​သည့် အကျိုးကျေးဇူးများ​ကို​ပါ သာဓက​များနှင့်​ဖော်ပြ​ပါ။ ယခု​ရှာနေ​သော​အလုပ်​အတွက် သင့်​အား​အရည်အချင်း​ပြည့်မီ​စေသည့် ယခင်​အလုပ်​၏​ကဏ္ဍ​များ​ကိုလည်း ပေါ်လွင်​စေပါ။ သင့်​စွမ်းရည်​များ၊ စိတ်ဝင်စား​ရာ​များနှင့် ဝါသနာ​များ​ကို ဖော်ပြ​သည့် ကိုယ်ရေးကိုယ်တာ​အချက်အလက်​များ ပါဝင်​စေပါ။ ကုမ္ပဏီ​များ​၏​လိုအပ်ရာ​များသည် ပြောင်းလဲ​နေသော​ကြောင့် အလုပ်​တစ်ခု​လျှောက်​တိုင်း သင့်ကိုယ်​ရေးရာ​ဇ​ဝင်​အကျဉ်း​ကို လိုအပ်​သလို​ပြောင်းလဲ​ပေး​ရမည်​ဖြစ်သည်။

ပထမ​ဆုံး​အကြိမ် အလုပ်​လျှောက်​ရာ​တွင် ကိုယ်ရေး​ရာဇဝင်​အကျဉ်း​ရေး​ရန် လိုအပ်​သလော။ လို​ပါ​သည်! လုပ်ငန်း​အတွေ့အကြုံ​ရ​ရန် သင်​လုပ်ထား​သော​အရာ​အမြောက်အမြား​ရှိ​နိုင်​သည်။ ဥပမာ၊ လက်သမား​အတတ် သို့​မဟုတ် ကား​အဟောင်း​များ​ကို ပြုပြင်ခြင်း​ဖြစ်​နိုင်​သည့် သင်​ဝါသနာပါရာ​များ​ရှိပါ​သလော။ ထို​အရာများ​ကို စာရင်း​တွင်​ထည့်​နိုင်​သည်။ လုပ်ငန်း​တစ်ခုခု​တွင် လုပ်အားပေး​ဖူး​ပါသလော။ သင်​လုပ်အားပေး​ဖူး​သော လုပ်ငန်း​အမျိုးအစား​နှင့် သင်​အောင်မြင်​ခဲ့​သော ရည်မှန်းချက်​ပန်းတိုင်​များ​ကို စာရင်းပြု​စု​ပါ။—လုပ်ငန်း​အတွေ့အကြုံ​မရှိသူ​တို့အတွက် “ကိုယ်ရေး​ရာဇဝင်​အကျဉ်း​နမူနာ” လေးထောင့်ကွက်​ကို​ရှု။

အလုပ်ရှင်​နှင့် အင်တာဗျူး​လုပ်​ခွင့် မရပါ​က သင့်​နာမည်၊ လိပ်စာ၊ ဖုန်း​နံပါတ်၊ အီးမေးလ်​လိပ်စာ၊ သင့်​အရည်အချင်း​နှင့် အောင်မြင်​ပြီးမြောက်မှု​အကျဉ်း​တို့ကို လေးလက်​မ​နှင့်​ခြောက်​လက်မ​ခန့်​အရွယ်​ရှိ ကတ်​ငယ်​တစ်ခု​တွင် ရေး​၍​ထားခဲ့​ပါ။ သင့်တော်​မည်​ဆိုပါ​က ကတ်​၏​နောက်ကျော​တွင် သင့်​ဓာတ်​ပုံ​ကို ထည့်​ပေး​နိုင်​သည်။ အလုပ်ရှာ​ရာ​တွင် သင့်​အား​ကူညီ​နိုင်​မည့်​သူ​မှန်သမျှ​အား ထို​ကတ်​ကို ပေး​ထားပြီး သင်​ရှာနေ​သော​အလုပ်​မျိုး​ရှိလျှင် ထို​ကတ်​ကို အလုပ်ရှင်​အား ပေး,ပေး​ရန် သူတို့ကို​တောင်းဆို​ပါ။ အလုပ်ရှင်​သည် ယင်း​ကတ်​ကို​မြင်​သောအခါ သင့်​အား​အင်တာဗျူး​ခေါ်​နိုင်​သည်။ အလုပ်​တစ်ပင်​ခု​ရကောင်းရ​နိုင်​သည်!

