မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောပျော်ရွှင်မှုအတွက် နည်းလမ်းကောင်း

စစ်မှန်သောပျော်ရွှင်မှုအတွက် နည်းလမ်းကောင်း

စစ်မှန်သောပျော်ရွှင်မှုအတွက် နည်းလမ်းကောင်း

အရသာရှိသော ဟင်းတစ်ခွက်ရရန် ချက်ပြုတ်နည်းကောင်းနှင့် စားဖိုမှူးကောင်း လိုအပ်သည်။ ပျော်ရွှင်မှုရရှိနိုင်ရန်လည်း ထိုနည်းတူဖြစ်၏။ ပျော်ရွှင်မှုဟူသည် အကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ အကြောင်းရင်းများစွာစုပေါင်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအကြောင်းရင်းများစွာတွင် မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ခြင်း၊ ကစားခြင်း၊ အချိန်ယူနေထိုင်ခြင်းနှင့် ဝိညာဉ်ရေးရာလုပ်ဆောင်ခြင်းတို့ ပါဝင်သည်။ သို့သော် ယင်းတို့တွင် သဘောထားများ၊ လိုအင်ဆန္ဒများနှင့် ဘဝပန်းတိုင်များအစရှိသော မမြင်သာသည့်အရာများလည်း ပါဝင်သည်။

စစ်မှန်သောပျော်ရွှင်မှုအတွက် နည်းလမ်းကောင်းကို ကျွန်ုပ်တို့ဘာသာလိုက်ရှာဖို့ မလိုသည်မှာ ဝမ်းသာစရာပင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကောင်းမြတ်လှသော လမ်းညွှန်စာအုပ်ဖြစ်သည့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အား ပေးထား၍ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်တွင် အခြားမည်သည့်စာအုပ်ထက်မဆို ယင်းစာအုပ်ကို လုံးချင်းဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဘာသာစကားပေါင်း ၂,၃၇၇ မျိုးဖြင့် ရရှိနိုင်ပြီဖြစ်သည်။

ဤသို့အမြောက်အမြား ထုတ်ဝေဖြန့်ချိနိုင်ခြင်းက လူခပ်သိမ်း၏ပျော်ရွှင်မှုနှင့် ဝိညာဉ်ရေးကောင်းကျိုးကို ဘုရားသခင်စိတ်ဝင်စားတော်မူကြောင်း ဖော်ပြနေသည်။ (တမန်တော် ၁၀:၃၄၊ ၃၅; ၁၇:၂၆၊ ၂၇) ဘုရားသခင်က ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်တော်မူသောသူ’ ဖြစ်သည်ဟု မိန့်ဆိုတော်မူ၏။ ကိုယ်တော်၏ပညတ်တို့ကို ကျွန်ုပ်တို့လိုက်နာမည်ဆိုလျှင် အေးချမ်းငြိမ်သက်မှုသည် “မြစ်ကဲ့သို့” ဖြစ်မည်ဟု ကတိပေးတော်မူသည်။—⁠ဟေရှာယ ၄၈:၁၇၊ ၁၈

ထိုကတိတော်က ရှေ့ဆောင်းပါးတွင်ကိုးကားခဲ့သည့် “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏” ဟူသော ယေရှု၏စကားကို ပြန်အမှတ်ရစေသည်။ (မဿဲ ၅:⁠၃ကဘ) ဤတွင်ဖော်ပြထားသည့် ဝိညာဉ်ရေးစိတ်ထားသည် အပေါ်ယံ ဘုရားတရားကြည်ညိုခြင်းမျှသာ မဟုတ်ချေ။ သို့အစား ယင်းသည် ကျွန်ုပ်တို့၏အသက်တာတစ်ခုလုံးကို ဩဇာညောင်းနေရမည်။ ကျွန်ုပ်တို့ကိုယ်ကိုသိသည်ထက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပို၍သိတော်မူကြောင်း အသိအမှတ်ပြုသောကြောင့် ကိုယ်တော်၏စကားကိုနာယူကာ သွန်သင်မှုကိုလက်ခံရန် အသင့်ရှိကြောင်း ထင်ဟပ်ပြရမည်။ သမ္မာကျမ်းစာကို အနှစ် ၅၀ ကျော်ကြာ လေ့လာခဲ့သူ အီရိုလ်က “သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီကလာတယ်ဆိုတာ ကျွန်တော့်ကို တခြားအရာတွေထက် ယုံကြည်စိတ်ချစေတဲ့အရာက ကျမ်းစာသွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးတဲ့အခါ တကယ်အကျိုးရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်” ဟုဆို၏။ သာဓကအနေနှင့် စည်းစိမ်ဥစ္စာရှာဖွေခြင်း၊ အပျော်အပါးလိုက်စားခြင်းနှင့်ပတ်သက်၍ အလွန်ကောင်းမွန်သော ကျမ်းစာအကြံပေးချက်ကို သုံးသပ်ကြည့်ပါ။

