မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဤကမ္ဘာကြီး အဘယ်ဆီသို့ ဦးတည်နေသနည်း

ဤကမ္ဘာကြီး အဘယ်ဆီသို့ ဦးတည်နေသနည်း

ဤကမ္ဘာကြီး အဘယ်ဆီသို့ ဦးတည်နေသနည်း

နောက် ၁၀ နှစ်၊ အနှစ် ၂၀ သို့မဟုတ် အနှစ် ၃၀ တွင် အဘယ်အရာများဖြစ်လာမည်နည်း။ အကြမ်းဖက်မှုထူပြောလှသော လက်ရှိအချိန်၏ အနာဂတ်ကို စဉ်းစားကြည့်လိုက်ပါက ထိတ်လန့်ဖွယ်ပင်။ နည်းပညာများ အလွန်လျင်မြန်စွာ တိုးတက်လာသည်။ ကမ္ဘာတစ်ဝန်း ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် နိုင်ငံများစွာမှာ အပြန်အလှန်အကျိုးပြုလာကြသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် တောက်ပသောအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်လော။ လူအချို့က ၂၀၁၅ ခုနှစ်ရောက်လျှင် ခေါင်းဆောင်များသည် ဆင်းရဲငတ်ပြတ်မှုကို တိုက်ဖျက်နိုင်လိမ့်မည်ဖြစ်ပြီး အေ့ဒ်စ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သင့်ကာ သန့်ရှင်းသောသောက်ရေမရရှိခြင်း၊ ကျန်းမာသန့်ရှင်းမှုစနစ်မရှိခြင်းတို့ကို တစ်ဝက်အထိလျှော့ချနိုင်သင့်သည်ဟု မျှော်လင့်လျက် သူတို့ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု ဖြေကြသည်။—⁠“အထင်နှင့်ဖြစ်ရပ်မှန် တခြားစီ” လေးထောင့်ကွက်ကိုရှု။

သို့သော် အနာဂတ်နှင့်ပတ်သက်သော လူ့အမြင်သည် မကြာခဏပင် အထင်နှင့်အမြင်လွဲနေတတ်သည်။ သာဓကအနေနှင့် လွန်ခဲ့သောဆယ်စုနှစ်များစွာမှ ပညာရှင်တစ်ဦးက ၁၉၈၄ ခုနှစ်ရောက်လျှင် လယ်သမားများသည် သမုဒ္ဒရာကြမ်းပြင်ပေါ်တွင် ရေအောက်ထွန်စက်များဖြင့် ထွန်ယက်နိုင်ကြလိမ့်မည်ဟုဆိုခဲ့သည်။ နောက်တစ်ဦးကလည်း ၁၉၉၅ ခုနှစ်ရောက်လျှင် ယာဉ်တိုက်မှုကိုတားဆီးပေးသည့် ကွန်ပျူတာနည်းစနစ်များကို ကားများတွင် တပ်ဆင်နိုင်လိမ့်မည်ဟုပြောခဲ့သည်။ အခြားတစ်ဦးမှာ ၂၀၀၀ ပြည့်နှစ်ရောက်လျှင် လူ ၅၀,၀၀၀ ခန့်သည် အာကာသတွင်နေထိုင်ပြီး အလုပ်လုပ်ကြလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ယခု ထိုဟောကိန်းထုတ်ခဲ့သူများသည် မိမိတို့ ထိုသို့မပြောခဲ့လျှင်ကောင်းသားဟု တွေးမိကြပေမည်။ သတင်းစာဆရာတစ်ဦးက “အချိန်ကုန်လွန်လာလေ ကမ္ဘာ့ဉာဏ်ကြီးရှင်များသည် တကယ့်အရူးများနှင့်တူလာလေ” ဟုရေးခဲ့သည်။

ကျွန်ုပ်တို့ကို လမ်းညွှန်သည့် “မြေပုံ”

