မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လမ်းညွှန်မှုရရန် သမ္မာကျမ်းစာကို အဘယ်ကြောင့် ဂရုပြုသင့်သနည်း

လမ်းညွှန်မှုရရန် သမ္မာကျမ်းစာကို အဘယ်ကြောင့် ဂရုပြုသင့်သနည်း

သမ္မာကျမ်းစာရှုထောင့်

လမ်းညွှန်မှုရရန် သမ္မာကျမ်းစာကို အဘယ်ကြောင့် ဂရုပြုသင့်သနည်း

‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း . . . ကို ပြုတတ်၏။’—⁠၂ တိမောသေ ၃:၁၆၊ ၁၇

သင့်ဘဝအတွက် လမ်းညွှန်မှုရရန် မည်သည့်နေရာတွင် ရှာဖွေသနည်း။ ယနေ့ စိတ်ကူးနိုင်သမျှ အကြောင်းအရာ အားလုံးနီးပါးအတွက် အကြံဉာဏ်မြောက်မြားစွာရှိသော်လည်း လူအများသည် လမ်းညွှန်မှုရရန် ရှေးကျမ်းဂန်ဖြစ်သော သမ္မာကျမ်းစာကို အလေးဂရုပြုကြသည်။

သို့သော် ဤသတင်းနှင့် နည်းပညာခေတ်တွင် လူအများစုသည် သမ္မာကျမ်းစာကို တန်ဖိုးမထားကြတော့ချေ။ လေးစားခံရသည့် ဆရာနှင့် သိပ္ပံပညာရှင်အချို့က သမ္မာကျမ်းစာသည် ကျွန်ုပ်တို့နှင့်သက်ဆိုင်မှုမရှိတော့ဟူသည့် အတွေးအခေါ်ကို စွဲကိုင်ထားကြသည်။ သူတို့အဆို မှန်သလော။ ယနေ့ လမ်းညွှန်မှုအမြောက်အမြား ရရှိနိုင်လျက်နှင့် သမ္မာကျမ်းစာကို အဘယ်ကြောင့် အလေးဂရုပြုသင့်သနည်း။

အမှန်တရားနှင့်ဆိုင်သော စာအုပ်တစ်အုပ်

တစ်ချိန်တွင် ယေရှုခရစ်သည် ရေတွင်း၌ အနားယူနေစဉ် ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားအပြန်အလှန်ပြောဆိုခဲ့သည်။ သူ့ကို ကိုယ်တော်ဤသို့ပြောဆိုသည်– ‘ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် . . . ဝိညာဉ်ဖြင့်လည်းကောင်း၊ အမှန်တရားဖြင့်လည်းကောင်း ကိုးကွယ်ရမည်။’ (ယောဟန် ၄:၂၄) ဘုရားသခင်နှစ်သက်လက်ခံသော ဝတ်ပြုနည်းတစ်ခုရှိကြောင်း ဤစကားများက ဖော်ပြသည်။ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုသည် အမှန်တရားနှင့်ညီရန် သမ္မာကျမ်းစာတွင် မိမိအကြောင်း ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြထားရာနှင့် ကိုက်ညီရမည်ဖြစ်သည်။ သမ္မာကျမ်းစာတွင် အမှန်တရားပါရှိ၏။—ယောဟန် ၁၇:၁၇

သို့သော် သမ္မာကျမ်းစာကို ယုံကြည်သည်ဟုဆိုသော ခရစ်ယာန်ဘာသာတရားအမြောက်အမြားရှိပြီး ယင်းခရစ်ယာန်ဘာသာတစ်ခုစီက တစ်မျိုးစီ သွန်သင်နေကြပုံရသည်။ ထို့ကြောင့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာနှင့်ပတ်သက်၍ များစွာရှုပ်ထွေးနေလေသည်။ ယေရှုသည် ဘုရားသခင်လော၊ ဘုရားသခင်၏သားတော်လော။ တမလွန်ဘဝရှိသလော၊ မရှိသလော။ ငရဲဟူသည် လူသေပြီးနောက် ညှဉ်းဆဲခံရသည့် အမှန်တကယ်တည်ရှိသော နေရာလော။ စာတန်သည် အမှန်တကယ်ရှိသည့် ပုဂ္ဂိုလ်လော။ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ကျွန်ုပ်တို့၏အပြုအမူနှင့် အကြံအစည်များသည် ဘုရားသခင်အတွက် အမှန်ပင်အရေးပါသလော။ မေတ္တာစစ်သည် လက်မထပ်မီလိင်ဆက်ဆံခြင်းအတွက် ခိုင်လုံသောအကြောင်းပြချက်လော။ အရက်ယမကာ သောက်သုံးခြင်းသည် မှားသလော။ * ဤကိစ္စများနှင့်ပတ်သက်၍ အမှန်တရားကို သွန်သင်ပေးသည်ဟု ခရစ်ယာန်ဘာသာတရားအသီးသီးက ဆို၏။ သို့သော် ထိုခရစ်ယာန်ဘာသာအယူဝါဒများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်လေ့ရှိသည်။ ယင်းတို့အားလုံးသည် အမှန်တရားမဖြစ်နိုင်ချေ။—မဿဲ ၇:၂၁-၂၃

