မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အခွန်ဆောင်သူတစ်ဦးစီသည် အခွန်အတုတ်၏ ၀.၅ ရာခိုင်နှုန်းကို မိမိနှစ်သက်ရာ ကရုဏာအဖွဲ့အစည်းများသို့ဖြစ်စေ၊ ကက်သလစ်အဖွဲ့အစည်းများသို့ဖြစ်စေ ပေးအပ်ရန် စပိန်အစိုးရကပြဋ္ဌန်းခဲ့သည်။ စပိန်လူမျိုး ၈၀ ရာခိုင်နှုန်းသည် ကက်သလစ်ဘာသာဝင်အဖြစ် ခံယူထားသော်လည်း ၂၀ ရာခိုင်နှုန်းကသာ ချာ့ခ်ျကိုပေးအပ်ရန် ရွေးချယ်ခဲ့ကြသည်။—အယ်လ်ပိုင်းစ်၊ စပိန်။

အာမခံသင်္ချာပညာရှင်များအဖွဲ့မှ ထုတ်ပြန်သော အသက်ဇယားအရ “အသက် ၃၀ တွင် ဆေးလိပ်သောက်နေသူ အမျိုးသားတစ်ဦးသည် ပျမ်းမျှသက်တမ်း ၅ နှစ်ခွဲတိုပြီး အမျိုးသမီးတစ်ဦးသည် ၆ နှစ်ခွဲကျော်တိုသည်။” သို့သော် အသက် ၃၀ အရွယ်တွင် ဆေးလိပ်ဖြတ်ခြင်းဖြင့် ဆေးလိပ်နှင့်ဆက်နွှယ်သော ရောဂါကြောင့် သေဆုံးသည့်အန္တရာယ်ကို များစွာလျော့နည်းစေသည်။—သည်တိုင်းမ်စ်၊ အင်္ဂလန်။

၂၀၀၄ ခုနှစ်အတွင်း ကမ္ဘာ့ရေနံသုံးစွဲမှုသည် တစ်နေ့လျှင် စည်ပေါင်း ၈၂.၄ သန်းဖြစ်ရာ ၃.၄ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ ဤတိုးမြင့်မှု၏ ထက်ဝက်ခန့်ကို အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံက သုံးစွဲခဲ့ပြီး ယခုအချိန်တွင် တစ်နေ့လျှင် စည် ၂၀.၅ သန်းနှင့် ၆.၆ သန်း အသီးသီး အသုံးပြုနေကြသည်။—အရေးပါသော လက္ခဏာများ ၂၀၀၅၊ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့။

“သင့်မိခင်ကို တန်ဖိုးထားပါ”

ကျောင်းနေအရွယ် ကလေးနှစ်ဦးရှိသော ကနေဒါအိမ်ရှင်မတစ်ဦး ပြုလုပ်သမျှအလုပ်အတွက် အခကြေးငွေပေးရမည်ဆိုလျှင် အချိန်ပိုကြေးအပါအဝင် သူ၏တစ်နှစ်တာဝင်ငွေမှာ ကနေဒါဒေါ်လာ ၁၆၃,၈၅၂ ဖြစ်မည်ဟု အလုပ်သမားလေ့လာသူများက ခန့်မှန်းကြသည်။ ထိုလုပ်အားခမှာ လက်ရှိပေါက်ဈေးလုပ်အားခအပေါ် မူတည်ပြီး “တစ်နေ့လျှင် ၁၅ နာရီအလုပ်လုပ်ရသည့် ခြောက်ရက်၊ ၁၀ နာရီအလုပ်လုပ်ရသည့် တစ်ရက်အပါအဝင် တစ်ပတ်တာအလုပ်လုပ်ချိန် နာရီ ၁၀၀ အတွက်ဖြစ်သည်” ဟုဗန်ကူဗားဆန်းသတင်းစာက ဆို၏။ အိမ်ရှင်မတစ်ဦး၏တာဝန်များတွင် နေ့ကလေးထိန်း၊ ကျောင်းဆရာမ၊ ဒရိုင်ဘာ၊ အိမ်မှုပြုသူ၊ ချက်ပြုတ်သူ၊ သူနာပြုနှင့် အထွေအထွေပြုပြင်ထိန်းသိမ်းသူတို့၏ တာဝန်များပါဝင်သည်။ ထို့ကြောင့် အဆိုပါသတင်းစာက အောက်ပါအတိုင်း အကြံပြု၏– “သူ၏လစာမှာ လုပ်အားနှင့်မမျှသောကြောင့် သင့်မိခင်ကို တန်ဖိုးထားပါ။”

