မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာပတ်ခဲ့သော အစေ့တစ်စေ့

ကမ္ဘာပတ်ခဲ့သော အစေ့တစ်စေ့

ကမ္ဘာပတ်ခဲ့သော အစေ့တစ်စေ့

ကော်ဖီပင်ငယ်တစ်ပင်အပေါ် လူတစ်ဦး၏ ဆည်းကပ်မြှုပ်နှံမှု ဇာတ်ကြောင်းသည် “ကော်ဖီပင်မျိုးပွားလာခြင်း၏ သမိုင်းတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးအကြောင်းဖြစ်သည်” ဟု “ကော်ဖီအကြောင်း”(All About Coffee) စာအုပ်ကဆိုသည်။ “အမေရိကန်သိပ္ပံ” (Scientific American)စာအုပ်အရ ထိုအပင်ငယ်လေးသည် တစ်နှစ်လျှင် ဒေါ်လာသန်း ၇,၀၀၀ ရရှိစေသော ကော်ဖီလုပ်ငန်းအစပြုရာ၌ အဓိကကဏ္ဍမှပါဝင်ပြီး တစ်ကမ္ဘာလုံးတွင် ရေနံလုပ်ငန်းတစ်ခုသာယင်းထက် ဒေါ်လာအားဖြင့် သာလွန်သည်။

စိတ်ဝင်စားဖွယ်ကော်ဖီဇာတ်လမ်းမှာ ကော်ဖီအရိုင်းပင်တို့၏ ဇာတိမြေဖြစ်သော အီသီယိုးပီးယားကုန်းပြင်မြင့်များတွင် အစပြုသည်။ ထိုအပင်မှပွားလာသောအပင်မျိုးများကို အာရဗီကာကော်ဖီဟုခေါ်ပြီး ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံမှာ ယင်းတို့မှဖြစ်သည်။ လှော်ပြီးသားကော်ဖီစေ့၏ ဂုဏ်သတ္တိများကို သိရှိခဲ့သည့်အချိန်အတိအကျမှာမူ မသေချာပါ။ သို့သော် အာရဗီကာကော်ဖီကို အေဒီ ၁၅ ရာစုခန့်က အာရေဗျကျွန်းဆွယ်တွင် စိုက်ပျိုးခဲ့သည်။ ကော်ဖီမျိုးစေ့များ ကုန်ကူးခြင်းကို တားမြစ်သော်လည်း ၁၆၁၆ ခုနှစ်တွင် ဒတ်ခ်ျလူမျိုးတို့သည် ကော်ဖီပင်များရော အပင်ပေါက်နိုင်သောမျိုးစေ့များကိုပါ ရရှိခဲ့သည်။ မကြာမီ ယင်းတို့ကို ယခုခေတ်အခေါ် သီရိလင်္ကာနိုင်ငံဖြစ်သော စီလွန်နှင့် ယခုအခေါ် အင်ဒိုနီးရှားအဝင်ဖြစ်သည့် ဂျားဗားတို့တွင် စိုက်ပျိုးလာခဲ့သည်။

၁၇၀၆ ခုနှစ်တွင် ဒတ်ခ်ျတို့သည် မိမိတို့ပိုင်ဂျားဗားမှ အပင်ငယ်တစ်ပင်ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ ရုက္ခဗေဒဥယျာဉ်သို့ပို့ခဲ့သည်။ အပင်မှာ ကြီးထွားလာသည်။ ထိုအပင်၏အစေ့များမှ ပွားလာသောအပင်များကို ဒတ်ခ်ျကိုလိုနီဖြစ်သည့် စူရီနမ်နှင့် ကရစ်ဘီယံသို့ သင်္ဘောဖြင့်တင်ပို့ခဲ့သည်။ ၁၇၁၄ ခုနှစ်တွင် အမ်စတာဒမ်မြို့တော်ဝန်သည် ပြင်သစ်ဘုရင် လူဝီ ၁၄ အား ထိုအပင်တစ်ပင်ကိုပေးခဲ့သည်။ ဘုရင်သည် အပင်ကို ပါရီမြို့၊ ဇာရ်ဒန် ဒဲ ပလန်တ် တော်ဝင်ဥယျာဉ်တွင် စိုက်ပျိုးခဲ့သည်။

