မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပုံ (နိုဝင်ဘာ ၈၊ ၂၀၀၅) ဒီအခန်းဆက်ဆောင်းပါးတွေမှာပါတဲ့ အချက်အလက်ဟာ အလွန်ပဲကောင်းပါတယ်။ ကျွန်တော်ဟာ အရေပြားဆိုင်ရာဆေးကုခန်းတစ်ခုက အထူးကုဆရာဝန်တစ်ယောက်ဖြစ်တယ်။ တခြားဆရာဝန်တွေကို ဝေမျှနိုင်ဖို့အတွက် နောက်ထပ်စောင်ရေအချို့ ရလိုပါတယ်။

ကေ. ဒဗလျူ.၊ ဒိန်းမတ်

ဒီဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကျောကုန်းမှာပေါက်နေတဲ့ အသားပိုကို အစစ်ဆေးခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ဘိုးဝင်းရောဂါလို့ခေါ်တဲ့ ကင်ဆာရောဂါပုံစံတစ်မျိုးအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်တော့်ကို ဆရာဝန်ကပြောပြခဲ့တယ်။ ကျွန်တော်ချက်ချင်းပဲ ခွဲစိတ်ကုသမှုခံယူလိုက်တယ်။ အလျင်အမြန်လုပ်ဆောင်ဖို့ ဒီအခန်းဆက်ဆောင်းပါးတွေက ကျွန်တော့်ကို ကူညီပေးခဲ့တယ်။

အက်စ်. အမ်.၊ ဂျပန်

စာမျက်နှာ ၇ မှာပါတဲ့ လေးထောင့်ကွက်က ကျွန်မရဲ့မှဲ့ကို ဆရာဝန်နဲ့ပြဖို့ တွန်းအားပေးခဲ့တယ်။ ဒါဟာ ဆိုးရွားလှတဲ့မြင်းမည်းကင်ဆာရောဂါရဲ့ အစပိုင်းလက္ခဏာ ဖြစ်နေတယ်။ ဆောင်းပါးမှာ ဖော်ပြထားသလိုပဲ မြင်းမည်းကင်ဆာရောဂါကို စောစောစီးစီးမကုသဘူးဆိုရင် သေစေနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်။ ကျွန်မအသက်ကို ကယ်တင်ခဲ့တယ်လို့ ဆိုနိုင်တဲ့ ကျွန်မရဲ့ဆရာဝန်နှင့် ဒီ နိုးလော့! အခန်းဆက်ဆောင်းပါးတွေကို ကျေးဇူးတင်ပါတယ်။

အယ်လ်. အက်စ်.၊ ယူနိုက်တက်စတိတ်

မိသားစုပြန်လည်သုံးသပ်ရန် (မေ ၈၊ ၂၀၀၅ [လိပ်]) ကျွန်မကြိုက်တဲ့ဆောင်းပါးတွေလောက်ကိုပဲ ကျွန်မဖတ်လေ့ရှိတယ်၊ ဒါပေမဲ့ “မိသားစုပြန်လည်သုံးသပ်ရန်” ဆိုတဲ့ဆောင်းပါးကို တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့အတွက် မဂ္ဂဇင်းတစ်အုပ်လုံးကို ကျွန်မဖတ်တော့တာပဲ။ မဂ္ဂဇင်းတစ်အုပ်လုံးဖတ်တဲ့အကျင့်ရှိလာတာ သိပ်တော့မကြာသေးဘူး!

ဝိုင်. ဇက်.၊ ရုရှား

ဒီစာမျက်နှာကို ကျွန်မနှစ်သက်တယ်။ ဖတ်ရတာ ပျော်စရာကောင်းတဲ့အပြင် ကျွန်မဖတ်တဲ့အကြောင်းအရာကို ပိုပြီးအာရုံစိုက်ဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်စေခဲ့တယ်!

