မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကျွန်မ,မသေခင် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ချင်တယ်’

‘ကျွန်မ,မသေခင် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ချင်တယ်’

‘ကျွန်မ,မသေခင် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ချင်တယ်’

မားမီဖရီး၏ အတ္ထုပ္ပတ္တိ

လိုင်ဘေးရီးယားနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ စစ်ပွဲပြင်းထန်သောကြောင့် ၁၂ နှစ်အရွယ် ကရန်မိန်းကလေး မားမီနှင့် သူ့မိသားစုတို့သည် မြို့တော်မွန်ရိုးဗီးယားရှိ သူတို့၏အိမ်ထဲတွင် ပိတ်မိခဲ့ကြသည်။ “ဘေးအိမ်ကနေ ပေါက်ကွဲသံတစ်ခုကြားလိုက်ရတယ်။ လက်နက်ကြီးတစ်ခု အဲဒီအိမ်ထဲ ကျလာပြီး မီးလောင်တော့တာပဲ။ ကျွန်မတို့အိမ်ဘက်ကိုလည်း မီးကူးလာတယ်” ဟုမားမီ ပြောပြသည်။ တိုက်ပွဲပြင်းထန်နေသည့်ကြားမှ မားမီ၊ သူ့မိခင်နှင့် သူ့ဦးလေးတို့ ထွက်ပြေးခဲ့ကြသည်။

“ရုတ်တရက် ကျွန်မကို တစ်ခုခု လာထိသွားတယ်” ဟု မားမီပြန်ပြောပြသည်။

“ဘာဖြစ်တာလဲ” ဟု ကျွန်မအမေက မေးလိုက်သည်။

“တစ်ခုခု ကျွန်မကို ထိသွားတယ်! ကျည်ဆန်ထင်တယ်” ဟု ကျွန်မပြန်ပြောလိုက်သည်။

မားမီသည် မြေပေါ်လဲကျကာ ပြင်းစွာဝေဒနာခံစားလျက် ဤသို့ဆုတောင်း၏– “ဘုရားသခင်၊ ကျေးဇူးပြုပြီး နားညောင်းတော်မူပါ။ ကျွန်မသေတော့မယ်လို့ထင်တယ်၊ ဒါပေမဲ့ မသေခင်မှာ ကိုယ်တော်ရဲ့အမှုတော်ကို ထမ်းဆောင်ချင်သေးတယ်။” ထို့နောက် သူသည် မေ့မြောသွားတော့သည်။

အိမ်နီးချင်းများက မားမီကို သေပြီအထင်နှင့် အနီးအနားရှိကမ်းခြေတစ်ခုတွင် မြေမြှုပ်လိုကြသည်။ သို့သော် သူ့မိခင်က ဒေသခံဆေးရုံသို့ သူ့ကိုခေါ်သွားရန် မရမကပြောဆိုခဲ့သည်။ ဝမ်းနည်းစရာမှာ စုပြုံရောက်ရှိလာသော ဒဏ်ရာရအမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ကုသရန် ဆေးရုံတွင် ဆေးပစ္စည်းကိရိယာ အလုံအလောက်မရှိချေ။ မားမီ၏ဦးလေးလည်း ဒဏ်ရာရပြီး ထိုညတွင် သေဆုံးခဲ့သည်။ မားမီမှာမူ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ခါးအောက်ပိုင်း သေသွားလေ၏။

သူ၏ကိုယ်အတွင်းပိုင်းတွင် သွေးဆက်ယိုနေပြီး အလွန်နာကျင်မှုခံစားနေရသည်။ လေးလကြာပြီးနောက် ဆရာဝန်များက ကျည်ဆန်ရှိသည့်နေရာကိုသိရန် နောက်ဆုံးတွင် ဓာတ်မှန်ရိုက်ခဲ့သည်။ ကျည်ဆန်သည် နှလုံးနှင့် အဆုတ်ကြားတွင်ရှိနေသည်။ ခွဲစိတ်မည်ဆိုလျှင် အလွန်အန္တရာယ်ရှိသောကြောင့် မားမီ၏မိခင်က သူ့ကို ဗိန္ဒောဆရာတစ်ဦးထံ ခေါ်သွားခဲ့သည်။ “သူက ဒဏ်ရာကို သင်တုန်းဓားနဲ့ခွဲလိုက်ပြီး ကျည်ဆန်ကို ပါးစပ်နဲ့စုပ်ထုတ်ဖို့ကြိုးစားတယ်။ ပါးစပ်ထဲက ကျည်ဆန်တစ်ထောင့်ကိုထုတ်ပြီး ‘ဒီဟာပဲ’ လို့ပြောတယ်။ သူ့ကို ငွေပေးပြီး ကျွန်မတို့ ထွက်လာခဲ့တယ်” ဟုမားမီ ပြန်ပြောပြသည်။

