မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောပျော်ရွှင်မှုကို သင်ရရှိနိုင်

စစ်မှန်သောပျော်ရွှင်မှုကို သင်ရရှိနိုင်

စစ်မှန်သောပျော်ရွှင်မှုကို သင်ရရှိနိုင်

နောက်ဆုံးပေါ်ကား၊ ငွေအမြောက်အမြား၊ ဂုဏ်ရှိသောအလုပ်၊ အိမ်ကြီးအိမ်ကောင်း၊ နောက်ဆုံးပေါ် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တို့သည် ပျော်ရွှင်မှု၏သော့ချက်များဖြစ်သည်ဟု ကမ္ဘာတစ်ဝန်းရှိလူများစွာ ယူဆထားပုံရသည်။ သို့သော် ပျော်ရွှင်မှုသည် အဆိုပါရုပ်ပစ္စည်းပိုင်ဆိုင်ရာတို့အပေါ် အမှန်မူတည်နေပါသလော။

“ပျော်ရွှင်မှု၊ အကောင်းမြင်ဝါဒ၊ အပြုသဘောထားများ၊ စရိုက်ကောင်းများနှင့်ပတ်သက်၍ များစွာသုတေသနပြု” ခဲ့ကြပြီဟု တိုင်းမ် မဂ္ဂဇင်းမှ အထူးသတင်းတစ်ပုဒ်တွင် ဖော်ပြထား၏။ အဆိုပါလေ့လာတွေ့ရှိချက်များက လူများစွာကို အံ့အားသင့်စေခဲ့သည်။ ငွေ၊ ကျော်ကြားမှု၊ အလှအပတို့က ပျော်ရွှင်မှုပေးနိုင်မည်ဟု ယူဆထားသူတို့သည် ကိုယ့်ကိုယ်ကို လှည့်ဖြားနေခြင်းသာဖြစ်ကြောင်း ထင်ရှားသည့်အထောက်အထားက တစ်သမတ်တည်းဖော်ပြသည်။ အမှန်မှာ သူတို့သည် စိတ်ကျန်းမာရေးကိုထိခိုက်စေပြီး စိတ်ကျရောဂါပင် ခံစားရသည်အထိ ဖြစ်စေနိုင်သောအရာအပေါ် ဘဝကို တည်ဆောက်နေကြခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ လူများစွာသည် ယခင်ကထက် ပို၍ကြွယ်ဝချမ်းသာလာကြသည်။ “သို့သော် ဤသို့ချမ်းသာလာခြင်းကြောင့် ပို၍ပျော်ရွှင်လာကြခြင်း မရှိချေ” ဟုတိုင်းမ်က ဖော်ပြ၏။ အခြားနိုင်ငံများမှလူတို့လည်း ထိုသို့ပင်ဖြစ်နေပါသည်။ တရုတ်နိုင်ငံတွင် စီးပွားရေးရုတ်တရက်တိုးတက်လာသော်လည်း ပျော်ရွှင်မှုကင်းမဲ့သူ သိသိသာသာတိုးများလာနေသည်။ ထိုနိုင်ငံတွင် “အသက် ၁၅ နှစ်နှင့် ၃၄ နှစ်အကြား သေဆုံးမှုများ၏ အဓိကအကြောင်းရင်း” မှာ ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်သည်ဟု သုံးလတစ်ကြိမ်ထုတ် အက်ဆက်စ်အေးရှားဂျာနယ်က ဖော်ပြ၏။ ယင်းသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ဖိစီးမှုများသောလောကတွင် အောင်မြင်မှုရရန် လူငယ်များကို ဖိအားပေးနေသောကြောင့် ဖြစ်ပုံရသည်။