ကိုယ်ရေး​ရာဇဝင်​အကျဉ်း​တစ်ခု ရေးသားခြင်း​က သင်​အလုပ်ရှာ​စဉ် ကိုယ့်​ကိုယ်ကို​ပို​၍​ထိန်းချုပ်​ထား​နိုင်​သည်​ဟု သင့်​အား​ခံစား​ရစေ​လိမ့်​မည်။ အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သော နီ​ဂျဲလ်​က “ကိုယ်ရေး​ရာဇဝင်​အကျဉ်း​တစ်ခု ရေးသားခြင်း​က သင့်​အတွေးအခေါ်​များနှင့် ရည်မှန်းချက်​ပန်းတိုင်​များ​ကို တစ်စု​တစ်​စည်း​တည်း​ဖြစ်​ရန် သင့်​အား​ကူညီ​သည်။ အလုပ်​အင်တာဗျူး​တွင် အမေး​ခံရ​နိုင်​သည့်​မေးခွန်းများ​အတွက် အသင့်​ဖြစ်နေ​ရန်​ကူညီ​ပေးခြင်း​ဖြင့် ကိုယ့်​ကိုယ်ကို​ယုံကြည်​စိတ်ချမှု​လည်း တည်ဆောက်​ပေး​သည်” ဟု​ပြော​သည်။—စာမျက်နှာ ၇ မှ လေးထောင့်ကွက်​ကို​ရှု။

သင့်​အင်တာဗျူး​အတွက် ကောင်းစွာ​ပြင်ဆင်​ပါ

အင်တာဗျူး​တစ်ခု​အတွက် ပြင်ဆင်​ရာ​တွင် အဘယ်အရာ​များ​ပါဝင်​သနည်း။ သင်​အလုပ်,လုပ်​လို​သော ကုမ္ပဏီ​အကြောင်း သင်​စူးစမ်း​လေ့လာ​လို​ပေမည်။ ကုမ္ပဏီ​အကြောင်း​သင်​ပို​သိလျှင် အင်တာဗျူး​တွင် သင့်ကို​ပို​၍​အထင်ကြီး​စေမည်​ဖြစ်သည်။ သင်၏​စူးစမ်း​လေ့လာမှု​က သင်​လုပ်​လို​သော​အလုပ်​အမျိုးအစား ထို​ကုမ္ပဏီ​တွင်​အမှန်တကယ် ရှိ,မရှိ​နှင့် သင်​လုပ်​လို​သော​ကုမ္ပဏီ​ဟုတ်,မဟုတ်​ကို ဆုံးဖြတ်​နိုင်​ရန် သင့်​အား​ကူညီ​ပေး​လိမ့်​မည်။

ထို့နောက် အင်တာဗျူး​တွင် သင်​ဘာ​ဝတ်​မည်​ကို စဉ်းစားပါ။ သင်​ရှာနေ​သော​အလုပ်​တွင် လက်မှု​အလုပ်ကြမ်း​များ​ပါဝင်​ပါ​က သင့်တော်​သော သပ်ရပ်​သန့်ရှင်း​သည့်​အဝတ်ကို ဝတ်​ပါ။ သပ်ရပ်​သော​ဝတ်စား​ဖြီးလိမ်းပုံ​က အလုပ်​ခေါ်​သည့်​အလုပ်ရှင်​အား သင်သည် သင့်ကိုယ်​သင် ဂုဏ်ယူ​လေးစားကြောင်း​နှင့် ထို့​ကြောင့် သင့်​အလုပ်ကို​လည်း ဂုဏ်ယူ​လေးစား​နိုင်​ဖွယ်​ရှိကြောင်း ဖော်ပြ​နေသည်။ ရုံး​လုပ်ငန်း​လုပ်ရန်​မျှော်လင့်​ထား​ပါ​က သင့်​အရပ်ဒေသ​တွင် သင့်တော်​သော လုပ်ငန်းခွင်​ဆင်ယင်​မှု​အဖြစ် ယူမှတ်​သည့် ဣန္ဒြေရှိ​သော​အဝတ်ကို ရွေးချယ်​ပါ။ နီ​ဂျဲလ်​က ဤသို့​ပြော​သည်– “အင်တာဗျူး​မတိုင်မီ အချိန်​ကြာမြင့်စွာ​ကတည်းက အဝတ်အစား​ရွေးချယ်​ထား​ပါ၊ သို့​မှ​သာ အင်တာဗျူး​မဝင်​မီ အလျင်စလို​မဖြစ်​ဘဲ မလို​အပ်သော စိတ်ဖိစီးမှု​လည်း များ​လာ​မည်​မဟုတ်​တော့​ချေ။”

