မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောဂါဆိုးခံစားနေရသော်လည်း ယုံကြည်ခြင်းဖြင့်ထောက်မခံရ

ရောဂါဆိုးခံစားနေရသော်လည်း ယုံကြည်ခြင်းဖြင့်ထောက်မခံရ

ရောဂါဆိုးခံစားနေရသော်လည်း ယုံကြည်ခြင်းဖြင့်ထောက်မခံရ

ဂျေစင် စတူးဝပ် ပြောပြသည်

“စိတ်မကောင်းပါဘူး၊ မစ္စတာ စတူးဝပ်။ ခင်ဗျားမှာ လူဂဲရစ်ခ် ဒါမှမဟုတ် ALS လို့ခေါ်တဲ့ ကြွက်သားနဲ့ ကျောရိုးနဗ်ကြောယိုယွင်းတဲ့ရောဂါရှိနေပြီ။” * အဲဒီနောက် ဆရာဝန်က ဝမ်းနည်းစရာကောင်းတဲ့ ရောဂါခန့်မှန်းချက်ကို ပြောပြတယ်။ မကြာခင် ကျွန်တော်သွားလာလှုပ်ရှားလို့၊ စကားပြောလို့ရမှာမဟုတ်တော့ဘူး။ နောက်ဆုံး ဒီရောဂါနဲ့ပဲ သေလိမ့်မယ်တဲ့။ “ကျွန်တော့်မှာ အချိန်ဘယ်လောက်ကျန်သေးသလဲ” လို့မေးကြည့်တော့ “သုံးနှစ်ကနေ ငါးနှစ်လောက်ပဲ ကျန်မယ်” လို့သူဖြေတယ်။ ကျွန်တော့်အသက် ၂၀ ပဲရှိသေးတာ။ ဒီလိုသတင်းဆိုးကြားလိုက်ရပေမဲ့ နည်းအမျိုးမျိုးနဲ့ ကျွန်တော်ကောင်းချီးတွေရနေတယ်လို့ ခံစားရဆဲပါ။ အကြောင်းစုံကို ကျွန်တော် ရှင်းပြပါရစေ။

ဂျင်းမ်နဲ့ ကေသီ စတူးဝပ်တို့ရဲ့ သားသမီးလေးယောက်ထဲက တတိယမြောက်ဖြစ်တဲ့ကျွန်တော့်ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရက်ဒ်ဝတ်ဒ်မြို့မှာ ၁၉၇၈၊ မတ်လ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မိဘတွေဟာ ဘုရားသခင်ကို နှစ်နှစ်ကာကာချစ်မြတ်နိုးသူတွေဖြစ်ပြီး ကျွန်တော်နဲ့ ကျွန်တော့်မွေးချင်းတွေဖြစ်တဲ့ မက်သရူး၊ ဂျနီဖာနဲ့ ဂျော်နသန်တို့မှာ ဝိညာဉ်ရေးရာစံနှုန်းတွေကို တန်ဖိုးထားလေးမြတ်တဲ့စိတ်ရှိစေဖို့ သွတ်သွင်းပေးခဲ့ကြတယ်။

ကျွန်တော်မှတ်မိသလောက်ပြောပြရရင် တစ်အိမ်မှတစ်အိမ် အမှုဆောင်သွားတာ၊ ကျမ်းစာလေ့လာတာနဲ့ ခရစ်ယာန်အစည်းအဝေး တက်ရောက်တာတွေဟာ ကျွန်တော်တို့မိသားစုရဲ့ လုပ်ရိုးလုပ်စဉ်တွေဖြစ်တယ်။ ဝိညာဉ်ရေးမှာ ဒီလိုပြုစုပျိုးထောင်ခံခဲ့ရလို့ ယေဟောဝါဘုရားသခင်ကို ကျွန်တော်အခိုင်အမာ ယုံကြည်အားထားလာတာ။ ကျွန်တော့်ရဲ့ယုံကြည်ခြင်း ဘယ်လိုစမ်းသပ်ခံရမယ်ဆိုတာ တစ်ခါမှမစဉ်းစားခဲ့မိဘူး။

ကလေးဘဝအိပ်မက် အကောင်အထည်ပေါ်လာ

၁၉၈၅ ခုနှစ်မှာ အဖေက ကျွန်တော်တို့မိသားစုကို နယူးယောက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ဖြစ်တဲ့ ဘရွတ်ကလင်ဗေသလကို အလည်ခေါ်သွားတယ်။ ကျွန်တော့်အသက် ခုနစ်နှစ်ပဲရှိသေးပေမဲ့ ဗေသလအိမ်ဟာ တကယ်ထူးခြားတဲ့နေရာတစ်ခုဖြစ်တယ်လို့ ခံစားမိတယ်။ လူတိုင်းက ကိုယ့်အလုပ်မှာ ပျော်နေကြပုံပဲ။ ‘ငါကြီးလာရင် ဗေသလကိုလာပြီး ယေဟောဝါအတွက် ကျမ်းစာအုပ်တွေ ကူလုပ်ပေးမယ်’ လို့ ကျွန်တော်စိတ်ကူးလိုက်တယ်။

၁၉၉၂၊ အောက်တိုဘာလ ၁၈ ရက်မှာ ယေဟောဝါထံ ကျွန်တော် အပ်နှံ နှစ်ခြင်းခံခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီးနောက် ကျွန်တော့်အသက် ၁၇ နှစ်မှာ အဖေက ဗေသလကို အလည်ခေါ်သွားပြန်တယ်။ အသက်ကြီးလာပြီဖြစ်လို့ ဗေသလလုပ်ငန်းအရေးကြီးပုံကို ပိုပြီးနားလည်လာတယ်။ အိမ်အပြန်မှာ ဗေသလပန်းတိုင်ကို အရောက်လှမ်းဖို့ ကျွန်တော့်စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။

