မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့မခန်းဖွယ် သွေးဆဲလ်နီများ

အံ့မခန်းဖွယ် သွေးဆဲလ်နီများ

အံ့မခန်းဖွယ် သွေးဆဲလ်နီများ

တောင်အာဖရိကမှ နိုးလော့! စာရေးသူ ပေးပို့သည်

သင့်သွေးလမ်းကြောင်းရှိ သွေးထဲတွင် အများဆုံးတွေ့ရသည့်ဆဲလ်သည် သွေး၏အရောင်ကိုနီစေသောကြောင့် ယင်းကို သွေးဆဲလ်နီဟုခေါ်သည်။ သွေးစက်လေးတစ်စက်၌ပင် ယင်းသို့သောဆဲလ်ပေါင်း သန်းရာနှင့်ချီရှိသည်။ အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ပါက ယင်းတို့သည် မုန့်လက်ကောက်ပုံစံရှိပြီး အလယ်တွင်အပေါက်ရှိရမည့်အစား အနည်းငယ်ချိုင့်သောမျက်နှာပြင်အပိတ်ရှိသည်။ ဆဲလ်တစ်ခုစီတွင် ဟီမိုဂလိုဗင်မော်လီကျူး သန်းရာနှင့်ချီပါဝင်သည်။ ဟီမိုဂလိုဗင်မော်လီကျူးတစ်ခုစီသည် လှပသောစက်လုံးပုံရှိသည်။ ယင်းကို ဟိုက်ဒရိုဂျင်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့် ဆာလဖာအက်တမ် ၁၀,၀၀၀ ခန့်အပြင် သွေးအား အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်းရှိစေသည့် လေးလံသောသံဓာတ် အက်တမ်လေးခုဖြင့် ဖွဲ့စည်းထားသည်။ ဟီမိုဂလိုဗင်သည် ရှူထုတ်လိုက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို တစ်သျှူးများမှ အဆုတ်သို့ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမောစေသည်။

သွေးဆဲလ်နီ၏ အရေးပါသောအစိတ်အပိုင်း နောက်တစ်ခုမှာ အမြှေးပါးခေါ် ဆဲလ်၏အရေပြားဖြစ်သည်။ ဤအံ့ချီးဖွယ်အပေါ်ယံလွှာသည် ဆဲလ်များအား ပါးလွှာသောအရွယ်အစားအထိ ဆန့်စေနိုင်သည်။ ယင်းကြောင့် သွေးဆဲလ်နီသည် အသေးငယ်ဆုံးသောသွေးကြောများအတွင်း ဖြတ်သွားနိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို ထောက်မပေးနိုင်ခြင်းဖြစ်သည်။

ရိုးတွင်းခြင်ဆီများက သွေးဆဲလ်နီများကို ထုတ်လုပ်ပေးသည်။ သွေးလမ်းကြောင်းအတွင်းသို့ ဆဲလ်အသစ်တစ်ခုရောက်ရှိလာပါက ယင်းသည် နှလုံးနှင့်ခန္ဓာကိုယ်တစ်လျှောက် အကြိမ်ပေါင်း ၁၀၀,၀၀၀ ကျော်လည်ပတ်နိုင်သည်။ အခြားဆဲလ်များနှင့်မတူသည်မှာ သွေးဆဲလ်နီများတွင် နျူကလီယခေါ် ဗဟိုချက်မ,မရှိခြင်းဖြစ်သည်။ ထို့ကြောင့် သွေးဆဲလ်နီများအား အောက်ဆီဂျင်ကိုသယ်ဆောင်ရန် နေရာလွတ်များပိုရစေပြီး ပေါ့ပါးစေကာ ယင်းကြောင့် နှလုံးသည် ခန္ဓာကိုယ်တစ်လျှောက် သန်းကုဋေချီရှိသည့်သွေးဆဲလ်နီများကို ထုတ်လွှတ်ရာတွင် ကူညီပေးသည်။ သို့သော် ဗဟိုချက်မ,မရှိသောကြောင့် ယင်းတို့၏အတွင်းပိုင်းများကို ပြန်လည်အသစ်ပြုပြင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ရက်ပေါင်း ၁၂၀ ခန့်ပြည့်ပြီးနောက် သွေးဆဲလ်နီများသည် စတင်ယိုယွင်းပျက်စီးလာကာ ဆန့်နိုင်ကျုံ့နိုင်သောသတ္တိပျောက်ဆုံးသွားသည်။ ဖမ်းစားဆဲလ်ဟုလည်းခေါ်သည့် သွေးဆဲလ်ဖြူကြီးများက ထိုအားအင်ကုန်ခန်းနေသောဆဲလ်တို့ကို သုံးစားပြီး သံဓာတ်အက်တမ်များကို ပြန်လည်ထုတ်လုပ်ပေးသည်။ ရှားပါးလှသော ထိုသံဓာတ်အက်တမ်များသည် မိမိတို့ကိုယ်ကို သွေးရည်ကြည်ပရိုတင်းမော်လီကျူးများတွင် တွယ်ကပ်လိုက်ပြီး ထိုမော်လီကျူးများက သူတို့ကို ရိုးတွင်းခြင်ဆီများထံ သယ်ဆောင်သွားပေးသည်။ ရိုးတွင်းခြင်ဆီများက သွေးဆဲလ်နီအသစ်များ ထုတ်လုပ်ရန် ယင်းတို့ကို ပြန်အသုံးပြုသည်။ သင့်ရိုးတွင်းခြင်ဆီသည် စက္ကန့်တိုင်း နှစ်သန်းမှသုံးသန်းရှိ သွေးဆဲလ်နီအသစ်များကို သွေးလမ်းကြောင်းအတွင်းသို့ ထုတ်လွှတ်ပေးလျက်ရှိသည်။

အကယ်၍ သန်းကုဋေချီရှိသော သွေးဆဲလ်နီများသာ ရုတ်တရက် အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားပါက မိနစ်ပိုင်းအတွင်း သင်သေဆုံးသွားပေလိမ့်မည်။ ကျွန်ုပ်တို့ကို အသက်ရှင်စေပြီး ဘဝကိုပျော်မွေ့နိုင်စေသည့် ဤအံ့ချီးဖွယ်ဖန်ဆင်းခြင်းလက်ရာအတွက် ယေဟောဝါကို အလွန်ကျေးဇူးတင်သင့်ပေသည်။ ‘အိုထာဝရဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏’ ဟုဆိုခဲ့သော ဆာလံဆရာ၏စကားကို သင်လက်ခံမည်မှာ ယုံမှားဖွယ်မရှိပေ။—⁠ဆာလံ ၁၃၉:၁၊ ၁၄

[စာမျက်နှာ ၁၆ ပါ ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သွေးဆလ်နီ

အမြှေးပါး

ဟီမိုဂလိုဗင် (ပုံကြီးချဲ့ထား)

အောက်ဆီဂျင်