သို့သော် ထိုသူ လိမ်ညာခဲ့သည်။ နောက်ထပ် ဓာတ်မှန်ပြန်ရိုက်သောအခါ ကျည်ဆန်မှာ ထိုနေရာတွင်ရှိနေဆဲပင်။ ထို့ကြောင့် မားမီနှင့် သူ့မိခင်တို့သည် ဗိန္ဒောဆရာထံ ပြန်သွားကြရာ သူက နောက်ကိုးလကြာမှ ဓာတ်မှန်ပြန်ရိုက်လျှင် ကျည်ဆန်ရှိတော့မည်မဟုတ်ဟု ယုံကြည်အောင်ပြောခဲ့သည်။ သူတို့အိမ်ပြန်ပြီး စိတ်ရှည်စွာစောင့်ခဲ့ကြ၏။ ထိုအတောအတွင်း နာကျင်မှုဒဏ် သက်သာစေရန် ဆေးအမျိုးမျိုးကို မားမီသုံးစွဲခဲ့၏။ ကိုးလကြာပြီးနောက် ဓာတ်မှန်ပြန်ရိုက်ခဲ့သည်။ ကျည်ဆန်မှာ ရှိနေဆဲပင်။ ဗိန္ဒောဆရာမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

မားမီ၏ကိုယ်ထဲတွင် ကျည်ဆန်ရှိနေသည်မှာ ၁၈ လကြာပြီ။ ဆွေမျိုးတစ်ယောက်က ပယောဂဆရာမတစ်ဦးထံ ခေါ်သွားခဲ့၏။ ကူညီမည့်အစား သူက ရက်စွဲတစ်ခုပေးပြီး ထိုနေ့ရက်တွင် မားမီ သို့မဟုတ် သူ့မိခင် တစ်ဦးဦး သေမည်ဟု ပြောခဲ့သည်။ မားမီမှာ ယခု ၁၃ နှစ်ရှိပြီ။ “ကျွန်မ ငိုပြီးရင်းငိုတော့တာပဲ။ ဒါပေမဲ့ သေမယ်လို့ပြောတဲ့နေ့ရက် ရောက်လာတဲ့အခါ ဘယ်သူမှမသေကြပါဘူး” ဟု မားမီပြောပြသည်။

မားမီ၏ဦးလေးက သူ့ကို ချာ့ခ်ျခေါင်းဆောင်တစ်ဦးထံ ခေါ်သွားသည်။ ထိုသူက မားမီ အောက်ပိုင်းသေသွားခြင်းသည် ကျည်ဆန်ကြောင့်မဟုတ်ဘဲ ပြုစားခံရ၍ဖြစ်သည်ဟု စိတ်အာရုံ၌ တွေ့ခဲ့ကြောင်း ပြောပြသည်။ မားမီသည် သူညွှန်ကြားသည့် ရိုးရာဓလေ့များကို လိုက်လုပ်မည်ဆိုပါက တစ်ပတ်အတွင်း ပြန်လမ်းလျှောက်နိုင်မည်ဟု ကတိပေးခဲ့သည်။ မားမီ ဤသို့ပြန်ပြောပြသည်– “ပင်လယ်ရေနဲ့ ဘာသာရေးထုံးတမ်းဆိုင်ရာ ရေချိုးကန်အတော်များများမှာ ကျွန်မရေချိုးခဲ့တယ်၊ အစာရှောင်ခဲ့တယ်၊ ညတိုင်း သန်းခေါင်မှာ နာရီအတော်များများ မြေပေါ်လူးလိမ့်ခဲ့တယ်။ ဒါပေမဲ့ ဒီကြိုးစားမှုအားလုံးဟာ အချည်းနှီးပါပဲ၊ ကျွန်မရဲ့အခြေအနေက နဂိုအတိုင်းပဲ။”