၁၉၉၆၊ စက်တင်ဘာလမှာ ကျွန်တော်မှန်မှန်ရှေ့ဆောင် ဒါမှမဟုတ် အချိန်ပြည့်ဧဝံဂေလိတရားဟောသူ စလုပ်တယ်။ ကျွန်တော့်ပန်းတိုင်ကို မျက်ခြည်မပြတ်စေဖို့ ဝိညာဉ်ရေးရာတွေမှာပဲ အာရုံနှစ်ထားတယ်။ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနဲ့ ကိုယ်ပိုင်လေ့လာမှုလုပ်တာတွေကို တိုးတက်စေခဲ့တယ်။ ညဘက်ဆိုရင် ကျမ်းစာဟောပြောချက်တိတ်ခွေတွေကို နားထောင်တယ်။ တချို့ဟောပြောချက်မှာ လာမယ့်ပရဒိသုနဲ့ ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာယုံကြည်ပြီး သေဆုံးခဲ့ကြတဲ့ ခရစ်ယာန်တွေအကြောင်း ပါတယ်။ (လုကာ ၂၃:၄၃; ဗျာ. ၂၁:၃၊ ၄) မကြာပါဘူး၊ အဲဒီဟောပြောချက်အားလုံးကို ကျွန်တော်အလွတ်ရလာတယ်။ ဒီလိုတည်ဆောက်မှုဖြစ်စေတဲ့ အကြောင်းအရာတွေက သိပ်မကြာခင် ကျွန်တော့်အတွက် ဘယ်လောက်အဖိုးတန်လာမယ်ဆိုတာ အဲဒီတုန်းက လုံးလုံးမသိခဲ့ဘူး။

၁၉၉၈၊ ဇူလိုင်လ ၁၁ ရက်နေ့မှာ ဘရွတ်ကလင်ကနေ စာတစ်စောင်ရောက်လာတယ်။ ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်း ဗေသလကိုဖိတ်ခေါ်တဲ့စာပေါ့။ နောက်တစ်လကြာတော့ ဗေသလအခန်းထဲ ကျွန်တော်ရောက်နေပြီလေ။ အသင်းတော်တွေကို တင်ပို့တဲ့စာအုပ်တွေ ပြုလုပ်တဲ့ စာအုပ်ချုပ်ဌာနမှာ ကျွန်တော်တာဝန်ကျတယ်။ ကျွန်တော့်ရဲ့ကလေးဘဝအိပ်မက်လေး တကယ်ဖြစ်လာပြီ။ ဗေသလမှာ ‘ယေဟောဝါအတွက် ကျမ်းစာအုပ်တွေ ကူလုပ်ပေးနေတယ်။’

ရောဂါလက္ခဏာပြလာခြင်း

ဒါပေမဲ့ ဗေသလကိုမသွားခင် တစ်လလောက်မှာ ကျွန်တော့်လက်ညှိုး ကောင်းကောင်းဆန့်လို့မရတာ သတိထားခဲ့မိတယ်။ တစ်ချိန်တည်းမှာ ရေကူးကန်ဆေးတဲ့အလုပ်မှာလည်း မောလွယ်လာတာကို သတိထားမိတယ်။ ကျွန်တော် အားစိုက်မလုပ်လို့ဖြစ်မှာပါဆိုပြီး ထင်ထားတာ။ တကယ်တော့ အရင်က ဒီထက်ပင်ပန်းတဲ့အလုပ်တွေကို အခက်အခဲမရှိ ကျွန်တော်လုပ်ခဲ့ဖူးတာပဲ။

ဗေသလကိုရောက်ပြီး အပတ်အနည်းငယ်အကြာမှာ ပိုဆိုးလာတယ်။ တခြားညီအစ်ကိုလေးတွေလို ခပ်သွက်သွက်နဲ့ လှေကားအတက်အဆင်း မလုပ်နိုင်ဘူး။ ကျွန်တော့်အလုပ်မှာ စာအုပ်ချုပ်မယ့်ပုံနှိပ်စာချပ်တွေကို မ,ရတဲ့အခါတွေလည်းရှိတယ်။ မောပန်းလွယ်ရုံမကဘူး ကျွန်တော့်ညာဘက်လက်က ကွေးလာတယ်။ ပြီးတော့ ကျွန်တော့်လက်မ ကြွက်သားကျုံ့လာပြီး လက်မကို လုံးလုံးမလှုပ်နိုင်တော့ဘူး။

ဗေသလကိုရောက်ပြီး နှစ်လအကြာ၊ အောက်တိုဘာလလယ်ပိုင်းမှာ ဆရာဝန်က ကျွန်တော် ALS ရောဂါရနေပြီလို့ ထုတ်ပြောတယ်။ ဆေးခန်းကပြန်အထွက်မှာ ကျွန်တော်အလွတ်ရထားတဲ့ ဟောပြောချက်တွေကို ချက်ချင်းပြန်သတိရမိတယ်။ သေရမှာကို ကျွန်တော်ထိတ်လန့်မသွားတာ ယေဟောဝါရဲ့ဝိညာဉ်တော် ကျွန်တော်နဲ့အတူရှိလို့ဖြစ်မယ်။ ဗေသလကိုပြန်ဖို့ ထွက်စောင့်နေလိုက်တယ်။ ကျွန်တော့်သတင်းကို မိသားစုကိုပြောပြတဲ့အခါ သူတို့ခံနိုင်ပါစေလို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။