လူငယ်များအကြား ဝေခွဲမရစံနှုန်းများ

ဖင်လန်လူငယ်များသည် “သူတို့ကိုယ်ပိုင် ကိုယ်ကျင့်တရားများကို သတ်မှတ်” နေကြပြီဟု ဖင်လန်နိုင်ငံ၊ ယူဗာစ်ကူလာတက္ကသိုလ်၏ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ ယနေ့ “လူတို့သည် ဈေးဝယ်ထွက်သကဲ့သို့ သူတို့၏ယုံကြည်ချက်ကို ဟိုနေရာဒီနေရာမှ ကောက်ယူယုံကြည်ကြသည်” ဟုထိုကြေညာစာတမ်းကဆို၏။ ထို့ကြောင့် တစ်ခါတစ်ရံ ထွက်ပေါ်လာသောရလဒ်များသည် ပြဒါးတစ်လမ်းသံတစ်လမ်း တခြားစီဖြစ်နေ၏။ ဥပမာ၊ လူငယ်များသည် ဥစ္စာပစ္စည်းတို့ကို ဝေမျှရန်အရေးကြီးကြောင်း ယုံကြည်ကြသော်လည်း တစ်ချိန်တည်းတွင် “အရှက်တရားမရှိ၊ အားကျမခံ ပြိုင်ဆိုင်လာကြသည်။”

ပရိုင်အော့န်ကူးစက်ခြင်းအန္တရာယ်

ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ ပြင်သစ်ကျန်းမာရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ သွေးသွင်းခြင်းအားဖြင့် ပရိုင်အော့န်ကူးစက်ခြင်းအန္တရာယ်သည် ဖြစ်နိုင်ခြေအလားအလာမှ တကယ်ဖြစ်နေသည်ဟု သိရှိရ၏။ ပရိုတင်းမော်လီကြူးများဖြစ်သည့် ပရိုင်အော့န်ကြောင့် ခရုစ်ဗဲ့လ်တ်-ဂျေကော့ပ် (variant Creutzfeldt-Jakob disease [vCJD]) ရောဂါတစ်မျိုးဖြစ်ပေါ်လာသည်ဟု ယူဆရ၏။ ယခု နွားရူးရောဂါဟု လူသိများသည့် (bovine spongiform encephalopathy) ရောဂါကို လူတို့တွင်တွေ့ရှိနေရပြီး အာရုံကြောပျက်စီးယိုယွင်းစေသည့် ထိုရောဂါသည် ကုရာနတ္တိဆေးမရှိချေ။ သွေးသွင်းခြင်းကြောင့် (vCJD) ရောဂါဖြစ်နိုင်သည့်အန္တရာယ်သည် ယခင်ကသိထားသည်ထက် ပိုကြီးမားကြောင်း ဗြိတိန်နိုင်ငံရှိ လူနာနှစ်ဦး၏အဖြစ်အပျက်မှ သိရှိလာရသည်။ ရောဂါလက္ခဏာမပြမချင်း ထိုရောဂါရှိကြောင်းကို စစ်ဆေးဖော်ထုတ်နိုင်သည့်နည်းမရှိချေ။

သွယ်လျခန္ဓာ လိုချင်ကြ

သုတေသနပြုချက်တစ်ခုအရ “ငါးနှစ်သာရှိသေးသည့် မိန်းကလေးများသည် သူတို့၏ကိုယ်လုံးကို အလိုမကျဖြစ်နေပြီး ပို၍သွယ်လျလိုကြသည်” ဟု ဆစ်ဒနီနံနက်သံတော်ဆင့်သတင်းစာက ဖော်ပြသည်။ ယင်းသည် ငါးနှစ်မှ ရှစ်နှစ်အရွယ်ရှိ ဩစတြေးလျမိန်းကလေးများကို လေ့လာခဲ့သည့် မှတ်တမ်းအရဖြစ်၏။ ထိုမိန်းကလေးထက်ဝက်နီးပါးက ပို၍သွယ်လျလိုပြီး ကျန်တစ်ဝက်မှာ “ပေါင်ချိန်တက်လာလျှင် အစာလျှော့မည်” ဟုဆိုကြသည်။ ကိုယ်လုံးကိုယ်ပေါက် ဂရုစိုက်တတ်သည့် မကောင်းသောအယူအဆများသည် “သိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အစားအသောက် မူမမှန်ခြင်းတို့ ဖြစ်လာနိုင်သည်” ဟုသုတေသီတစ်ဦးက အကြံပြုသည်။