အင်တာဗျူး​မတိုင်မီ ၁၅ မိနစ်​ကြို​ရောက်နေ​ရန်​လည်း နီ​ဂျဲလ်​က အကြံပေး​သည်။ အလွန်​စောစီး​စွာ ရောက်ရှိခြင်း​သည် ပညာရှိရာ​မ​ရောက်​ပါ။ သို့သော် နောက်ကျ​ရောက်​ခြင်း​က​လည်း ထိခိုက်​နိုင်​သည်။ အင်တာဗျူး​၏​ပထမ​သုံး​စက္ကန့်​သည် အလွန်​အရေးကြီး​သည်​ဟု ကျွမ်းကျင်​သူများ​က​ဆို​သည်။ ထို​အချိန်တို​လေး​အတွင်း အင်တာဗျူး​လုပ်​သူသည် သင့်​အသွင်အပြင်၊ အပြု​အမူ​နှင့်​ပတ်သက်ပြီး ဝေဖန်​အကဲဖြတ်​ရန် သူ့​အမြင်ကို အကြီးအကျယ်​သြဇာလွှမ်း​မိုး​နိုင်​သည်။ အကယ်၍ သင်​နောက်ကျ​ရောက်​ပါ​က သင့်ကို လုံးဝ​အထင်ကြီး​တော့​မည်​မဟုတ်။ သင့်​အား​ဦးဆုံး​အကြိမ်​တွေ့​စဉ် အထင်လွဲ​သွား​လျှင် ပြင်​ရန် ဒုတိယ​အကြိမ် အခွင့်အရေး​ရှိ​မည်​မဟုတ်​ကြောင်း သတိရပါ။

အင်တာဗျူး​လုပ်​သူသည် သင့်​ရန်သူ​မဟုတ်​ကြောင်းကို​လည်း သတိရပါ။ ထို့​ထက်​ကား သူ​အလုပ်​ရ​ရန် သင်​ကဲ့သို့​ပင် လျှောက်ခဲ့​ရ​ဖွယ်​ရှိသောကြောင့် သင်​မည်သို့​ခံစား​နေရ​သည်ကို သူသိ​သည်။ အမှန်​မှာ သူသည် အင်တာဗျူး​တစ်ခု မည်သို့​ပြုလုပ်​ရမည်​နှင့်​ပတ်သက်​၍ လေ့ကျင့်မှု အနည်းငယ်​သာ​ရထား​ခြင်း သို့​မဟုတ် လုံးဝ​မရ​ထားခြင်း ဖြစ်​နိုင်သော​ကြောင့် စိတ်​လှုပ်ရှား​နေနိုင်​သည်။ ထို့​ပြင် အင်တာဗျူး​လုပ်​သူသည် အလုပ်ရှင်​ဖြစ်ပါ​က အလုပ်​အတွက် မသင့်​တော်​သူကို​ရွေးချယ်​မိ​လျှင် သူ့​အတွက် အကြီးအကျယ်​နစ်နာ​ဆုံးရှုံး​မည်​ဖြစ်သည်။