ပြင်သစ်တို့သည် ကော်ဖီလုပ်ငန်းလုပ်ရန် စိတ်အားထက်သန်ခဲ့ကြသည်။ သူတို့သည် မျိုးစေ့များနှင့်အပင်များဝယ်ပြီး ရီယူနီယံကျွန်းသို့ သင်္ဘောဖြင့်တင်ပို့ခဲ့သည်။ သို့သော် မျိုးစေ့များ အပင်ပေါက်မလာကြပေ။ အချို့သောစာပေအထောက်အထားများအရ အပင်တစ်ပင်မှလွဲ၍ အားလုံးသေကုန်သည်။ သို့သော် ၁၇၂၀ ပြည့်နှစ်တွင် ထိုအပင်တစ်ပင်တည်းမှ မျိုးစေ့ပေါင်း ၁၅,၀၀၀ ကိုပြန်စိုက်ပျိုးခဲ့ရာ စိုက်ခင်းမှာ နောက်ဆုံး အောင်မြင်ခဲ့သည်။ ထိုအပင်များသည် အလွန်တန်ဖိုးရှိလှရာ အပင်တစ်ပင်အားဖျက်ဆီးသည်ကို တွေ့ရှိပါက မည်သူ့ကိုမဆို သေဒဏ်စီရင်သည်။ ပြင်သစ်တို့သည် ကရစ်ဘီယံကျွန်းပေါ်တွင်ပါ စိုက်ပျိုးလိုကြသော်လည်း ပထမနှစ်ကြိမ်ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပေ။

ပါရီမြို့တွင် ခွင့်ရက်ဖြင့်အနားယူနေသော ပြင်သစ်ရေတပ်အရာရှိတစ်ဦးဖြစ်သူ ဂါဘရီလ် မတ်ယူး ဒဲ ကလျူးသည် ပြင်သစ်မှအပြန်ခရီးတွင် သူ၏နေရပ်ဖြစ်သော မာတီနစ်ကျွန်းသို့ အပင်တစ်ပင် ယူသွားရန် ဆုံးဖြတ်ခဲ့သည်။ ၁၇၂၃ ခုနှစ်၊ မေလတွင် ပါရီမြို့မှအပင်တစ်ပင်နှင့်အတူ ကျွန်းသို့ထွက်ခွာခဲ့သည်။

ခရီးတစ်လျှောက်လုံးတွင် ဒဲ ကလျူးသည် တန်ဖိုးရှိလှသောအပင်အား ဖန်ဖြင့်တစ်စိတ်တစ်ပိုင်းပြုလုပ်ထားသော သေတ္တာထဲတွင်ထားသည်။ သို့မှသာ အပင်သည် နေရောင်ကို စုပ်ယူနိုင်ပြီး မိုးအုံ့သောနေ့များတွင် အနွေးဓာတ်ကို ထိန်းထားနိုင်မည်ဖြစ်သည်ဟု ကော်ဖီအကြောင်းစာအုပ်က ဖော်ပြသည်။ ဒဲ ကလျူးအား မနာလိုသူဖြစ်ပုံရပြီး မအောင်မြင်စေလိုသော ခရီးသွားဖော်တစ်ဦးက သူ့ထံမှအပင်ကိုဆွဲနုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ အပင်မှာ ဆက်လက်ရှင်သန်ခဲ့သည်။ ထို့ပြင် အပင်သည် တူနီးရှန်းပင်လယ်ဓားပြများ၏ရန်၊ ကြမ်းတမ်းသောမုန်တိုင်းဒဏ်နှင့် အဆိုးဆုံးမှာ လေတိတ်လုမတတ်ရှိသည့် လှိုင်းငြိမ်ရာပင်လယ်ပြင်၌ သင်္ဘောသည် လေမလာ၍ ရွက်မလွှင့်နိုင်ချိန်အတွင်း ရေချိုမရှိခြင်းတို့မှလည်း လွတ်မြောက်ကာ ရှင်သန်ခဲ့သည်။ ဒဲ ကလျူးက “ရေဘယ်လောက်တောင်ပြတ်သွားခဲ့သလဲဆိုရင် တစ်လကျော်ကျော်ကြာတဲ့အထိ ကျွန်တော့်ရိက္ခာ မလောက်မငရေကို ကျွန်တော့်ရဲ့ ကြီးမားလှတဲ့မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုရင်းမြစ်ဖြစ်တဲ့ ဒီအပင်ကိုပါ ခွဲဝေပေးခဲ့ရတယ်” ဟုရေးသားခဲ့သည်။