လူတို့သည် အနာဂတ်ကို တွက်ချက်မှန်းဆ၍မဆုံးနိုင်ပေ။ သို့သော် တစ်ခါတစ်ရံ သူတို့၏တွက်ဆချက်များသည် လက်တွေ့ထက် စိတ်ကူးယဉ်ပိုဆန်နေသည်။ ရှေ့တွင်ဖြစ်လာမည့်အရာများနှင့်ပတ်သက်ပြီး ယုံကြည်စိတ်ချထိုက်သည့် အမြင်မျိုးကို မည်သည့်နေရာမှရနိုင်မည်နည်း။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သင်မရောက်ဖူးသည့်ဒေသတစ်ခုကိုဖြတ်ပြီး ဘတ်စကားဖြင့် ခရီးသွားနေသည်ဟု မြင်ယောင်ကြည့်လိုက်ပါ။ ထိုဒေသကို သင်မကျွမ်းကျင်သဖြင့် သင်စိုးရိမ်ပေမည်။ ‘ငါဘယ်ရောက်နေပြီလဲ။ ဒီကားက အဲဒီကို တကယ်သွားနေရဲ့လား။ ငါသွားမယ့်နေရာရောက်ဖို့ ဘယ်လောက်လိုသေးလဲ’ ဟု သင်သိလိုပေမည်။ တိကျသောမြေပုံတစ်ခုကိုကြည့်ပြီး ပြတင်းပေါက်အပြင်တွင် မြင်နေရသော လမ်းအမှတ်အသားများကို ဂရုစိုက်မှတ်သားခြင်းဖြင့် သင့်မေးခွန်းများ၏အဖြေကို ရရှိနိုင်သည်။

ထိုအခြေအနေသည် အနာဂတ်ကိုတွေးပြီး ပူပန်နေသူများစွာ၏အခြေအနေနှင့် ဆင်တူသည်။ ‘ငါတို့ ဘယ်ကိုဦးတည်နေသလဲ။ ကမ္ဘာချီငြိမ်းချမ်းရေး လမ်းကြောင်းပေါ် တကယ်ပဲ ရောက်နေပြီလား။ ရောက်နေပြီဆိုရင် ပန်းတိုင်ကို ဘယ်တော့ရောက်မလဲ’ ဟု သူတို့သိလိုကြသည်။ သမ္မာကျမ်းစာသည် ထိုမေးခွန်းများကို ဖြေဆိုရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သော လမ်းညွှန်မြေပုံနှင့်တူသည်။ ယင်းကို ဂရုစိုက်ဖတ်ရှုခြင်းဖြစ်သည့် ကျွန်ုပ်တို့၏ “ပြတင်းပေါက်” အပြင်ဘက်ဖြစ်သော ကမ္ဘာ့မြင်ကွင်းတွင် အဘယ်အရာဖြစ်ပျက်နေကြောင်း အသေးစိတ်ဆန်းစစ်ခြင်းဖြင့် ကျွန်ုပ်တို့ အဘယ်နေရာသို့ရောက်နေကြောင်း၊ အဘယ်ဆီသို့ဦးတည်နေကြောင်းတို့ကို များစွာသိလာပေမည်။ သို့သော် ဦးစွာ ပြဿနာ၏အစကို သုံးသပ်ကြည့်ရန်လိုသည်။

ကြေကွဲဖွယ်ဇာတ်လမ်းအစ

ပထမလူသားမောင်နှံကို ဘုရားသခင် ဖန်ဆင်းစဉ်က သူတို့သည် စုံလင်ပြီး ပရဒိသုဝန်းကျင်တွင် နေရာချထားခံခဲ့ရကြောင်း သမ္မာကျမ်းစာကဆိုသည်။ အာဒံနှင့်ဧဝကို အနှစ် ၇၀၊ ၈၀ အတွက်မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းခဲ့သည်။ သူတို့ကို ဘုရားသခင် ဤသို့မိန့်ဆိုသည်– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။” အာဒံ၊ ဧဝနှင့် သူတို့၏သားစဉ်မြေးဆက်များအတွက် ဘုရားသခင့်ရည်ရွယ်ချက်မှာ ပရဒိသုကို ကမ္ဘာတစ်ခွင်လုံး ချဲ့ထွင်သွားရန်ဖြစ်သည်။—⁠ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၁၅၊ ၂၂

