မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဘယ်လို ဖျောက်ရမလဲ

ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဘယ်လို ဖျောက်ရမလဲ

လူငယ်များအမေး . . .

ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဘယ်လို ဖျောက်ရမလဲ

“ကျွန်မရဲ့စိတ်ကို မထိန်းနိုင်တော့ဘူး။ ဒါနဲ့ ထိန်းနိုင်တဲ့နည်းတစ်ခုရလိုက်တယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်တဲ့နည်းပဲ။”—⁠ဂျနီဖာ၊ ၂၀။ *

“သူများတွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ ငိုတတ်ပေမဲ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တယ်။ အဲ့ဒီနောက်မှ စိတ်ပြေသွားတော့တယ်။”—⁠ဂျက်စီကာ၊ ၁၇ နှစ်။

“ကျွန်မ ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင်မလုပ်တာ အခုဆိုရင် နှစ်ပတ်တောင်ရှိသွားပြီ။ အဲ့ဒါဟာ ကျွန်မအတွက်တော့ အတော်ကြာတဲ့အချိန်လို့ ဆိုရမယ်။ ဒီအကျင့်ကိုဖျောက်နိုင်မယ် မထင်ပါဘူး။”—⁠ဂျေမီ၊ ၁၆ နှစ်။

အသိအကျွမ်းများမဟုတ်သော ဂျနီဖာ၊ ဂျက်စီကာနှင့် ဂျေမီတို့တွင် ဆင်တူချက်များစွာရှိနေသည်။ သုံးယောက်စလုံး စိတ်နာကျင်မှုကိုယ်စီရှိကြသည်။ သူတို့၏စိတ်ပျက်အားလျော့မှုကို တစ်ပုံစံတည်း ဖြေရှင်းတတ်ကြသည်။ ဂျနီဖာ၊ ဂျက်စီကာနှင့် ဂျေမီတို့သည် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းဖြင့် ယာယီစိတ်သက်သာရာ ရှာကြသည်။ *

ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းသည် ဆန်းပြား၏ဟုထင်ရသော်လည်း ဆယ်ကျော်သက်နှင့် လူငယ်လူရွယ်များကြား အံ့ဖွယ်ကောင်းလောက်အောင် ဤအကျင့်ရေပန်းစားလာသည်။ ယင်းအလေ့အထသည် “မိဘများအား ထိတ်လန့်စေသည်။ [ကျောင်း] အတိုင်ပင်ခံပုဂ္ဂိုလ်များကို အကြံရခက်စေပြီး ဆရာဝန်များကို အကဲစမ်းရာရောက်သည်။ ထို့ပြင် ကိုယ့်ကိုယ်ကို အနာတရဖြစ်စေခြင်းသည် ဆရာဝန်များသိထားသော ဖျက်ရအခက်ဆုံး စွဲနေသည့်အကျင့်တစ်ခုဖြစ်လာနိုင်သည်” ဟုကနေဒါနေရှင်နယ်ပို့စ်က ဖော်ပြသည်။ သင် သို့မဟုတ် သင်နှင့်ရင်းနှီးကျွမ်းဝင်သူတစ်ဦးသည် ထိုအကျင့်စွဲနေသလော။ သို့ဆိုလျှင် သင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

ဦးဆုံး၊ ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် အဘယ်ကြောင့်လုပ်ချင်ကြောင်း သိနားလည်လာရန် ကြိုးစားပါ။ ထိုအကျင့်သည် စိတ်လှုပ်ရှားမှုကြောင့် ပြုလုပ်သည့်အကျင့်တစ်ခုမျှ မဟုတ်ကြောင်း သတိရပါ။ များသောအားဖြင့် စိတ်ဖိစီးမှုကို ဖြေရှင်းသောနည်းတစ်ခုဖြစ်သည်။ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တတ်သူသည် စိတ်နာကျင်မှုသက်သာစေရန် ထိုသို့ပြု၏။ ထို့ကြောင့် ‘ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တာ ငါ့အတွက် ဘာအကျိုးရှိလဲ။ အဲဒီလိုလုပ်ချင်စိတ်ပေါ်လာတဲ့အခါ ငါ ဘာစဉ်းစားနေလို့လဲ’ ဟုသင့်ကိုယ်သင် မေးပါ။ သင့်ဘဝတွင်၊ သင့်မိသားစု သို့မဟုတ် သင့်မိတ်ဆွေတို့နှင့်ပတ်သက်၍ စိတ်ဆင်းရဲစရာ ရှိနေသလော။

