မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပီလ်ဂရင်မ်များနှင့် ပြူရီတန်များကား မည်သူများနည်း

ပီလ်ဂရင်မ်များနှင့် ပြူရီတန်များကား မည်သူများနည်း

ပီလ်ဂရင်မ်များနှင့် ပြူရီတန်များကား မည်သူများနည်း

မြောက်အမေရိကကမ်းရိုးတန်းပေါ်ရှိ မက်ဆာချူးဆက်ပြည်နယ်၊ ပဲလ်မော့သ်မြို့တွင် လိပ်သည်းကျောက်တုံးကြီးရှိပြီး ယင်း၏ မျက်နှာပြင်ပေါ်၌ ၁၆၂၀ နံပါတ်ကို စာလုံးထွင်းထားသည်။ ယင်းကို ပဲလ်မော့သ်ကျောက်ဟုခေါ်ပြီး လွန်ခဲ့သောနှစ် ၄၀၀ နီးပါးက ဥရောပသားအုပ်စုတစ်စု ဆိုက်ရောက်ခဲ့သောကမ်းနားတွင်ရှိသည်ဟု လူများစွာတို့ယုံကြည်ကြသည်။ သူတို့ကို ပီလ်ဂရင်မ်များဟု သင်သိပေမည်။

အမေရိကန်တိုင်းရင်းသားမိတ်ဆွေများကို ပေါကြွယ်ဝသောကောက်ရိတ်သိမ်း စားသောက်ပွဲကြီးများသို့ ဖိတ်ခေါ်နေသည့် ဖော်ရွေသော ပီလ်ဂရင်မ်များအကြောင်း လူများစွာတို့သိကြသည်။ သို့သော် ပီလ်ဂရင်မ်များ (Pligrims) ကား မည်သူတို့နည်း။ မြောက်အမေရိကသို့ သူတို့ အဘယ်ကြောင့် ရောက်လာခဲ့သနည်း။ အဖြေရရန် အဋ္ဌမမြောက် အင်္ဂလိပ်ဘုရင်ဟင်နရီ အုပ်စိုးချိန်သို့ ပြန်သွားကြစို့။

အင်္ဂလန်တွင် ဘာသာရေးကသောင်းကနင်းဖြစ်မှုများ

ပီလ်ဂရင်မ်များ အမေရိကသို့မထွက်ခွာမီ နှစ်တစ်ရာနီးပါးအချိန်က အင်္ဂလန်နိုင်ငံသည် ရိုမန်ကက်သလစ်နိုင်ငံဖြစ်ခဲ့ပြီး အဋ္ဌမမြောက်ဟင်နရီဘုရင်သည် ယုံကြည်ခြင်းအတွက်ခုခံကာကွယ်သူဟူသော ပုပ်ရဟန်းမင်းချီးမြှင့်သည့်ရာထူးကို ခံယူထားသည်။ ဟင်နရီသည် သူ၏မိဖုရားခြောက်ယောက်မှ ပထမမြောက်မိဖုရား အာရဂွန်မင်းသမီးကက်သရင်းနှင့် ကွာရှင်းလိုသော်လည်း သတ္တမမြောက်ပုပ်ရဟန်းမင်း ကလီမဲန့်က အတည်မပြုပေးသောကြောင့် စတင်မသင့်မတင့်ဖြစ်လာကြသည်။