အစပိုင်းမှာပြောသလိုပဲ ကျွန်တော်ကောင်းချီးတွေရနေတယ်လို့ ခံစားရဆဲပါ။ ဗေသလသွားဖို့ဆိုတဲ့ ကလေးဘဝကအိပ်မက်လည်းတကယ်ဖြစ်လာခဲ့ပြီ။ အဲဒီညနေပိုင်းမှာ ဘရွတ်ကလင်တံတားပေါ် လမ်းလျှောက်သွားရင်း ကျွန်တော့်ပန်းတိုင်ကို အရောက်လှမ်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ တုန်လှုပ်စရာကောင်းတဲ့ ဒီအဖြစ်အပျက်ကို ရင်ဆိုင်နိုင်ဖို့ကူညီပေးပါဆိုပြီး ယေဟောဝါထံ ဆုတောင်းခဲ့တယ်။

မိတ်ဆွေအတော်များများက အကူအညီပေးဖို့ ကမ်းလှမ်းကြတယ်။ စိတ်ကို ပျော်ပျော်ထားပြီး အကောင်းဘက်ကကြည့်ဖို့ ကျွန်တော်ကြိုးစားတယ်။ ရောဂါသိရပြီးနောက်တစ်ပတ် အမေနဲ့ဖုန်းပြောဖြစ်တဲ့အခါ အမေက ကျွန်တော်ဒီလိုသတ္တိရှိတာကောင်းပေမဲ့ ငိုချလိုက်တာလည်း မမှားဘူးလို့ပြောတယ်။ အမေလည်း အဲဒီလိုပြောလိုက်ရော ကျွန်တော်ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။ ကျွန်တော်စိတ်ကူးအိပ်မက်ထားသမျှကို လက်လွှတ်ဆုံးရှုံးရတော့မယ်ဆိုတာ သိလိုက်တယ်။

အမေနဲ့အဖေက ကျွန်တော့်ကို အိမ်ပြန်လာစေချင်တဲ့အတွက် အောက်တိုဘာလအကုန် မျှော်လင့်မထားတဲ့ တစ်မနက်ခင်းမှာ ကျွန်တော့်အခန်းတံခါးကို လာခေါက်ကြတယ်။ နောက်ရက်တွေမှာ အဖေနဲ့အမေ့ကို ဗေသလအိမ် လှည့်လည်ပြပြီး ကျွန်တော့်မိတ်ဆွေတွေအပြင် သက်တမ်းကြာတဲ့ ဗေသလအိမ်သားတွေနဲ့ပါ မိတ်ဆက်ပေးတယ်။ ဗေသလအတွေ့အကြုံကို မိဘတွေကိုဝေမျှပေးရတဲ့ အဲဒီနေ့ရက်တွေဟာ ကျွန်တော့်ဘဝရဲ့ အပျော်ရဆုံး အမှတ်တရအချိန်တွေထဲမှာပါတယ်။

ကောင်းချီးများကို ရေတွက်ခြင်း

အဲဒီအချိန်ကတည်းက ကျွန်တော့်ကို ယေဟောဝါနည်းအမျိုးမျိုးနဲ့ ကောင်းချီးတွေဆက်ပေးခဲ့တယ်။ ၁၉၉၉၊ စက်တင်ဘာလမှာ ပထမဆုံးအကြိမ် လူထုဟောပြောချက်ပေးရတဲ့အပြင် တခြားအသင်းတော်တွေမှာလည်း ဟောပြောချက်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင် ကျွန်တော်စကားပြောတာ ဗလုံးဗထွေးဖြစ်လာတဲ့အတွက် ဟောပြောချက်မပေးနိုင်တော့ဘူး။

ကောင်းချီးနောက်တစ်မျိုးကတော့ ကျွန်တော့်မိသားစုနဲ့ ဝိညာဉ်ရေးရာညီအစ်ကို၊ ညီအစ်မတွေရဲ့ မယိမ်းယိုင်တဲ့မေတ္တာနဲ့ အားပေးကူညီမှုဖြစ်တယ်။ ကျွန်တော့်ခြေထောက် မခိုင်တော့တဲ့အခါ အမှုဆောင်ထွက်နိုင်ဖို့ မိတ်ဆွေတွေက ကျွန်တော့်ကိုတွဲပြီး လျှောက်ကြတယ်။ တချို့ဆိုရင် အိမ်ကိုလာပြီး ကျွန်တော့်ကို ကြည့်ရှုပြုစုပေးကြတဲ့အထိပဲ။

အကြီးမားဆုံး ကောင်းချီးတစ်ခုကတော့ ကျွန်တော့်ဇနီး အမဲန်ဒါပဲ။ ဗေသလကနေ ပြန်လာပြီးနောက် ကျွန်တော်တို့ ခင်မင်ရင်းနှီးသွားတယ်။ ဝိညာဉ်ရေးမှာရင့်ကျက်တဲ့သူ့ကို ကျွန်တော်သဘောကျမိတယ်။ ALS ရောဂါနဲ့ ဆရာဝန်ရဲ့ခန့်မှန်းချက်တွေအကြောင်း အားလုံးသူ့ကိုပြောပြလိုက်တယ်။ ကျွန်တော်တို့ရည်းစားမဖြစ်ခင် ခရစ်ယာန်ဓမ္မအမှုမှာ အတော်ကြာကြာ ပါဝင်ခဲ့ကြပြီး ၂၀၀၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှာ ကျွန်တော်တို့လက်ထပ်ခဲ့တယ်။