ထိုသို့ ကိုယ့်ကိုယ်ကိုဆန်းစစ်ရန် အမှန်ပင်သတ္တိရှိရမည်။ သို့သော် အကျိုးကျေးဇူးကား ကြီးမားလှ၏။ ယင်းသို့ဆန်းစစ်ခြင်းသည် ထိုအကျင့်ကိုဖျောက်ရန် ဦးဆုံးခြေလှမ်းဖြစ်လေ့ရှိသည်။ သို့သော် ထိုသို့ပြုကျင့်လိုသော အကြောင်းရင်းကို သိရုံထက်မက လိုအပ်သည်။

ရင်ဖွင့်ပြောဆိုခြင်း၏ အရေးပါမှု

သင်သည် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်နေပါက ယုံကြည်အားထားရသူ ရင့်ကျက်သောမိတ်ဆွေတစ်ဦးထံ ရင်ဖွင့်ခြင်းဖြင့် အကျိုးခံစားရပါလိမ့်မည်။ ကျမ်းစာမှပညာရှိစကားတစ်ခွန်းက ဤသို့ဆိုသည်– “ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား ရွှင်လန်းစေတတ်၏။” (သု. ၁၂:၂၅) အခြားသူထံ ရင်ဖွင့်ခြင်းဖြင့် သင်လိုအပ်နေသည့် အားပေးစကား ကြားရလိမ့်မည်။—⁠သု. ၂၅:⁠၁၁

သို့ဆိုလျှင် မည်သူ့ထံ ရင်ဖွင့်သင့်သနည်း။ ဉာဏ်ပညာ၊ ရင့်ကျက်မှုနှင့် ကိုယ်ချင်းစာနာမှုရှိသော သင့်ထက် အသက်ကြီးသူတစ်ဦးအားရွေးပြီး သူ့ကို ရင်ဖွင့်သင့်သည်။ ခရစ်ယာန်များတွင် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာ အရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြ” သော အသင်းတော်အကြီးအကဲများရှိသည်။—⁠ဟေရှာယ ၃၂:⁠၂

သင်၏အတွင်းရေးကို တစ်စုံတစ်ဦးထံ ရင်ဖွင့်ရမည့်အကြောင်း စဉ်းစားလိုက်ရုံဖြင့် စိုးရိမ်သွားပေမည်။ “အခြားသူကို ကျွန်မ ယုံရခက်တယ်။ ကျွန်မအကြောင်း သူတို့သိသွားရင် စိတ်ပျက်သွားတော့မှာပဲ” ဟုဝန်ခံခဲ့သော စာရာကဲ့သို့ သင်ခံစားရပေမည်။ သို့သော် စာရာသည် ရင်ဖွင့်ခဲ့ခြင်းဖြင့် နယပုံပြင် ၁၈:၂၄ ပါ “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” ဟူသောစကား မှန်ကန်ကြောင်း သိရှိသွားသည်။ “ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကြောင်း ရင့်ကျက်တဲ့ခရစ်ယာန်တွေကို ရင်ဖွင့်ပြောပြတဲ့အခါ သူတို့က အပြစ်မတင်တဲ့အပြင် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေပေးကြတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးဆိုပြီး စိတ်ဓာတ်ကျနေတဲ့အခါ သူတို့က ကျမ်းစာသုံးပြီး ကျိုးကြောင်းရှင်းပြတယ်၊ စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ပေးကြတယ်” ဟုသူပြောပြသည်။

ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တတ်သည့် သင့်အကျင့်အကြောင်း တစ်ဦးတစ်ယောက်ထံ ရင်ဖွင့်ပြောဆိုပါလေ။ မျက်နှာချင်းဆိုင်မပြောရဲပါက စာရေး၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ပြောပြပါ။ ရင်ဖွင့်ခြင်းက ယင်းအကျင့်ပျောက်သွားစေရန် အထောက်အကူပြုနိုင်သည်။ “ကျွန်မ စိတ်ဓာတ်ကျတဲ့အခါ ကျွန်မကိုဂရုစိုက်မယ့်သူ၊ ရင်ဖွင့်နိုင်မယ့်သူရှိတယ်ဆိုတာ သိထားတာက အရေးအကြီးဆုံးပဲ” ဟု ဂျနီဖာဆိုခဲ့သည်။ *