အာဒံနှင့်ဧဝတို့ ဘုရားသခင်ကို ပုန်ကန်ခဲ့ကြသည်။ ရလဒ်မှာ သူတို့၏ပရဒိသုစံအိမ်ကို ဆုံးရှုံးခဲ့ရသည်။ ထို့ထက်ကား သူတို့၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းမှာ ဖြည်းဖြည်းနှင့်မှန်မှန် ဆုတ်ယုတ်လာသည်။ အာဒံနှင့်ဧဝအတွက် တစ်နေ့ကုန်သွားတိုင်း သေဖို့တစ်ရက် နီးလာနေသည်။ အဘယ်ကြောင့်နည်း။ သူတို့၏ဖန်ဆင်းရှင်ကို ပုန်ကန်ခြင်းဖြင့် အပြစ်ပြုခဲ့ပြီး “အပြစ်တရား၏အခကား သေခြင်း” ဖြစ်သောကြောင့်တည်း။—⁠ရောမ ၆:၂၃

သားသမီးများစွာမွေးဖွားပြီးနောက် အာဒံနှင့်ဧဝတို့ သေဆုံးခဲ့ကြရသည်။ ဤသားသမီးများသည် ဘုရားသခင်၏ မူလရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ပါမည်လော။ မိဘများထံမှ မစုံလင်မှုကို အမွေဆက်ခံခဲ့ရသောကြောင့် အကောင်အထည်မဖော်နိုင်ပါ။ အမှန်မှာ အာဒံ၏သားစဉ်မြေးဆက်အားလုံး လူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အပြစ်နှင့်သေခြင်းကို အမွေခံခဲ့ရသည်။ ကျွန်ုပ်တို့လည်း အမွေရထားသည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။—⁠ရောမ ၃:၂၃; ၅:၁၂

ကျွန်ုပ်တို့၏ လက်ရှိတည်နေရာကို ထောက်ပြခြင်း

အာဒံနှင့်ဧဝတို့၏ ပုန်ကန်မှုသည် ကျွန်ုပ်တို့ခေတ်တိုင်ဆက်သွားနေသော ရှည်လျားခါးသီးလှသည့် ခရီးအစဖြစ်သည်။ လူသားထုသည် “အချည်းနှီးသို့လိုက်ရသည်” ဟု ကျမ်းရေးသူတစ်ဦး ဆိုခဲ့သကဲ့သို့ဖြစ်သည်။ (ရောမ ၈:၂၀ကဘ) ယင်းက လူသားတို့ ခက်ခက်ခဲခဲရုန်းကန်နေမှုကို အလွန်ထိမိစွာ ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ အာဒံ၏သားစဉ်မြေးဆက်များထဲ၌ သိပ္ပံပညာတွင် အလွန်ကျွမ်းကျင်ထက်မြက်သော အမျိုးသား အမျိုးသမီးများ၊ ဆေးလောကမှ ထူးချွန်သူများ၊ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်သောတီထွင်ရှင်များပါဝင်သည်။ သို့သော် လူသားများအတွက် ဘုရားသခင်ရည်ရွယ်ခဲ့သော ကမ္ဘာချီငြိမ်းချမ်းရေးနှင့် ပြည့်ဝစုံလင်သောကျန်းမာရေးတို့ ရရှိအောင် သူတို့တစ်ဦးတစ်ယောက်ကမျှ မစွမ်းဆောင်နိုင်ခဲ့ချေ။