အမဲန်ဒါက ဒီလိုပြောတယ်– “ဂျေစင်ဟာ ဘုရားသခင်ကိုချစ်မြတ်နိုးပြီး ဝိညာဉ်ရေးရာတွေမှာ စိတ်ထက်သန်သူဖြစ်တဲ့အတွက် သူ့ကို ကျွန်မစိတ်ဝင်စားသွားတယ်။ လူကြီးလူငယ်မရွေး သူ့ကို ခင်ကြတယ်။ ကျွန်မက ပင်ကိုအရ အေးအေးဆေးဆေး၊ ခပ်တည်တည်နေတတ်ပြီး သူကတော့ အရမ်းတက်ကြွ၊ ဖော်ရွေတဲ့သူဖြစ်တယ်။ ကျွန်မတို့နှစ်ယောက်စလုံးမှာ ဟာသဉာဏ်ရှိတဲ့အတွက် အတူရယ်မောရတာတွေ အများကြီးပဲ။ မိတ်ဟောင်းဆွေဟောင်းတွေလိုပဲ သူနဲ့နေရတာ သက်သောင့်သက်သာရှိတယ်။ ဂျေစင်က သူ့ရောဂါနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တာတွေကို ကျွန်မကို အသေအချာရှင်းပြတယ်။ ဒါပေမဲ့ အချိန်ရသလောက် အတူတူနေမယ်လို့ ကျွန်မစိတ်ကူးထားတယ်။ ဒီအစီအစဉ်စနစ်ကြီးမှာ ဘာတစ်ခုမှ သေချာရေရာတာမှမဟုတ်တာ။ ကျန်းမာရေးကောင်းတဲ့သူတွေမှာတောင် ‘အချိန်နဲ့ ကြိုတင်မမြင်ရတဲ့ အဖြစ်အပျက်’ တွေကျရောက်တတ်တာပဲ။”—⁠ဒေ. ၉:⁠၁၁

စကားပြောဆက်သွယ်ရန် နည်းလမ်းရှာခြင်း

ကျွန်တော်စကားပြောတာကို နားမလည်ကြတော့တဲ့အခါ အမဲန်ဒါက ကျွန်တော့်ရဲ့စကားပြန်ဖြစ်လာတယ်။ ကျွန်တော်လုံးဝ စကားမပြောနိုင်တော့တဲ့အခါ အပြန်အလှန်ပြောဆိုတဲ့နည်းတစ်ခုကို ကျွန်တော်တို့ထွင်ကြတယ်။ အမဲန်ဒါက အက္ခရာစဉ်ကို ရွတ်ပြတဲ့အခါ ကျွန်တော်လိုချင်တဲ့ အက္ခရာရောက်ရင် မျက်စိမှိတ်ပြလိုက်တယ်။ အဲဒီစာလုံးကို သူမှတ်ထားပြီး နောက်တစ်လုံးကို ဆက်သွားတယ်။ ဒီနည်းနဲ့ စာကြောင်းတစ်ကြောင်းလုံးကို ကျွန်တော်စာလုံးပေါင်းနိုင်ခဲ့တယ်။ ဒီဆက်သွယ်နည်းကို အမဲန်ဒါရော ကျွန်တော်ပါ တော်တော်လေးကျွမ်းကျင်လာကြတယ်။

အခုတော့ ခေတ်သစ်နည်းပညာရဲ့ကျေးဇူးကြောင့် လက်ဆွဲကွန်ပျူတာနဲ့ ကျွန်တော်စကားပြောဆက်သွယ်နေတယ်။ ကျွန်တော်ပြောချင်တာကို ရိုက်လိုက်ရင် ကွန်ပျူတာက အသံထွက်ပေးတယ်။ ကျွန်တော့်လက်တွေကို မသုံးနိုင်တော့တဲ့အချိန်ကစပြီး ကျွန်တော့်ပါးကို အနီအောက်ရောင်ခြည်အာရုံခံကိရိယာ ချိန်ထားပြီး လှုပ်ရှားမှုမှန်သမျှကို အာရုံခံပေးတယ်။ ကွန်ပျူတာဖန်သားပြင်ထောင့်မှာ အက္ခရာစဉ်ပါတဲ့ လေးထောင့်ကွက်လေးရှိတယ်။ ကျွန်တော့်မျက်နှာကို နည်းနည်းလှုပ်ပြီး လိုချင်တဲ့စကားလုံးကိုရွေးပြီးတော့ စကားလုံးဖော်နိုင်တယ်။

လယ်ကွင်းအမှုဆောင်မှာ ကျွန်တော့်ဇနီးတွေ့ဆုံခဲ့တဲ့ စိတ်ဝင်စားသူတွေကို ဒီကွန်ပျူတာနဲ့ ကျွန်တော်စာရေးနိုင်တယ်။ တစ်အိမ်မှတစ်အိမ်ဟောပြောဖို့နဲ့ ကျမ်းစာသင်အံမှုတွေကျင်းပဖို့ ကျွန်တော်ကြိုပြင်ထားတဲ့ တင်ဆက်မှုတွေကို ကွန်ပျူတာအသံနဲ့ တင်ဆက်နိုင်တယ်။ ဒီနည်းတွေအားဖြင့် ကျွန်တော် မှန်မှန်ရှေ့ဆောင် ဆက်လုပ်နိုင်ခဲ့တယ်။ ဓမ္မအမှုထမ်းအဖြစ် ကျွန်တော်အမှုထမ်းနေတဲ့ အသင်းတော်မှာ မကြာသေးခင်က ဟောပြောချက်တွေ ပြန်ပေးလာနိုင်တဲ့အပြင် တခြားတာဝန်တွေကိုပါ ကိုင်တွယ်လာနိုင်ပြီ။

