မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းတွင် လိင်ကိစ္စကို မည်သို့ ငြင်းဆိုနိုင်သနည်း

ကျောင်းတွင် လိင်ကိစ္စကို မည်သို့ ငြင်းဆိုနိုင်သနည်း

လူငယ်များအမေး . . .

ကျောင်းတွင် လိင်ကိစ္စကို မည်သို့ ငြင်းဆိုနိုင်သနည်း

“လူငယ်တွေဟာ နေ့တိုင်း လိင်အကြောင်းပြောကြတယ်။ မိန်းကလေးတွေကတောင် ယောက်ျားလေးတွေကို မြှူဆွယ်ပြီး ကျောင်းမှာပဲ လိင်ဆက်ဆံကြတယ်။”—အိုင်လီန်၊ ၁၆ နှစ်။

“ကျွန်တော်တို့ကျောင်းမှာဆိုရင် လိင်တူဆက်ဆံတဲ့သူတွေဟာ တခြားလူငယ်တွေရှေ့ အကျင့်ပျက်ပြုမှုကြတာကို ဘယ်လိုမှမနေကြဘူး။”—မိုက်ကယ်၊ ၁၅ နှစ်။ *

သင်၏အတန်းဖော်များသည် လိင်အကြောင်းကိုသာ ပြောဆိုနေကြသလော။ အချို့သည် ပြောဆိုရုံမက လိင်ဆက်ဆံနေကြသလော။ သို့ဆိုလျှင် “လိင်ကို အသားပေးရိုက်နေတဲ့ ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ” ကျောင်းတက်ခြင်းနှင့်တူသည်ဟု ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကဲ့သို့ သင်ခံစားရပေမည်။ အမှန်မှာ ကျောင်းတွင် လူငယ်များစွာသည် လိင်အကြောင်း အမြဲပြောဆိုနေရုံမက လိင်ဆက်ဆံခွင့်ပင် ရကြသည်။ သံယောဇဉ်မရှိဘဲ လိင်ဆက်ဆံခြင်းဟု အဓိပ္ပာယ်ရှိသည့် “ငြိစွန်းခြင်း” အကြောင်း အတန်းဖော်များ ပြောဆိုနေကြသည်ကို သင်ကြားဖူးပေမည်။ ဖြစ်ရပ်အချို့တွင် လူငယ်များသည် ယခုမှမြင်တွေ့ဖူးသော အသိများနှင့် ငြိစွန်းနေကြသည်။ တချို့ဖြစ်ရပ်တွင် အွန်လိုင်းမှတစ်ဆင့် အဆက်အသွယ်ရခဲ့သော သူစိမ်းများနှင့် လိင်ဆက်ဆံကြရန် ချိန်းတွေ့ကြသည်။ ဤဖြစ်ရပ်နှစ်ခုစလုံး၏ရည်ရွယ်ချက်မှာ မေတ္တာမပါဘဲ ငြိစွန်းကြခြင်းဖြစ်သည်။ “တကယ်တော့ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ရာဂစိတ် ဖြေပေးလိုက်တာပဲ” ဟု ၁၉နှစ်အရွယ် ဒဲန်နီယဲလ်ကဆိုသည်။

စာသင်ကျောင်းများစွာတွင် ငြိစွန်းခြင်း ရေပန်းစားနေသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။ “တနင်္လာနေ့တိုင်း စင်္ကြံတွေမှာ သူငယ်ချင်းအချင်းချင်း နောက်ဆုံးပေါ် ငြိစွန်းခြင်းအကြောင်း ပေါ်ပေါ်ထင်ထင် ပြောနေကြတဲ့အသံတွေ ဆူညံနေတာပဲ” ဟု ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကျောင်းသတင်းစာတွင် ရေးသားခဲ့သည်။