ဒဲ ကလျူး ဆည်းကပ်မြှုပ်နှံရကျိုးနပ်ခဲ့သည်။ အပင်သည် မာတီနစ်ကျွန်းသို့ လန်းဆန်းစွာရောက်ရှိပြီး အပူပိုင်းဒေသတွင် ကြီးထွားဖြစ်ထွန်းခဲ့သည်။ “မာတီနစ်သည် ထိုအပင်လေးတစ်ပင်မှ ယခုဆိုလျှင် ဘရာဇီး၊ ပြင်သစ်ဂူယာနာနှင့် စူရီနမ်တို့မှလွဲ၍ အမေရိကတိုက်များရှိ တိုင်းပြည်အားလုံးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မျိုးစေ့များထောက်မပေးလျက်ရှိသည်” ဟု ဂေါ်ဒင် ရစ်ဂယ်လ်က ကော်ဖီ (Coffee) အမည်ရှိ သူ၏စာအုပ်တွင် ဖော်ပြခဲ့သည်။

ထိုအတောအတွင်း ဘရာဇီးနှင့်ပြင်သစ်ဂူယာနာတို့ကလည်း ကော်ဖီပင်များကို လိုချင်လာသည်။ ဒတ်ခ်ျတို့သည် စူရီနမ်တွင် အမ်စတာဒမ်မှအပင်၏မျိုးပွားများကို စိုက်ပျိုးထားဆဲဖြစ်ပြီး အနီးကပ် ကာကွယ်စောင့်ကြပ်ထားသည်။ သို့သော် ၁၇၂၂ ခုနှစ်တွင် ပြင်သစ်ဂူယာနာသည် ရာဇဝတ်သားတစ်ဦးထံမှ မျိုးစေ့များရရှိခဲ့သည်၊ ထိုသူသည် စူရီနမ်သို့ထွက်ပြေးသွားပြီး ထိုတွင် မျိုးစေ့အချို့ ခိုးယူခဲ့သူဖြစ်သည်။ မျိုးစေ့များပေးလျှင် သူ့ကိုလွတ်ငြိမ်းခွင့်ပေးပြီး နေရင်းပြည်သို့ပြန်ပို့ပေးမည်ဟု ပြင်သစ်ဂူယာနာမှ အာဏာပိုင်များက အလဲအလှယ်ပြုခဲ့ကြသည်။

ရှင်သန်နိုင်သောမျိုးစေ့များ သို့မဟုတ် ပျိုးပင်ပေါက်များရရှိရန် ဘရာဇီး၏ တိတ်တိတ်ပုန်းကြိုးစားခြင်းမှာ အစပိုင်းတွင် မအောင်မြင်ခဲ့ပါ။ နောက်ပိုင်း စူရီနမ်နှင့် ပြင်သစ်ဂူယာနာတို့သည် နယ်စပ်ကိစ္စဖြင့်အငြင်းပွားကြပြီး ဘရာဇီးအား ဖြေရှင်းပေးသူတစ်ဦးစေလွှတ်ပေးပါရန် တောင်းဆိုခဲ့ကြသည်။ ဘရာဇီးသည် စစ်အရာရှိတစ်ဦးဖြစ်သူ ဖရန်စီစကူ မာလူ ဒီ ပါလျီတာအား ပြဿနာကိုဖြေရှင်းပေးရန် ပြင်သစ်ဂူယာနာသို့ စေလွှတ်ခဲ့ပြီး အပြန်တွင် ကော်ဖီပင်အချို့သယ်လာရန် မှာကြားခဲ့သည်။

ကြားနာစစ်ဆေးမှုများ အောင်မြင်စွာပြီးဆုံးသွားပြီး ဘုရင်ခံသည် ပါလျီတာအား နှုတ်ဆက်စားသောက်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ဤဂုဏ်တင်လေးစားဖွယ် ဧည့်သည်တော်ကို ဂုဏ်ပြုသည့်အနေနှင့် ဘုရင်ခံ၏ဇနီးသည် ပါလျီတာအား လှပသောပန်းစည်း လက်ဆောင်ပေးခဲ့သည်။ သို့သော် ပန်းများကြားတွင် ရှင်သန်နိုင်သော ကော်ဖီစေ့များနှင့် ပျိုးပင်ပေါက်များရှိသည်။ ထို့ကြောင့် ယခု ဒေါ်လာသန်းထောင်ချီရသော ဘရာဇီးကော်ဖီလုပ်ငန်း၏အစသည် ၁၇၂၇ ခုနှစ်တွင် ပန်းစည်းတစ်စည်းမှ အစပြုခဲ့သည်ဟုဆိုနိုင်ပေသည်။