စ​စ​ချင်း​သူ့​အား​ပြုံးပြ​ပြီး သင့်​ဒေသ​၏​နှုတ်ဆက်​ပုံ​ဖြစ်ပါ​က သူ့​အား​လက်ဆွဲ​နှုတ်ဆက်ပါ။ အင်တာဗျူး​လုပ်​နေစဉ်​အတွင်း အလုပ်ရှင်​သည်​သင့်ထံ​မှ အဘယ်အရာ​လိုအပ်ကြောင်း​နှင့် သင်​အဘယ်အရာ​ပေး​ရမည်​တို့ကို စဉ်းစားပါ။ ရှောင်​ရမည့်​အရာများ​နှင့်​ပတ်သက်​၍ နီ​ဂျဲလ်​က ဤသို့​ဆို​သည်– “ဂနာမငြိမ် သို့​မဟုတ် ပျင်း​တိ​ပျင်း​တွဲ​ပုံစံ မဖြစ်​ပါ​နှင့်၊ ကောင်းမွန်သော​ကိုယ်ဟန်​အနေအထား​က ယုံကြည်​စိတ်ချမှု​ကို​ပြ​သည်။ အလွန်အမင်း လွတ်လပ်​ရင်းနှီး​ပုံ​ပြ​ခြင်း၊ စကား​များ​ခြင်း​မပြု​ပါ​နှင့်၊ ရိုင်း​ပျ​ရင့်သီးသော​စကား​များ လုံးဝ​မ​သုံးပါ​နှင့်။ သင့်​ယခင်​အလုပ်ရှင်​နှင့် အလုပ်ဖော်​များ​အကြောင်း မကောင်း​ပြော​ခြင်း​ကို​ရှောင်ပါ၊ အကယ်၍ သူတို့နှင့်​ပတ်သက်ပြီး သင်၌​အပျက်သဘောထား​ရှိပါက ဤ​အလုပ်​နှင့်​ပတ်သက်​၍​လည်း အပျက်သဘောထား​ရှိ​လိမ့်​မည်​ဟု အင်တာဗျူး​လုပ်​သူ ထင်​သွား​နိုင်​သည်။”

အင်တာဗျူး​အတွင်း သင်​လုပ်​ရမည့်​အရာ၊ ပြော​ရမည့်​အရာ​တို့​နှင့်​ပတ်သက်​၍ ကျွမ်းကျင်​သူ​တစ်ဦး​က ဤသို့​အကြံပြု​သည်– အင်တာဗျူး​လုပ်​သူနှင့် မျက်လုံးချင်း​ဆက်သွယ်မှု​ရှိပါ၊ စကားပြော​သည့်​အခါ သင့်​အမူအရာ​များသည် သဘာဝ​ကျ​ပါစေ၊ ထို့​ပြင် စကား​ကို​ပီပီသသ​ပြောပါ။ မေးခွန်းများ​ဖြေဆို​သည့်​အခါ လိုရင်းတိုရှင်း​နှင့် ရိုးရိုးသားသား​ဖြေဆိုပါ၊ ကုမ္ပဏီ၊ ရနိုင်​ဖွယ်​ရှိသော​အလုပ်​တို့​နှင့် ပတ်သက်​၍ သက်ဆိုင်​သည့်​မေးခွန်းများ​မေးပါ။ အင်တာဗျူး​အဆုံး​၌ ထို​အလုပ်ကို​သင်လို​ချင်​ဆဲ​ဖြစ်ပါ​က ထို​အတွက်​တောင်း​ပါ။ ထိုသို့​ပြုခြင်း​က သင်၏​စိတ်​ထက်သန်မှု​ကို ပြ​ပါ​လိမ့်​မည်။

အထက်တွင် ဖော်ပြ​ထားသော အကြံပြုချက်များ​ကို လိုက်နာခြင်း​ဖြင့် မကြာမီ​အလုပ်​တစ်ခု​သင်​ရလာ​နိုင်​သည်။ အကယ်၍ အလုပ်​ရလာ​ပါ​က ထို​အလုပ်​ဆက်​မြဲ​အောင် ထိန်းထား​ရာ​တွင် သင့်​အခွင့်အလမ်း​များ​ကို သင်​မည်သို့​တိုးတက်​စေနိုင်​မည်​နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 အချို့​ဒေသ​များ​တွင် ဤ​ကဲ့သို့​သော​စာရွက်စာတမ်း​ကို စီ​ဗီ သို့​မဟုတ် ပညာ​ရည်​မှတ်တမ်း​အကျဉ်း​ဟု ခေါ်​သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လုပ်ငန်း​အတွေ့အကြုံ​မရှိသူ​တို့အတွက် ကိုယ်ရေး​ရာဇဝင် အကျဉ်း​နမူနာ