သင်သည် သမ္မာကျမ်းစာစံနှုန်းများအတိုင်း ကြိုးစားနေထိုင်မည်ဆိုလျှင် လိင်အကြောင်းကိုသာ ပြောဆိုနေကြသူများအလယ်တွင် သင့်ကို ဖယ်ကြဉ်ထားသည်ဟု ခံစားရပေမည်။ အုပ်စုနှင့် မပေါင်းသင်းလျှင် ကဲ့ရဲ့လှောင်ပြောင်ခံရပေမည်။ သင်၏ဘဝလမ်းစဉ်ကို အခြားသူများ သဘောမပေါက်သည့်အခါ သူတို့သည် သင့်ကို “ကဲ့ရဲ့” ကြမည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသောကြောင့် ထိုသို့ ဖြစ်မည်ကို မျှော်လင့်ထားနိုင်သည်။ (၁ ပေတရု ၄:၃၊ ၄) မည်သို့ပင်ဖြစ်စေ၊ မည်သူမျှ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို မခံလိုကြချေ။ ထို့ကြောင့် ကျောင်းတွင် လိင်ကိစ္စကို မည်သို့ငြင်းဆိုပြီး သင့်အနေအထားနှင့်ပတ်သက်၍ ဂုဏ်ယူသည့်သဘောထားကို မည်သို့ဆက်ထိန်းထားနိုင်သနည်း။ ဦးဆုံး၊ လိင်ဆိုင်ရာသွေးဆောင်မှုသည် အလွန်အစွမ်းထက်ကြောင်း နားလည်ဖို့အရေးကြီးသည်။

ကိုယ့်ကိုယ်ကို သိပါ

ကြီးကောင်ဝင်ချိန်တွင် သင်သည် ကိုယ်ခန္ဓာရော၊ စိတ်လှုပ်ရှားမှုပါ နေ့ချင်းညချင်း ပြောင်းလဲလာသည်။ ဤအချိန်ကို သင်ဖြတ်သန်းနေစဉ်တွင် လိင်စိတ် ထကြွပြင်းထန်လာမည်။ ယင်းသည် သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ကျောင်းတွင် လိင်ခြားသူများကို အရူးအမူးစွဲလမ်းလာလျှင် မိမိကိုယ်ကို အကျင့်ပျက်သူ သို့မဟုတ် ကိုယ်ကျင့်တရားစင်ကြယ်စွာမနေနိုင်သူဟု မယူဆလိုက်ပါနှင့်။ ကိုယ်ကျင့်တရားစင်ကြယ်လိုလျှင် စင်ကြယ်နိုင်သည်။

ကြီးကောင်ဝင်ချိန်တွင် အတွင်းခံစားချက်များနှင့် ရုန်းကန်နေရသည့်အပြင် သတိထားဖို့လိုသည့် အချက်လည်းရှိသေးသည်။ မစုံလင်ကြသော လူသားအားလုံးသည် မကောင်းမှုကို ပြုလိုကြသည်။ တမန်တော်ပေါလုပင် ဤသို့ဝန်ခံခဲ့သည်– “ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့် ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။” ပေါလုသည် မိမိ၏မစုံလင်မှုများကြောင့် မိမိကိုယ်ကို “ငြိုငြင်သောသူ” ဖြစ်သည်ဟု ခံစားခဲ့ရသည်။ (ရောမ ၇:၂၃၊ ၂၄) သို့သော် သူသည် တိုက်ပွဲကို အောင်မြင်သကဲ့သို့ အသင်လည်း အောင်မြင်နိုင်ပါသည်။

သင်၏အတန်းဖော်များကို နားလည်ပေးပါ

အစပိုင်းတွင် ဖော်ပြထားသည့်အတိုင်း သင်၏အတန်းဖော်များသည် လိင်ကိစ္စကိုသာ တစ်ချိန်လုံး ပြောဆိုပေမည်။ သို့မဟုတ် လိင်အထိအတွေ့များအကြောင်း ကြွားလုံးထုတ်ပေမည်။ သင်သည် မကောင်းသောသြဇာလွှမ်းမိုးမှုကို သတိထားသင့်သည်။ (၁ ကောရိန္သု ၁၅:၃၃) သို့သော် သင်၏အတန်းဖော်များကို ရန်သူအနေနှင့် မရှုမြင်သင့်ချေ။ အဘယ်ကြောင့်နည်း။