သို့သော် ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပိုမိုကောင်းမွန်လာ၍ နောက်ဆုံး မားမီ၏ကိုယ်မှ ကျည်ဆန်ဖယ်ထုတ်နိုင်ခဲ့သည်။ သူသည် နာကျင်မှုဒဏ်ကို နှစ်,နှစ်ကျော် တောက်လျှောက်ခံစားလာခဲ့ရသည်။ “ခွဲစိတ်ကုသပြီးတဲ့နောက် နာကျင်မှုအားလုံးနီးပါး ပျောက်သွားပြီး အသက်ရှူရတာ ပိုလွယ်ကူလာတယ်” ဟု မားမီ ပြန်ပြောခဲ့သည်။ အောက်ပိုင်းသေတာ နည်းနည်းတော့ကျန်သေးပေမဲ့ လမ်းလျှောက်အကူပစ္စည်းနဲ့ ကျွန်မမတ်တတ်ရပ်နိုင်ခဲ့တယ်။”

ယေဟောဝါသက်သေများနှင့် မားမီ တွေ့ဆုံ

ခွဲစိတ်ကုသပြီး အပတ်အနည်းငယ်အကြာတွင် မားမီအမေသည် ယေဟောဝါသက်သေနှစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူ့သမီးသည် ကျမ်းစာဖတ်ရှုခြင်းကို နှစ်သက်ကြောင်း သိသဖြင့် ယေဟောဝါသက်သေများကို အိမ်သို့ ဖိတ်ခေါ်ခဲ့သည်။ မားမီသည် ကျမ်းစာသင်အံမှုကို ချက်ချင်းလက်ခံခဲ့သည်။ သို့သော် လအတန်ကြာပြီးနောက် ဆေးရုံသို့ပြန်သွားရသောကြောင့် သက်သေခံများနှင့် အဆက်အသွယ်ပြတ်ခဲ့သည်။

သို့သော် မားမီတွင် ကျမ်းစာအသိပညာ သိလိုသောဆန္ဒ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ချာ့ခ်ျတစ်ခုမှ ဘာသာရေးခေါင်းဆောင်တစ်ဦးက သူ့ကို အကူအညီပေးမည်ဟု ကမ်းလှမ်းသောအခါ လက်ခံခဲ့သည်။ စန်းဒေးစကူးတွင် လူငယ်တစ်ယောက်က “ယေရှုဟာ ဘုရားသခင်နဲ့ တန်းတူပဲလား” ဟူ၍ ဆရာ့ကို မေးခဲ့သည်။

“ဟုတ်တယ်။ သူတို့ဟာ တန်းတူပဲ။ ဒါပေမဲ့ ညီတူညီမျှတော့ မဟုတ်ဘူး” ဟူ၍ ဆရာက ပြောခဲ့သည်။

‘ညီတူညီမျှတော့ မဟုတ်ဘူး။ အဓိပ္ပာယ်မရှိလိုက်တာ။ တစ်ခုခုတော့မှားနေပြီ’ ဟူ၍ မားမီစဉ်းစားခဲ့သည်။ ကျမ်းစာအမှန်တရားသင်ယူရာတွင် စိတ်ကျေနပ်မှုမတွေ့သောကြောင့် နောက်ဆုံးတွင် မားမီသည် ထိုချာ့ခ်ျနှင့် ပေါင်းသင်းမှုရပ်စဲလိုက်သည်။

၁၉၉၆ ခုနှစ်တွင် မွန်ရိုးဗီးယား၌ အကြမ်းဖက်မှု တစ်ဖန်ဖြစ်ပွားခဲ့သည်။ မားမီသည် နောက်ထပ်မိသားစုဝင်နှစ်ယောက် ဆုံးရှုံးခဲ့ရပြီး သူ့အိမ်သည်လည်း ဒုတိယအကြိမ် မီးလောင်သွားလေသည်။ လအနည်းငယ်ကြာပြီးနောက် သက်သေခံနှစ်ယောက်သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဆောင်နေစဉ် မားမီနှင့်တွေ့ဆုံခဲ့ကြသည်။ မားမီသည် ကျမ်းစာသင်အံမှုကို ပြန်လက်ခံခဲ့သည်။ ပထမဆုံးအကြိမ် အစည်းအဝေး တက်ရောက်သောအခါ အသင်းတော်အကြီးအကဲများအပါအဝင် လူတိုင်း နိုင်ငံတော်ခန်းမသန့်ရှင်းရေး ဝိုင်းဝန်းပြုလုပ်နေသည်ကို တွေ့မြင်ရ၍ အံ့အားသင့်ခဲ့ရသည်။ ထိုနှစ်နောက်ပိုင်းတွင် “ဘုရားသခင်ရေးရာ ငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးတစ်ခုကို တက်ရောက်ရသည့်အတွက် စိတ်လှုပ်ရှားခဲ့ရသည်၊ ယင်းသည် သူပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့သော ယေဟောဝါသက်သေတို့၏ စုရုံးပွဲကြီးဖြစ်သည်။