ဟာသဉာဏ်ကို ဆက်ထိန်းထားခြင်း

အတော်လေးစိတ်ဆင်းရဲစရာကောင်းတဲ့ အဖြစ်အပျက်တွေကိုလည်း ကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော့်ခြေထောက်တွေ အားပျော့လာတဲ့အတွက် ခဏခဏလဲကျတယ်။ နောက်ပြန်လဲကျလို့ ခေါင်းကွဲတာလည်း အကြိမ်ကြိမ်ပဲ။ ကျွန်တော့်ကြွက်သားတွေ တောင့်တင်းနေတဲ့အတွက်ကြောင့် လဲပြီဆိုရင် သစ်ပင်လဲသလိုပဲ။ အနားမှာရှိတဲ့လူတွေက အလန့်တကြားပြေးလာကူကြတယ်။ ဒါပေမဲ့ အစိုးရိမ်မလွန်စေဖို့ ကျွန်တော်ဟာသဖောက်လေ့ရှိတယ်။ ဟာသဉာဏ်မပျောက်ဖို့ ကျွန်တော်အမြဲကြိုးစားပါတယ်။ ဒါကလွဲလို့ ကျွန်တော်ဘာလုပ်နိုင်မှာလဲ။ အခြေအနေဆိုးရွားလာလို့ ကျွန်တော်စိတ်ဆိုးချင်ဆိုးနိုင်ပေမဲ့ စိတ်ဆိုးနေလို့ကော ဘာထူးလာမှာလဲ။

သူငယ်ချင်းနှစ်ယောက်နဲ့အတူ အမဲန်ဒါနဲ့ကျွန်တော် လမ်းလျှောက်ထွက်ကြတဲ့ တစ်ညနေခင်းမှာ ရုတ်တရက် ကျွန်တော်နောက်ပြန်လဲကျပြီး ခေါင်းကိုထိသွားတယ်။ ကျွန်တော့်ကို သုံးယောက်သား စိုးရိမ်တကြီးငုံ့ကြည့်နေကြပြီး သူငယ်ချင်းတစ်ယောက်က အခြေအနေကောင်းရဲ့လားလို့မေးတာကို မှတ်မိသေးတယ်။

“ကောင်းပါတယ်။ ဒါပေမဲ့ ကြယ်တွေ၊ လတွေမြင်သွားတယ်” ဆိုပြီး ကျွန်တော်ဖြေတယ်။

“တကယ်ပြောတာလား” လို့ သူငယ်ချင်းကမေးတယ်။

“တကယ်ပြောတာ၊ ကြည့်ပါလား၊ သိပ်လှတာပဲ” ဆိုပြီး ကောင်းကင်ကိုလက်ညှိုးထိုးပြလိုက်တော့ အားလုံးက ရယ်ကြတယ်။

နေ့စဉ်ကြုံတွေ့ရသောအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း

ကျွန်တော့်ကြွက်သားတွေ ကြုံလှီလာတာနဲ့အမျှ အခက်အခဲတွေ ပိုပိုများလာတယ်။ အစာစားတာ၊ ရေချိုးတာ၊ အိမ်သာသွားတာ၊ အင်္ကျီကြယ်သီးတပ်တာစတဲ့ နေ့စဉ်လုပ်ရတဲ့ ရိုးရိုးအလုပ်တွေလုပ်တဲ့အခါတောင် မောဟိုက်လာတယ်။ အခုဆိုရင် အကူအညီမရဘဲ မလှုပ်နိုင်၊ စကားမပြောနိုင်၊ မစားနိုင်၊ အသက်မရှူနိုင်တဲ့အထိ ကျွန်တော့်အခြေအနေဆိုးလာပြီ။ ကျွန်တော့်အစာအိမ်ထဲ ဓာတ်စာအရည်ပို့ပေးတဲ့ အစာပိုက်တပ်ထားရတယ်။ အသက်ရှူနိုင်ဖို့ အသက်ရှူကိရိယာလည်း တပ်ထားရတယ်။

တတ်နိုင်သ၍ သူများအကူအညီမယူဘဲ ကိုယ့်ဘာသာကိုယ်လုပ်ဖို့ ဆုံးဖြတ်ထားပေမဲ့ အမဲန်ဒါက ကူညီပေးဖို့ အမြဲတမ်းအသင့်ရှိတယ်။ တစ်နေ့တခြား သူများကို မှီခိုအားကိုးလာရပေမဲ့ ကျွန်တော်အသုံးမကျဘူးလို့ ခံစားရအောင် သူတစ်ခါမှမလုပ်ခဲ့ဘူး။ ကျွန်တော့်ကို အမြဲတမ်း သိက္ခာရှိရှိဆက်ဆံတယ်။ အခု ကျွန်တော့်ကို သူပြုစုစောင့်ရှောက်ပေးပုံက တကယ့်ကိုမယုံနိုင်စရာပဲ။ ဒါပေမဲ့ လွယ်တဲ့အလုပ်မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။

အမဲန်ဒါက သူရဲ့ခံစားချက်တွေကို ဒီလိုပြောပြတယ်– “ဂျေစင်ရဲ့အခြေအနေက ပိုပိုဆိုးလာပြီဖြစ်လို့ အခြေအနေနဲ့အညီ သူ့ကိုကျွန်မ ပြုစုပေးတတ်လာပြီ။ အသက်ရှူကိရိယာတပ်ထားရတဲ့အတွက် သူ့ကို ၂၄ နာရီလုံးလုံး ကြည့်ရှုပေးဖို့လိုလာတယ်။ သူ့ရဲ့အဆုတ်ထဲမှာ ချွဲသလိပ်တွေ စုပုံနေတတ်လို့ ချွဲစုပ်စက်နဲ့ စုပ်ထုတ်ပစ်ရတယ်။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်စလုံး ကောင်းကောင်းမအိပ်ရဘူး။ တစ်ခါတလေ ကျွန်မ အထီးကျန်ဖြစ်ပြီး စိတ်ပျက်အားလျော့မိတယ်။ ကျွန်မတို့ အမြဲတမ်းအတူရှိနေပေမဲ့ စကားပြောဆက်သွယ်ဖို့ မလွယ်ဘူး။ အရမ်းတက်ကြွခဲ့သူဖြစ်ပေမဲ့ ခုချိန်မှာ တက်ကြွတာဆိုလို့ သူ့မျက်လုံးတွေပဲ ရှိတော့တယ်။ ဒါတောင် အရွှန်းဖောက်တတ်တုန်း၊ ဉာဏ်ထက်တုန်းပဲ။ ဒါပေမဲ့ သူ့ရဲ့အသံကို ကျွန်မအောက်မေ့လွမ်းဆွတ်မိတယ်။ ကျွန်မကို ဖက်ထားတာတွေ၊ ကျွန်မလက်ကို ကိုင်ထားတာတွေကိုလည်း လွမ်းဆွတ်တမ်းတမိတယ်။