စည်းစိမ်ဥစ္စာတိုးပွားခြင်းက သောကနှင့်ဖိစီးမှုကို မလျော့ပါးစေဘဲ ပို၍တိုးလာစေသည်မှာ ရှင်းနေပါသည်။ “ယခုအခါ ကျွန်ုပ်တို့၏ဘဝပုံစံသည် ကျွန်ုပ်တို့၏စိတ်ခံစားမှုကို မတည်မငြိမ်ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်လာပြီ” ဟုတက္ကသိုလ်လေ့လာမှုတစ်ရပ်က ကောက်ချက်ချထား၏။ လူ့အဖွဲ့အစည်းကိုဆန်းစစ်လေ့လာသူ ဗန်ဝစ်ရှတ်၏အဆိုအရ “ကုမ္ပဏီများစွာတွင် ကျန်းမာရေးအာမခံပေးရာ၌ စိတ်ကျန်းမာရေးအာမခံပေးခြင်းသည် အများဆုံးဖြစ်လာနေသည်။”

အပြောင်းအလဲမြန်သော ဤလောကသည် ကလေးများကိုပင် ထိခိုက်လျက်ရှိ၏။ ယခုအခါ ရှစ်နှစ်အရွယ်ကလေးများအတွက် “စိတ်ဖိစီးမှုလက္ခဏာများကို သိမြင်နည်းနှင့် ကိုင်တွယ်ဖြေရှင်းနည်း” အကြောင်း အကြံပေးသည့်စာအုပ်များ ရရှိနိုင်ပြီဟု ဝစ်ရှတ်ကဆိုသည်။ စိတ်ကျဝေဒနာနှင့်ပတ်သက်သော အချက်အလက်တစ်ခုအရ အနောက်နိုင်ငံအတော်များများတွင် ကလေးများ စိတ်ကျဝေဒနာဖြစ်မှုသည် အံ့ဩစရာကောင်းလောက်အောင် တစ်နှစ်လျှင် ၂၃ ရာခိုင်နှုန်း တိုးများလျက်ရှိသည်။ ထို့ပြင် “စိတ်ကျဝေဒနာပျောက်ဆေးများ အရောင်းရဆုံးဈေးကွက်မှာ မူကြိုကျောင်းနေအရွယ် ကလေးများဖြစ်နေသည်။”

ထို့ပြင် စိုးရိမ်ထိတ်လန့်မှုလည်း တိုးပွားလာနေသည်။ ယင်းသည် စီးပွားရေးမရေရာမှုကြောင့်သာမဟုတ်ဘဲ တိုးများလာနေသည့် နိုင်ငံရေးနှင့် ဝတ်ပြုရေးအစွန်းရောက်ဝါဒီများကြောင့်ဖြစ်ရာ လူများစွာသည် နောက်တစ်နေ့ဖြစ်မည့် ကြောက်မက်ဖွယ်ရာများအတွက် တွေးပူထိတ်လန့်နေကြသည်။ အကူအညီရရှိနိုင်ပါမည်လော။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ယေရှုခရစ်သည် ဖိစီးမှုလျော့ပါးစေပြီး တစ်မူထူးခြားသည့်ဘဝပုံစံအကြောင်း သွန်သင်ခဲ့၏။ ကိုယ်တော်၏အဓိကသွန်သင်ချက်မှာ ရိုးရှင်းသော်လည်း အလွန်ထိရောက်သော အမှန်တရားဖြစ်သည်။ “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏” ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၃ကဘ) မှန်ပါသည်၊ လူသားတို့အလိုအပ်ဆုံးအရာမှာ ဖန်ဆင်းရှင်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့်ဆိုင်သည့် ဝိညာဉ်ရေးအမှန်တရားဖြစ်ပြီး ယင်းကို အာရုံစိုက်ကြရန် ပရိသတ်များအား ယေရှုတိုက်တွန်းခဲ့၏။

ထိုအမှန်တရားက အမှန်တကယ် အရေးကြီးသည့်အရာကို ပိုင်းခြားသိမြင်စေနိုင်ကာ သာ၍ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိသည့်ဘဝကို ရရှိစေကြောင်း နောက်ဆောင်းပါးတွင် လေ့လာသိရှိရပါမည်။ ထို့ပြင် အဆိုပါဝိညာဉ်ရေးအမှန်တရားသည် ကျွန်ုပ်တို့ကို တောက်ပသောမျှော်လင့်ချက်ရှိစေသည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

ပျော်ရွှင်မှုသည် စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုအပေါ် မူတည်ပါသလော