သို့ဆိုလျှင် ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားနှင့် ကိုယ်တော်နှစ်သက်သော ဝတ်ပြုကိုးကွယ်မှုကို သင်မည်သို့သိရှိနိုင်မည်နည်း။ စိုးရိမ်ဖွယ်ရောဂါတစ်ခုကို ခွဲစိတ်ကုသရန်လိုကြောင်း သင်သိလိုက်ရသည်ဆိုပါစို့။ သင်အဘယ်အရာပြုလုပ်မည်နည်း။ ဖြစ်နိုင်မည်ဆိုလျှင် ထိုသို့ခွဲစိတ်ကုသရန် အကောင်းဆုံးဆရာဝန်ကို နှံ့နှံ့စပ်စပ်ရှာဖွေပေမည်။ သူသည် ကျွမ်းကျင်ဆရာဝန်ဖြစ်ကြောင်း အထောက်အထားများနှင့် သူ၏အတွေ့အကြုံကို စုံစမ်းလေ့လာပြီးနောက် ထိုဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပေမည်။ သူသည် အကောင်းဆုံးဆရာဝန်ဖြစ်သည်ကို သင်ယုံကြည်လက်ခံကာ စိတ်ချလက်ချဖြင့် ခွဲစိတ်ကုသခံပေမည်။ တခြားသူများမှာမူ ထိုသို့ယူဆကြမည်မဟုတ်။ သို့သော် သင်မူကား ဤဆရာဝန်အပေါ် လုံးဝယုံကြည်စိတ်ချလိုက်ပေပြီ။

ထိုနည်းထပ်တူပင်၊ ရှိနှင့်သောသက်သေသာဓကကို ရိုးသားမှန်ကန်စွာ စေ့စေ့စပ်စပ် စစ်ဆေးလေ့လာမည်ဆိုလျှင် ဘုရားသခင်နှင့် သမ္မာကျမ်းစာအပေါ် ယုံကြည်အားထားစိတ် တိုးပွားလာပေမည်။ (သု. ၂:၁-၄) ဘုရားသခင်နှစ်သက်လက်ခံသည့် ဝတ်ပြုကိုးကွယ်မှုအကြောင်း သင်သိရှိရန် ရှာဖွေစူးစမ်းရာတွင် သင်၌ရွေးချယ်ပိုင်ခွင့်ရှိသည်။ လူတို့၏ကွဲလွဲသည့် သွန်သင်ချက်များနှင့် အယူအဆများကို သင်အားကိုးနိုင်သည်။ သို့မဟုတ် သမ္မာကျမ်းစာ၏ရှုထောင့်ကို သင်ဆင်ခြင်သုံးသပ်ကြည့်နိုင်သည်။

တိကျမှန်ကန်ပြီး လက်တွေ့ကျ

‘ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . အကျိုးလည်းပြု’ ကြောင်း ကျမ်းစာကို အသေအချာ ဆန်းစစ်လေ့လာခြင်းအားဖြင့် သိရှိလာလိမ့်မည်။ * (၂ တိမောသေ ၃:၁၆၊ ၁၇) ဥပမာ၊ သမ္မာကျမ်းစာတွင် အလွန်အသေးစိတ်ကျသော ပရောဖက်ပြုချက်များ အပြည့်ပါရှိသည်။ ထိုပရောဖက်ပြုချက်များပြည့်စုံလာသည်ကို သမိုင်းက သက်သေထူသည်။ (ဟေရှာယ ၁၃:၁၉၊ ၂၀; ဒံယေလ ၈:၃-၈၊ ၂၀-၂၂; မိက္ခာ ၅:⁠၂) သမ္မာကျမ်းစာသည် သိပ္ပံစာအုပ်မဟုတ်သော်လည်း သိပ္ပံနည်းကျ တိကျမှုရှိ၏။ သမ္မာကျမ်းစာတွင် နှစ်ပေါင်းများစွာက ရေးသားခဲ့သည့် သဘာဝတရားနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များ မှန်ကန်ကြောင်းကို သိပ္ပံပညာရှင်များက နောက်ပိုင်းကျမှ သဘောတူလက်ခံလာခဲ့ကြသည်။—ဝတ်ပြုရာ ၁၁:၂၇၊ ၂၈၊ ၃၂၊ ၃၃; ဟေရှာယ ၄၀:၂၂