သင်၏အတန်းဖော်များသည် အသင်ကဲ့သို့ အလိုဆန္ဒများရှိကြသည်။ သူတို့လည်း မကောင်းမှုကိုပြုလိုကြသည်။ သို့သော် သင်နှင့်မတူသည့်အချက်မှာ သူတို့မှအချို့သည် “ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” များဖြစ်ကြပေမည်။ သို့မဟုတ် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသော” မိသားစုမှ ပေါက်ဖွားလာသူများဖြစ်နိုင်၏။ (၂ တိမောသေ ၃:၁-၄) သင်၏အတန်းဖော်အချို့သည် မေတ္တာရှိ မိဘများ၏ အုပ်ထိန်းမှုအောက်တွင် မေတ္တာပါဆုံးမမှုနှင့် ကိုယ်ကျင့်တရားတို့နှင့်ပတ်သက်၍ လေ့ကျင့်သွန်သင်မှု မရရှိခဲ့၍ဖြစ်ပေမည်။—ဧဖက် ၆:၄

သင်အလွယ်တကူရနိုင်သော ဘုရားသခင်၏စကားတော် သမ္မာကျမ်းစာ၏ သာ၍မြင့်မားသောဉာဏ်ပညာမရှိသည့် သင်၏အတန်းဖော်များသည် စိတ်အလိုလိုက်ရာမှ ဖြစ်ပေါ်လာမည့် အန္တရာယ်ကို သိမြင်ကြမည်မဟုတ်ပေ။ (ရောမ ၁:၂၆၊ ၂၇) မိဘများက ကားရှုပ်နေသောလမ်းမပေါ်တွင် စက်ရှိန်ကောင်းသောကား မောင်းခိုင်းကြသော်လည်း မည်သို့မောင်းရမည်ကို မသင်ပေးသကဲ့သို့ပင်ဖြစ်သည်။ ကားမောင်းခြင်းသည် တဒင်္ဂစိတ်လှုပ်ရှားစရာကောင်းမည်ဖြစ်သော်လည်း အန္တရာယ်ရှိသည်။ သို့ဖြစ်၍ အတန်းဖော်များက သင့်ရှေ့တွင် လိင်အကြောင်း စပြောလာလျှင် သို့မဟုတ် သူတို့နှင့်အတူ အကျင့်ပျက်ရန် သင့်ကို အတင်းအကျပ်ပြုလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။

ညစ်ညမ်းသောစကားများကို ရှောင်ပါ

အတန်းဖော်များက အကျင့်ပျက်လိင်ကိစ္စအကြောင်း စပြောသည့်အခါ သင်သည် နားထောင်မိနိုင်ပြီး အခြားသူများနှင့် သီးခြားမဖြစ်လိုသောကြောင့် ဝိုင်းဖွဲ့၍ပင်ပြောဆိုပေမည်။ သို့သော် သူတို့ ယူမှတ်သွားမည့်အရာကို စဉ်းစားကြည့်ပါ။ သူတို့ပြောဆိုသောစကားကို သင်စိတ်ဝင်စားခြင်းက အမှန်တကယ်အားဖြင့် သင်သည် အဘယ်လူစားမျိုးဖြစ်ကြောင်း သို့မဟုတ် အဘယ်သို့ဖြစ်လိုကြောင်း ဖော်ပြရာမကျပေလော။

လိင်အကျင့်ပျက်ပြားခြင်းဘက်သို့ရောက်သွားသော စကားဝိုင်းတွင် သင်ပါဝင်မိသည့်အခါ အဘယ်အရာပြုလုပ်သင့်သနည်း။ ချက်ချင်း ထထွက်သွားသင့်သလော။ အမှန်ပင် ထိုသို့ပြုလုပ်သင့်ပါသည်။ (ဧဖက် ၅:၃၊ ၄) သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ပညာသတိရှိသောသူသည် ဘေးကိုမြော်မြင်၍ ပုန်းနေတတ်၏။” (သု. ၂၂:၃သမ္မာ) သင်သည် စကားဝိုင်းမှ ထထွက်သွားခြင်းကြောင့် ရိုင်းစိုင်းသူမဟုတ်ဘဲ ပညာသတိရှိသူတစ်ဦးဖြစ်သည်။

