မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရ လူငယ့်အားမာန်!

ထာဝရ လူငယ့်အားမာန်!

ထာဝရ လူငယ့်အားမာန်!

ယေရှုနံဘေးမှလူသည် မကြာမီသေရတော့မည်ဖြစ်သည်။ သူက “သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု” တောင်းဆိုခဲ့သည်။ ယေရှုက “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။” (လုကာ ၂၃:၄၂၊ ၄၃ကဘ) အမည်မဖော်ပြထားသောထိုသူမှာ ဇရာပိုင်းတွင် ဖျားနာမှုကြောင့်သေဆုံးခဲ့ခြင်း မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ကွပ်မျက်ခံခဲ့ရသည်။ သို့သော် သက်ကြီးရွယ်အိုများသည် ထိုသူ၏ မျှော်လင့်ချက်မဲ့အခြေအနေမှ များစွာအားပေးမှု ရရှိနိုင်သည်။

ထိုသူ၏ ထူးခြားသောယုံကြည်ခြင်းကို ကျွန်ုပ်တို့ မလွဲဧကန်ချီးမွမ်းကြသည်! သူ့ဘေးတွင် ယေရှုသည် နှက်တိုင်တင်ခံထားရသော်လည်း ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်၌ ဘုရင်အဖြစ် အမှန်အုပ်စိုးလိမ့်မည်ဖြစ်ကြောင်း ထိုသူသံသယမရှိခဲ့ပါ။ ထို့ပြင် တစ်နေ့သောအခါ ယေရှု သူ့ကို ကြင်နာစွာသတိရမည်ဟု သူဆင်ခြင်ခဲ့သည်။ ထိုသေဒဏ်စီရင်ခံရသူသည် ဘုရင်အဖြစ် ယေရှုအုပ်ချုပ်မည့် ခမ်းနားထည်ဝါသောပရဒိသုတွင် သေခြင်းမှထမြောက်လာမည်ကို မြင်ယောင်ကြည့်ပါ!

လူသားများ၏အခြေအနေသည် သေအံ့ဆဲဖြစ်သော ထိုလူဆိုးနှင့်တူ၏။ မည်သို့အားဖြင့်နည်း။ မည်သည့်အသက်အရွယ်ပင်ဖြစ်ပါစေ ကျွန်ုပ်တို့အားလုံးသည် အပြစ်၏အခကို ပေးဆပ်နေရပြီး ကယ်တင်ခြင်းလိုအပ်နေသည်။ (ရောမ ၅:၁၂) ထိုရာဇဝတ်သားကဲ့သို့ ကျွန်ုပ်တို့သည် မျှော်လင့်ချက်အတွက်၊ ဇရာပိုင်းတွင်ဖြစ်တတ်သော နာကျင်ဖွယ်ပြဿနာများမှ သက်သာရာရရန် မျှော်လင့်ချက်ဖြင့်ပင် ယေရှုခရစ်ထံ အကူအညီတောင်းခံနိုင်ကြသည်။ ယေရှုသည် လူသားများအား ပရဒိသုကမ္ဘာမြေပေါ်တွင် ကာယပိုင်းနှင့် စိတ်ပိုင်းစုံလင်စွာ ထာဝရအသက်ရှင်မည့် အလားအလာကို ကမ်းလှမ်းထား၏။—⁠ယောဟန် ၃:၁၆၊ ၃၆

ပျိုပျိုအိုအိုအတွက် အရာအားလုံးအသစ်ဖြစ်လာ

ခရစ်တော်၏နိုင်ငံတော်အောက်တွင် ကမ္ဘာသူကမ္ဘာသားများသည် “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) မည်သူကမျှ “ငါနာသည်ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရသော မစွမ်းဆောင်နိုင်မှုများသည် ပြောင်းလဲသွားလိမ့်မည်။ အကြောင်းမှာ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၆) သက်ကြီးရွယ်အိုများသည် လူငယ့်အားမာန်ကို ပြန်ရရှိကြလိမ့်မည်။ သူတို့၏ အသားအရေသည် “သူငယ်ထက်အသားအရေနုထွား” ကြလိမ့်မည်။—⁠ယောဘ ၃၃:၂၅

ထိုသို့သော မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ထားခြင်းသည် လက်တွေ့ကျပါသလော။ သေဆုံးတော့မည့်သူအား ပရဒိသုမျှော်လင့်ချက် ကမ်းလှမ်းခဲ့သောပုဂ္ဂိုလ်အကြောင်း သုံးသပ်ကြည့်ပါ။ ဖြစ်ရပ်များစွာတွင် လူအုပ်ကြီးသည် ခြေမစွမ်းသူ၊ အင်္ဂါချို့တဲ့သူ၊ မျက်စိမမြင်သူနှင့် နားမကြားသူများကို ယေရှုထံ ခေါ်ဆောင်လာကြသည်။ ကိုယ်တော်သည် “အနာရောဂါအမျိုးမျိုးတို့ကို” ကုသပေးခဲ့သည်။ (မဿဲ ၉:၃၅၊ ၃၆; ၁၅:၃၀၊ ၃၁; မာကု ၁:၄၀-၄၂) ကိုယ်တော့်နိုင်ငံတော်က ပြီးမြောက်စေမည့်အရာကို အမှန်တကယ် ထင်ရှားပြတော်မူခဲ့သည်။ ယေရှုသည် လူသေများကိုပင် ပြန်အသက်ရှင်စေခဲ့၏။ (လုကာ ၇:၁၁-၁၇; ယောဟန် ၁၁:၃၈-၄၄) ယင်းသို့ပြုလုပ်ခြင်းဖြင့် “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရ” မည်ဟူသော ကိုယ်တော်၏ကတိတော်ကို ယုံကြည်စိတ်ချစေခဲ့သည်။—⁠ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅

ပရဒိသုတွင် ကိုယ်ခန္ဓာအသစ်၊ ရှင်းလင်းသောအမြင်အာရုံ၊ ငှက်များ၏တေးဆိုသံနှင့် ပျော်ရွှင်ဖွယ်အသံများဖြင့် ပြည့်နေသောနား၊ နာကျင်မှုကင်းသော ခြေလက်များ၊ ကျန်းမာစုံလင်သည့်မှတ်ဉာဏ်တို့ဖြင့် ပြန်ထလာမည်ကို စဉ်းစားကြည့်ပါ။ အိုမင်းခြင်း၏ “ဆိုးသောကာလ” ထာဝစဉ်ကွယ်ပျောက်သွားလိမ့်မည်။ (ဒေ. ၁၂:၁-၇; ဟေရှာယ ၃၅:၅၊ ၆) သေခြင်းပင် “ဆုံးရှုံးခြင်းသို့ရောက်ရ” လိမ့်မည်ဖြစ်ပြီး ‘ထာဝစဉ်နစ်မြုပ်’ သွားမည်။—⁠၁ ကောရိန္သု ၁၅:၂၆၊ ၅၄

လက်ရှိကမ္ဘာ့ဖြစ်ရပ်များကို သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့် နှိုင်းယှဉ်ကြည့်ပါက ကျွန်ုပ်တို့သိသည့်အတိုင်း အိုမင်းခြင်း၏အဆုံး သာ၍နီးကပ်နေကြောင်း ဖော်ပြသည်။ (မဿဲ ၂၄:၇၊ ၁၂၊ ၁၄; လုကာ ၂၁:၁၁; ၂ တိမောသေ ၃:၁-၅) ဘုရားသခင်ကိုယုံကြည်ပြီး ကိုယ်တော့်အမှုတော်ထမ်းဆောင်သူ သက်ကြီးရွယ်အိုများအတွက် လူငယ့်အားမာန်ကို ထာဝရပြန်လည်ခံစားမွေ့လျော်ကြမည့်အချိန် နီးကပ်လျက်ရှိသည်!

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်၏မှတ်ဉာဏ်ကို လေ့ကျင့်ပေးပါ

ကာယလေ့ကျင့်ခန်းသည် ကြွက်သားကိုသန်မာစေသကဲ့သို့ ဉာဏ်ရည်လေ့ကျင့်ခြင်းကမှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေသည်။ မှတ်ဉာဏ်နိုးကြားထက်မြက်စေရန် အသစ်သောအရာများ ပြုလုပ်ဖို့လို၏။ အောက်ပါတို့မှာ ဦးနှောက်ဆဲလ် ဆက်သွယ်မှုများကို ဖြစ်ပေါ်စေပြီး ပို၍သန်မာစေသော နည်းလမ်းအချို့ဖြစ်သည်။

▪ ပန်းချီ၊ ပန်းပု၊ စာလုံးဆက်ကစားနည်း၊ ဉာဏ်စမ်းရုပ်ဆက်ကစားနည်း၊ စကားလုံးပဟေဠိများ၊ ဘာသာစကားသင်ယူခြင်းစသည့် ကဏ္ဍအသစ်များ၌ စိတ်ဝင်စားမှုပျိုးထောင်ပါ။

▪ လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံပါ။ ငြီးငွေ့ဖွယ်မဖြစ်ရန် အတူတကွရောနှော စကားပြောဆိုပြီး မှတ်ဉာဏ်ကို ထက်မြက်စေပါ။

▪ ဝိညာဉ်ရေးကို ပြုစုပျိုးထောင်ပါ။ ‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။’—⁠ဖိလိပ္ပိ ၄:၆၊ ၇

▪ သင့်တော်သောစာပေများဖတ်ပါ။ သင်ဖတ်ရှုသိရှိရာကို တစ်ဦးဦးအားပြောပြပါ။

▪ သင်၏ ရေတိုမှတ်ဉာဏ်နှင့် ရေရှည်မှတ်ဉာဏ်ကို လေ့ကျင့်ပေးရန် ရေဒီယို သို့မဟုတ် တီဗွီသတင်းများပါ အချက်များကို ပြန်စဉ်းစားပါ။ ပြန်ပြောပြပါ။

▪ တီဗွီအဝေးထိန်းကိရိယာသုံးသည့်အခါ၊ တယ်လီဖုန်းဆက်သည့်အခါ၊ သွားတိုက်သည့်အခါ အားမသန်သောလက် (သင်သည် ညာသန်ဖြစ်ပါက ဘယ်လက် သို့မဟုတ် ဘယ်သန်ဖြစ်ပါက ညာလက်) ကို အသုံးပြုပါ။

▪ တစ်နေ့တာလုံး သင်၏အာရုံအားလုံးကို တတ်နိုင်သမျှများများ အသုံးပြုပါ။

▪ အနီးအဝေးရှိ စိတ်ဝင်စားဖွယ်နေရာများအကြောင်း လေ့လာပါ။ သွားရောက်လည်ပတ်ပါ။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

နာကျင်မှုပြည့်နှက်နေသည့် ဇရာအိုကာလ မကြာမီကွယ်ပျောက်သွားပြီး ထာဝရလူငယ့်အားမာန်ဖြင့် အစားထိုးခံရမည်ဟု ယေရှုကတိပြု