မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်မြတ်နိုးခံလိုစိတ်

ချစ်မြတ်နိုးခံလိုစိတ်

ချစ်မြတ်နိုးခံလိုစိတ်

လွန်လေပြီးသောအခါက မျက်မှောက်ခေတ်တူရကီနိုင်ငံမှ မြို့တစ်မြို့တွင် လေအာအမည်ရှိသော မိန်းကလေးတစ်ဦးရှိ၏။ လေအာ၏ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှဖြစ်သော်လည်းသူ့ညီမရာခေလမှာမူ ချောမောလှပသူဖြစ်သည်။

ရာခေလသည် သူ့ကိုအလွန်ချစ်မြတ်နိုးသူတစ်ဦးနှင့် ဆုံဆည်းလေရာ ထိုအမျိုးသားက သူ့ကိုလက်ထပ်ထိမ်းမြားနိုင်ဖို့ ရာခေလ၏ဖခင်ထံတွင် ခုနစ်နှစ်အလုပ်လုပ်ရန် သဘောတူလိုက်သည်။ သို့သော် မင်္ဂလာဆောင်သည့်ညတွင် ဖခင်ဖြစ်သူသည် လေအာကို သူ၏ညီမနေရာတွင် အစားထိုးလိုက်သည်။ ဖခင်စီမံရာကို လေအာမည်သို့သဘောထားကြောင်း ကျွန်ုပ်တို့မသိရသော်လည်း ထိုသို့ပြုခြင်းသည် အိမ်ထောင်ပြုရန် ကောင်းသောအစပြုနည်းမဟုတ်ကြောင်း သူသိခဲ့ပေမည်။

ဖြစ်ပျက်ခဲ့ရာကို သိရှိသွားသောအခါ ခင်ပွန်းသည်အသစ်စက်စက်က အကျောက်အကန်ငြင်းလေ၏။ သမီးအကြီးကို အရင်ထိမ်းမြားပေးရသည့်ထုံးစံရှိကြောင်း ဖခင်က ရှင်းပြသည်။ သို့နှင့် မလိမ့်တစ်ပတ်နည်းဖြင့် လက်ထပ်ခဲ့ရသူ လေအာသည် သူ့ညီမကိုချစ်မြတ်နိုးပြီး နောက်ပိုင်း ထိမ်းမြားယူခဲ့သူနှင့် အိမ်ထောင်ကျလျက်သားဖြစ်နေလေသည်။ ညီမဖြစ်သူ ပို၍ချစ်မြတ်နိုးခံရသည်ကို မြင်တွေ့ရသောအခါ လေအာ ဝမ်းနည်းလိုက်မည်ဖြစ်ခြင်း! လေအာမှာ သမီးရည်းစားဘဝအကြောင်း ပြောစရာမရှိသကဲ့သို့ သူမင်္ဂလာဆောင်သည့်နေ့နှင့်ပတ်သက်၍ အမှတ်တရအဖြစ်များ မရှိသလောက်ဖြစ်သည်။ ရာခေလကဲ့သို့ သူအချစ်ခံလိုလှမည့်ဖြစ်ခြင်း! ဘာမျှမတတ်နိုင်သောအခြေအနေ တစ်စိတ်တစ်ဒေသကြောင့် လေအာသည် ချစ်ခင်နှစ်သက်မှုမခံရဟု ခံစားရပေမည်။ *

ယနေ့ လေအာ၏အဖြစ်ကို ကိုယ်ချင်းစာနားလည်ပေးမည့်သူ အတော်များနိုင်သည်။ ကျွန်ုပ်တို့အားလုံးတွင် သူတစ်ပါးကို ချစ်ခင်လိုစိတ်နှင့် ကိုယ်တိုင်အချစ်ခံလိုသည့်စိတ် အမြစ်တွယ်တည်ရှိနေသည်။ ကျွန်ုပ်တို့ကို ချစ်မြတ်နိုးမည့်ကြင်ဖော်တစ်ဦးကို တမ်းတနိုင်သည်။ ကျွန်ုပ်တို့၏မိဘ၊ ကျွန်ုပ်တို့၏သားသမီး၊ ကျွန်ုပ်တို့၏မွေးချင်းများ၊ မိတ်ဆွေများ၏ ချစ်ခင်နှစ်သက်မှုကိုလည်း ရလိုကြမည်။ အခြားသူများမူ အချစ်ခံရပြီး ကျွန်ုပ်တို့မှာ အချစ်မခံရဟု လေအာကဲ့သို့ ကျွန်ုပ်တို့ခံစားရပေမည်။

ရုပ်ရည်ချောမောသူတို့ ချစ်ကြိုက်သွားကြပြီး သက်ဆုံးတိုင်ပျော်ရွှင်စွာ နေထိုင်သွားကြသည့် အချစ်ဇာတ်လမ်းများကို နို့စို့သူငယ်ဘဝကတည်းက ကျွန်ုပ်တို့ကြားရကြသည်။ အဆိုတော်များက အချစ်အကြောင်းကို ဖွဲ့နွဲ့သီဆိုကြပြီး ကဗျာဆရာများကလည်း ယင်းကို ရေးဖွဲ့ကြသည်။ သို့သော် “မျှော်လင့်ချက်ကြီးစွာဖြင့် အစပြုသော်လည်း ချစ်ခြင်းမေတ္တာလောက် စိတ်ပျက်အားလျော့စေလေ့ရှိသော ကိစ္စမျိုး မရှိသလောက်ဖြစ်သည်” ဟုအချစ်အကြောင်း သုတေသနပြုသူတစ်ဦးက ရေးသားခဲ့သည်။ မှန်ပါသည်၊ ထာဝရပျော်ရွှင်စေမည့်အစား ကျွန်ုပ်တို့ကို ကိုယ်ရောစိတ်ပါ ဝေဒနာခံစားစေသော၊ ပူပန်သောကအဖြစ်စေဆုံးသောအရာမှာ ကျွန်ုပ်တို့၏အရင်းနှီးဆုံးဆက်ဆံရေးများ ဖြစ်လေ့ရှိသည်။ နိုင်ငံအတော်များများတွင် အိမ်ထောင် ၄၀ ရာခိုင်နှုန်းခန့်မှာ ကွာရှင်းမှုဖြင့် အဆုံးသတ်လျက်ရှိပြီး ကွာရှင်းခြင်းမပြုသည့် မောင်နှံစုံအများမှာလည်း ပျော်ရွှင်မှုကင်းမဲ့လျက်ရှိသည်။

သားသမီးများ မြေဇာပင်ဖြစ်ရလေ့ရှိသော ကြင်ဖော်မဲ့မိသားစုများနှင့် ပုံမှန်အခြေအနေမဟုတ်သော မိသားစုများလည်း နိုင်ငံအများတွင် တိုးများလာနေကြောင်း တွေ့ရသည်။ သို့သော် သားသမီးများသည် မေတ္တာအကြင်နာရှိသော မိသားစုအသိုင်းအဝိုင်းတွင် စိတ်လုံခြုံမှုခံစားရဖို့ အထူးလိုအပ်ကြသည်။ သို့ဖြစ်၍ ချစ်ခြင်းမေတ္တာ မည်သို့ဖြစ်သွားပြီနည်း။ ဤအဖိုးတန်အရည်အသွေးအကြောင်းကို အဘယ်နေရာ၌ သင်ယူနိုင်မည်နည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးများတွင် သုံးသပ်ပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ကမ္ဘာဦးကျမ်းအခန်းကြီး ၂၉ နှင့် ၃၀ တွင် ဤမှတ်တမ်းပါရှိသည်။