အမှန်စင်စစ်၊ သင်သည် အကျင့်ပျက်စကားဝိုင်းမှ ထထွက်သွားရမည်ကို အားမနာသင့်ချေ။ အထူးသဖြင့် ပြောဆိုနေသည့်စကားဝိုင်းကို စိတ်မဝင်စားလျှင် သို့မဟုတ် မပါဝင်လိုလျှင် မရှက်မကြောက်ဘဲ ထထွက်သွားရမည့် စကားဝိုင်းနောက်တစ်မျိုးလည်းရှိသေးသည်။ ဥပမာ၊ သင်၏အတန်းဖော်အုပ်စုတစ်စုက လက်နက်ကိုင်လုယက်မည့်အကြောင်း စပြောလှာသည်ဆိုကြပါစို့။ ထိုအနားတွင်နေ၍ အစီအစဉ်များကို နားထောင်မည်လော။ သို့ဆိုလျှင် သင့်ကို ကြံရာပါတစ်ဦးအနေနှင့် ရှုမြင်နိုင်၏။ ထို့ကြောင့် သင်သည် ထွက်သွားရန် ပညာရှိစွာ ဆုံးဖြတ်လိမ့်မည်။ စကားဝိုင်းက အကျင့်ပျက်လိင်အကြောင်း ရောက်သွားလျှင်လည်း ထိုနည်းတူပြုလုပ်ပါ။ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟုယူမှတ်သည့်ပုံစံမျိုး မပေါက်စေဘဲ၊ ကဲ့ရဲ့လှောင်ပြောင်စရာမဖြစ်စေဘဲ ထထွက်သွားနိုင်သည်။

အခြေအနေတစ်ခုမှ ထထွက်သွားခြင်းသည် အမြဲမဖြစ်နိုင်သည်မှာ မှန်၏။ ဥပမာ၊ သင့်အနီးတစ်ဝိုက်တွင်ထိုင်ရန် နေရာပေးခံရသော လူငယ်များသည် လိင်အကြောင်းပြောဆိုသည့် စကားဝိုင်းတွင် သင့်ကိုလည်း ပါဝင်စေလိုကြပေမည်။ ထိုအခါ သင်သည် မိမိအား စိတ်အနှောင့်အယှက်ဖြစ်စေသည့် စကားကို မပြောပါနှင့်ဟု ပြတ်ပြတ်သားသား၊ ယဉ်ယဉ်ကျေးကျေး တားဆီးနိုင်သည်။ ထိုသို့တား၍မရလျှင် ဘရန်ဒါကဲ့သို့ ပြုလုပ်နိုင်သည်။ “ကျွန်မကို နေရာပြောင်းပေးပါလို့ ဆရာမကို ပညာရှိရှိ တောင်းဆိုခဲ့တယ်” ဟုဘရန်ဒါပြောပြသည်။

ပိုင်းခြားသိမြင်ပါ

နောက်ဆုံးတွင် သင်၏အတန်းဖော်အချို့သည် မိမိတို့၏ညစ်ညမ်းသောစကားဝိုင်းတွင် အဘယ်ကြောင့်မပါဝင်သည်ကို သင့်အား မေးမြန်းလာလိမ့်မည်။ သင်၏ကိုယ်ကျင့်တရားအကြောင်း သူတို့မေးလာသည့်အခါ မည်သို့ပြန်ဖြေရမည်ကို ပိုင်းခြားသိမြင်ပါ။ အချို့သည် သင်၏အမြင်ကို နားလည်ပေးဖို့ထက် ကဲ့ရဲ့လှောင်ပြောင်ဖို့ မေးမြန်းခြင်းဖြစ်နိုင်၏။ သို့သော် စိတ်ရင်းမှန်နှင့်မေးပုံပေါက်လျှင် သင်၏ယုံကြည်ချက်များကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ လူငယ်များစွာသည် သမ္မာကျမ်းစာစံနှုန်းများနှင့်အညီ အသက်ရှင်ရခြင်းအကျိုးကျေးဇူးများကို အတန်းဖော်များ သဘောပေါက်လာရန် လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ကို အသုံးပြုခဲ့ကြသည်။ *