အာဒံနှင့်ဧဝ၏ပုန်ကန်မှုက ကျွန်ုပ်တို့တစ်ဦးစီကိုလည်း သူ့နည်းသူ့ဟန်ဖြင့် ထိခိုက်သည်။ သာဓကအနေနှင့် တရားမမျှတမှု၏ နာကျင်မှုကို မခံစားရသူ၊ ရာဇဝတ်မှုများကို မကြောက်ရွံ့သူ၊ နာတာရှည်ဖျားနာမှုကို မခံစားခဲ့ရသူ၊ ကျွန်ုပ်တို့ချစ်ရသူတစ်ဦး ဆုံးပါးသွား၍ ဝမ်းနည်းကြေကွဲမှုမခံစားရသူ မည်သူရှိသနည်း။ ကျွန်ုပ်တို့ဘဝ၏ မည်သည့်ငြိမ်းချမ်းမှုကိုမဆို ကြေကွဲဖွယ်ရာများက အလျင်အမြန်ဝါးမျိုပစ်လိုက်ပုံရသည်။ ဘဝ၏ကြည်နူးဖွယ်အချိန်များ၌ပင် ကျွန်ုပ်တို့၏ဖြစ်တည်နေမှုမှာ ‘လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဆင်းရဲခြင်းနှင့်ပြည့်စုံပါ၏’ ဟု ရှေးခေတ်မှ ဘိုးဘေးယောဘ ဖော်ပြခဲ့သကဲ့သို့ဖြစ်သည်။—⁠ယောဘ ၁၄:၁

ကျွန်ုပ်တို့ အဘယ်ကလာကြောင်းနှင့် ယခုရင်ဆိုင်နေရသော စိတ်ပျက်ဖွယ်အခြေအနေများအကြောင်း သုံးသပ်ကြည့်လိုက်သည့်အခါ အနာဂတ်မှာ စိတ်မောဖွယ်ပင်။ သို့သော် သမ္မာကျမ်းစာက ဘုရားသခင်သည် ထိုသို့သောအခြေအနေများကို ထာဝရဆက်ဖြစ်နေခွင့်ပြုမည်မဟုတ်ဟု အာမခံထားသည်။ လူသားများအတွက် ကိုယ်တော်၏မူလရည်ရွယ်ချက် အောင်မြင်ပေလိမ့်မည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) မကြာခင် ယင်းသို့ဖြစ်လာမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်နိုင်သနည်း။

သမ္မာကျမ်းစာအရ “နောက်ဆုံးသောကာလ” ဟုခေါ်သော ခဲယဉ်းကျပ်တည်းသောအချိန်တွင် ကျွန်ုပ်တို့ ယခု အသက်ရှင်နေကြရသည်။ (၂ တိမောသေ ၃:၁ကဘ) ထိုစကားစုက ကမ္ဘာဂြိုဟ်နှင့် ထိုတွင်ရှိသော သက်ရှိအားလုံး၏အဆုံးကို မှတ်သားဖော်ပြနေခြင်းမဟုတ်ပါ။ ယင်းအစား “ဤစနစ်ဆုံးခန်း” ကိုပြောနေခြင်းဖြစ်ပြီး ကျွန်ုပ်တို့ကို ဝမ်းနည်းကြေကွဲစေသော အခြေအနေများ၏အဆုံးကို ဆိုလိုသည်။ နောက်ဆုံးကာလတွင် အနှံ့အပြားဖြစ်ပျက်မည့် အခြင်းအရာများနှင့် လူတို့၏စရိုက်လက္ခဏာများကို သမ္မာကျမ်းစာက ဖော်ပြပါသည်။ ယင်းတို့မှအချို့ကို စာမျက်နှာ ၈ တွင်သတိပြုကြည့်ပြီး “ပြတင်းပေါက်” အပြင်ဘက်ရှိ ကမ္ဘာ့မြင်ကွင်းကို သတိပြုကြည့်ပါ။ ကျွန်ုပ်တို့၏ လမ်းညွှန်မြေပုံဖြစ်သော သမ္မာကျမ်းစာသည် လက်ရှိတည်နေရာကို ဤအစီအစဉ်စနစ်၏အဆုံးနှင့် အလွန်နီးကပ်နေသည်ဟု ထောက်ပြနိုင်ရန် ကူညီပေးသည်။ သို့သော် အနာဂတ်တွင် အဘယ်အရာများ ဖြစ်လာမည်နည်း။