ဆုတောင်းခြင်း၏ အရေးပါမှု

ဒေါန်နာသည် မတိုးသာမဆုတ်သာအခြေအနေတွင် ရောက်နေသည်။ ဘုရားသခင့်အကူအညီလိုနေသည်ဟု သူခံစားနေရ၏။ တစ်ချိန်တည်းတွင် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်သည့်အကျင့်ကို ဖျောက်နိုင်မှသာ ဘုရားသခင်ထံမှ အကူအညီရမည်ဟု သူထင်သည်။ အဘယ်အရာက ဒေါန်နာအား ကူညီခဲ့သနည်း။ တစ်ချက်မှာ ယေဟောဝါအား ‘စိတ်နှလုံးကိုစစ်တော်မူသောအရှင်’ ဟုခေါ်ဆိုထားသည့် ၁ ရာဇဝင်ချုပ် ၂၉:၁၇ ကို တွေးတောဆင်ခြင်ခြင်းဖြစ်သည်။ ဒေါန်နာ ဤသို့ပြောပြသည်– “ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ကျွန်မ တကယ်ဖျောက်ချင်တယ်ဆိုတာ ယေဟောဝါရှင် သိတယ်။ ယေဟောဝါဆီ စပြီးဆုတောင်းလိုက်တာနဲ့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်ချက် တဖြည်းဖြည်းခိုင်မာလာတယ်။”

အခက်အခဲအမျိုးမျိုးကြုံခဲ့ရသော ဆာလံဆရာဒါဝိဒ် ဤသို့ရေး၏– ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်။’ (ဆာလံ ၅၅:⁠၂၂) သင့်ခံစားချက်များကို ယေဟောဝါသိတော်မူကြောင်း စိတ်ချနိုင်သည်။ ထို့ထက်ကား ကိုယ်တော်သည် ကျွန်ုပ်တို့အား “သတိနှင့်ကြည့်ရှုနေ” တော်မူသည်။ (၁ ပေတရု ၅:⁠၇) သင့်ကိုယ်သင်အပြစ်တင်မိလျှင် ဘုရားသခင်သည် ‘သင်၏စိတ်နှလုံးထက် သာ၍ကြီးမြတ်ပြီး အလုံးစုံတို့ကိုသိတော်မူကြောင်း’ သတိရသင့်သည်။ သင်သည် အဘယ့်ကြောင့် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်ရကြောင်း၊ ယင်းအကျင့်ကိုဖျောက်ရန် ခက်ခဲနေကြောင်း ကိုယ်တော်သိတော်မူသည်။ (၁ ယောဟန် ၃:၁၉၊ ၂၀) ကိုယ်တော်ထံဆုတောင်းကာ ယင်းအကျင့်ကို လုံးဝဖျောက်နိုင်ရန် ကြိုးစားမည်ဆိုလျှင် သင့်ကို အမှန်ပင် “စောင့်မ” တော်မူမည်။—⁠ဟေရှာယ ၄၁:⁠၁၀

ထိုအကျင့်ကို ပြန်ကျင့်မိနေလျှင်ကော။ လုံးဝရှုံးနိမ့်သည့် သဘောလော။ လုံးဝမဟုတ်ပေ။ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်” ဟု နယပုံပြင် ၂၄:၁၆ ကဆိုသည်။ ထိုကျမ်းချက်ကို တွေးတောဆင်ခြင်ပြီး ဒေါန်နာဤသို့ပြော၏– “ကျွန်မ ခုနစ်ကြိမ်မက လဲခဲ့ပေမဲ့ အရှုံးမပေးဘူး။” မဆုတ်မနစ်သောဇွဲရှိရန် အရေးကြီးကြောင်း သူသိရှိခဲ့သည်။ ကယ်ရင်လည်း ထိုသို့ပင်ခံစားရကာ ဤသို့ဆို၏– “ဒီအကျင့်ဟောင်း ပြန်လုပ်မိတာ ခဏလဲတာလို့ပဲသဘောထားပြီး အကြိမ်ကြိမ်ပြန်ထဖို့ ကြိုးစားတယ်။”