ထို့ကြောင့် ၁၇၀၆ ခုနှစ်တွင် ဂျားဗားမှအမ်စတာဒမ်သို့ ရောက်လာခဲ့သောအပင်ငယ်နှင့် ပါရီရှိ ယင်း၏မျိုးပွားသည် အမေရိကအလယ်ပိုင်းနှင့်တောင်ပိုင်းရှိ စိုက်ခင်းအားလုံးအတွက် မျိုးစေ့အလုံအလောက်ရရှိစေသည်။ ရစ်ဂယ်လ်က “သို့ဖြစ်၍ အာရဗီကာကော်ဖီလုပ်ငန်းသည် မျိုးနွယ်စုလွန်စွာကန့်သတ်မှုရှိသော အာရဗီကာကော်ဖီမျိုးပင်မှ အစပြုဖြစ်ပေါ်လာခြင်းဖြစ်သည်” ဟုရှင်းပြသည်။

ယနေ့ နိုင်ငံပေါင်း ၈၀ ခန့်မှ မိသားစုစိုက်ခင်း ၂၅ သန်းကျော်တွင် ခန့်မှန်းခြေအားဖြင့် ကော်ဖီပင် ၁၅ ဘီလီယံကို စိုက်ပျိုးထားသည်။ ယင်းတို့မှ နေ့စဉ်သောက်သုံးနေသော ကော်ဖီအခွက်ပေါင်း ၂.၂၅ ဘီလီယံကို ထုတ်လုပ်လျက်ရှိသည်။

သို့သော် ယနေ့ ပြဿနာမှာ ကော်ဖီထုတ်လုပ်မှုလွန်ကဲခြင်းဖြစ်သည်။ နိုင်ငံများစွာရှိ စိုက်ပျိုးသူများကို ဆင်းရဲမွဲပြာကျစေသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် တန်ဖိုးနှုန်းညှိနှိုင်းသတ်မှတ်သည့် ကုန်သည်များအဖွဲ့တို့ကလည်း အခြေအနေကို ပိုရှုပ်ထွေးစေသည်။ ဤအခြေအနေများက အံ့သြဖွယ်ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ နီးပါးက ဒဲ ကလျူးသည် မိမိ၏အဖိုးတန်ရိက္ခာရေအနည်းငယ်ကို အပင်ငယ်လေးတစ်ပင်အား မျှဝေခဲ့ပုံအကြောင်း စဉ်းစားကြည့်သောအခါ ပို၍ပင်အံ့သြဖွယ်ဖြစ်ပေသည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လူသိအများဆုံး ကော်ဖီနှစ်မျိုး

“ကော်ဖီစေ့အရိုင်းများသည် ကော်ဖီမျိုးစု၏မျိုးစိတ်အနည်းဆုံး ၆၆ မျိုးပါဝင်သော ရူဗီယဲစေးခေါ်ပုဏ္ဍရိက် မျိုးရင်းများဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးသော မျိုးစိတ်နှစ်မျိုးမှာ အာရဗီကာကော်ဖီနှင့် ကဲန်နဖိုရာကော်ဖီတို့ဖြစ်သည်။ ကမ္ဘာ့ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံမှာ အာရဗီကာဖြစ်ပြီး ရိုဗတ်စ်တာဟုလည်းခေါ်သည့် ကဲန်နဖိုရာမှာ ကမ္ဘာ့ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံဖြစ်သည်” ဟုအမေရိကန်သိပ္ပံ (Scientific American) ဂျာနယ်ကဆိုသည်။

ရိုဗတ်စ်တာကော်ဖီသည် အနံ့ပြင်းပြီး များသောအားဖြင့် ယင်းကို အသင့်ဖျော်သောက်နိုင်သော ကော်ဖီမှုန့်အဖြစ် ထုတ်လုပ်သည်။ အပင်မှာ အသီးများပြီး ရောဂါဒဏ်ခံနိုင်သည်။ ယင်းသည် အကိုင်းချိုင်ပေးရန်မလိုသော၊ ပိုနုနယ်သော၊ အသီးနည်းသော အာရဗီကာပင်၏ နှစ်ဆဖြစ်သည့် ပေ ၄၀ ခန့်အထိမြင့်သည်။ အလေးချိန်အားဖြင့် ရိုဗတ်စ်တာကော်ဖီစေ့တွင် ကဖိန်းဓာတ် ၂.၈ ရာခိုင်နှုန်းအထက် ပါဝင်ပြီး အာရဗီကာ ကော်ဖီစေ့တွင်မူ မည်သည့်အခါမျှ ၁.၅ ရာခိုင်နှုန်းထက်မကျော်ပေ။ အာရဗီကာကော်ဖီတွင် ခရိုမိုဆုမ်းခေါ် ဗီဇသယ်မျှင် ၄၄ မျှင်ရှိပြီး ရိုဗတ်စ်တာနှင့် အခြားကော်ဖီအရိုင်းအားလုံးတွင် ၂၂ မျှင်သာရှိသော်လည်း အချို့ကို မျိုးစပ်များ ထုတ်လုပ်နိုင်ခဲ့သည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကော်ဖီအား “နှစ်ခြင်း” ပေးခြင်း