အနာဂတ်ခရီး

အာဒံနှင့်ဧဝတို့ပုန်ကန်ပြီးသည်နှင့် ဘုရားသခင်သည် “ပျက်စီးခြင်းသို့မရောက်နိုင်သော” နိုင်ငံတစ်ခုတည်ထောင်မည့် အစီအစဉ်ဖြစ်သည့် ကိုယ်တော့်ရည်ရွယ်ချက်ကို စတင်ဖော်ပြခဲ့သည်။ (ဒံယေလ ၂:၄၅) သခင့်ဆုတောင်းချက်တွင် ထည့်တောင်းရန် သင်ကြားခံရသည့် ထိုနိုင်ငံတော်သည် လူသားထုအပေါ် မရေတွက်နိုင်သောကောင်းချီးများ ဆောင်ကြဉ်းပေးပါလိမ့်မည်။—⁠မဿဲ ၆:၉၊ ၁၀

ဘုရားသခင့်နိုင်ငံတော်သည် နှလုံးသားထဲတွင်ရှိသည့် မရေရာသော အတွေးတစ်ခုမျှသာမဟုတ်ပါ။ ယင်းသည် ကမ္ဘာမြေကြီးကို အလွန်အကျိုးပြုမည့် အမှန်တကယ်တည်ရှိသော ကောင်းကင်အစိုးရဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် လူသားများအတွက် ဆောင်ရွက်ပေးမည့် ကိုယ်တော့်ကတိတော်များကိုသာ သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာက ဘုရားသခင်သည် ဦးစွာ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မည်ဟုဆိုသည်။ (ဗျာ. ၁၁:၁၈) ကိုယ်တော်အား နာခံကြောင်းတင်ပြသူတို့အတွက် အဘယ်အရာ ပြုလုပ်ပေးတော်မူမည်နည်း။ ရေးသားထားသော ကိုယ်တော့်နှုတ်မြွက်စကားတော်က ကိုယ်တော်သည် “သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟုဆိုသည်။ (ဗျာ. ၂၁:၄) ထိုအရာများကို အဘယ်လူသားက ပြုလုပ်နိုင်ပါမည်နည်း။ လူသားများအတွက် မူလက ရည်ရွယ်ထားသည့်အခြေအနေကို ဘုရားသခင်တစ်ပါးတည်းသာလျှင် ဆောင်ကြဉ်းပေးနိုင်သည်။

ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်ကောင်းချီးများမှ အကျိုးရရှိရန် သင်အဘယ်အရာပြုလုပ်ရမည်နည်း။ ယောဟန် ၁၇:၃ က “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင် . . . ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆိုသည်။ လူများထိုအသိပညာရရှိရန် ကူညီပေးသော ကမ္ဘာချီပညာပေးရေးအစီအစဉ်တွင် ယေဟောဝါသက်သေများ ပါဝင်နေကြသည်။ သူတို့၏အမှုဆောင်လုပ်ငန်းကို နိုင်ငံပေါင်း ၂၃၀ ခန့်တွင် ထမ်းဆောင်နေကြပြီး စာပေများကို ဘာသာစကား ၄၀၀ ကျော်ဖြင့် ထုတ်ဝေနေကြသည်။ သင်ပိုမိုသိလိုပါက ဒေသခံယေဟောဝါသက်သေများကို ဆက်သွယ်ပါ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာရေးပါ။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“ယနေ့ နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံး နေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။” —⁠ယာကုပ် ၄:၁၃၊ ၁၄

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

သမ္မာကျမ်းစာတွင် ပထမလူသားမောင်နှံမှစသော လူ့သမိုင်းကို ဖော်ပြထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အဘယ်ကလာသည်ကို ယင်းက ပြောပြသည်။ ကျွန်ုပ်တို့ အဘယ်သို့ဦးတည်နေကြောင်းကိုလည်း ဖော်ပြသည်။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အဘယ်အရာပြောနေသည်ကို နားလည်ရန် မြေပုံကိုလေ့လာသကဲ့သို့ ယင်းကို အသေအချာလေ့လာရန်လိုအပ်သည်