ထပ်ဆင့်အကူအညီ လိုအပ်သောအခါ

‘နာသောသူတို့သည် ဆေးသမားကို အလိုရှိကြသည်’ ဟုယေရှုအသိအမှတ်ပြုခဲ့သည်။ (မာကု ၂:၁၇) ယင်းသည် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင်လုပ်စေသည့် စိတ်ရောဂါဟုတ်၊ မဟုတ် သိနိုင်ရန် ကျွမ်းကျင်သောဆရာဝန်နှင့်ပြပြီး ဆေးကုသမှုခံယူရန် လိုသည်။ * ဂျနီဖာသည် မေတ္တာရှိသော ခရစ်ယာန်အကြီးအကဲများ၏အကူအညီကို လက်ခံခဲ့သည့်ပြင် ဆရာဝန်နှင့်လည်းပြခဲ့သည်။ “အကြီးအကဲတွေက ဆရာဝန်တွေမဟုတ်ကြပေမဲ့ အများကြီးကူညီပေးကြတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ချင်စိတ် ပေါ်လာတဲ့အခါ ယေဟောဝါရှင်၊ အသင်းတော်နဲ့ တတ်သိလာတဲ့ဖြေရှင်းနည်းတွေရဲ့ အကူအညီကြောင့် ဒီစိတ်ကို အောင်မြင်စွာ ချိုးနှိမ်နိုင်ခဲ့တယ်” ဟုသူပြောပြသည်။ *

ယင်းအကျင့်ကိုကျင့်မည့်အစား ပို၍အကျိုးရှိသော အခြားအကျင့်များကို ကျင့်တတ်လာနိုင်မည်ဖြစ်ကြောင်း စိတ်ချပါလေ။ “မိန့်တော်မူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သောဒုစရိုက်မျှ အစိုးမရပါစေနှင့်” ဟူ၍ဆာလံဆရာနည်းတူ ဆုတောင်းပါလေ။ (ဆာလံ ၁၁၉:၁၃၃) သင်သည် ယင်းအကျင့်ကို ထိန်းချုပ်နိုင်ပြီဖြစ်၍ ယင်းအကျင့်က သင့်အား မထိန်းချုပ်နိုင်တော့သည့်အခါ အမှန်ပင်ကျေနပ်ရောင့်ရဲပြီး ကိုယ့်ကိုယ်ကိုလေးစားလာပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် နာမည်အချို့ပြောင်းထားသည်။

^ အပိုဒ်၊ 6 ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းတွင် အဘယ်အရာပါဝင်ပြီး အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရကြောင်း ၂၀၀၆၊ ဇန်နဝါရီလထုတ် နိုးလော့!မှ “လူငယ်များအမေး . . . ငါဘာကြောင့် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်ရတာလဲ” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 14 တစ်ခါတစ်ရံ၊ သင့်ခံစားချက်များကို ချရေးကြည့်နိုင်သည်။ ဆာလံကျမ်းကို ရေးသားခဲ့သူများသည် စိတ်လှုပ်ရှားလွယ်သူများဖြစ်ကြပြီး ၎င်းတို့၏ ဒေါသ၊ နောင်တ၊ အလိုမကျမှုနှင့် ဝမ်းနည်းခြင်းတို့ကို စာရေးဖော်ပြခဲ့ကြသည်။ နမူနာအနေနှင့် ဆာလံ ၆၊ ၁၃၊ ၄၂၊ ၅၅၊ ၆၉ တို့ကို ပြန်သုံးသပ်နိုင်သည်။

^ အပိုဒ်၊ 20 တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းသည် စိတ်ကျရောဂါ၊ စိတ်ရွစိတ်ကျရောဂါ၊ စိတ်စွဲရောဂါ သို့မဟုတ် အစားအသောက်မူမမှန်ရောဂါအစရှိသည့် အခြားအခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။ နိုးလော့!သည် ကုသနည်းတစ်မျိုးမျိုးကို ထောက်ခံနေခြင်းမဟုတ်ပါ။ ခရစ်ယာန်များအနေဖြင့် မိမိတို့အသုံးပြုသော မည်သည့်ကုသနည်းမဆို သမ္မာကျမ်းစာမူနှင့် ဆန့်ကျင်မှုရှိ၊ မရှိ ဆန်းစစ်သင့်၏။