၁၇ ရာစုတွင် ဥရောပသို့ ကော်ဖီ ဦးဆုံးရောက်လာသောအခါ ကက်သလစ်ဘုန်းကြီးအချို့က ယင်းကို စာတန်နှင့်ပတ်သက်နေသည့်အရာဟု ရှုတ်ချပြောဆိုကြသည်။ ခရစ်တော်က သန့်စင်ထားခဲ့သည်ဟု သူတို့ယူမှတ်သော ဝိုင်ကို ယင်းက အစားထိုးသွားလိမ့်မည်ဟု မြင်ကြသည်။ သို့သော် အဋ္ဌမမြောက်ပုပ်ရဟန်းမင်း ကလီမဲန့်သည် ကော်ဖီကိုမြည်းစမ်းကြည့်ပြီးနောက် ယင်းနှင့်ပတ်သက်သည့် သူ၏သဘောထားချက်ချင်းပင်ပြောင်းလဲသွားသည်ဟု ကော်ဖီစာအုပ်ကဆိုသည်။ သူသည် ကော်ဖီအား ပုံဆောင်သဘောအရ နှစ်ခြင်းပေးလိုက်ခြင်းဖြင့် ဘာသာရေးဆိုင်ရာပြဿနာကို ဖြေရှင်းခဲ့ကာ ကက်သလစ်များအတွက် နှစ်သက်လက်ခံနိုင်ဖွယ်ဖြစ်လာစေသည်။

[စာမျက်နှာ ၁၂၊ ၁၃ ပါ ဇယား/မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်ကိုကြည့်ပါ)

ကော်ဖီပျံ့နှံ့သွားပုံ

၁။ ၁၄၀၀ ပြည့်လွန်နှစ်များ အာရဗီကာကော်ဖီကို အာရေဗျကျွန်းဆွယ်တွင် စိုက်ပျိုးခဲ့

၂။ ၁၆၁၆ ခုနှစ်ဒတ်ခ်ျတို့သည် ကော်ဖီပျိုးပင်များနှင့် ရှင်သန်နိုင်သော အစေ့များကိုရရှိခဲ့

၃။ ၁၆၉၉ ခုနှစ်ဒတ်ခ်ျတို့သည် ဂျားဗားကျွန်းနှင့်အရှေ့အင်ဒီးစ်ရှိ အခြားကျွန်းများသို့ အပင်များကိုယူသွားကြ

၄။ ၁၇၀၀ ပြည့်လွန်နှစ်များ ကော်ဖီကို ဗဟိုအမေရိကနှင့် ကရစ်ဘီယံကျွန်းတွင် စိုက်ပျိုးခဲ့

၅။ ၁၇၁၈ ခုနှစ်ပြင်သစ်တို့သည် ကော်ဖီကို ရီယူနီယံကျွန်းသို့ ယူသွားကြ

၆။ ၁၇၂၃ ခုနှစ်ဂျီ. အမ်. ဒဲ ကလျူးသည် ကော်ဖီပင်ကို ပြင်သစ်မှ မာတီနစ်ကျွန်းသို့ယူသွား

၇။ ၁၈၀၀ ပြည့်လွန်နှစ်များ ကော်ဖီကို ဟာဝိုင်ယီကျွန်းတွင် စိုက်ပျိုးခဲ့

[Credit Line]

Source: From the book “Uncommon Grounds”

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၇၂၃ ခုနှစ်တွင် ဂါဘရီလ် မတ်ယူး ဒဲ ကလျူးသည် မာတီနစ်ကျွန်းသို့အသွားလမ်းတွင် သောက်ရေကို ကော်ဖီပင်အား ခွဲဝေပေးခဲ့