မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

▪ ၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် ခန့်မှန်းခြေအားဖြင့် ၈.၃ သန်းတို့မှာ တီဘီရောဂါကူးစက်ခံခဲ့ရပြီး တီဘီရောဂါသည် နှစ်သန်းနီးပါးအသက်ဆုံးရှုံးခဲ့ကာ အားလုံးနီးပါးမှာ ဝင်ငွေနည်းပါးသောနိုင်ငံများတွင်ဖြစ်သည်။—⁠ဩစတြေးလျ ဆေးပညာဂျာနယ်။

▪ “လက်ရှိ လူငယ်ဆယ်သန်းမှာ အိပ်ခ်ျအိုင်ဗွီရောဂါခံစားနေကြရပြီး ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ရောဂါကူးစက်ခံနေရသူ ၄.၉ သန်းမှ ထက်ဝက်ကျော်မှာ ၁၅ နှစ်မှာ ၂၄ နှစ်ကြားအရွယ်များဖြစ်သည်။”—⁠ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ။

▪ ကမ္ဘာပတ်ခဲ့သည့် ပင်လယ်စင်ရော်များ၏ ခရီးစဉ်ကို ဂြိုဟ်တုဖြင့်ခြေရာခံပြီး မှတ်တမ်းတင်ခဲ့ရာ အလျင်မြန်ဆုံးအကောင်သည် ကမ္ဘာ့ရေလွှာထုပေါ်ဖြတ်ပျံသန်းပြီး ၄၆ ရက်နှင့် ကမ္ဘာပတ်နိုင်ခဲ့သည်။—⁠သိပ္ပံ မဂ္ဂဇင်း၊ အမေရိကန်ပြည်ထောင်စု။

▪ ကမ္ဘာကြီးသည် တပ်သားများနှင့် လက်နက်ခဲယမ်းမီးကျောက်များအတွက် နေ့စဉ် တစ်နာရီလျှင် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်အသုံးပြုနေသည်။—⁠၂၀၀၅ အရေးပါသောလက္ခဏာများ၊ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့။

ခရစ်ယာန်ဘုန်းကြီးများအား အကြမ်းဖက်မှုများ တိုးများလာ

“ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်ခြင်းသည် [ဗြိတိန်နိုင်ငံ] တွင် အန္တရာယ်အရှိဆုံးအလုပ်တစ်ခုဖြစ်သည်” ဟု ၂၀၀၅ ခုနှစ်ထုတ် လန်ဒန်မြို့ ဒေးလီးတယ်လီဂရပ်ဖ်သတင်းစာကဆိုသည်။ ၂၀၀၁ ခုနှစ် ဗြိတိန်အစိုးရ သုတေသနပြုချက်တစ်ခုက မေးမြန်းခံရသောခရစ်ယာန်ဘုန်းကြီး လေးပုံသုံးပုံနီးပါးသည် လွန်ခဲ့သောနှစ်နှစ်အတွင်း ရက်စက်စွာပြုမူခံရ သို့မဟုတ် ကြမ်းတမ်းစွာတိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြသည်။ ၁၉၉၆ ခုနှစ်မှစ၍ အနည်းဆုံး ခရစ်ယာန်ဘုန်းကြီးခုနစ်ပါးအသတ်ခံခဲ့ရပြီ။ မြို့ပြဒေသတစ်ခုဖြစ်သည့် မာစေးဆိုက်ဒ်တွင် “ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု၊ လုယက်မှု သို့မဟုတ် မီးရှို့မှုတို့သည် ၎င်း၏ ဝတ်ပြုကိုးကွယ်ရာနေရာ ၁,၄၀၀ မှတစ်နေရာတွင် နေ့စဉ်ဖြစ်ပျက်လျက်ရှိသည်။”

ထူးကဲစွာ များပြားလှသော ဇီဝမျိုးစိတ်များ

မိုးသစ်တောပျက်စီးမှုများကြား “ဘော်နီယိုကျွန်း၏အတွင်းပိုင်းတွင် ထူးကဲစွာ များပြားလှသော ဇီဝမျိုးစိတ်များကို ထိန်းသိမ်းထားသည်” ဟု သည်နယူးယောက်တိုင်းမ်စ် ကဖော်ပြသည်။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့အဆိုအရ ၁၉၉၄ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်ကြားတွင် ဇီဝဗေဒပညာရှင်များသည် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ပါဝင်သော ထိုကျွန်းပေါ်တွင် အပင်နှင့်တိရစ္ဆာန်မျိုးသစ် ၃၆၁ မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းတို့တွင် အသစ်ရှာဖွေတွေ့ရှိသောအင်းဆက်မျိုး ၂၆၀၊ သစ်ပင်အမျိုးပေါင်း ၅၀၊ ငါးအမျိုးပေါင်း ၃၀၊ ဖား ၇ မျိုး၊ အိမ်မြှောင် ၆ မျိုး၊ ကဏန်း ၅ မျိုး၊ မြွေ ၂ မျိုးနှင့် ဖားပြုတ်တစ်မျိုးတို့ ပါဝင်သည်။ သို့သော် မိုးသစ်တောအတွင်းပိုင်းသည် အပူပိုင်းဒေသသစ်များ၊ ရော်ဘာနှင့် စားအုန်းဆီတို့လိုအပ်လာမှုကြောင့် တောပြုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

