မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ ဘာကြောင့် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်ရတာလဲ

ငါ ဘာကြောင့် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်ရတာလဲ

လူငယ်များအမေး . . .

ငါ ဘာကြောင့် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်ရတာလဲ

“ကျွန်မရဲ့လက်ကောက်ဝတ်ကို ရှအောင်လုပ်တာ ချုပ်လိုက်ရတဲ့အထိဖြစ်သွားတယ်။ မီးသီးရှတာလို့ပဲ ဆရာဝန်ကိုပြောပြတယ်။ တမင်ရည်ရွယ်ပြီး ရှအောင်လုပ်တာပါလို့ အမှန်အတိုင်း မပြောပြဘူး။”—ဆာရှာ၊ ၂၃ နှစ်။

“ကျွန်မရဲ့ ရှထားတဲ့ဒဏ်ရာတွေထဲက ဆိုးဆိုးဝါးဝါးမဟုတ်တဲ့ ပွန်းပဲ့ရာတွေလောက်ပဲ မိဘတွေ သတိထားမိတယ်။ . . . တစ်ခါတလေ သူတို့သတိမထားမိတဲ့ဒဏ်ရာတစ်ခုကိုတွေ့သွားတဲ့အခါ တစ်ခုခုကြောင့်လို့ ကျွန်မ အကြောင်းပြလိုက်တယ်။ . . . သူတို့ကို ကျွန်မ မသိစေချင်ဘူး။”—အေရီအဲလ်၊ ၁၃ နှစ်။

“ကျွန်မအသက် ၁၁ နှစ်အရွယ်ကတည်းက ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခဲ့တယ်။ လူ့ခန္ဓာကိုယ်ကို ဘုရားသခင် အလွန်တန်ဖိုးထားတယ်ဆိုတာ သိထားတာတောင် အဲဒါကို ကျွန်မဆက်လုပ်ခဲ့တယ်။”—ဂျင်နီဖာ၊ ၂၀။

သင်သည် ဆာရှာ၊ အေရီအဲလ် သို့မဟုတ် ဂျင်နီဖာ * ကဲ့သို့သောသူတစ်ဦးဦးနှင့် အကျွမ်းတဝင်ရှိကောင်းရှိပေမည်။ ထိုသူသည် သင်၏ကျောင်းနေဖက်တစ်ဦး သို့မဟုတ် မွေးချင်းပေါက်ဖော်တစ်ဦး ဖြစ်နိုင်သည်။ သင်ကိုယ်တိုင်ပင် ဖြစ်နိုင်သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် လူငယ်များစွာအပါအဝင် သန်းနှင့်ချီသောသူတို့သည် မိမိတို့၏အသားအရေကို ရှအောင်လုပ်ခြင်း၊ မီးမြှိုက်ခြင်း၊ အညိုအမည်းစွဲစေခြင်း သို့မဟုတ် ကုတ်ခြစ်ပွန်းပဲ့စေခြင်းကဲ့သို့သောနည်းအမျိုးမျိုးဖြင့် မိမိတို့ကိုယ်ကို တမင်သက်သက် အနာတရဖြစ်အောင်လုပ်ကြသည်ဟု ခန့်မှန်းသိရှိရသည်။ *

အမှန်ပင် မိမိတို့ကိုယ်ကို အနာတရဖြစ်အောင် တမင်သက်သက် လုပ်နေကြသလော။ ရှေးယခင်က လူများစွာသည် ထိုသို့သောအမူအကျင့်ကို အလွန်ဆန်းပြားခေတ်စားသည့်အလေ့အထ သို့မဟုတ် ဘာသာရေးကျင့်ထုံးအချို့နှင့် ဆက်စပ်ကြသည်။ သို့သော် ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းအပါအဝင် မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းအကြောင်း မကြာသေးမီနှစ်များက ပိုမိုသိရှိလာကြသည်။ ထိုပြဿနာကြုံနေရသူအရေအတွက်လည်း တိုးများလာသည်မှာ ထင်ရှားသည်။ “၎င်းပြဿနာတိုးများလာနေကြောင်း ဆရာဝန်တိုင်းကပြောကြသည်” ဟူ၍ အမေရိကန်ပြည်ထောင်စုရှိ ဆေးကုသရေးဌာန၏ ညွှန်ကြားရေးမှူး မိုက်ကယ် ဟော်လန်ဒါ ကဆိုသည်။

မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းသည် မသေနိုင်သော်လည်း အန္တရာယ်ရှိ၏။ ဥပမာအနေနှင့် ဘက်သ် ၏ဖြစ်ရပ်ကို သုံးသပ်ကြည့်ပါ။ “သင်တုန်းဓားနဲ့ ကျွန်မကိုယ်ကျွန်မ အနာတရဖြစ်အောင်လုပ်တယ်။ ဒါကြောင့် ဆေးရုံနှစ်ခါတက်ခဲ့ရတယ်။ တစ်ခါက ဒဏ်ရာနက်သွားလို့ အရေးပေါ်အခန်းရောက်သွားတယ်” ဟုသူကဆိုသည်။ ဝေဒနာခံစားရသူများစွာနည်းတူ ဘက်သ် သည် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သည့်အလေ့အထကို အရွယ်ရောက်သည့်အထိ ဆက်၍ပြုလုပ်ခဲ့သည်။ “ကျွန်မအသက် ၁၅ နှစ်ကတည်းက ဒီလိုလုပ်လာတာ အခုအသက် ၃၀ ရှိသွားပြီ” ဟုသူပြောပြသည်။

သင် သို့မဟုတ် သင့်အသိတစ်ဦးသည် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်နေသလော။ ထိုသို့ပြုလုပ်နေလျှင် စိတ်မပျက်ပါနှင့်။ အကူအညီရနိုင်ပါသည်။ နောက်လထုတ် နိုးလော့! တွင် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူများ အကူအညီရရှိနိုင်ပုံကို ဆွေးနွေးပါမည်။ * သို့သော် ဦးဆုံးအနေနှင့် ထိုသို့သောဝေဒနာခံစားရသူများအကြောင်းနှင့် ယင်းကို သူတို့ အဘယ်ကြောင့်ပြုလုပ်ကြကြောင်း ဆွေးနွေးလျှင်ကောင်းမည်။

ကွဲပြားခြားနားသော ဘဝနောက်ခံ

မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူများအား အမျိုးအစားတစ်ခုတည်းအဖြစ် သတ်မှတ်ရန်ခက်သည်။ အချို့သည် ပြဿနာများသောမိသားစုများမှ ဆင်းသက်လာကာ အခြားသူများမူ တည်ငြိမ်၊ ပျော်ရွှင်သောမိသားစုများမှဖြစ်၏။ အချို့သည် ကျောင်းတွင် စာမလိုက်နိုင်ကြသော်လည်း အများသောသူတို့သည် အလွန်ထူးချွန်သောကျောင်းသားများဖြစ်ကြသည်။ များသောအားဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူများသည် သူတို့တွင် ပြဿနာရှိကြောင်း လက္ခဏာပြလေ့မရှိချေ၊ အကြောင်းမှာ အခက်အခဲများနှင့် ဘေးကျပ်နံကျပ်ဖြစ်နေသူတစ်ဦးသည် ထိုသို့ဖြစ်နေကြောင်း အပြင်ပန်းလက္ခဏာ အမြဲမပြချေ။ “လူသည် ရယ်စဉ်အခါပင် ဝမ်းနည်းသောစိတ်သဘောရှိ၏” ဟူ၍ သမ္မာကျမ်းစာက ဖော်ပြသည်။—သု. ၁၄:၁၃

ထို့ပြင် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သည့်အတိုင်းအတာသည် တစ်ဦးနှင့်တစ်ဦးမတူကြချေ။ ဥပမာ၊ လေ့လာမှုတစ်ခုအရ အချို့သူတို့သည် မိမိကိုယ်ကို အနာတရဖြစ်အောင် တစ်နှစ်လျှင် တစ်ကြိမ်သာပြုလုပ်သော်လည်း အခြားသူများမူ တစ်နေ့လျှင် ပျမ်းမျှနှစ်ကြိမ်ပြုလုပ်ကြကြောင်း တွေ့ရှိရသည်။ စိတ်ဝင်စားစရာမှာ မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ရာတွင် အမျိုးသားများသည် ယခင်ကထင်သည်ထက် ပိုများနေသည်။ သို့သော် ဆယ်ကျော်သက်မိန်းကလေးများတွင် ထိုပြဿနာ အများဆုံးတွေ့ရသည်။ *