^ အပိုဒ်၊ 20 ကိုယ့်ကိုယ်ကိုအနာတရဖြစ်စေသည့် အခြားအရာများအကြောင်း နိုးလော့! လထုတ်အဟောင်းများတွင် ဖော်ပြထား၏။ ဥပမာ၊ “တီးမိခေါက်မိစိတ်ဝေဒနာများ” (ဇူလိုင် ၈၊ ၂၀၀၄)၊ “စိတ်ဓာတ်ကျနေသော ဆယ်ကျော်သက်များအတွက် အကူအညီ” (ဩဂုတ် ၈၊ ၂၀၀၂)၊ “အစားအသောက်မူမမှန်မှုများနောက်ဝယ် အဘယ်အရာရှိသနည်း” (ဧပြီ ၈၊ ၂၀၀၁) စသောဆောင်းပါးများကိုရှု။

ချင့်တွေးစရာ

▪ စိတ်ဖီစီးမှုခံစားရသည့်အခါ အနာတရဖြစ်အောင်လုပ်မည့်အစား အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

▪ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်သည့်အကျင့်ရှိပါက မည်သူ့ထံ ရင်ဖွင့်သင့်သနည်း။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကိုယ့်ကိုယ်ကို အနာတရဖြစ်စေသူကို ကူညီပေးခြင်း

ကိုယ့်ကိုယ်ကို အနာတရဖြစ်စေသော အကျင့်စွဲနေသည့် မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးကို မည်သို့ကူညီနိုင်သနည်း။ ထိုဝေဒနာရှင်သည် ယုံကြည်အားထားထိုက်သူတစ်ဦး အလွန်လိုအပ်နေသောကြောင့် သင့်အနေနှင့် ကောင်းစွာနားထောင်ပေးသူဖြစ်ပါလေ။ ‘ဒုက္ခကာလအဖို့ မွေးဖွားလာသည့် အဆွေခင်ပွန်း’ ဖြစ်ရန် ကြိုးစားပါ။ (သု. ၁၇:၁၇) သင်သည် ကြားကြားချင်း အလန့်တကြားဖြစ်သွားပြီး ယင်းအကျင့်ကို ချက်ချင်းဖျောက်ပစ်ရန် ပြောဆိုပေမည်။ သို့သော် ယင်းသို့ပြုခြင်းက ဝေဒနာရှင်နှင့် စိမ်းကားသွားစေနိုင်သည်။ ထို့အပြင် ယင်းအကျင့်ကိုဖျောက်ပါဟု ပြောဆိုရုံနှင့် မလုံလောက်ချေ။ ကိုယ့်ကိုယ်ကို အနာတရဖြစ်စေသူအား အခက်အခဲကိုင်တွယ်ဖြေရှင်းနည်းသစ်များ တတ်သိလာအောင် ကူညီပေးရာတွင် ပိုင်းခြားသိမြင်မှုရှိရမည်။ (သု. ၁၆:၂၃) ယင်းသို့ပြုရန် အချိန်ယူရမည်။ ထို့ကြောင့် စိတ်ရှည်ပါ။ “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာ နှေးကြစေ။”—⁠ယာကုပ် ၁:⁠၁၉

သင်သည် လူငယ်တစ်ဦးဖြစ်ပါက ကိုယ့်ကိုယ်ကိုအနာတရဖြစ်စေသူအား သင်တစ်ဦးတည်းကူညီနိုင်မည်ဟု မယူဆပါနှင့်။ အရင်းခံပြဿနာ သို့မဟုတ် ဆေးကုသမှုလိုသည့်ရောဂါများရှိနိုင်ကြောင်း သိထားပါလေ။ ထို့ပြင် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းသည် သေကြောင်းကြံရန်အထိ မရည်ရွယ်သည့်တိုင် အသက်အန္တရာယ်ရှိနိုင်သည်။ ထိုကြောင့် ဂရုစိုက်တတ်သော ရင့်ကျက်သည့်လူကြီးတစ်ဦးထံ ရင်ဖွင့်ရန် အားပေးခြင်းက ပညာရှိရာရောက်သည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ချစ်ရသူတစ်ဦးထံ ရင်ဖွင့်ခြင်းနှင့် ဆုတောင်းခြင်းတို့၏ အရေးပါမှုကို လျှော့မတွက်ပါနှင့်