သန္နိဋ္ဌာန်ချပါ

ကျောင်းသားချင်းမှ တစ်ဦးက သင့်ကို အတင့်ရဲစွာ ကိုင်တွယ်ရန် သို့မဟုတ် နမ်းရှုပ်ရန် ကြိုးစားမည်ဆိုပါက အဘယ်အရာပြုလုပ်သင့်သနည်း။ ခွင့်ပြုလိုက်မည်ဆိုပါက သူ့ကို အမှားဆက်ကျူးလွန်ဖို့ အားပေးရာကျမည်။ အကျင့်ပျက်အမျိုးသမီး၏ ဖက်ယမ်းနမ်းရှုပ်မှုကို ခံလိုက်သည့် လူငယ်တစ်ဦးအကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ လိင်ဆက်ဆံရန် ချော့မော့သွေးဆောင်သည့်စကားကို သူနားထောင်ခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ “နွားသည် အသေခံရာသို့လိုက်သကဲ့သို့ . . . လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားတတ်၏။”—သု. ၇:၁၃-၂၃

ယင်းနှင့်ခြားနားစွာ ထိုအခြေအနေမျိုးကို ယောသပ် မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ပုံကို သုံးသပ်ကြည့်ပါ။ သခင်၏မိန်းမသည် သူ့ကို အဆက်မပြတ် ဖြားယောင်းသွေးဆောင်သော်လည်း သူသည် အခိုင်အမာ ငြင်းပယ်ခဲ့သည်။ နောက်ဆုံး သူသည် ကိုင်ဆွဲခံရသည့်အခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ထွက်ပြေးခဲ့သည်။—ကမ္ဘာဦး ၃၉: ၇-၁၂

အတန်းဖော်တစ်ဦးက သို့မဟုတ် တစ်ဦးတစ်ယောက်က သင့်အား မတော်မလျော်ပြုကျင့်ရန် ကြိုးစားလာလျှင် ယောသပ်နည်းတူ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်ဖို့လိုသည်။ “ကောင်လေးတစ်ယောက်က ကျွန်မကို ထိကိုင်ဖို့ကြိုးစားလာရင် မထိနဲ့လို့ ပြောမယ်။ သူက ဆက်ကြိုးစားလာရင် ကျွန်မကိုမထိနဲ့လို့ အကျယ်ကြီးအော်လိုက်မယ်” ဟုအိုင်လီန်ကပြောပြသည်။ ကျောင်းမှ လူငယ်လေးများနှင့်ပတ်သက်၍ အိုင်လီန်က ဤသို့ထပ်ပြောပြသည်– “သင့်ကို သူတို့လေးစားလာအောင် မပြုလုပ်နိုင်ဘူးဆိုရင် သူတို့က သင့်ကို လေးစားမှာမဟုတ်ဘူး။”

သင်သည်လည်း အကျင့်ပျက်စကားဝိုင်းတွင် မပါလျှင်၊ သင့်တော်သည့်အချိန်တွင် သင်၏ကိုယ်ကျင့်တရားစံနှုန်းကို လေးစားစွာရှင်းပြထားလျှင်၊ အကျင့်ယိုယွင်းဖို့ စကားစလာသည့်အခါ ပြတ်ပြတ်သားသား ငြင်းပယ်လျှင် အတန်းဖော်များ၏ လေးစားမှုကို ရရှိပါလိမ့်မည်။ အကျိုးကျေးဇူးနောက်တစ်ခုမှာ သင်သည် ကိုယ့်ကိုယ်ကို အားရကျေနပ်မှုရရှိလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ သင်သည် ယေဟောဝါ၏နှစ်သက်လက်ခံမှုကို ရရှိပါလိမ့်မည်။—သု. ၂၇:၁၁

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 အမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 21 ယေဟောဝါသက်သေများက ထုတ်ဝေသည်။

ချင့်တွေးစရာ

▪ အကျင့်ပျက်စကားဝိုင်းမှ ထွက်သွားခွင့်ပြုရန် မည်သို့ပြောနိုင်သနည်း။

▪ အတန်းဖော်တစ်ဦးက အကျင့်ယိုယွင်းဖို့ စကားစလာလျှင် သင်မည်သို့ပြောဆိုမည်နည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

စကားဝိုင်းသည် အကျင့်ပျက်လိင်အကြောင်းသို့ ရောက်သွားပါက ချက်ချင်း ထထွက်သွားပါ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အကျင့်ယိုယွင်းဖို့ အစပြုလာလျှင် ပြတ်ပြတ်သားသား ငြင်းပယ်ပါ