မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာစစ် ရှာတွေ့နိုင်ပုံ

မေတ္တာစစ် ရှာတွေ့နိုင်ပုံ

မေတ္တာစစ် ရှာတွေ့နိုင်ပုံ

သမီးရည်းစားအချစ်မျိုး၌သာမဟုတ် ချစ်ခြင်းမေတ္တာကို ရှာတွေ့ရန်နှင့် ပို၍ချစ်ခင်စရာကောင်းသူဖြစ်လာရန် မည်သို့ ပြုနိုင်သနည်း။ ကြွယ်ဝချမ်းသာခြင်းဖြင့်လော။ ရုပ်ရည် ပိုမိုချောမောစေခြင်းဖြင့်လော။

ကြော်ငြာလုပ်ငန်း၏ ညှို့ယူဖမ်းစားခြင်း၊ သတင်းမီဒီယာ၏ ဩဇာလွှမ်းခြင်းကိုခံရသော အမျိုးသား၊ အမျိုးသမီးများသည် အချစ်ကိုရှာတွေ့ရန် ယင်းတို့ကို အားကိုးလေ့ရှိသည်။ ကျွန်ုပ်တို့၏ရုပ်ရည်ရူပကာကို ဂရုစိုက်ခြင်းသည် သဘာဝကျပြီး သင့်တော်သည်မှန်သော်လည်း အခိုက်အတန့်သာတည်သော အလှအပသည် အနှောင်အဖွဲ့ကို ခိုင်ခံ့မြဲမြံစေသည့်အရာမဟုတ်ပါ။ စည်းစိမ်ဥစ္စာလည်း ထိုနည်းလည်းကောင်းပင်။ မေတ္တာစစ်ရှာတွေ့စေသည့်အရာမှာ အခြားသူများကို ကိုယ်ကျိုးမဖက်သည့်မေတ္တာပြခြင်းဖြစ်သည်။ “သူတစ်ပါးအားပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်” ဟု ယေရှုသွန်သင်ခဲ့သည်။ (လုကာ ၆:၃၈) ရိုးရိုးလေးပြောရလျှင် ချစ်မြတ်နိုးခံလိုပါက မေတ္တာပြပါ။

ယင်းကို မည်သို့ပြုနိုင်သနည်း။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့်ရေးသားရာတွင် တမန်တော်ပေါလုက အဖြေပေးခဲ့သည်။ မေတ္တာဟူသည် လှုံ့ဆော်ပေးသောစွမ်းအားဖြစ်ကြောင်း၊ ယင်းကို စိတ်လှုပ်ရှားမှုအားဖြင့်မဟုတ်ဘဲ အခြားသူများအတွက် လုပ်ဆောင်ပေးသည့်အရာနှင့် ရှောင်ကြဉ်သည့်အရာများအားဖြင့် အဓိကခွဲခြားသိမြင်နိုင်ကြောင်း သူဖော်ပြခဲ့သည်။ ပေါလု၏စကားများကို သတိပြုပါ– “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။”—၁ ကောရိန္သု ၁၃:၄-၇

သင်၌ စိတ်ဆိုးချင်စရာ အပြောအဆို၊ အပြုအမူလေးများ ရှိနေသော်လည်း တစ်စုံတစ်ဦးက သင့်ကိုကြင်နာမှုပြ၊ သို့မဟုတ် သည်းညည်းခံသည့်အခါ မည်သို့ခံစားရသနည်း။ စိတ်ရင်းမှန်ဖြင့် သင့်ကိုအရေးထားသူ၊ အမျက်ထွက်မလွယ်သူ၊ ခွင့်လွှတ်ရန်နှင့် ရိုးသားမှုရှိရန် မလွယ်ကူသည့်အခါ၌ပင် ခွင့်လွှတ်၍ ရိုးဖြောင့်သူကို သင်နှစ်သက်သဘောကျသည်မဟုတ်လော။