ထိုသို့ဘဝနောက်ခံကွဲပြားခြားနားကြသော်လည်း မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူအချို့တွင် လက္ခဏာတချို့တူပုံရသည်။ လူငယ်များနှင့်ပတ်သက်၍ စွယ်စုံကျမ်းတစ်စောင်က ဤသို့ဖော်ပြ၏– “မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သည့် မြီးကောင်ပေါက်အရွယ်များသည် အစွမ်းခွန်အားမရှိဟုခံစားရလေ့ရှိကာ မိမိ၏စိတ်ခံစားမှုများကို အခြားသူများအား ရင်ဖွင့်ဖို့ အခက်တွေ့ကြသည်။ သူတို့သည် အထီးကျန်သည် သို့မဟုတ် အပယ်ခံရသည်ဟုခံစားရကာ ကြောက်စိတ်ဝင်ပြီး ကိုယ့်ကိုယ်ကို အထင်သေးလာကြသည်။”

အချို့သူတို့က ဤဖော်ပြချက်သည် ကြောက်ရွံ့မှု၊ မလုံခြုံမှုတို့နှင့်ကြီးပြင်းလာရသည့် လူငယ် အားလုံး နီးပါးနှင့် ကိုက်ညီနိုင်သည်ဟု ဆိုကောင်းဆိုကြမည်။ သို့သော် မိမိကိုယ်ကို အနာတရဖြစ်စေသူအတွက်မူ ထိုလက္ခဏာများမှာ ပို၍ပြင်းထန်သည်။ စိတ်ဆင်းရဲစရာခံစားချက်များကို စကားဖြင့် မပြောပြနိုင်ခြင်းနှင့် ယင်းတို့ကို ယုံကြည်ရသူတစ်ဦးအား ဖွင့်မပြောပြနိုင်ခြင်းတို့က ကျောင်းနှင့် အလုပ်တို့တွင် ဖိစီးမှုများဖြစ်စေနိုင်သည် သို့မဟုတ် အိမ်တွင် ပဋိပက္ခများဖြစ်စေနိုင်ကာ ယင်းတို့သည် မခံမရပ်နိုင်အောင်ဖြစ်သည်ဟု ထင်ရသည်။ သူသည် ဖြေရှင်းနည်းတစ်ခုကိုမျှမတွေ့ဘဲ ရင်ဖွင့်ပြောဆိုရမည့်သူ တစ်ဦးမျှမရှိဟု ခံစားရသည်။ မခံမရပ်နိုင်သည်အထိဖြစ်လာသည်။ နောက်ဆုံးတွင် ထွက်ပေါက်တွေ့သွား၏။ မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းဖြင့် သူသည် စိတ်သောကဝေဒနာမှ အတော်အတန်သက်သာရာရသည်ဟုထင်မြင်ကာ ယုတ်စွအဆုံး တဒင်္ဂမျှ ဆက်လက်ရှင်သန်နိုင်သည်ဟု ယူဆသည်။

မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူသည် စိတ်သောကဝေဒနာမှ သက်သာရာရစေရန် မိမိကိုယ်ကို နာကျင်စေသောနည်းကိုသုံးသည်။ ဥပမာအနေနှင့် သင်သည် ဆရာဝန်တစ်ဦး၏ရုံးခန်းတွင် ရောက်ရှိနေပြီး ဆေးထိုးခံရတော့မည်ဆိုလျှင် မည်သို့ဖြစ်မည်ကို သုံးသပ်ကြည့်ပါ။ ဆေးထိုးသည့်အခါ နာကျင်မှုမှ တခြားသို့ အာရုံရောက်သွားစေရန် သင့်အသားကိုသင် လက်သည်းဖြင့်ထိုးခြင်း၊ ဆိတ်ခြင်းပြုဖူးသလော။ မိမိကိုယ်ကို အနာတရဖြစ်စေသူသည်လည်း ထပ်တူပြုလုပ်သည်။ သို့သော် ထိုထက်ပြင်းထန်သောနည်းကို သုံးသည်။ မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူသည် စိတ်သောကဝေဒနာ၏နာကျင်မှုမှ တခြားသို့ အာရုံရောက်သွားစေရန်နှင့် စိတ်သက်သာရာရစေရန် ထိုသို့ပြုခြင်းဖြစ်၏။ စိတ်ဝေဒနာမှာ အလွန်ပြင်းထန်ရကား ၎င်းနှင့်စာလျှင် ခန္ဓာကိုယ်နာကျင်ခြင်းက ပို၍ကောင်း၏။ ထို့ကြောင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူတစ်ဦးသည် ထိုသို့ပြုခြင်းကို “ကြောက်စိတ်အတွက်ဆေးတစ်ခွက်” အဖြစ်ဖော်ညွှန်းခဲ့ခြင်းဖြစ်ပေမည်။

“စိတ်ဖိစီးမှုဖြေရှင်းနည်း”

ထိုဝေဒနာအကြောင်း ကောင်းစွာမသိထားသူများအတွက်မူ မိမိကိုယ်ကို အနာတရဖြစ်စေသောလုပ်ရပ်သည် မိမိကိုယ်ကိုသေကြောင်းကြံခြင်းဖြစ်သည်ဟု ယူဆကောင်းယူဆပေမည်။ သို့သော် များသောအားဖြင့် ထိုသို့မဟုတ်ပေ။ “ယေဘုယျအားဖြင့် ဤသူတို့သည် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်မဟုတ်ဘဲ နာကျင်မှုဝေဒနာပျောက်ကင်းရန် ကြိုးစားနေခြင်းဖြစ်သည်” ဟု ဆယ်ကျော်သက် မဂ္ဂဇင်းတစ်စောင်၏ အမှုဆောင်အယ်ဒီတာ ဆာဘရီနာ ဆိုလင်ဝိုင်းလ် က ရေးသားသည်။ ထို့ကြောင့် စာအုပ်တစ်အုပ်က မိမိကိုယ်ကို အနာတရဖြစ်စေသည့်လုပ်ရပ်အား “အသက်ကို အဆုံးစီရင်သောနည်းလမ်းအဖြစ်မဟုတ်ဘဲ ‘အသက်ကယ်သည့်နည်းလမ်း’ တစ်ခု” အဖြစ် ရည်ညွှန်းထားသည်။ ၎င်းအလေ့အထကို “စိတ်ဖိစီးမှုဖြေရှင်းနည်း” ဟူ၍လည်း ခေါ်ထားသည်။ မည်သို့သောစိတ်ဖိစီးမှုမျိုးနည်း။

မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူများစွာသည် ကလေးဘဝက နှိပ်စက်ခံရခြင်း သို့မဟုတ် လျစ်လျူရှုခံရခြင်းကဲ့သို့သော စိတ်ဒဏ်ရာတစ်မျိုးမျိုးခံစားခဲ့ရကြောင်း တွေ့ရှိခဲ့ကြပြီ။ အခြားသူများအတွက် မိသားစုပဋိပက္ခများ သို့မဟုတ် မိဘတစ်ဦးဦးအရက်စွဲခြင်းသည် ထိုသို့ပြုစေသည့်အကြောင်းရင်းဖြစ်၏။ တချို့သူတို့အတွက်မူ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုကြောင့်ဖြစ်သည်။