“ဒီအခြေအနေကို ကျွန်မဘယ်လို ရင်ဆိုင်ကျော်လွှားသလဲလို့ တစ်ခါတလေ လူတွေက မေးကြတယ်။ ပြောရမယ်ဆိုရင်တော့ ယေဟောဝါအပေါ် ဘယ်လောက်မှီခိုအားထားဖို့လိုတယ်ဆိုတာ ဒီအဖြစ်ဆိုးက ကျွန်မကို သင်ပေးတယ်။ ကိုယ့်အားကိုယ်ကိုးရင် အသက်မရှူနိုင်တော့တဲ့အထိ ကိုယ့်ပြဿနာကိုပဲ အာရုံရောက်နေတတ်တယ်။ ကျွန်မရဲ့အခြေအနေနဲ့ ကြုံတွေ့နေရတာတွေကို ယေဟောဝါတစ်ပါးတည်းသာ ကောင်းကောင်းနားလည်တဲ့အတွက် ဆုတောင်းခြင်းက အကူအညီဖြစ်စေတယ်။ ဂျေစင်ရဲ့မိဘတွေကလည်း အများကြီးကူညီပေးကြတယ်။ ကျွန်မအနားယူဖို့လိုတဲ့အခါဖြစ်စေ ဒါမှမဟုတ် အမှုဆောင်ထွက်ချင်တဲ့အခါဖြစ်စေ ကူညီပေးဖို့ အမြဲတမ်းအသင့်ရှိကြတယ်။ အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေရဲ့ အားပေးထောက်မမှုအတွက်လည်း ကျွန်မကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်စနစ်မှာ ကျွန်မတို့ခံစားနေရသမျှဟာ “ခဏခံရပြီး ပေါ့ပါး” တဲ့အရာဖြစ်တယ်ဆိုတာ သတိရခြင်းကလည်း အထောက်အကူပြုပါတယ်။ (၂ ကောရိန္သု ၄:၁၈) အရာအားလုံးကို ယေဟောဝါပြုပြင်တည့်မတ်ပေးမယ့် ကမ္ဘာသစ်ကို ကျွန်မအာရုံပြုထားတယ်။ သောကဖိစီးမှုတွေအားလုံး မရှိတော့ဘဲ ဂျေစင်ပြန်ကျန်းမာလာတဲ့အခါ ကျွန်မဝမ်းသာလွန်းလို့ ငိုမိမယ်ထင်တယ်။”

စိတ်ဓာတ်ကျမှုကို တိုက်လှန်ခြင်း

ဘာကိုမှ မစွမ်းဆောင်နိုင်ဘဲ ဒီဘီးတပ်ကုလားထိုင်မှာ ထိုင်နေရတဲ့သူတစ်ယောက်အနေနဲ့ တစ်ခါတလေ သိပ်စိတ်ဓာတ်ကျတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ တစ်ခါတုန်းက ကျွန်တော့်အစ်မအိမ်မှာ မိသားစုတွေ့ဆုံပွဲလုပ်တဲ့အချိန်ကို ကျွန်တော်မှတ်မိသေးတယ်။ အစာမစားရသေးတဲ့အတွက် ကျွန်တော်ဗိုက်ဆာနေတယ်။ အားလုံးက အသားညှပ်ပေါင်မုန့်နဲ့ ပြောင်းဖူးပြုတ်ကို မြိန်ရေရှက်ရေစားနေကြတယ်။ သူတို့တွေစားသောက်ပြီး ကလေးတွေနဲ့ကစားနေကြတာကို ထိုင်ကြည့်ရင်း ကျွန်တော်ဝမ်းနည်းအားငယ်မိတယ်။ ‘ဒါလုံးဝမတရားဘူး! ငါ့ကျတော့ ဒါတွေကို ဘာဖြစ်လို့ လက်လွတ်ဆုံးရှုံးနေတာလဲ’ ဆိုပြီး စဉ်းစားမိတယ်။ မိသားစုညချမ်းကို မပျက်စီးစေချင်တဲ့အတွက် မျက်ရည်မကျမိအောင်ကူညီပေးဖို့ ယေဟောဝါကို အသနားခံခဲ့တယ်။

ကျွန်တော်ဆက်ပြီး သစ္စာရှိမယ်ဆိုရင် ‘ကဲ့ရဲ့သောသူ စာတန်ရဲ့စကားကို ပြန်ချေ’ နိုင်ခွင့် ယေဟောဝါရလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးတယ်။ (သု. ၂၇:၁၁) ကျွန်တော်ပြောင်းဖူးစားနိုင်တာ၊ မစားနိုင်တာ ဒါမှမဟုတ် ကလေးတွေနဲ့ကစားနိုင်တာ၊ မကစားနိုင်တာထက် အများကြီးပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေတာသိထားတဲ့အတွက် ခွန်အားရှိစေပါတယ်။

