မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုသည် အမှန်ပင် ဘုရားသခင့်သားတော်လော

ယေရှုသည် အမှန်ပင် ဘုရားသခင့်သားတော်လော

သမ္မာကျမ်းစာရှုထောင့်

ယေရှုသည် အမှန်ပင် ဘုရားသခင့်သားတော်လော

ခိုင်မာသော ယုံကြည်စိတ်ချမှုဖြင့် တမန်တော်ပေတရုက ယေရှုအား ဤသို့ဆိုခဲ့သည်– “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်။” (မဿဲ ၁၆:၁၆) ယင်းသည် သမ္မာကျမ်းစာတွင် ယေရှုအား ဘုရားသခင်၏သားတော်အဖြစ် ဖော်ပြထားသော ရည်ညွှန်းချက်များစွာထဲမှ တစ်ခုသာဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူများကြားတွင် တုံ့ပြန်မှုများစွာဖြစ်ပေါ်စေသော ဖော်ပြချက်ဖြစ်သည်။

ယေရှုခရစ်အား ဘုရားသခင်အဖြစ် ယုံကြည်သူများစွာသည် ကိုယ်တော်အား ဘုရားသခင်၏သားတော်ဟု အဘယ်ကြောင့် ခေါ်ထားကြောင်း ရှင်းပြရန် အခက်တွေ့ကြသည်။ ဆင်ခြင်တုံတရားအရ ကိုယ်တော်သည် ယင်းတို့မှ တစ်ခုသာဖြစ်နိုင်သည်။ အခြားသူများက ယေရှုအား အရေးပါသော သမိုင်းဝင်ပုဂ္ဂိုလ်၊ ပညာရှိတစ်ဦး သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သောပရောဖက်တစ်ဦးအဖြစ်သာ ယူမှတ်ကြသည်။ သမ္မာကျမ်းစာက အမှန်တကယ် အဘယ်အရာသွန်သင်သနည်း။ သင် ယုံကြည်သောအရာသည် အရေးပါသလော။

ဘုရားသခင့်သားဦး

ဘုရားသခင်တစ်ပါးတည်းသာ ရှိခဲ့ချိန်အကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ကိုယ်တော်သည် ဖခင်တစ်ဦးဖြစ်လာခြင်းဖြင့် အသက်ဆုကျေးဇူးကို ဝေမျှခံစားရန် မေတ္တာကြောင့် ဆုံးဖြတ်တော်မူခဲ့သည်။ သို့သော် လူသားဖခင်ကဲ့သို့ ဖြစ်လာခြင်းမျိုးမဟုတ်ပေ။ ယေဟောဝါသည် ကိုယ်တော်၏ တုနှိုင်းမရသော ဖန်ဆင်းနိုင်စွမ်းကိုသုံးပြီး ယေရှုခရစ်ဟု ကျွန်ုပ်တို့ ယခုသိထားသည့် ‘ဘုရားသခင်၏ သတ္တဝါတို့အထွတ်’ ဖြစ်တော်မူသော အသက်ရှင်ပြီး အသိဉာဏ်ရှိသည့် ဝိညာဉ်သားတစ်ဦးကို ဖန်ဆင်းတော်မူခဲ့သည်။ (ဗျာ. ၃:၁၄; သု. ၈:၂၂) ယေရှုသည် ဘုရားသခင်တစ်ပါးတည်း ရှိတော်မူစဉ် တိုက်ရိုက်ဖန်ဆင်းခံခဲ့ရသောကြောင့် ကိုယ်တော့်ကို “တစ်ပါးတည်းသောသားတော်” နှင့် ‘သတ္တဝါအပေါင်းတို့တွင် သားဦး’ ဟုတော်မှန်စွာခေါ်ဆိုသည်။—ယောဟန် ၁:၁၄; ကောလောသဲ ၁:၁၅

ယေရှုသည် ဘုရားသခင်၏ ပထမဆုံးဖန်ဆင်းရာဖြစ်တော်မူသောကြောင့် ဖန်ဆင်းရှင်ဖြစ်သည့် “တစ်ဆူတည်းသောဘုရားသခင်” မဖြစ်နိုင်ပေ။ (၁ တိမောသေ ၁:၁၇) သို့သော် ဘုရားသခင်သည် ကိုယ်တော့်သားတော်အား အခွင့်ထူးများစွာ အပ်နှင်းတော်မူခဲ့သည်။ သာဓကအနေနှင့် ကောင်းကင်တမန်များအပါအဝင် “ခပ်သိမ်းသောအရာ” တို့ကို ယေရှုအားဖြင့် ဘုရားသခင် ဖန်ဆင်းတော်မူခဲ့သည်။ ထိုကောင်းကင်တမန်များကို သူတို့၏အသက်ပေးပိုင်ရှင် ဖြစ်တော်မူသော ယေဟောဝါ “ဘုရားသခင်၏သား” များဟု ခေါ်ဆိုထားသည်။—ကောလောသဲ ၁:၁၆; ယောဘ ၁:၆; ၃၈:၇