ငွေနှင့်ပတ်သက်၍ ပညာရှိလမ်းညွှန်ချက်

“စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်” ဟုယေရှုမိန့်တော်မူ၏။ (လုကာ ၁၂:၁၅) အထူးသဖြင့် ဘုရားသခင့်ရှေ့တော်မှောက်တွင် လူသားတစ်ဦးအနေနှင့် သင့်တန်ဖိုးအမှန်သည် ငွေအမြောက်အမြားရှိခြင်းအပေါ် မူတည်နေသည်မဟုတ်ပေ။ အမှန်အားဖြင့် စည်းစိမ်ဥစ္စာရှာဖွေခြင်းသည် ပူပန်သောကပွားစေ၍ ပျော်ရွှင်မှုပျောက်ဆုံးစေကာ သာ၍အရေးကြီးရာများ လုပ်ဆောင်ရမည့်အချိန်ကို ခိုးယူနေသည်။—⁠မာကု ၁၀:၂၅; ၁ တိမောသေ ၆:⁠၁၀

အမေရိကန်ပြည်ထောင်စုမှ စိတ်ပညာပါမောက္ခ ရစ်ချတ် ရိုင်ယန်းအဆိုအရ လူတို့သည် စည်းစိမ်ဥစ္စာရှာဖွေလေလေ၊ ကျေနပ်ရောင့်ရဲမှု နည်းလာလေလေဖြစ်၏။ ကျမ်းရေးသူ ရှောလမုန်က ဤသို့ဖော်ပြခဲ့၏– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။” (ဒေ. ၅:၁၀) ယင်းအခြေအနေကို ခြင်ကိုက်၍ ယားယံခြင်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။ ကုပ်လေကုပ်လေ အယားမပြေနိုင်ဘဲ နောက်ဆုံး အနာပေါက်သည်အထိဖြစ်သွားသည်။

သမ္မာကျမ်းစာက အလုပ်ကြိုးစားရန်၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏အကျိုးအမြတ်ကို ခံစားရန် တိုက်တွန်းထား၏။ (ဒေ. ၃:၁၂၊ ၁၃) ထိုသို့ပြုခြင်းဖြင့် ပျော်ရွှင်မှုရရှိရန် အဓိကကျသော နောက်အချက်ဖြစ်သည့် ကိုယ့်ကိုယ်ကိုလေးစားမှုကို တိုးလာစေမည်ဖြစ်၏။ ထို့ပြင် ဘဝတွင်အကျိုးပြုသော ပျော်ရွှင်ဖွယ်ရာတချို့ကိုလည်း မွေ့လျော်ခံစားနိုင်ပေမည်။ သို့သော် ငွေဖြင့်ရနိုင်သည့် ပျော်ရွှင်စရာအချို့ကိုခံစားခြင်းနှင့် ဘဝတွင် စည်းစိမ်ဥစ္စာအဓိကထားခြင်းတို့စပ်ကြား ခြားနားချက်ရှိသည်။

အပျော်အပါး သူ့နေရာနှင့်သူထား

ဘဝတွင် ဝိညာဉ်ရေးရာကို တန်ဖိုးထားခြင်းက အပန်းဖြေမှု၊ ဖျော်ဖြေမှုနှင့် အခြားအပျော်အပါးတို့မှ အကောင်းဆုံးအကျိုးကျေးဇူးရရှိရန် ကူညီပေးနိုင်သည်။ ယေရှုသည် ပျော်ရွှင်ဖွယ်အခါသမယများတွင် စားသောက်ပျော်မွေ့ခဲ့သည်။ (လုကာ ၅:၂၉; ယောဟန် ၂:၁-၁၀) သို့သော် ထိုအရာများသည် ကိုယ်တော့်အသက်တာတွင် ပျော်ရွှင်မှုပေးသော အဓိကအရာများ မဟုတ်ချေ။ ဘုရားသခင်အကြောင်း၊ ဘုရားသခင့်ရည်ရွယ်တော်ချက်အကြောင်း အခြားသူများသိရှိနိုင်ရန် ကူညီပေးခြင်းအပါအဝင် ဝိညာဉ်ရေးရာများလုပ်ဆောင်ခြင်းတွင် ကိုယ်တော် အလွန်နှစ်ခြိုက်ပျော်မွေ့ခဲ့သည်။—⁠ယောဟန် ၄:⁠၃၄

ဘုရင်ရှောလမုန်သည် အပျော်အပါးလိုက်စားခြင်းက အမှန်ပင် ပျော်ရွှင်မှုပေးနိုင်၊ မပေးနိုင်သိရှိရန် စမ်းသပ်လိုက်စားခဲ့သည်။ “ငါသည် ပျော်ပျော်နေ၍ အပျော်အပါးတွင် နစ်မွန်းသည်အထိ လိုက်စားမည်” ဟုသူဆိုခဲ့၏။ ဤကြွယ်ဝသောဘုရင်သည် အပျော်အပါးလိုက်စားရာတွင် မဝံ့မရဲမဖြစ်ခဲ့ပေ။ သူသည် အပျော်အပါးလိုက်စားမှုတွင် နစ်မွန်းခဲ့၏။ သို့သော် နောက်ပိုင်းတွင် သူမည်သို့ခံစားခဲ့ရသနည်း။ “ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်လေ၏” ဟုသူရေးခဲ့သည်။—⁠ဒေ. ၂:⁠၁အင်္ဂလိပ်ကျမ်းစာသစ်။