သို့ဖြစ်လျှင် အခြားသူများကိုလည်း ထိုနည်းအတိုင်း ဆက်ဆံပါ။ ယေရှုက “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၇:၁၂) မေတ္တာပြဖို့ အမြဲလွယ်ကူမည်မဟုတ်သော်လည်း အကျိုးနပ်ပါသည်။ အကျိုးကျေးဇူးတစ်ခုမှာ သင့်မိသားစု၊ သင့်မိတ်ဆွေများ၊ သင့်ကြင်ဖော် သို့မဟုတ် သင့်အိမ်ထောင်ဖက်လောင်းက သင့်ကို တိုး၍ချစ်ခင်လာပါလိမ့်မည်။ ထို့ပြင် မှန်ရာကိုပြုလုပ်ခြင်း၊ အခြားသူများအတွက် မိမိကိုယ်ကိုပေးဆက်ခြင်းအတွက် ပျော်ရွှင်မှုခံစားရပါလိမ့်မည်။ မှန်ပါသည်၊ ‘ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။’—တမန်တော် ၂၀:၃၅

မေတ္တာနှင့်ပတ်သက်၍ ယုံကြည်အားထားရဆုံးရင်းမြစ်ထံမှ သင်ယူပါ

ယေဟောဝါသည် မေတ္တာရှင်ဘုရားသခင်၊ မေတ္တာနှင့်ပတ်သက်၍ ယုံကြည်အားထားရဆုံး ရင်းမြစ်ဖြစ်တော်မူ၏။ (၁ ယောဟန် ၄:၈) မေတ္တာ၏လှုံ့ဆော်မှုကြောင့် ကိုယ်တော်သည် သင်ယူလိုစိတ်ရှိသူအားလုံးကို ထိုအရည်အချင်းအကြောင်း သွန်သင်ပေးတော်မူသည်။ သူတစ်ပါးကို ချစ်ခင်တတ်ရန်နှင့် ကိုယ်တိုင်ချစ်မြတ်နိုးခံရရန် အထောက်အကူပြုသည့် ကျမ်းစာမူအချို့ကို သုံးသပ်ကြည့်ပါ။

“နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ။” (ယာကုပ် ၁:၁၉) ကောင်းစွာနားထောင်ပေးသည့် လက်တွဲဖော်ရှိသူများသည် အပျော်ရွှင်ဆုံးသူများဖြစ်ကြောင်း စုံတွဲ ၂၀,၀၀၀ ကျော်ကို ဆန်းစစ်လေ့လာချက်က ဖော်ပြသည်။ ပေါင်းသင်းဆက်ဆံရေးတွင် ကောင်းမွန်သော ပြောဆိုဆက်သွယ်မှု မရှိ၍မဖြစ်ချေ။ လူမှုရေးပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “အထီးကျန်ဖြစ်လိုလျှင် သင်အဘယ်အရာကြုံတွေ့ခံစားနေရကြောင်း မသိသူတစ်ဦးနှင့်နေပါ။ သင့်အဖြစ်ကို သိလျက်နှင့် သင်မည်မျှခံစားနေရကြောင်း နားလည်မပေးဘဲ ဒါလေးများဟု သဘောထားသူနှင့်နေရလျှင် အခြေအနေပိုဆိုးပါလိမ့်မည်။” လူနှစ်ဦးသည် အသွင်မတူကြသော်ငြားလည်း “လက်တွဲဖော်တစ်ဦးက သင်၏ရှုမြင်ပုံနှင့် ဘဝအတွေ့အကြုံကို အကင်းပါးပါး စာနာပေးတတ်သူဖြစ်လျှင် အဆိုပါအသွင်မတူမှုများသည် ရေးကြီးခွင့်ကျယ်ကိစ္စမဟုတ်” ဟုသူဖြည့်စွက်ဖော်ပြသည်။

“သင်တို့သည် . . . ကိုယ်မေတ္တာ . . . ၌သာ ကျဉ်းမြောင်းကြ၏။ . . . ကျယ်ဝန်းသောစိတ်ရှိကြလော့။” (၂ ကောရိန္သု ၆:၁၂၊ ၁၃) အခြားသူများအပေါ် ကျွန်ုပ်တို့၏မေတ္တာကို ကျယ်ဝန်းစေသောအခါ အကျိုးခံစားရသည်။ ဟားဗတ်ဆေးကျောင်းမှ ထုတ်ဝေသော စာစောင်တစ်စောင်က ဤသို့ဖော်ပြသည်– “မိသားစု၊ မိတ်သင်္ဂဟများနှင့် အသိုင်းအဝိုင်းတွင် ဆက်ဆံရေးကောင်းရှိခြင်း၊ တစ်နည်းအားဖြင့် လူမှုရေးအထောက်အမ ရရှိသူတို့သည် ပို၍ပျော်ရွှင်ကြသည်၊ ကျန်းမာရေးပိုကောင်းကြပြီး အသက်ပိုရှည်ကြသည်ဟု လေ့လာမှုများစွာမှ သိရှိရသည်။”

“မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) အပေါင်းအသင်းများသည် ကျွန်ုပ်တို့အပေါ် ဩဇာသက်ရောက်တတ်သည်။ စစ်မှန်သောခရစ်ယာန်မေတ္တာကို တင်ပြသူတို့နှင့် အချိန်ကုန်လွန်စေခြင်းဖြင့် သင်သည် ဤအရည်အချင်းကို ကိုယ်တွေ့ခံစားဖူးပြီး ယင်းကို ဘဝတွင် မည်သို့တင်ပြနိုင်ကြောင်းကိုပါ သိရှိလာပါလိမ့်မည်။ စစ်မှန်သောမေတ္တာသည် ယေရှု၏တပည့်စစ်များကို ခွဲခြားသိမြင်စေသည့် အမှတ်အသားတစ်ခုဖြစ်ကြောင်း သိထားကြရာ ယေဟောဝါသက်သေများသည် အချင်းချင်းမေတ္တာပြဖို့ကြိုးစားကြသည်။ (ယောဟန် ၁၃:၃၅) သူတို့၏အစည်းအဝေးများကို တက်ရောက်ရန် ဝမ်းမြောက်ဝမ်းသာဖိတ်ခေါ်ပါသည်။

ချစ်မြတ်နိုးမခံရဟု ခံစားရလျှင် စိတ်ဓာတ်မကျပါနှင့်၊ မိမိကိုယ်ကို မညှာမတာ အပြစ်မတင်ပါနှင့်။ သင်၏အခြေအနေကို ယေဟောဝါတွေ့မြင်တော်မူကြောင်း စိတ်စွဲမှတ်ထားပါ။ ပထမဆောင်းပါးတွင် ဖော်ပြခဲ့သော လေအာကို အမှတ်ရပါသလော။ သူ၏အခြေအနေကို ယေဟောဝါသိမြင်တော်မူ၍ သားခြောက်ယောက်နှင့် သမီးတစ်ယောက်တို့၏မိခင် ဖြစ်လာခဲ့သည်၊ သားသမီးများကို အဖိုးတန်ရတနာများအဖြစ် ယူမှတ်သည့်ခေတ်တွင် တကယ့်ကောင်းချီးတစ်ရပ်ပင်! ထို့ပြင် လေအာ၏သားအားလုံး ဣသရေလအမျိုး၏ ဘိုးဘေးများဖြစ်လာခဲ့သည်။ (ကမ္ဘာဦး ၂၉:၃၀-၃၅; ၃၀:၁၆-၂၁) ယေဟောဝါ၏မေတ္တာပါသော ဂရုစိုက်မှုကြောင့် လေအာ အတော်ပင် စိတ်သက်သာရာရခဲ့ပေမည်!

သမ္မာကျမ်းစာကတိထားရာ ကမ္ဘာသစ်တွင် အချစ်မခံရသူဟူ၍ ရှိတော့မည်မဟုတ်။ လူ့အဖွဲ့အစည်းတွင် မေတ္တာစစ်မေတ္တာမှန် လွှမ်းမိုးပျံ့နှံ့နေမည်။ (ဟေရှာယ ၁၁:၉; ၁ ယောဟန် ၄:၇-၁၂) သို့ဖြစ်၍ သမ္မာကျမ်းစာတွင် သွန်သင်ထားသော၊ ကျမ်းစာအာဘော်ရှင်ကိုယ်တော်တိုင် တင်ပြခဲ့သော ချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ခြင်းဖြင့် ကမ္ဘာသစ်ကိုဝင်ရောက်လိုကြောင်း ယခုပင် တင်ပြကြပါစို့။ မှန်ပါသည်၊ အချစ်ခံရသည့်အခါမှသာမဟုတ်ဘဲ ကိုယ်ကျိုးမဖက်သော မေတ္တာတင်ပြရာမှလည်း စစ်မှန်သောပျော်ရွှင်မှုကို ခံစားရပါသည်။—မဿဲ ၅:၄၆-၄၈; ၁ ပေတရု ၁:၂၃

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

‘ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှု သာ၍ရှိ၏။’—တမန်တော် ၂၀:၃၅

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ချစ်မြတ်နိုးခံလိုပါက မေတ္တာပြပါ