လူသားတို့နေထိုင်ရန် မြေကြီးကို ပြင်ဆင်ပြီးနောက် ဘုရားသခင်သည် ကိုယ်တော့်သားဦးအား “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုပြောခဲ့ခြင်းဖြစ်နိုင်သည်။ (ကမ္ဘာဦး ၁:၂၆; သု. ၈:၂၂-၃၁) ထို့ကြောင့် ယေဟောဝါသည် ယေရှုဖြစ်လာမည့် ဝိညာဉ်သတ္တဝါအားဖြင့် ဘုရားသခင်၏ ပထမလူသားအာဒံကို ဖန်ဆင်းတော်မူခဲ့သည်။—လုကာ ၃:၃၈

ယေရှုသည် ဘုရားသခင်၏ လူသား,သားတော်ဖြစ်လာ

ဘုရားသခင့်ဝိညာဉ်သားတော်သည် သတ်မှတ်ထားချိန်တွင် ‘လူဇာတိအဖြစ်ကိုခံယူ၍ ငါတို့တွင်တည်နေတော်မူသည်’ ဟု တမန်တော်ယောဟန်က ကျွန်ုပ်တို့အား ဖော်ပြသည်။ (ယောဟန် ၁:၁၄) ယေရှု၏မူလအခြေအနေကို ပြောင်းလဲရန် ဘုရားသခင်သည် ကောင်းကင်မှ ယေရှု၏အသက်ကို ဂျူးအပျိုစင်မာရိ၏ သားအိမ်အတွင်းသို့ အံ့ဖွယ်နည်းဖြင့် ပြောင်းရွှေ့ပေးတော်မူခဲ့သည်။ ဤနည်းဖြင့် ယေရှုသည် လူသားတစ်ဦးဖြစ်သော်လည်း ဘုရားသခင်၏သားတော် ဆက်ဖြစ်နေခဲ့သည်။ ထို့ပြင် ယေရှုကို မည်သည့်လူသားတစ်ဦးမျှမဟုတ်ဘဲ ဘုရားသခင်ကသာ အသက်ပေးသောကြောင့် ကိုယ်တော်သည် အပြစ်မပါဘဲ စုံလင်စွာမွေးဖွားလာသည်။ ကောင်းကင်တမန်ဂါဗြေလက မာရိအား “ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်” ဟုဆိုခဲ့သည်။—လုကာ ၁:၃၅; ဟေဗြဲ ၇:၂၆

ယေရှုသည် လူ့ဇာတိအဖြစ်၌ရှိနေစဉ် ဘုရားသခင့်သားတော်မှန်ကန်ကြောင်း အတည်ပြုချက်ကို ခမည်းတော်ကိုယ်တော်တိုင်ထံမှရရှိခဲ့သည်။ ယေရှုနှစ်ခြင်းခံစဉ် ကောင်းကင်ဖွင့်လှစ်ပြီး “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ကောင်းကင်မှအသံတော်ထွက်ပေါ်သည်ကို နှစ်ခြင်းဆရာယောဟန်ကိုယ်တိုင် ကြားသိခဲ့သည်။ (မဿဲ ၃:၁၆၊ ၁၇) “ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်” ဟု သူ့တပည့်များအား ယောဟန်ဆိုခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။—ယောဟ ၁:၃၄။

ယေရှု၏ မြေကြီးဓမ္မအမှုဆောင်စဉ်အတွင်း မိမိသည် ဘုရားသခင်၏သားတော် မေရှိယဖြစ်ကြောင်း လူသိရှင်ကြားမကြေညာခဲ့ပေ။ (မာကု ၈:၂၉၊ ၃၀) လူတို့ကို မိမိသွန်သင်ချက်များအား နားထောင်စေခြင်း၊ မိမိဘဝလမ်းစဉ်ကို အကဲခတ်လေ့လာစေခြင်း၊ လူထုရှေ့တွင်ပြုလုပ်သည့် အံ့ဖွယ်အမှုအများစုကို တွေ့မြင်စေခြင်းအားဖြင့် သူတို့ဘာသာ ထိုသို့ကောက်ချက်ချစေလေ့ရှိသည်။ ဥပမာ၊ “အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူရှိသမျှတို့ကို” ကိုယ်တော် ကုသပေးတော်မူခဲ့သည်။ (မဿဲ ၄:၂၄၊ ၂၅; ၇:၂၈၊ ၂၉; ၁၂:၁၅) မျက်စိကန်းသူ၊ နားပင်းသူ၊ ခြေဆွံ့သူနှင့် ရောဂါသည်များသည် ယေရှုထံသို့လာကြပြီး သူတို့အားလုံးကို ကိုယ်တော် ကုသပေးခဲ့သည်။ သေသူများကိုပင် ရှင်ပြန်ထမြောက်စေတော်မူခဲ့သည်! (မဿဲ ၁၁:၄-၆) ယေရှုသည် မိမိတပည့်များ၏ မျက်စိရှေ့မှာပင် ရေပေါ်တွင် အံ့ဖွယ်နည်းဖြင့် လမ်းလျှောက်ခဲ့ပြီး မုန်တိုင်းထန်ချိန်တွင် လှိုင်းလေများကို ငြိမ်စေတော်မူခဲ့သည်။ ဤတန်ခိုးပြသမှုက “စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်ပါသည်” ဟုပြောဆိုရန် တပည့်များကို လှုံ့ဆော်ပေးခဲ့သည်။—မဿဲ ၁၄:၂၄-၃၃