သင့်​နာမည်–

သင့်​မွေး​သက္ကရာဇ်–

သင့်​လိပ်စာ–

သင့်​တယ်လီဖုန်း​နံပါတ်​နှင့် အီးမေးလ်​လိပ်စာ–

ရည်ရွယ်ချက်– ကုန်​ထုတ်လုပ်မှု​တွင် အလုပ်​အတွေ့အကြုံ​မရှိ​သေး​သူ​အတွက် အနိမ့်ဆုံး​နေရာတစ်ခု​ရ​ရန်။

ပညာ​အရည်အချင်း– ၂၀၀၄ ခုနှစ်​တွင် ဟု​မ်း​တောင်း​အထက်တန်း​ကျောင်း​မှ​ဘွဲ့​ရသည်။

သင်တန်း​များ– ဘာသာ​စကား​ကျွမ်းကျင်​မှု​သင်တန်း​များ၊ သင်္ချာ၊ ကွန်ပျူတာ​နှင့် လက်သမား​အတတ်​သင်တန်း။

ကျွမ်းကျင်​မှု​နှင့်​စွမ်းရည်​များ– ကျွန်ုပ်​၏​လက်​များ​ကို​သုံးပြီး ကျွမ်းကျင်​စွာ​အလုပ်,လုပ်နိုင်​သည်။ မိသားစု​ကား​ကို အမြဲ​ပြုပြင်​ထိန်းသိမ်း​နေကျ​ဖြစ်သည်။ ကျွန်တော့်​အိမ်​၏​အလုပ်ရုံ​တွင် သစ်သား​ခုံ​များနှင့် စားပွဲ​တစ်ခု​ပြုလုပ်​ထား​သည်။ ပရိဘောဂ​ပြုလုပ်​ရာ​တွင် ကျွန်တော့်​သင်္ချာ​စွမ်းရည် အသုံးပြု​ရသည်ကို နှစ်သက်​သည်။ စေတနာ့​ဝန်ထမ်း​ဆောက်လုပ်ရေး​လုပ်ငန်း​တစ်ခု​တွင် အမိုး​တပ်​ပေး​ခဲ့​သည်။ ကွန်ပျူတာ​အမျိုးအစား​အများစုကို အသုံးပြုနိုင်​ပြီး ပရိုဂရမ်​အသစ်များ​သင်ယူ​ရသည်ကို နှစ်သက်​သည်။

ကိုယ်ရေးကိုယ်တာ​အချက်အလက်– ယုံကြည်​စိတ်ချ​နိုင်​မှု—ကျောင်း​နောက်ဆုံး​နှစ်​တွင် နှစ်​ရက်​သာ​ကျောင်း​ပျက်​ဖူး​သည်။ ရိုးသားမှု—ပိုက်ဆံ​ပါ​သော ပျောက်ဆုံး​သွား​သည့် ပိုက်ဆံ​အိတ်​တစ်လုံး​ကို ပိုင်ရှင်​အား ပြန်ပေး​ခဲ့​သည်။ ဖော်ရွေမှု—ရပ်ကွက်​များ​တွင် ပုံမှန်​လုပ်အားပေး​ပြီး အသက်ကြီးသူ​များ​အား ကူညီ​ပေး​ရသည်ကို ပျော်ရွှင်​သည်။ အားကစား—ဘတ်စကက်ဘော ကစား​ရသည်ကို ကြိုက်​နှစ်သက်​သည်။ ဝါသနာ—ကားပြင်​ခြင်း​နှင့် လက်သမား​လုပ်ခြင်းကို နှစ်သက်​သည်။