ကျွန်တော့်လိုလူနာတစ်ယောက်ဟာ ကိုယ့်ပြဿနာတွေမှာပဲ အာရုံရောက်နေတတ်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ‘သခင်ဘုရားရဲ့အမှုတော်မှာ လုပ်ကိုင်စရာများစွာရှိနေ’ တာက အထောက်အကူပြုတာ တွေ့ခဲ့ရတယ်။ (၁ ကောရိန္သု ၁၅:၅၈) ခရစ်ယာန်ဓမ္မအမှုမှာ အလုပ်များနေခြင်းအားဖြင့် ကျွန်တော့်ရဲ့ပြဿနာတွေကို သောကရောက်နေဖို့ အချိန်မရှိဘူး။ ယေဟောဝါကို ယုံကြည်လာအောင် တခြားသူတွေကိုကူညီပေးဖို့ အာရုံစိုက်နေခြင်းက ကျွန်တော်ပျော်ရွှင်ရတဲ့ အကြောင်းရင်းတစ်ခုပဲ။

စိတ်ဓာတ်ကျတာကို တိုက်လှန်ရာမှာ ကျွန်တော့်ကိုကူညီပေးတဲ့အရာတစ်ခုရှိသေးတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းကြောင့် ထောင်ကျတိုက်ပိတ်ခံခဲ့ရတဲ့ သစ္စာရှိသူတွေရဲ့တွေ့ကြုံမှုတွေကို ကျွန်တော်ပြန်စဉ်းစားတယ်။ ကျွန်တော့်အခန်းဟာ အကျဉ်းခန်းဖြစ်ပြီး ယုံကြည်ခြင်းကြောင့် ကျွန်တော်အကျဉ်းကျနေတယ်လို့ သဘောထားလိုက်တယ်။ တကယ်အကျဉ်းကျနေသူတွေနဲ့စာရင် ကျွန်တော်ရထားတဲ့အခွင့်အရေးတွေကို ပြန်စဉ်းစားတယ်။ ကျွန်တော်ကျမ်းစာစာပေတွေရထားတယ်။ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနဲ့ဖြစ်စေ အစည်းအဝေးတွေကို ကျွန်တော်တက်နိုင်တယ်။ လွတ်လွတ်လပ်လပ် အမှုဆောင်ထွက်ခွင့်ရှိတယ်။ ကျွန်တော့်ကိုအဖော်လုပ်ပေးတဲ့ ချစ်မြတ်နိုးရတဲ့ဇနီးလည်းရှိတယ်။ ဒီလိုစဉ်းစားဆင်ခြင်ခြင်းက ကျွန်တော်ကောင်းချီးတွေ အများကြီးရထားတယ်ဆိုတာ သိနားလည်စေတယ်။

“ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏” ဆိုတဲ့ တမန်တော်ပေါလုရဲ့ စကားတွေကို ကျွန်တော်အထူးစိတ်ဝင်စားတယ်။ ကျွန်တော့်ရဲ့အပြင်လူက တကယ့်ကိုပျက်ယွင်းနေပါပြီ။ ဒါပေမဲ့ အရှုံးမပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ကျွန်တော်ပြန်ပြီး ကျန်းမာလာအောင် ယေဟောဝါပြုလုပ်ပေးမယ့် လာမယ့်ကမ္ဘာသစ်မှာ ရရှိမယ့်ကောင်းချီးတွေအပါအဝင် “မထင်ရှားသောအရာတို့ကို” ယုံကြည်ခြင်းမျက်စိနဲ့ အာရုံပြုထားခြင်းက ကျွန်တော့်ကိုထောက်မပေးပါတယ်။—⁠၂ ကောရိန္သု ၄:၁၆၊ ၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤရောဂါ၏ဆိုးကျိုးကို နားလည်ရန် စာမျက်နှာ ၁၉ လေးထောင့်ကွက်ပါ “ALS နှင့်ပတ်သက်သော အချက်အလက်များ” ကိုဖတ်ရှုရန် အကြံပြုပါသည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

Alsနှင့်ပတ်သက်သော အချက်အလက်များ

▪ ALS ဟူသည် အဘယ်နည်း။ ALS (amyotrophic lateral sclerosis) ဟူသည် ရုတ်ခြည်းဖြစ်ပေါ်လာပြီး ကျောရိုးနဗ်ကြောစည်းနှင့် ဦးနှောက်အောက်ပိုင်းရှိ နဗ်ကြောဆဲလ်များကို ထိခိုက်ပျက်စီးစေသည့်ရောဂါဖြစ်သည်။ နဗ်ကြောဆဲလ်များ၏တာဝန်မှာ တစ်ကိုယ်လုံးရှိ အစင်းပါကြွက်သား (နဗ်ဆဲလ်ထိန်းချုပ်မှုအောက်ရှိကြွက်သား) များသို့ ဦးနှောက်မှသတင်းအချက်အလက်များကို ပို့ဆောင်ပေးသည်။ ALS ရောဂါသည် နဗ်ကြောဆဲလ်များကို ပျက်ယွင်း၊ သေဆုံးစေပြီး တဖြည်းဖြည်းချင်း သွက်ချာပါဒဖြစ်သွားစေသည်။ *