ဟင်နရီသည် အိမ်တွင်းရေးပြဿနာများနှင့် ခေါင်းရှုပ်နေချိန်တွင် ဥရောပတစ်ခွင်လုံးနီးပါးတွင် ရိုမန်ကက်သလစ်ချာ့ခ်ျ၌ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲမှုများကြောင့် ကသောင်းကနင်းဖြစ်လျက်ရှိသည်။ မိမိအားချာ့ခ်ျမှပေးထားသော ဂုဏ်ပုဒ်ကိုလက်လွတ်ရမည်စိုး၍ ဟင်နရီသည် ပထမတွင် ပြုပြင်ပြောင်းလဲရေးသမားများကို အင်္ဂလန်မှ နှင်ထုတ်ခဲ့သည်။ နောက်ပိုင်း သူစိတ်ပြောင်းသွားသည်။ မိမိလက်ထပ်ထိမ်းမြားမှုကို ကက်သလစ်ချာ့ခ်ျက မပယ်ဖျက်ပေးသောကြောင့် ချာ့ခ်ျကို ဟင်နရီက ပယ်ဖျက်ခဲ့သည်။ ၁၅၃၄ ခုနှစ်တွင် အင်္ဂလိပ်ကက်သလစ်များအပေါ် ပုပ်၏သြဇာလွှမ်းမိုးမှုကို ဖြတ်တောက်ခဲ့ပြီး မိမိကိုယ်ကို ချာ့ခ်ျ အော့ဖ် အင်္ဂလန်၏ အကြီးမြင့်ဆုံးအာဏာပိုင်အဖြစ် ကြေညာခဲ့သည်။ မကြာမီပင် ကက်သလစ်ဘုန်းကြီးကျောင်းများကိုပိတ်ကာ သူတို့၏ များပြားလှသော ပိုင်ဆိုင်ရာများကို ရောင်းပစ်ခဲ့သည်။ ၁၅၄၇ ခုနှစ်၊ ဟင်နရီသေဆုံးချိန်၌ အင်္ဂလန်သည် ပရိုတက်စတင့်နိုင်ငံဖြစ်လာနေသည်။

ဟင်နရီ၏သားဖြစ်သူ ဆဋ္ဌမမြောက် အက်ဒ်ဝက်သည် ရောမနှင့်ဆက်သီးခြားနေခဲ့သည်။ ၁၅၅၃ ခုနှစ်တွင် အက်ဒ်ဝက်သေဆုံးပြီးနောက် အာရဂွန်မင်းသမီးကက်သရင်းနှင့် ဟင်နရီတို့၏သမီး၊ ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်သူ မေရီသည် ဘုရင်မဖြစ်လာပြီး နိုင်ငံအား ပုပ်ရဟန်းမင်းအခွင့်အာဏာကို ပြန်လက်အောက်ခံစေရန် ကြိုးပမ်းခဲ့သည်။ သူသည် ပရိုတက်စတင့်များစွာကို ပြည်နှင်ဒဏ်ပေးပြီး လူ ၃၀၀ ကျော်တို့ကို နှက်တိုင်တင်မီးရှို့ခြင်းဖြင့် မိမိကိုယ်ကို သွေးစွန်းသောမေရီ ဖြစ်စေခဲ့သည်။ သို့သော် ဘာသာရေးပြုပြင်ပြောင်းလဲမှုများကို သူမတားဆီးနိုင်ခဲ့ပေ။ ၁၅၅၈ ခုနှစ်တွင် မေရီသေဆုံးပြီး သူ၏နေရာကို အဖေတူအမေကွဲညီမ ပထမမြောက် အဲလီဇဘက်သ် ဆက်ခံခဲ့သည်။ အင်္ဂလိပ်ဘာသာရေးအသိုင်းအဝိုင်းတွင် ပုပ်ရဟန်းမင်းအာဏာမစိုးမိုးစေရန် သူအသေအချာပြုလုပ်ခဲ့သည်။