ထောက်ခံချက်​များ– လိုအပ်​မည်​ဆိုပါ​က ရရှိနိုင်​သည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 44 သင်​ကို ထောက်ခံ​ပေး​မည့်​သူများ​တွင် သင့်​အားကောင်း​စွာ​သိ​သည့် ကျောင်း​ဆရာ​တစ်ဦး သို့​မဟုတ် လုပ်ငန်း​တစ်ခု​လုပ်​နေသည့် မိသားစု​မိတ်ဆွေ​တစ်ဦး​ကို ထည့်သွင်း​နိုင်​သည်။ အလုပ်ရှင်​တောင်းဆို​သည့်​အခါ ထို​နာမည်​များ​ပေးခြင်း​ဖြင့် အလုပ်​ခေါ်​နေသော အလုပ်ရှင်​သည် သင့်​အား အလုပ်ခန့်​ရန် စိတ်ဝင်စား​နိုင်​ကြောင်း ကြိုတင်​ရိပ်မိ​နိုင်​စေ​သည်။ ထောက်ခံချက်​ပေး​မည့်​သူများ​အဖြစ် သင်​စာရင်း​ပေး​ထား​သူတို့၏ ခွင့်ပြု​ချက်​ရယူရန် သေချာစေပါ။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အင်တာဗျူး​တွင် သင်​အမေး​ခံရ​နိုင်​သည့် မေးခွန်းများ

❑ ဒီ​အလုပ်ကို ဘာကြောင့်​လျှောက်​တာလဲ။

❑ ဒီ​ကုမ္ပဏီ​မှာ​မှ ဘာကြောင့်​အလုပ်,လုပ်ချင်​ရတာလဲ။

❑ ဒီ​အလုပ်/ကုမ္ပဏီ/စက်ရုံ​အကြောင်း ဘာသိ​ထား​သလဲ။

❑ သင်​ဒီ​အလုပ်​မျိုး​လုပ်ခဲ့ဖူး​သလား။

❑ ဘယ်လို​စက်​အမျိုးအစား​ကို ကိုင်တွယ်​နိုင်​သလဲ။

❑ ဒီ​အလုပ်​မျိုးနဲ့​ပတ်သက်​တဲ့ လုပ်ငန်း​အတွေ့အကြုံ​ရှိသလား။

❑ ဒီ​အလုပ်နဲ့ အသုံးတည့်​မယ့် ဘယ်လို​ကျွမ်းကျင်​မှု​တွေ​ရှိသလဲ။

❑ သင့်​အကြောင်း​ပြောပြ​ပါ။

❑ ဘယ်​စကားလုံး​ငါး​လုံး​က သင့်​အကြောင်းကို အကောင်းဆုံး​ဖော်ပြ​ပေး​နိုင်​မလဲ။

❑ ဖိစီးမှု​အောက်မှာ သင်​အလုပ်,လုပ်နိုင်​သလား။

❑ သင့်​အရင်​အလုပ်​ကနေ ဘာကြောင့်​ထွက်​လိုက်တာလဲ။

❑ ဘာကြောင့်​ဒီလောက်​ကြာကြာ အလုပ်​လက်မဲ့​ဖြစ်နေ​တာလဲ။

❑ သင့်​နောက်ဆုံး​အလုပ်ရှင်​က သင့်​အပေါ်​ဘယ်လို​သဘောထား​ရှိသလဲ။

❑ သင့်​နောက်ဆုံး​အလုပ်မှာ ဘယ်နှစ်ကြိမ်​အလုပ်​ပျက်​ဖူး​သလဲ။

❑ အနာဂတ်​အတွက် သင့်​အစီအစဉ်တွေ​က​ဘာတွေလဲ။

❑ အလုပ်ကို​ဘယ်တော့ စ​ဝင်နိုင်​မလဲ။

❑ သင့်ရဲ့​အကြီး​ကျယ်​အထူးခြားဆုံး အရည်အချင်းတွေ​က​ဘာလဲ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကွန်ပျူတာ​အွန်လိုင်း​မှ အလုပ်ရှာ​ပေး​သော အဖွဲ့အစည်း​များ​ကို အသုံးပြုသင့်​သလော