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“အပြစ်” ဟူသည် မကောင်းသောအပြုအမူ သို့မဟုတ် မကောင်းမှုသို့ ဦးတည်ပေးသည့်အခြေအနေကို ဆိုလိုနိုင်သည်။ ကျွန်ုပ်တို့၏ အပြုအမူများအပေါ် အကျိုးသက်ရောက်မှုရှိသော အပြစ်အောက်တွင် ကျွန်ုပ်တို့မွေးဖွားလာကြသည်။ “အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့်သောသူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ။”—⁠ဒေ. ၇:၂၀

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

အမည်းစက်တစ်စက်ပါသော စာရွက်တစ်ရွက်ကို မိတ္တူကူးပါက ထိုအစက်သည် ကူးသမျှစာရွက်များတွင် ပါလာမည်ဖြစ်သည်။ မိတ္တူများဖြစ်သော အာဒံ၏ သားစဉ်မြေးဆက်များဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် အပြစ်၏စွန်းထင်းမှုများပါလာသည်။ ယင်းသည် “မူရင်း” ဖြစ်သောအာဒံတွင်ရှိသည့် အမှတ်အတိုင်းဖြစ်သည်

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

သမ္မာကျမ်းစာက ‘လူသည် သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်’ ဟု ဆိုသည်။ (ယေရမိ ၁၀:၂၃) ယင်းက ကမ္ဘာချီငြိမ်းချမ်းရေးအတွက် လူ့ကြိုးပမ်းအားထုတ်မှုများ အဘယ်ကြောင့် မအောင်မြင်ရသည်ကို ဖော်ပြနေသည်။ ဘုရားသခင်မပါဘဲ မိမိ ‘ခြေရာတို့ကိုစီရင်တတ်’ ရန် ကိုယ်တော် မဖန်ဆင်းခဲ့ပါ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာမှ ဆာလံဆရာက ဘုရားသခင်ကို ဤသို့ဆိုခဲ့သည်– ‘နှုတ်မြွက်စကားတော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’ (ဆာလံ ၁၁၉:၁၀၅) သမ္မာကျမ်းစာသည် ပညာရှိဆုံးဖြတ်ချက်များချနိုင်ရန် မီးခွက်သဖွယ် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ‘ကျွန်ုပ်တို့ ခြေရှေ့ရှိမီးခွက်’ ကဲ့သို့ လူသားများအတွက် အဘယ်အနာဂတ်ရှိကြောင်း ပိုင်းခြားသိနိုင်ရန် လမ်းခရီးကို ထွန်းလင်းပေးပါသည်

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အထင်နှင့်ဖြစ်ရပ်မှန် တခြားစီ

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလက ယူအဲန်အဖွဲ့ဝင်နိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် ပြည့်မီရမည့် ပန်းတိုင်များကို တညီတညွတ်တည်းချမှတ်ခဲ့ကြသည်။ ယင်းတို့တွင် အောက်ပါအချက်များ ပါဝင်သည်–

▪ တစ်နေ့လျှင် တစ်ဒေါ်လာပင်မပြည့်သည့်ငွေနှင့် အသက်ရှင်နေရသူများနှင့် ဆာလောင်ငတ်ပြတ်နေသူများ၏ အချိုးအစားကို တစ်ဝက်အထိလျှော့ချရန်။

▪ ကလေးအားလုံး အခြေခံပညာရေးဆုံးခန်းတိုင်သည့်အထိ ပညာသင်ရကြောင်း သေချာစေရန်။

▪ ပညာရေးအဆင့်အားလုံးတွင် ကျားမခွဲခြားမှုများ ပပျောက်စေရန်။

▪ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းကို သုံးပုံနှစ်ပုံအထိလျှော့ချရန်။

▪ မီးနေသည်မိခင်များ သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချရန်။

▪ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ရောဂါ ပျံ့နှံ့မှုနှင့် ငှက်ဖျားကဲ့သို့သော အခြားရောဂါကြီးများဖြစ်ပွားမှုကို လျှော့ချရန်။

▪ သန့်ရှင်းသော သောက်ရေမရရှိသူများ၏ အချိုးအစားကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်။