သို့သော် အချို့သောပရိုတက်စတင့်များက ရိုမန်ကက်သလစ်ချာ့ခ်ျမှ ခွဲထွက်ရုံနှင့်မလုံလောက်၊ ရိုမန်ကက်သလစ်ဝါဒ အကြွင်းအကျန်အားလုံးကို အမြစ်ပါမကျန်ဖယ်ရှားပစ်ရမည်ဟု ယူမှတ်ကြသည်။ သူတို့သည် ချာ့ခ်ျ၏ဝတ်ပြုရေးပုံစံကို စင်ကြယ်စေလိုသောကြောင့် သူတို့ကို ပြူရီတန်များ (Puritans) ဟုခေါ်ကြသည်။ ပြူရီတန်အချို့က ဂိုဏ်းအုပ်များရှိရန်မလိုဘဲ အသင်းတော်တိုင်းသည် မိမိဘာသာအုပ်ချုပ်ခွင့်ရှိသင့်သည်ဟု ယူမှတ်ကြပြီး မိခင်ချာ့ခ်ျမှခွဲထွက်သွားကြသည်။ သူတို့ကို ခွဲထွက်သူများဟု ခေါ်ကြသည်။

ချာ့ခ်ျကိုပြစ်တင်ငြင်းခုံသော ပြူရီတန်များသည် အဲလီဇဘက်သ်ဘုရင်မ စိုးစံချိန်အတွင်း ပိုထင်ပေါ်လာသည်။ အချို့သောဓမ္မဆရာများ၏ ရိုးရိုးဝတ်စားဆင်ယင်ပုံကို ဘုရင်မ မနှစ်သက်သောကြောင့် ၁၅၆၄ ခုနှစ်တွင် ကန်တာဘရီဂိုဏ်းချုပ်အား ဓမ္မဆရာများဝတ်စားဆင်ယင်ပုံနှင့်ပတ်သက်ပြီး စည်းမျဉ်းထုတ်စေခဲ့သည်။ ကက်သလစ်ဘုန်းကြီးများကဲ့သို့ ပြန်၍ဝတ်စားဆင်ယင်ရမည်ဖြစ်သောကြောင့် ပြူရီတန်များက လိုက်နာရန်ငြင်းဆိုခဲ့သည်။ ယခင် ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်များ၏ အခွင့်အာဏာနှင့်ပတ်သက်၍ ပို၍အချေအတင်ဖြစ်လာသည်။ အဲလီဇဘက်သ်သည် ဂိုဏ်းအုပ်များကို ဆက်ခန့်ထားပြီး မိမိကို ချာ့ခ်ျ၏ဦးခေါင်းအဖြစ် ရိုသေလေးစားရမည်ဟု ကျိန်ဆိုရန်တောင်းဆိုခဲ့သည်။

ခွဲထွက်သူများမှ ပီလ်ဂရင်မ်များဖြစ်လာခြင်း

၁၆၀၃ ခုနှစ်တွင် အဲလီဇဘက်သ်နေရာကို ပထမမြောက်ဂျိမ်းဘုရင်ကဆက်ခံပြီး သူ၏အာဏာကို ခွဲထွက်သူများ လက်အောက်ခံစေရန် အပြင်းအထန်ဖိအားပေးတော့သည်။ ဟော်လန်နိုင်ငံတွင် လွတ်လပ်ခွင့်ပေးထားသောကြောင့် ၁၆၀၈ ခုနှစ်တွင် စခရူဘီမြို့ရှိ ခွဲထွက်သူများအသင်းတော်တစ်ခုသည် ထိုနိုင်ငံသို့ထွက်ပြေးခဲ့ကြသည်။ သို့သော် ဟော်လန်နိုင်ငံသားတို့သည် အခြားဘာသာများနှင့် အကျင့်ပျက်မှုများအား သည်းခံခွင့်ပြုထားကြရာ ခွဲထွက်သူများသည် အင်္ဂလန်တွင်ထက် ပို၍ အနေရခက်လာသည်။ ထို့ကြောင့် ဥရောပမှထွက်ခွာကာ မြောက်အမေရိကတွင် ဘဝသစ်စမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ မိမိတို့၏ယုံကြည်ချက်ကြောင့် အမိမြေမှအဝေးသို့ ထွက်သွားလိုသည့် ဤခွဲထွက်သူအုပ်စု၏ စိတ်ပြင်းပြမှုက သူတို့ကို ပီလ်ဂရင်မ်များဟု လူသိများလာစေသည်။