အမေရိကန်​ပြည်ထောင်စု​ရှိ အွန်လိုင်း​မှ​အလုပ်ရှာ​ပေး​သည့် အကြီးဆုံး​ဝက်ဘ်ဆိုက်​တစ်ခု​တွင် အလုပ်ရှင်​များ တွေ့ မြင်​ဖတ်ရှု​နိုင်​ရန် ကိုယ်ရေး​ရာဇဝင်​အကျဉ်း ၁၇ သန်း​ရှိပြီး အလုပ်​လက်မဲ့​များ စဉ်းစား​နိုင်​ရန် အလုပ်​ပေါင်း ၈၀၀,၀၀၀ ခန့် စာရင်းပြု​စု​ထား​သည်။ အချို့​နိုင်ငံ​များ​တွင် ၉၆ ရာခိုင်နှုန်း​ကျော်​သော​သူများ​သည် အင်တာနက်ဖြင့်​အလုပ်ရှာ​နေကြောင်း လေ့လာ​တွေ့ ရှိ​ချက်​များ​က ဖော်ပြ​သည်။ သို့သော် နိုင်ငံ​ပေါင်း ၄၀ မှ အတတ်ပညာ​ရှင်​များနှင့် ပြုလုပ်​သော သုတေသန​တစ်ရပ်​က ၎င်း​တို့​ထဲ​မှ အလုပ်ရှာ​သူ ၅ ရာခိုင်နှုန်း​သာ အင်တာနက်​မှ​တစ်ဆင့် အလုပ်​ရခဲ့ကြောင်း ဖော်ပြ​သည်။

သင့်ကိုယ်​ရေးရာ​ဇ​ဝင်​အကျဉ်း​ကို အင်တာနက်​ပေါ်​တင်​ခြင်း​က သင်​အလုပ်ရှာ​နေကြောင်း အလုပ်ရှင်​များ​ကို သိစေ​သော်လည်း သတိပြု​ရန်လို​အပ်​သည်။ ယင်းက သင့်ကို​ကလိမ်ကျ​သူများ​၏​သားကောင် ဖြစ်လာ​ခွင့်​လည်း​ပို​များ​စေ​သည်။ ဤ​ကြမ္မာ​မှ သင့်ကိုယ်​သင်​ကာကွယ်​ရန် လုပ်ငန်း​ဆိုင်ရာ​ကျွမ်းကျင်​သူများ​က အောက်ပါ​အကြံပြုချက်များ​ပေး​ထား​သည်–

၁။ အွန်လိုင်း​အလုပ်ရှာ​ပေး​သည့် အဖွဲ့အစည်း​တစ်ခု​အား သင့်ကိုယ်​ရေးရာ​ဇ​ဝင်​အကျဉ်း​ကို မပေး​မီ ထို​အဖွဲ့​၏​လျှို့ဝှက်​ထား​ပေး​နိုင်​မှု​ပေါ်လစီ​ကို​ဖတ်ပါ။ အချို့​အလုပ်ရှာ​ပေး​သည့်​ဆိုက်များ​သည် သင့်ကိုယ်​ရေး​ကိုယ်တာ​အချက်အလက်​များ​ကို လူထု​ဈေးကွက်​ရှာနေ​သော ကုမ္ပဏီ​များ သို့​မဟုတ် အခြား​စိတ်ဝင်စားသူ​များ​ထံ​ရောင်းချ​ကြသည်။

၂။ သင့်ကိုယ်​ရေးရာ​ဇ​ဝင်​အကျဉ်း​ကို နာမည်​ကောင်း​ရထား​သော အွန်လိုင်း​အလုပ်ရှာ​ပေး​သည့်​ဆိုက် အနည်းငယ်​သို့​သာ​ပေး​ပါ။ သင့်ကိုယ်​ရေး​ကိုယ်တာ​အချက်အလက်​ကို အလွဲသုံးခြင်း​မှ​တားဆီး​နိုင်​ရန် ယင်း​တို့ကို​ကာကွယ်​ဖို့​အရေးကြီး​သည်။ သင့်ကိုယ်​ရေးရာ​ဇ​ဝင်​အကျဉ်း​တွင် မ​သ​မာ​သူ​တစ်ဦး​က သင်​နှင့်​ပတ်သက်​ရာ​ကို ခိုးယူ​ပြီး သင့်​အား အတော​မ​သတ်​နိုင်အောင် ငွေကြေး​အခက်အခဲ​များ ဖြစ်စေ​နိုင်​သည့် အချက်အလက်​များ မည်သည့်​အခါ​မျှ မပါ​သင့်​ပေ။ နည်း​မှန်​လမ်း​ကျ​လုပ်ကိုင်​သော အလုပ်ရှင်​များသည် သင့်​ဘဏ်​စာရင်း​နံပါတ်၊ အကြွေး​ဝယ်​ကတ်​နံပါတ် သို့​မဟုတ် မွေးနေ့​အတိအကျ​တို့ကို သိ​ရန်​မလို​ပေ။