ထိုပန်းတိုင်များကို လက်လှမ်းမီနိုင်ပါသလော။ ၂၀၀၄ ခုနှစ်တွင် ယင်းတို့ကို ပြန်လည်သုံးသပ်ကြည့်သည့်အခါ ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးအာဏာပိုင်များက မျှော်လင့်ထားသည့် အောင်မြင်တိုးတက်မှုများသည် လက်တွေ့အဖြစ်မှန်ကို မထင်ဟပ်ပါဟူသည့်အချက်ကို သဘောပေါက်ကာ အကောင်းမြင်သဘောထားကို လျှော့ချရမည်ဟု ကောက်ချက်ချခဲ့ကြသည်။ ၂၀၀၅ ခုနှစ် ကမ္ဘာ့အခြေအနေ (State of the World 2005) စာအုပ်၏ အမှာစာတွင် ဤသို့ဖော်ပြထားသည်– “ဆင်းရဲမွဲတေမှုသည် ဒေသများစွာ၏ တိုးတက်ဖွံ့ဖြိုးရေးကို နာလန်မထူနိုင်အောင်ဖြစ်စေသည်။ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ကဲ့သို့သော ရောဂါများတိုးများလာလျက်ရှိပြီး နိုင်ငံများစွာတို့တွင် ပြည်သူ့ကျန်းမာရေးအခြေအနေများ အလွန်ဆိုးရွားလာမည့်ပုံရှိသည်။ လွန်ခဲ့သောငါးနှစ်တွင် ကလေးသန်းပေါင်း ၂၀ ခန့်သည် ရေကြောင့်ဖြစ်သည့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးခဲ့ပြီး သန်းရာနှင့်ချီသောသူတို့သည် ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသောသောက်သုံးရေ၊ လုံလောက်သော ကျန်းမာသန့်ရှင်းမှုစနစ်များ မရှိခြင်းတို့နှင့် နေ့စဉ် နှစ်ပါးသွားနေရသည်။”

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“နောက်ဆုံးကာလ” ၏ လက္ခဏာအချို့

မကြုံစဖူးသော စစ်ပွဲများ။—⁠မဿဲ ၂၄:၇; ဗျာ. ၆:⁠၄

အစာခေါင်းပါးမှု။—⁠မဿဲ ၂၄:၇; ဗျာ. ၆:၅၊ ၆၊

ကပ်ရောဂါများ။—⁠လုကာ ၂၁:၁၁; ဗျာ. ၆:⁠၈

မတရားမှုတိုးများလာခြင်း။—⁠မဿဲ ၂၄:၁၂

မြေကြီးကို ဖျက်လိုဖျက်ဆီးပြုခြင်း။—⁠ဗျာ. ၁၁:၁၈

မြေငလျင်ကြီးများ။—⁠လုကာ ၂၁:၁၁

ကိုင်တွယ်ရခက်ခဲသည့် ကျပ်တည်းသောကာလ။—⁠၂ တိမောသေ ၃:⁠၁

ငွေကို အလွန်တပ်မက်ခြင်း။—⁠၂ တိမောသေ ၃:⁠၂

မိဘစကားကို နားမထောင်ခြင်း။—⁠၂ တိမောသေ ၃:⁠၂

ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းခြင်း။—⁠၂ တိမောသေ ၃:⁠၃

ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်ခြင်း။—⁠၂ တိမောသေ ၃:⁠၄

ချုပ်တည်းမှုမရှိခြင်း။—⁠၂ တိမောသေ ၃:⁠၃

သူတော်ကောင်းကို မုန်းခြင်း။—⁠၂ တိမောသေ ၃:⁠၃

ကျရောက်လာမည့် အန္တရာယ်ကို သတိမမူခြင်း။—⁠မဿဲ ၂၄:၃၉

ပြက်ရယ်ပြုတတ်သူများသည် နောက်ဆုံးကာလ၏ လက္ခဏာသက်သေများကို ငြင်းပယ်ခြင်း။—⁠၂ ပေတရု ၃:၃၊ ၄

ကမ္ဘာချီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်း။—⁠မဿဲ ၂၄:⁠၁၄[Credit Lines]

© G.M.B. Akash/Panos Pictures

© Paul Lowe/Panos Pictures

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောသူများအဖြစ် လူသိများကြ