ခွဲထွက်သူများစွာလည်း လိုက်ပါလာသော ပီလ်ဂရင်မ်များသည် ဗြိတိသျှကိုလိုနီဖြစ်သော ဗာဂျီးနီးယားပြည်နယ်တွင် အခြေချနေထိုင်ရန် ခွင့်ပြုချက်ရခဲ့ပြီး ၁၆၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မေဖလားဝါး အမည်ရှိသင်္ဘောဖြင့် မြောက်အမေရိကသို့ ထွက်ခွာလာကြသည်။ လူကြီးနှင့်ကလေး ၁၀၀ ခန့်သည် ဗာဂျီးနီးယားပြည်နယ်၏မြောက်ဘက် မိုင်ရာချီဝေးသော ကိပ်ကော့ဒ်သို့မရောက်မီ မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင် မုန်တိုင်းထန်သောလနှစ်လကို ဖြတ်သန်းခဲ့ရသည်။ ကိပ်ကော့ဒ်သို့ရောက်သောအခါ မိမိတို့သည် အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုကြပြီး ယင်း၏ဥပဒေများကို နာခံလိုကြသည်ဟုဖော်ပြထားသော မေဖလားဝါးပဋိညာဉ်ကို ချုပ်ဆိုခဲ့ကြသည်။ ၁၆၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပဲလ်မော့သ်ကိုလိုနီကို တည်ထောင်ခဲ့သည်။

ကမ္ဘာသစ်တွင် ဘဝသစ်စခြင်း

ခိုဝင်လာသူတို့သည် ဆောင်းတွင်းအတွက် အဆင်သင့်မဖြစ်ဘဲ မြောက်အမေရိကသို့ရောက်လာကြရာ လအနည်းငယ်အတွင်း အုပ်စုတစ်ဝက်မှာ သေဆုံးခဲ့သည်။ သို့သော် နွေဦးရောက်လာသောကြောင့် သက်သာရာရခဲ့၏။ အသက်ရှင်ကျန်ရစ်သူများသည် တော်သင့်သောအိမ်များဆောက်ပြီး အစားအစာအတွက် ဒေသထွက်ကောက်ပဲသီးနှံများ စိုက်ပျိုးနည်းကို အမေရိကန်တိုင်းရင်းသားများထံမှ သင်ယူခဲ့ကြသည်။ ၁၆၂၁ ခုနှစ် ကုန်ခါနီးတွင် ပီလ်ဂရင်မ်များသည် အလွန်ဖြစ်ထွန်းအောင်မြင်လာရာ ဘုရားသခင်၏ကောင်းချီးများအတွက် ကိုယ်တော်ကိုကျေးဇူးတင်ရန် အချိန်သီးသန့်ဖယ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနေရာများတွင် ယနေ့တိုင် ကျင်းပလျက်ရှိသော ကျေးဇူးတော်ချီးမွမ်းပွဲနေ့သည် ထိုအဖြစ်အပျက်မှ ဆင်းသက်လာခြင်းဖြစ်၏။ အခြားသူများလည်း ပြောင်းရွှေ့လာသောကြောင့် ၁၅ နှစ်မပြည့်မီတွင် ပဲလ်မော့သ်မြို့၌ လူဦးရေ ၂,၀၀၀ ကျော်သွားသည်။