ဘုရားသခင်၏သားတော်က သင့်ကို အကျိုးပြုပုံ

ဘုရားသခင်သည် ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်ကို ကောင်းကင်မှမြေကြီးသို့ အဘယ်ကြောင့် ပြောင်းရွှေ့ပေးပြီး မရှုမလှသေဆုံးစေခဲ့သနည်း။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ” ဖြစ်သည်။ (ယောဟန် ၃:၁၆) မှန်ပါသည်၊ ယေရှုသည် အသေခံခြင်းဖြင့်သာ “မိမိအသက်ကိုစွန့်၍ လူများကိုရွေး” နိုင်မည်ဖြစ်သည်။ (မဿဲ ၂၀:၂၈) လူသားတို့အတွက် ယေဟောဝါနှင့် ကိုယ်တော့်သားဦးတို့ ပြသခဲ့သောမေတ္တာထက် သာ၍ကြီးမြတ်သောမေတ္တာကို သမိုင်းတစ်လျှောက်တွင် အဘယ်လူတစ်ဦးမျှ မပြခဲ့ချေ။—ရောမ ၈:၃၂

ယေရှုသည် သေဆုံးပြီးနောက် ဘုရားသခင်၏ ဝိညာဉ်ရေးသားတစ်ဦးအနေနှင့် “သေခြင်းမှထမြောက်တော်မူ၍” အလွန်ထူးခြားပြီး တန်ခိုးကြီးသောနည်းဖြင့် “ဘုရားသခင်၏သားတော်” ဖြစ်ကြောင်း ထင်ရှားပြခံခဲ့ရသည်။ (ရောမ ၁:၂-၄; ၁ ပေတရု ၃:၁၈) ထို့နောက် ယေရှုသည် နှစ်ပေါင်း ၁၉၀၀ နီးပါး ခမည်းတော်အပါး၌ စိတ်ရှည်စွာစောင့်ဆိုင်းပြီး မြေကြီးတစ်ပြင်လုံးကို မကြာမီအုပ်ချုပ်တော့မည့် ကောင်းကင်အစိုးရဖြစ်သော ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် နန်းတင်ခံခဲ့ရသည်။—ဆာလံ ၂:၇၊ ၈; ဒံယေလ ၇:၁၃၊ ၁၄

ဘုရားသခင်၏ အင်အားကြီးမားလှသော သားတော်၏ မျက်နှာသာကို သင်ရလိုပါသလော။ သို့ဆိုလျှင် ကိုယ်တော်၏သွန်သင်ချက်များကို လေ့လာပြီး သင့်အသက်တာတွင် လက်တွေ့ကျင့်သုံးရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ယေရှုကိုယ်တော်တိုင် ဤသို့ဆိုသည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် . . . ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) မှန်ပါသည်၊ ဘုရားသခင်၏သားတော်နှင့်ပတ်သက်၍ လူတစ်ဦးယုံကြည်ထားရာသည် အမှန်တကယ် အရေးပါပေသည်!—ယောဟန် ၃:၁၈; ၁၄:၆; ၁ တိမောသေ ၆:၁၉

သင် စဉ်းစားဖူးသလော

▪ ယေရှုသည် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် မည်သို့ဖြစ်သနည်း။—ယောဟန် ၁:၃၊ ၁၄; ဗျာ. ၃:၁၄

▪ ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်း သင် အဘယ်ကြောင့် ယုံကြည်နိုင်သနည်း။—မဿဲ ၃:၁၆၊ ၁၇

▪ ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်း ယုံကြည်ခြင်းက သင့်ကို မည်သို့အကျိုးပြုနိုင်သနည်း။—ယောဟန် ၃:၁၆; ၁၄:၆; ၁၇:၃

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှု၏ ပညာရှိသွန်သင်ချက်များနှင့် တန်ခိုးကြီးသောအံ့ဖွယ်အမှုများက ကိုယ်တော်သည် သာမန်လူသားတစ်ဦးမဟုတ်ကြောင်း သက်သေထူ