အယူသီးမှုတိုးများလာ

“နည်းပညာနှင့်သိပ္ပံခေတ်ဟု သတ်မှတ်ထားသော ဤအချိန်တွင်ပင် အယူသီးမှုမှာ ဆွဲအားကောင်းဆဲပင်” ဟုဂျာမနီနိုင်ငံ အလန်းစ်ဘတ်မြို့ရှိ စစ်တမ်းကောက်ယူမှုတစ်ခုက ဖော်ပြသည်။ အသေအချာဆန်းစစ်လေ့လာမှုတစ်ခုက “အတိတ်နိမိတ်ကောင်း သို့မဟုတ် နိမိတ်ဆိုးတို့ကို မစဉ်းစားမဆင်ခြင်ဘဲယုံခြင်းသည် ဆက်လက်တည်ရှိဆဲဖြစ်ပြီး လွန်ခဲ့သော ၂၅ နှစ်ခန့်ကထက် ယနေ့ ပို၍ရေပန်းစားလာ” ကြောင်းဖော်ပြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် လူ ၂၂ ရာခိုင်နှုန်းက ကြယ်ကြွေမှုများသည် သူတို့၏ဘဝအပေါ် ဩဇာလွှမ်းမိုးမှုရှိသည်ဟု ယူဆကြသည်။ ယခု ၄၀ ရာခိုင်နှုန်းမှာ ထိုသို့ယူဆကြသည်။ ယနေ့ အယူသီးမှုပုံစံအားလုံးကို ငြင်းပယ်သူမှာ သုံးပုံတစ်ပုံသာရှိတော့သည်။ ဂျာမန်တက္ကသိုလ်ကျောင်းသား ၁,၀၀၀ နှင့်ပြုလုပ်သော လေ့လာမှုတစ်ခုကလည်း သူတို့ထဲမှသုံးပုံတစ်ပုံမှာ ကားများ၊ သော့ချိတ်များတွင် အဆောင်လက်ဖွဲ့များထားခြင်းကို ယုံကြည်ကြကြောင်း ဖော်ပြသည်။

အန္တာတိကတိုက်မှ ရေခဲမြစ်များအရည်ပျော်ခြင်း

“လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်းတွင် အန္တာတိတ်ကျွန်းဆွယ်မှ ရေခဲမြစ် ၂၄၄ သွယ်၏ ၈၇ ရာခိုင်နှုန်းမှာ အရည်ပျော်ခဲ့” ပြီး ကျွမ်းကျင်သူများ ယခင်ကထင်ထားသည်ထက် ပိုလျင်မြန်သည်ဟု ဗြူးနို့စ်အေရီစ်မြို့၏ ကလာရီန်းသတင်းစာကဖော်ပြသည်။ ထိုဒေသရှိရေခဲမြစ်များကို ပထမအကြိမ် ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုပြုရာ လွန်ခဲ့သောနှစ် ၅၀ အတွင်း လေထုအပူချိန်မှာ ၄.၅ ဒီဂရီဖာရင်ဟိုက်ကျော်အထိ မြင့်တက်လာကြောင်းကိုလည်း တွေ့ရှိရသည်။ နေရာအနှံ့တွင် အရည်ပျော်လာခြင်းသည် ရာသီဥတုအပြောင်းအလဲပေါ် များစွာမူတည်သည်ဟု ဗြိတိသျှအန္တာတိက လေ့လာရေးအဖွဲ့မှ ဒေးဗစ် ဝေါန်းကမှတ်ချက်ချသည်။ သူက “ထိုအတွက် လူသားများတွင်တာဝန်ရှိသလော” ဟုမေးပြီး “ယင်းကို ကျွန်ုပ်တို့ အတိအကျမပြောနိုင်သော်လည်း ထိုအရေးကြီးမေးခွန်းကို ဖြေဆိုရန် ခြေတစ်လှမ်းပိုနီးကပ်လာပြီ” ဟုဆိုသည်။