ထိုအချိန်အတောအတွင်း အင်္ဂလန်ရှိပြူရီတန်အချို့ကလည်း ခွဲထွက်သူများကဲ့သို့ သူတို့၏ “ကတိထားရာပြည်” သည် အတ္တလန္တိတ်သမုဒ္ဒရာ၏ တစ်ဖက်တွင်ရှိသည်ဟု ဆုံးဖြတ်ပြီး ထွက်လာခဲ့ကြသည်။ ၁၆၃၀ ပြည့်နှစ်တွင် သူတို့အုပ်စုသည် ပဲလ်မော့သ်မြို့မြောက်ဘက်သို့ ပြောင်းရွှေ့လာကြပြီး မက်ဆာချူးဆက်ပင်လယ်အော်ဒေသကိုလိုနီကို တည်ထောင်ခဲ့ကြသည်။ ၁၆၄၀ ပြည့်နှစ်ရောက်သောအခါ ပြောင်းရွှေ့လာသော အင်္ဂလိပ်လူမျိုး ၂၀,၀၀၀ ခန့်မှာ နယူးအင်္ဂလန်တွင် နေထိုင်လျက်ရှိသည်။ ၁၆၉၁ ခုနှစ်တွင် ပဲလ်မော့သ်မြို့ကို မက်ဆာချူးဆက်ပင်လယ်အော်ဒေသကိုလိုနီက သိမ်းပိုက်လိုက်သောအခါ ခွဲထွက်သူများသည် တသီးတခြားမဟုတ်ကြတော့ပေ။ နယူးအင်္ဂလန်၏ ဘာသာရေးကို ပြူရီတန်များ ယခုစိုးမိုးနေပြီဖြစ်၍ ဘော့စ်တွန်မြို့သည် ထိုဒေသအတွက် ဝိညာဉ်ရေးဗဟိုချက်မဖြစ်လာသည်။ သူတို့၏ဝတ်ပြုရေးကို မည်သို့ ဆောင်ရွက်ကြသနည်း။

ပြူရီတန်များ၏ ဝတ်ပြုရေး

ကမ္ဘာသစ်ရောက် ပြူရီတန်များသည် အစပိုင်းတွင် တနင်္ဂနွေနေ့နံနက်တိုင်းစုဝေးရန် စည်းဝေးသည့်အိမ်များကို သစ်သားနှင့် ဆောက်လုပ်ကြသည်။ အိမ်အတွင်းပိုင်းမှာ ကောင်းသောရာသီဥတုတွင် ပြဿနာမရှိသော်လည်း ဆောင်းတွင်းတွင်မူ ခံနိုင်ရည်အရှိဆုံးသူတစ်ဦးပင် မခံနိုင်ချေ။ စည်းဝေးသည့်အိမ်များသည် နွေးထွေးမှုမရှိသောကြောင့် ခိုက်ခိုက်တုန်နေသောတက်ရောက်သူများမှာ မကြာမီ အလွန်အေးစက်လာကြသည်။ ဟောပြောသူသည် လက်ဟန်ပြဖို့လိုသည့် မိမိ၏လက်များကိုပင် အေးစိမ့်လှသောလေမှ ကာကွယ်ရန် လက်အိတ်ဝတ်ထားရသည်။

ပြူရီတန်များသည် သူတို့၏ယုံကြည်ချက်များကို ပြင်သစ်လူမျိုး ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသမား ဂျော်န်ကယ်လ်ဗင်၏ သွန်သင်ချက်များအပေါ် အခြေပြုသည်။ သူတို့သည် တင်ကူးပြဋ္ဌာန်းခြင်းအယူကို လက်ခံကြကာ ဘုရားသခင်သည် မည်သူကယ်တင်ခြင်းရပြီး မည်သူမှာမူ ထာဝရမီးငရဲသို့သွားရမည်တို့ကို ကြိုတင်သတ်မှတ်ထားသည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ အဘယ်အရာပင်ပြုလုပ်ပါစေ ဘုရားသခင်ရှေ့ မိမိ၏ရပ်တည်မှုကို ပြောင်းလဲ၍မရ။ လူတစ်ဦးသည် မိမိသေသောအခါ ကောင်းကင်သို့သွားပြီး ဘုန်းစည်းစိမ်ခံရမည်လော၊ မီးငရဲတွင် ထာဝရညှဉ်းဆဲခံရမည်လောဟူသည်ကို မသိချေ။