“ကျွန်မ အရမ်းကို စိတ်စွဲမှတ်ခဲ့တယ်။ သက်သေခံတွေဟာ လူမျိုးမတူကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် တကယ့်ကိုချစ်ကြတယ်။ အားလုံး စနစ်တကျရှိလှတယ်” ဟု မားမီပြောပြသည်။

ဘုရားသခင် အမှုတော်ထမ်းဆောင်လိုသောဆန္ဒကိုပြည့်စုံစေခြင်း

၁၉၉၈ ခုနှစ်တွင် ပြန်ဖြစ်ပွားခဲ့သည့်စစ်ပွဲကြောင့် မားမီနှင့် သူ့မိခင်တို့ အိမ်နီးချင်းနိုင်ငံဖြစ်သော ကုတ်အဗွားသို့ ထွက်ပြေးရန် အကြောင်းဖန်လာ၏။ ထိုတွင်ရှိသည့် အခြားသောလိုင်ဘေးရီးယားလူမျိုး ၆,၀၀၀ တို့နှင့်အတူ ပိစ်တောင်းစစ်ပြေးဒုက္ခသည်စခန်း၌ နေထိုင်ခဲ့ကြသည်။ မားမီသည် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာသင်အံမှုဆက်လက်ပြုလုပ်ခဲ့ပြီး လျင်မြန်စွာတိုးတက်လာသည်။ မကြာမီတွင် သူ၏ယုံကြည်ခြင်းကို အခြားသူတို့အား ဝေမျှလိုခဲ့သည်။ သူ၏ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများက သူ၏ဘီးတပ်ကုလားထိုင်ကို တွန်းပေးခြင်းဖြင့် လူထုဓမ္မအမှုတွင် ပါဝင်နိုင်ခဲ့သည်။ ဤနည်းဖြင့် စစ်ပြေးဒုက္ခသည် အမြောက်အမြားကို ကောင်းစွာသက်သေခံနိုင်ခဲ့သည်။

သူ၏ရုပ်ပိုင်းကန့်သတ်ချက်များကြောင့် သူနေထိုင်သောနေရာမှ လေးမိုင်ခန့်တွင်ရှိသည့် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ရောက်ရန် ခက်ခဲသော်လည်း မားမီသည် အစည်းအဝေးအားလုံးကို တက်ရောက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်၊ မေလ ၁၄ ရက်တွင် အထူးအစည်းအဝေးကို တက်ရောက်ရန်နှင့် ဘုရားသခင်ထံ အပ်နှံကြောင်း ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် တင်ပြရန် မိုင် ၁၂၀ ကျော်ကို ခရီးနှင်ခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) မျက်ရည်ကျနေကြသော တက်ရောက်သူအများရှေ့တွင် မားမီကို ချောင်းထဲသို့ သယ်ဆောင်သွားကြပြီး ထိုတွင်နှစ်ခြင်းပေးခဲ့သည်။ ရေမှ ပေါ်ထလာသောအခါ သူ့မျက်နှာသည် တောက်ပလျက်ရှိသည်။

ယခုအခါ ဂါနာနိုင်ငံရှိ ဒုက္ခသည်စခန်း၌ မားမီ၏ပန်းတိုင်မှာ မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်ရန် သို့မဟုတ် အချိန်ပြည့်ဧဝံဂေလိဟောပြောသူဖြစ်လာရန် ဖြစ်သည်။ သူ့မိခင်သည်လည်း ယေဟောဝါသက်သေတို့နှင့် ကျမ်းစာသင်နေပြီး ယခုအခါ သူသင်ယူသိရှိခဲ့သောအရာကို အခြားသူတို့အား ပြန်လည်ဝေမျှနေသည်။ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်” ဟု ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ကတိပြုထားသောအချိန်ကို သူတို့နှစ်ဦးစလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။—ဟေရှာယ ၃၅:၅-၇

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မားမီ၏ ကိုယ်ခန္ဓာထဲမှဖယ်ထုတ်လိုက်သော ကျည်ဆန်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

နှစ်ခြင်းခံရန် ချောင်းထဲသို့မားမီကို သယ်ဆောင်နေစဉ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သူ့မိခင် အမ်မာနှင့် ကျမ်းစာသင်အံမှုကျင်းပနေစဉ်