အခြားပြဿနာများလည်းရှိနိုင်သည်။ ဥပမာအနေနှင့် စာရာ သည် သူလုပ်ချင်သည့်အတိုင်းမဟုတ်ဘဲ အမှားများလုပ်မိသောကြောင့် သူ့ကိုယ်သူ အလိုမကျဖြစ်နေသည်။ သူသည် ကြီးလေးသောအမှားများပြုမိရာ ခရစ်ယာန်အကြီးအကဲများထံမှ အကူအညီရရှိခဲ့သော်လည်း သူ၏နေ့စဉ်အပြစ်အနာအဆာများကြောင့် အလွန်အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။ “ကျွန်မကိုယ်ကျွန်မ ခပ်ကြမ်းကြမ်းကိုင်တွယ်ရမယ်ထင်တယ်။ ကျွန်မအတွက်တော့ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တာဟာ ကိုယ့်ကိုယ်ကိုဆုံးမရုံပါပဲ။ ဆံပင်ကိုဆွဲ၊ လက်ကောက်ဝတ်နဲ့ လက်မောင်းကို ရှအောင်လုပ်၊ ကိုယ့်ကိုယ်ကိုထုပြီး အညိုအမည်းစွဲအောင်လုပ်၊ ရေနွေးပူထဲလက်ထည့်၊ အနွေးထည်မပါဘဲ ခိုက်ခိုက်တုန်အောင်အေးတဲ့ အိမ်အပြင်မှာထွက်ထိုင် ဒါမှမဟုတ် တစ်နေ့လုံးအစာအငတ်ခံပြီး ကိုယ့်ကိုယ်ကိုအပြစ်ပေးတဲ့နည်းတွေနဲ့ ကျွန်မကိုယ်ကျွန်မ ဆုံးမလေ့ရှိတယ်” ဟုစာရာကပြောပြသည်။

စာရာအတွက်မူ မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းသည် ကိုယ့်ကိုယ်ကိုအလွန်ရွံမုန်းကြောင်းပြခြင်းဖြစ်၏။ “ကျွန်မရဲ့အမှားတွေကို ယေဟောဝါခွင့်လွှတ်တယ်ဆိုတာ သိထားပေမဲ့ ကိုယ်တော်ခွင့်လွှတ်တာကို ကျွန်မ မလိုလားဘူး။ ကျွန်မကိုယ်ကျွန်မ မုန်းလွန်းလို့ ဒုက္ခခံချင်တယ်။ ခရစ်ယာန်ဘောင်တွေ ယုံကြည်ထားတဲ့ မီးငရဲလို ညှဉ်းဆဲရာနေရာတစ်ခုကို ယေဟောဝါ ဘယ်တော့မှ စဉ်းစားမှာမဟုတ်ဘူးဆိုတာသိပေမဲ့ ကျွန်မအတွက် အဲဒီလိုနေရာတစ်ခုလောက် ဖန်ဆင်းပေးစေချင်တယ်” ဟုစာရာကဆို၏။

“ခဲယဉ်းသောကာလ”

အချို့သူတို့က ထိုသို့သောစိတ်ဆင်းရဲစရာအလေ့အထသည် မကြာသေးမီဆယ်စုနှစ်များတွင်မှ အဘယ်ကြောင့်ပေါ်လာရကြောင်း စဉ်းစားမိကြပေမည်။ သို့သော် ဤအချိန်သည် “ခဲယဉ်းသောကာလဖြစ်” ကြောင်း ကျမ်းစာလေ့လာသူများသိရှိကြသည်။ (၂ တိမောသေ ၃:၁) ထို့ကြောင့် သူတို့သည် ရှင်းပြရန်ခက်သည့် အမူအကျင့်ကို လူငယ်များအပါအဝင် လူတို့ပြုမူကြမည်ဖြစ်ကြောင်း သိထားသဖြင့် မအံ့သြကြချေ။

“ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်” ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြုထားသည်။ (ဒေ. ၇:၇) ဖြစ်ရပ်အချို့တွင် ကြေကွဲဖွယ်ဘဝအတွေ့အကြုံများနှင့်ဒွန်တွဲနေသည့် မြီးကောင်ပေါက်အရွယ်၏စိန်ခေါ်ချက်များသည် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းအပါအဝင် အန္တရာယ်ရှိသောအမူအကျင့်ကို ပြုကျင့်စေသည့် အကြောင်းရင်းဖြစ်နိုင်သည်။ အထီးကျန်ပြီး ရင်ဖွင့်ပြောဆိုရမည့်သူ တစ်ဦးမျှမရှိဟုယူမှတ်သည့် လူငယ်တစ်ဦးသည် စိတ်သက်သာရာရစေရန် မိမိကိုယ်ကို အနာတရဖြစ်စေသောနည်းကို အသုံးပြုပေမည်။ သို့သော် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းသည် မည်မျှပင် စိတ်သက်သာရာ ရစေနိုင်ပုံပေါက်ပါစေ တဒင်္ဂသာဖြစ်၏။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြဿနာပြန်ပေါ်လာကာ မိမိကိုယ်ကို အနာတရဖြစ်အောင်ပြန်လုပ်ကြပေမည်။

ယေဘုယျအားဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်တတ်သူများသည် ယင်းအကျင့်ကို ဖျောက်ဖျက်ပစ်လိုသော်လည်း အလွန်ခက်ခဲကြောင်း တွေ့ရှိရသည်။ မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သည့်အကျင့်ကို အချို့သူတို့ မည်သို့ဖျောက်ဖျက်နိုင်ခဲ့ကြသနည်း။ ၂၀၀၆၊ ဖေဖော်ဝါရီလထုတ် နိုးလော့! တွင်ဖော်ပြမည့် “လူငယ်များအမေး . . .” “ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ” ဟူသော ဆောင်းပါးတွင် ယင်းကိုဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဤဆောင်းပါးတွင် နာမည်အချို့ပြောင်းထားသည်။

^ အပိုဒ်၊ 6 မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကို ခန္ဓာကိုယ်အစိတ်အပိုင်းများဖောက်ခြင်း သို့မဟုတ် ဆေးမင်ကြောင်ထိုးခြင်းတို့နှင့် မရောထွေးရန်ဖြစ်သည်။ ယေဘုယျအားဖြင့် ယင်းအလေ့အထများသည် မလုပ်လုပ်အောင်စေ့ဆော်ခံရ၍မဟုတ်ဘဲ ရေပန်းစားသည့်အလေ့အထနှင့် ပို၍ပတ်သက်သည်။ ဩဂုတ် ၈၊ ၂၀၀၀၊ နိုးလော့! စာမျက်နှာ ၁၈-၁၉ [လိပ်] ကိုရှုပါ။

^ အပိုဒ်၊ 9 ဝတ်ပြုရာ ၁၉:၂၈ က “သေသောသူအတွက် ကိုယ်အသားကိုမခုတ်မရှရ၊ သံပူမထိုးရ” ဟုဆို၏။ ဤအယူမှားဓလေ့ထုံးစံသည် လူသေများကိုအုပ်စိုးသည်ဟု ယူမှတ်ခံရသည့် နတ်ဘုရားများအား ကျေနပ်စေရန် ရည်ရွယ်ထားကြောင်း ထင်ရှားကာ ဤတွင်ဆွေးနွေးနေသည့် မိမိကိုယ်ကို အနာတရဖြစ်စေသောအလေ့အထနှင့် မတူပေ။

^ အပိုဒ်၊ 12 ဤအကြောင်းကြောင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်သူဟုဆိုရာတွင် အမျိုးသမီးကို ရည်ညွှန်းပါမည်။ သို့သော် ဆွေးနွေးနေသောမူများသည် အမျိုးသမီးရော အမျိုးသားနှင့်ပါသက်ဆိုင်သည်။

ချင့်တွေးစရာ

▪ လူငယ်တချို့ မိမိကိုယ်ကို အနာတရဖြစ်အောင် အဘယ်ကြောင့်လုပ်ကြသနည်း

▪ ဤဆောင်းပါးကိုဖတ်ရှုပြီးနောက် စိတ်ဆင်းရဲစရာခံစားချက်များကို ကိုင်တွယ်ဖြေရှင်းရန် သာ၍ကောင်းသောနည်းလမ်းအချို့ သင်စဉ်းစားနိုင်မည်လော။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

“လူသည် ရယ်စဉ်အခါပင် ဝမ်းနည်းသောစိတ်သဘောရှိ၏။”—သု. ၁၄:⁠၁၃

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

“ယေဘုယျအားဖြင့် ဤသူတို့သည် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန်မဟုတ်ဘဲ နာကျင်မှုဝေဒနာပျောက်ကင်းရန် ကြိုးစားနေခြင်းဖြစ်သည်”

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေကြသည်။—၂ တိမောသေ ၃:၁