အတန်ကြာသော် ပြူရီတန်များ၏ ခေါင်းဆောင်များသည် နောင်တတရားအကြောင်း ဟောစပြုလာသည်။ ဘုရားသခင်သည် မေတ္တာရှင်ဖြစ်သော်လည်း ကိုယ်တော့်ပညတ်မနာခံသူများသည် ငရဲသို့သာသွားရမည်ဟု သတိပေးခဲ့သည်။ ထိုဟောပြောသူများသည် စည်းမျဉ်းများကို လူများဆက်နာခံစေရန် ငရဲမီးကို မီးထိုးယပ်ခတ်ပေးခဲ့သည်။ ၁၈ ရာစုမှ ဟောပြောသူ ဂျော်နသန် အက်ဒ်ဝက်သည် တစ်ခါက “အမျက်ဒေါသထွက်နေသော ဘုရားသခင့်လက်ဝယ်ရှိ အပြစ်သားများ” အကြောင်းကိုဟောခဲ့သည်။ ငရဲနှင့်ပတ်သက်သော သူ့ဖော်ပြချက်များမှာ အလွန်ကြောက်ရွံ့ဖွယ်ကောင်းရာ ထိုဟောပြောချက်နားထောင်ပြီး ကြောက်လန့်နေသော အသင်းသားများကို အခြားဓမ္မဆရာများက စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခဲ့ရသည်။

မက်ဆာချူးဆက်ပြင်ပမှလာရောက်သော ဧဝံဂေလိဟောပြောသူများသည် အလွန်အန္တရာယ်ရှိသည်။ အာဏာပိုင်များသည် ကွိတ်ကာခရစ်ယာန်အသင်းမှ ဟောပြောသူ မေရီဒိုင်ယာကို သုံးကြိမ်တိုင်နယ်နှင်ခဲ့သော်လည်း သုံးကြိမ်လုံးပြန်လာပြီး သူ၏အမြင်များကို ဆက်ကြေညာခဲ့သည်။ ထို့ကြောင့် ၁၆၆၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်တွင် ဘော့စ်တွန်မြို့၌ သူ့ကိုကြိုးမိန့်ပေးခဲ့သည်။ ဆန့်ကျင်သူများကို ပြူရီတန်ခေါင်းဆောင်များ ပြင်းပြင်းထန်ထန်ကိုင်တွယ်သည်ကို ဖိလစ် ရတ်ကလစ်ဖ် မေ့သွားပုံရသည်။ အုပ်ချုပ်သူများနှင့် စေလမ်မြို့၏ချာ့ခ်ျကို ဆန့်ကျင်သည့် သူ၏ဟောပြောချက်များအတွက် ကြာပွတ်နှင့်အရိုက်ခံရပြီး ဒဏ်ငွေရိုက်ခံခဲ့ရသည်။ သူ့ကိုပြန်မလွှတ်မီ နောက်မမေ့ရန် နားရွက်နှစ်ဖက်ကိုပါဖြတ်ပစ်ခဲ့သည်။ ဘာသာကွဲများကို ပြူရီတန်တို့သည်းမခံမှုကြောင့် လူများသည် မက်ဆာချူးဆက်ပြည်မှထွက်ကာ အခြားကိုလိုနီများတည်ထောင်ခဲ့ကြသည်။

မာနထောင်လွှားခြင်းက အကြမ်းဖက်မှုဖြစ်စေ

ပြူရီတန်များစွာသည် မိမိတို့ကိုယ်ကို ဘုရားသခင် “ရွေးချယ်” ထားသူများဟု ယူဆပြီး ဒေသခံတိုင်းရင်းသားလူမျိုးများကို နိမ့်ကျသော၊ အခွင့်မရှိဘဲဝင်ရောက်နေထိုင်သူများအဖြစ် ရှုမြင်ကြသည်။ ထိုသဘောထားက နာကြည်းမှုများကို ဖြစ်ပေါ်စေပြီး ဒေသခံတိုင်းရင်းသားအချို့မှာ သူတို့ကို စတင်တိုက်ခိုက်တော့သည်။ ထို့ကြောင့် ဝတ်ပြုရန်သွားသည့်အခါ ယောက်ျားများ သေနတ်ကိုင်ဆောင်ခွင့်ရှိစေရန် ပြူရီတန်ခေါင်းဆောင်များသည် ဥပုသ်ပညတ်အပါအဝင် အခြားပညတ်များကိုလျှော့ပေါ့ပေးခဲ့သည်။ ၁၆၇၅ ခုနှစ်တွင် အခြေအနေများပိုဆိုးလာသည်။