▪ ALS ကို အဘယ်ကြောင့် လူဂဲရစ်ခ်ရောဂါဟူ၍လည်း ခေါ်ဆိုကြသနည်း။ လူဂဲရစ်ခ်သည် နာမည်ကျော် အမေရိကန်ဘေ့စ်ဘောအားကစားသမားတစ်ဦးဖြစ်သည်။ သူသည် ၁၉၃၉ ခုနှစ်တွင် ALS ရောဂါရပြီး ၁၉၄၁ ခုနှစ်၊ အသက် ၃၈ နှစ်တွင် သေဆုံးသွားခဲ့သည်။ အချို့နိုင်ငံများတွင် ALS ကို လှုပ်မှုနဗ်ကြောဆဲလ်ရောဂါဟု ခေါ်သည်။ ထိုရောဂါစုတွင် ALS နှင့် အခြားနဗ်ကြောရောဂါများ ပါဝင်သည်။ ၁၈၆၉ ခုနှစ်တွင် ALS ရောဂါကို ဦးဆုံးလေ့လာဖော်ပြခဲ့သော ဦးနှောက်နှင့် အာရုံကြောပါရဂူ ဂျင်းမာတင် ချားကက်ထ်ကို အစွဲပြုကာ ချားကက်ထ်ရောဂါဟူ၍လည်း တစ်ခါတစ်ရံခေါ်ကြသည်။

▪ မည်သည့်အကြောင်းများက ALS ဖြစ်စေသနည်း။ ALS ဖြစ်ရသည့်အကြောင်းရင်းကို မသိရပါ။ သုတေသီများအဆိုအရ ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းများတွင် ဗိုင်းရပ်စ်များ၊ ပရိုတင်းချို့တဲ့မှု၊ မျိုးရိုးဗီဇချို့ယွင်းမှု (အထူးသဖြင့် မျိုးရိုးလိုက်သည့် ALS တွင်)၊ အဆိပ်ဖြစ်စေသောသတ္တုဓာတ်များလွန်းခြင်း၊ နဗ်ကြောအဆိပ်သင့်ခြင်း (အထူးသဖြင့် ဂူအမ် ALS တွင်)၊ ရောဂါပြီးစနစ်ချို့ယွင်းမှုနှင့် အင်ဇိုင်းချို့တဲ့မှုတို့ ပါဝင်သည်။

▪ ကြိုတင်ခန့်မှန်းချက်ကား အဘယ်နည်း။ ရောဂါတိုးလာသည်နှင့်အမျှ တစ်ကိုယ်လုံးရှိကြွက်သားများ အားပျော့လာပြီး ကြုံလှီသွားသည်။ နောက်ပိုင်းအဆင့်များတွင် ထိုရောဂါသည် အသက်ရှူအဖွဲ့ဆိုင်ရာကြွက်သားများကို အားပျော့စေသဖြင့် နောက်ဆုံးတွင် ထိုလူနာများသည် အသက်ရှူကိရိယာကို အားကိုးရတော့သည်။ ဤရောဂါသည် လှုပ်မှုနဗ်ကြောဆဲလ်များကိုသာ ထိခိုက်သောကြောင့် လူနာ၏စိတ်၊ ကိုယ်ရည်ကိုယ်သွေး၊ စဉ်းစားဉာဏ်နှင့် မှတ်ဉာဏ်တို့ကို မပျက်ယွင်းစေပါ။ အဆိုပါလူနာများသည် မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်၊ အရသာခံနိုင်ပြီး ထိတွေ့ မှုကိုသိနိုင်ကြသဖြင့် ထိသိမှုအာရုံများလည်း မပျက်စီးပါ။ ALS ရောဂါသည်များသည် ရောဂါလက္ခဏာများပေါ်လာပြီး သုံးနှစ်မှ ငါးနှစ်အတွင်း သေဆုံးလေ့ရှိသည်။ သို့သော် ရောဂါသည် ၁၀ ရာခိုင်နှုန်းမှာ ဆယ်နှစ် သို့မဟုတ် ထို့ထက်မက ဆက်အသက်ရှင်ကြသည်။

▪ ထိုရောဂါကို မည်သို့ကုသနိုင်သနည်း။ ALS ရောဂါကုသနည်း မရှိသေးပါ။ ဆရာဝန်တစ်ဦးသည် ရောဂါလက္ခဏာအချို့ကြောင့်ဖြစ်သည့် နာကျင်ကိုက်ခဲမှုများ သက်သာစေဖို့ ဆေးညွှန်းပေးနိုင်သည်။ ရောဂါလက္ခဏာများနှင့် ရောဂါအဆင့်ပေါ်မူတည်ပြီး လူနာသည် ရူပကုထုံး၊ အလုပ်ပေးကုထုံး၊ စကားပြောကုထုံးနှင့် အထောက်အကူပြုကိရိယာအမျိုးမျိုးအပါအဝင် ပြန်လည်ထူထောင်ရေးဌာနအချို့မှ အကူအညီရယူနိုင်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 48 ALS အမျိုးအစားသုံးမျိုးရှိ၏– မျိုးရိုးမရှိဘဲဖြစ်သော ALS (အဖြစ်အများဆုံး)၊ မျိုးရိုးလိုက်သော ALS (၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်မှာ မိသားစုတွင် ထိုရောဂါရာဇဝင်ရှိ) နှင့် ဂူအမ် ALS (ပစိဖိတ်သမုဒ္ဒရာရှိ ဂူအမ်ကျွန်းနှင့် ကုလသမဂ္ဂစောင့်ရှောက်ခံနယ်မြေများတွင် ပိုအဖြစ်များ) တို့ဖြစ်သည်။

[Credit Line]

Lou Gehrig: Photo by Hulton Archive/Getty Images

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

၁၉၈၅ ခုနှစ်တွင် ဗေသလကို လှည့်လည်ကြည့်ရှုစဉ်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အမဲန်ဒါနှင့် လက်ထပ်သောနေ့တွင်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အထူးတီထွင်ထားသော လက်ဆွဲကွန်ပျူတာက စကားပြောဆက်သွယ်ရန် ထောက်ကူပေး

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အသင်းတော်တွင် ဟောပြောချက်ပေးနေစဉ်