ထို့ပြင် သမ္မာကျမ်းစာသည် ပညာရှိသောဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးသည်။ ယင်းတွင် မိသားစုဘဝ၊ ကာယရေးနှင့် စိတ်ဓာတ်ရေးကျန်းမာမှု၊ စီးပွားရေးနှင့် နေ့စဉ်လုပ်ဆောင်ရသော တခြားကိစ္စများနှင့်ပတ်သက်သည့် လက်တွေ့ကျအကြံဉာဏ် များစွာပါဝင်သည်။ နယပုံပြင် ၂:၆၊ ၇ က ဤသို့ဆိုသည်– ‘ထာဝရဘုရားသခင်သည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်မြွက်စကားတော်အားဖြင့်သာ ဖြစ်တတ်၏။ ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကိုသိုထားတော်မူ၏။’ လမ်းညွှန်မှုရရန် သမ္မာကျမ်းစာကို အလေးဂရုပြုခြင်းအားဖြင့် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်” ဖို့ သင်၏သိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသည်။—ဟေဗြဲ ၅:၁၄

သမ္မာကျမ်းစာက ဘဝရည်ရွယ်ချက်ကို နားလည်ရန်လည်း ကူညီပေးသည်။ (ယောဟန် ၁၇:၃; တမန်တော် ၁၇:၂၆၊ ၂၇) ကမ္ဘာ့အခြေအနေများ၏ အဓိပ္ပာယ်ကိုပါ ရှင်းပြသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၄; ၂ တိမောသေ ၃:၁-၅) ကမ္ဘာပေါ်မှဆိုးသွမ်းမှုကို ဘုရားသခင်မည်သို့ဖယ်ရှားပြီး ကျန်းမာသန်စွမ်းမှုနှင့် ထာဝရအသက်ကို မည်သို့ရရှိနိုင်ကြောင်း ယင်းစာအုပ်တွင် ဖော်ပြထားသည်။—ဟေရှာယ ၃၃:၂၄; ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၂၁:၃၊ ၄

သမ္မာကျမ်းစာသည် အမှန်တကယ်ပင် ယုံကြည်စိတ်ချရပြီး လက်တွေ့ကျဉာဏ်ပညာ၏ ရင်းမြစ်ဖြစ်ကြောင်း သန်းပေါင်းများစွာသောသူတို့ ကိုယ်တိုင်တွေ့ရှိခဲ့ကြလေပြီ။ နိုးလော့! မဂ္ဂဇင်းတိုင်းတွင်ပါရှိသော “သမ္မာကျမ်းစာ ရှုထောင့်” အခန်းဆက်ဆောင်းပါးများကို လေ့လာကြည့်ရန် ထုတ်ဝေသူများက ဖိတ်ခေါ်ပါသည်။ ထိုသို့လေ့လာခြင်းအားဖြင့် သမ္မာကျမ်းစာသည် သင့်ဘဝကိုလမ်းညွှန်ပေးသည့် အကောင်းဆုံးရင်းမြစ်ဖြစ်ကြောင်း ထပ်ဆင့်အထောက်အထား ရရှိပေမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 နိုးလော့! ၏ ပုံမှန်ဆောင်းပါးတစ်ပုဒ်ဖြစ်သော “သမ္မာကျမ်းစာရှုထောင့်” နှင့် အခြားမေးခွန်းများကို နောင်ထုတ်ဝေမည့်စာစောင်များတွင် သုံးသပ်မည်။

^ အပိုဒ်၊ 12 သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းသောစာအုပ်ဖြစ်ကြောင်း သေချာစေရန် ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ–ဘုရားသခင့်နှုတ်မြွက်တော်လော၊ လူ့နှုတ်ထွက်လော ဟူသောစာအုပ်ကို ကြည့်ပါ။

သင်စဉ်းစားဖူးသလော

▪ အဘယ်ဝတ်ပြုကိုးကွယ်နည်းကို ဘုရားသခင်နှစ်သက်လက်ခံသနည်း။—ယောဟန် ၄:၂၄

▪ ဘုရားသခင့်ဉာဏ်ပညာမှ အကျိုးရယူရန် သင်အဘယ်အရာ ပြုလုပ်ရမည်နည်း။—သု. ၂:၁-၄

▪ သမ္မာကျမ်းစာသည် အဘယ်နည်းဖြင့် လက်တွေ့ကျသော လမ်းညွှန်မှုဖြစ်သနည်း။—ဟေဗြဲ ၅:၁၄