ဝမ်ပနောအက်အမေရိကန်အင်ဒီယန်း တိုင်းရင်းသားများ၏ ခေါင်းဆောင်ဖြစ်သော ဘုရင်ဖိလစ်ဟုလည်းခေါ်သည့် မီတကိုမတ်သည် မိမိလူများ၏နယ်မြေများ ဆုံးရှုံးလာသဖြင့် ပြူရီတန်များ၏ အိမ်ယာများကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ကာ နေထိုင်သူအမြောက်အမြားကို သတ်ဖြတ်ခဲ့သည်။ ပြူရီတန်များကလည်း ပြန်လက်စားချေတိုက်ခိုက်ရာ တိုက်ပွဲမှာ လနှင့်ချီကြာခဲ့သည်။ ၁၆၇၆ ခုနှစ်၊ ဩဂုတ်လတွင် ရုတ်ဒ်ကျွန်းပေါ်၌ ဖိလစ်ကိုဖမ်းမိခဲ့ကြသည်။ သူ့ကို ခေါင်းဖြတ်၊ အူအသည်းများထုတ်ကာ လေးပိုင်းပိုင်းခဲ့သည်။ သို့ဖြင့် ဘုရင်ဖိလစ်၏တိုက်ပွဲနှင့် နယူးအင်္ဂလန်ရှိ ဒေသခံတိုင်းရင်းသားများ လွတ်လပ်စွာနေထိုင်သည့်ဘဝ အဆုံးတိုင်ခဲ့သည်။

၁၈ ရာစုအတွင်းတွင် ပြူရီတန်များ၏ဇွဲကို နောက်တစ်နည်းဖြင့်တွေ့ရ၏။ မက်ဆာချူးဆက်ပြည်ရှိ ခေါင်းဆောင်အချို့သည် အင်္ဂလိပ်အစိုးရကို ရှုတ်ချပြောဆိုပြီး လွတ်လပ်လိုစိတ်များ ဖြစ်ပေါ်စေခဲ့ကြသည်။ သူတို့၏ ပုန်ကန်ရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးနှင့်ဘာသာရေးကို ရောနှောခဲ့ကြသည်။

ပြူရီတန်များသည် အလုပ်ကြိုးစားပြီး သတ္တိရှိကာ သူတို့၏ဘာသာတရားအပေါ် ဆည်းကပ်မြှုပ်နှံထားကြလေ့ရှိသည်။ လူများသည် “ပြူရီတန်စရိုက်” နှင့် “ပြူရီတန်ရိုးသားမှု” ဟူ၍ သုံးနှုန်းကြဆဲဖြစ်၏။ သို့သော် ရိုးသားဖြောင့်မတ်မှုတစ်ခုတည်းက လူတစ်ဦးကို မှားယွင်းသောသွန်သင်ချက်များမှ မသန့်စင်ပေးချေ။ နိုင်ငံရေးနှင့် ဘာသာရေးရောထွေးမှုကို ယေရှု ရှောင်ကြဉ်ခဲ့သည်။ (ယောဟန် ၆:၁၅; ၁၈:၃၆) ထို့ပြင် ရက်စက်ကြမ်းကြုတ်မှုသည် ဤအရေးကြီးသောအမှန်တရားနှင့် ဆန့်ကျင်သည်– “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။”—⁠၁ ယောဟန် ၄:⁠၈