၃။ မသေချာ​မရေရာ​သော အလုပ်​ကြော်ငြာ​များ​ကို သတိပြုပါ။ ကမ္ဘာ့​ပ​ရိုင်ဗ​စီ​ဖိုရမ်​နှင့် လေ့လာမှု​ပြုလုပ်​ခဲ့​သော သုတေသန​ပညာရှင် ပါး​မ်ဒစ်​စ​န်​က အလုပ်​ကြော်ငြာ​များသည် ပို​၍​ယေဘုယျဆန်​လာ​လေ ဖြစ်​နိုင်​ခြေ​ပို​နည်း​လေ​ဖြစ်လေ့​ရှိသည်​ဟု ဆို​သည်။ “‘ငါ​တို့​မှာ​အလုပ်တွေ​ထောင်နဲ့​ချီ​ရှိတယ်’ သို့​မဟုတ် ‘ငါ​တို့​က ကုမ္ပဏီ​ကြီး​တွေ​နဲ့​ပဲ​အလုပ်​လုပ်တာ’ ကဲ့သို့ မသေချာ​မရေရာ​သော​ရော​င်​ဝါး​ဝါး စကား​များသည် သတိပြု​စ​ရာ​အချက်​တစ်ခု​ဖြစ်သည်” ဟု သူ​ထပ်​ပြော​သည်။ “ကိုယ်ရေး​ရာဇဝင်​အကျဉ်း​မိတ္တူ​အသစ် တစ်စောင်​ထပ်​ပို့ပေး​ရန် တောင်းဆိုမှု​များသည်​လည်း အန္တရာယ်​ကျရောက်​စေနိုင်​သည်။”

သင့်ကိုယ်​ရေးရာ​ဇ​ဝင်​အကျဉ်း​ကို အလုပ်ရှင်​တစ်ဦး သို့​မဟုတ် အခြား​စိတ်ဝင်စားသူ​တစ်ဦးဦး ဖွင့်​ယူပြီး​သည်​နှင့် ယင်းသည် အဘယ်အရာ​ဆက်​ဖြစ်သွား​ကြောင်း နာမည်​အကြီးဆုံး​အလုပ်ရှာ​ပေး​သည့် အွန်လိုင်း​ဆိုက်များ​ပင် မသိနိုင်​ကြောင်း သတိရပါ။

[စာမျက်နှာ ၅ ပါ ပုံကြမ်း/ရုပ်ပုံ]

အလုပ်အကိုင်

အင်တာဗျူး​များ​အတွက် ကောင်းစွာ​ပြင်ဆင်​ပါ

ထိရောက်​သော ကိုယ်ရေး​ရာဇဝင် အကျဉ်း​တစ်ခု ရေးသား​ပါ

ပြောင်းသာလဲသာ​ရှိပါ

မ​ကြော်ငြာ​သော အလုပ်အကိုင် ဈေးကွက်​အတွင်း ဝင်​ရှာပါ

အစီအစဉ်​ကျနမှု​ရှိပါ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အလုပ်အကိုင်​တစ်ခု ရှာဖွေ​ရာ​တွင် ဇွဲ​နှင့်​စေ့စေ့​င​င​စူးစမ်း​မှု​တို့ လိုအပ်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အစီအစဉ်​တ​ကျ ချဉ်းကပ်​ခြင်း​က သင့်​အင်တာဗျူး​များ​အတွက် အထောက် အကူ​ဖြစ်စေ​ပါ​လိမ့်​မည်