ဒီ. အက်စ်.၊ ဗြိတိန်

လူငယ်များအမေး . . . ငါဘာကြောင့် လူပေါင်းမှားရတာလဲ (ဒီဇင်ဘာ ၈၊ ၂၀၀၅) ‘ဘုရားသခင်၏အမှုတော်ကို’ ဆယ်နှစ်အထိ “ကြိုးစား၍ဆောင်ရွက်” ခဲ့ပြီးတဲ့နောက်မှာတောင် ကျွန်မရဲ့စရိုက်လက္ခဏာမှာ ဒီအားနည်းချက်ကို ဘယ်လိုပြုပြင်ရမှန်း မသိခဲ့ဘူး။ (၁ ကောရိန္သု ၁၅:၅၈) ကျွန်မဟာ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု မရှိသေးဘူးဆိုတာကို သိပေမဲ့လည်း ပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်း ကျွန်မ,မသိခဲ့ဘူး။ ဒီအစီအစဉ်စနစ်မှာ နေထိုင်တတ်ဖို့ ကျွန်မတို့ကို အကူအညီဖြစ်စေတဲ့ ဒီလိုဆောင်းပါးမျိုးတွေအတွက် ယေဟောဝါကို ကျွန်မကျေးဇူးတင်တယ်။

ဂျေ. အက်ဖ်.၊ ယူနိုက်တက်စတိတ်

ဒီဆောင်းပါးဖော်ပြချက်ထဲမှာ ‘ကျမ်းစာအမှန်တရားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသူတွေကို လုံးလုံးမရှောင်ကြဉ်’ ရတဲ့အကြောင်း ဖော်ပြထားတယ်။’ ဒီအကြောင်းနဲ့ပတ်သက်ပြီး ထပ်ဆင့်ရှင်းပြနိုင်မလား။ ခရစ်ယာန်တစ်ယောက်က မယုံကြည်သူတစ်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဆက်ရှိနေမယ်ဆိုရင်ကော ဘာဖြစ်မလဲ။ ဒါဟာ စိုးရိမ်စရာမဖြစ်သင့်ဘူးလား။

ဒီ. ပီ.၊ ယူနိုက်တက်စတိတ်

“နိုးလော့!” တုံ့ပြန်မှု– မယုံကြည်သူများနှင့် ရင်းနှီးသောဆက်ဆံရေးလိုက်စားရန် ခရစ်ယာန်များကို ဆောင်းပါးက အားပေးနေခြင်းမဟုတ်ပါ။ အမှန်မှာ မည်သည့်အခြေအနေတွင်ပင်ဖြစ်နေပါစေ ဤသမ္မာကျမ်းစာ၏မူနှင့် သက်ဆိုင်မှုရှိသည်– “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) သို့သော် ယင်းက မယုံကြည်သူတို့ကို ကျွန်ုပ်တို့လုံးဝရှောင်ကြဉ်သည်ဟူ၍ကား မဆိုလို။ ဆောင်းပါးတွင် ဖော်ပြခဲ့သကဲ့သို့ သမ္မာကျမ်းစာက ယုံကြည်သူချင်းတို့ကိုသာမဟုတ်ဘဲ ‘ခပ်သိမ်းသောသူတို့အား ကောင်းစွာသောအမှုကိုပြု’ ရန် ကျွန်ုပ်တို့ကို အားပေးထားသည်။ (ဂလာတိ ၆:၁၀) စင်စစ်ဆိုလျှင် ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှု၏ သဘောသဘာဝက လူတို့ကို အမှန်စိတ်ဝင်စားပြီး သူတို့ကို သိက္ခာရှိရှိ၊ တလေးတစားဆက်ဆံကြရန် တောင်းဆိုထား၏။ ဤကိစ္စနှင့်ပတ်သက်၍ ယေရှုသည် ပုံသက်သေကောင်း ချမှတ်ခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင့်အလိုတော်ကို မထမ်းဆောင်လိုသောသူတို့နှင့် ရင်းနှီးသောနှောင်ကြိုးကို မဖွဲ့ခဲ့ပါ။ (ယောဟန် ၁၅:၁၄) တစ်ချိန်တည်းတွင် ကိုယ်တော်သည် လူတို့ထံချဉ်းကပ်ခဲ့ပြီး သူတို့နှင့် မည်သို့စကားစမြည်ပြောဆိုမည်၊ မည်သို့အပြန်အလှန်ဆက်ဆံမည်ကို သိရှိခဲ့သည်။ ရလဒ်ကား ယေရှုသည် ထိထိရောက်ရောက်သက်သေခံနိုင်ရန် အခွင့်အရေးရခဲ့သည်။ (ဥပမာ၊ လုကာ ၇:၃၆-၅၀ မှတ်တမ်းကို ကြည့်ပါ။) ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့သည် မယုံကြည်သူတို့နှင့် ပတ်သက်၍ ရိုသေလေးစားသည့်သဘောထားကို ထိန်းသိမ်းနိုင်ကြသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ “ဖြည်းညင်းသောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြု” ရန်ဖြစ်သည်။—တိတု ၃:၂