သင်၏ဘာသာသည် မီးငရဲ၊ တင်ကူးပြဋ္ဌာန်းခြင်းနှင့် အခြားကျမ်းစာနှင့်မညီသော အယူဝါဒများကို သွန်သင်ပါသလော။ သင့်ဘာသာရေးခေါင်းဆောင်များသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နေသလော။ ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာကို စိတ်ရင်းမှန်ဖြင့် လေ့လာခြင်းက အမှန်တကယ်သန့်ရှင်းစင်ကြယ်ပြီး ဘုရားသခင်လက်ခံတော်မူသည့် “စင်ကြယ်သန့်ရှင်းသော” ဝတ်ပြုမှုပုံစံကို တွေ့ရှိရန် သင့်အား ကူညီပေးပါလိမ့်မည်။—⁠ယာကုပ် ၁:၂၇

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပြူရီတန်များနှင့် မီးငရဲ

မီးငရဲအကြောင်းသွန်သင်ခြင်းဖြင့် ပြူရီတန်များသည် ဘုရားသခင့်နှုတ်မြွက်တော်နှင့် ဆန့်ကျင်နေသည်။ သမ္မာကျမ်းစာက သေလွန်သူတို့သည် အဘယ်အရာကိုမျှမသိ၊ အကျိုးအပြစ်ကိုလည်း မခံစားနိုင်ဟု သွန်သင်သည်။ (ဒေ. ၉:၅၊ ၁၀) ထို့ပြင် စစ်မှန်သောဘုရားသခင်သည် မီးရှို့ညှဉ်းဆဲခြင်းကို “အလျှင်းအလိုမရှိ” ပေ။ (ယေရမိ ၁၉:၅; ၁ ယောဟန် ၄:၈) ကိုယ်တော်သည် လူများ၏အသက်တာလမ်းစဉ်ကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုတော်မူပြီး နောင်တမယူသောအမှားပြုသူများကို ထောက်ထားစာနာစွာ ဆက်ဆံတော်မူသည်။ (ယေဇကျေလ ၃၃:၁၁) ဤကျမ်းစာအမှန်တရားများနှင့် ဆန့်ကျင်လျက် ပြူရီတန်ဟောပြောသွန်သင်သူများသည် ဘုရားသခင်ကို ရက်စက်ပြီး အငြိုးကြီးသောဘုရားသခင်အဖြစ် ပုံဖော်ကြသည်။ ထို့ပြင် ဆန့်ကျင်သူများ နှုတ်ဆိတ်သွားစေရန် အင်အားသုံးတိုက်ခိုက်ခြင်းအပါအဝင် အသက်အပေါ် အကြင်နာမဲ့သည့်အမြင်မျိုးကို မြေတောင်မြှောက်ပေးခဲ့ကြသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၆၂၀ ပြည့်နှစ်တွင် မြောက်အမေရိကသို့ရောက်လာသော ပီလ်ဂရင်မ်များ

[Credit Line]

Harper’s Encyclopædia of United States History

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၆၂၁ ခုနှစ်တွင် ဦးဆုံးအကြိမ် ကျေးဇူးတော်ချီးမွမ်းပွဲနေ့ ကျင်းပခြင်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

မက်ဆာချူးဆက်ရှိ ပြူရီတန်များ၏ စည်းဝေးရာအိမ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဂျော်န် ကယ်လ်ဗင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဂျော်နသန် အက်ဒ်ဝက်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လက်နက်ကိုင်ဆောင်ပြီး ချာ့ခ်ျသို့သွားနေသော ပြူရီတန်ဇနီးမောင်နှံ

[Picture Credit Line on page 11]

Library of Congress, Prints & Photographs Division

[Picture Credit Lines on page 12]

Top left: Snark/Art Resource, NY; top right: Harper’s Encyclopædia of United States History; John Calvin: Portrait in Paul Henry’s Life of Calvin, from the book The History of Protestantism (Vol. II); Jonathan Edwards: Dictionary of American Portraits/Dover

[Picture Credit Line on page 13]

Photos: North Wind Picture Archives