အပျော်အပါးလိုက်စားသူများသည် အများအားဖြင့် အချည်းနှီးသက်သက်၊ အကျိုးမရှိဟု ခံစားကြရသည်။ အမှန်မှာ အပျော်အပါးလိုက်စားခြင်းကို အဓိပ္ပာယ်ရှိသောအလုပ်လုပ်ခြင်း၊ ဝိညာဉ်ရေးရာများလုပ်ဆောင်ခြင်း၊ မိသားစုလိုက်ပေါင်းသင်းခြင်းတို့နှင့် နှိုင်းယှဉ်ကြည့်သောအခါ အပျော်အပါးလိုက်စားခြင်းသည် လူတို့ပျော်ရွှင်ရေးတွင် အရေးပါမှုအနည်းဆုံးသောအရာဖြစ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်။

ရက်ရောကာ ကျေးဇူးသိတတ်ပါ

ပျော်ရွှင်ကြသူတို့သည် အတ္တဆန်မည့်အစား ရက်ရောကာ အခြားသူများကို စိတ်ဝင်စားတတ်ကြသည်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (တမန်တော် ၂၀:၃၅ကဘ) ရုပ်ပစ္စည်းပေးကမ်းခြင်းအပြင် အထူးသဖြင့် မိသားစုဘဝတွင် ပို၍ပင်အဖိုးထိုက်တန်မည့် ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားတို့ကို ပေးဆက်နိုင်ပါသည်။ ဇနီးမောင်နှံများဆိုလျှင် မိမိတို့၏အိမ်ထောင်နှောင်ကြိုးခိုင်မြဲကာ ပျော်ရွှင်မှုရရန် တစ်ဦးကိုတစ်ဦး အချိန်ပေးဖို့လိုသည်။ မိဘတို့သည် သားသမီးများနှင့်စကားပြောဆိုရန်၊ သူတို့ကို ချစ်ခင်ကြင်နာကြောင်းပြရန်၊ လေ့ကျင့်သွန်သင်ရန် အချိန်ယူဖို့လိုသည်။ မိသားစုဝင်တို့သည် ထိုနည်းများဖြင့် တစ်ဦးကိုတစ်ဦး ပေးဆက်ကြသည့်အခါ ပျော်ရွှင်မှုရှိပြီး သူတို့၏စံအိမ်မှာ သုခဘုံလေးဖြစ်လာသည်။

အခြားသူများက သူတို့၏အချိန်နှင့် ခွန်အားဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ သင့်အား ပေးဆက်လာသောအခါတွင်လည်း ‘ကျေးဇူးသိသောစိတ်ရှိ’ ပါသလော။ (ကောလောသဲ ၃:၁၅) ကျေးဇူးသိတတ်ခြင်းက အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေကာ ပျော်ရွှင်မှုများစွာ ပေးနိုင်ပါသည်။ အခြားသူများက သင့်အား ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲဖော်ပြသည့်အခါ သင့်စိတ်ကြည်နူးရသည်မဟုတ်ပေလော။

ကျေးဇူးတင်ကြောင်းဖော်ပြခြင်းက ကျွန်ုပ်တို့တွေ့ ကြုံခံစားရသော ကောင်းမှုများကိုလည်း ပို၍သတိပြုမိစေသည်။ စမ်းသပ်မှုတစ်ခုတွင် အမေရိကန်ပြည်ထောင်စု၊ ရေးဗားဆိုက်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတစ်ဦးသည် အစမ်းသပ်ခံပုဂ္ဂိုလ်များကို “ကျေးဇူးတင်ကြောင်းနေ့စဉ်မှတ်တမ်း” ထားကာ မိမိတို့ကျေးဇူးတင်ခဲ့သည့်အရာများကို ရေးမှတ်ရန် မှာကြားခဲ့သည်။ ခြောက်ပတ်ကျော်ကာလအတွင်း အစမ်းသပ်ခံပုဂ္ဂိုလ်များသည် ဘဝတွင် ပို၍ကျေနပ်မှုခံစားရကြသည်မှာ အံ့အားသင့်စရာမဟုတ်ပါ။

ယင်းမှ အဘယ်အရာသင်ယူနိုင်သနည်း။ သင့်အခြေအနေ မည်သို့ပင်ရှိစေကာမူ ကောင်းချီးများကို ရေတွက်တတ်ရန် သင်ယူပါ။ သမ္မာကျမ်းစာက ဤသို့တိုက်တွန်းထား၏– “အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ . . . အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။” (၁ သက်သာလောနိတ် ၅:၁၆၊ ၁၈) ယင်းသို့လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့တွေ့ကြုံခံစားခဲ့ရသည့် ကောင်းမှုများကို ပြန်အမှတ်ရဖို့ ကြိုးစားအားထုတ်နေရမည်။ ယင်းကို ကိုယ်ပိုင်ပန်းတိုင်အဖြစ် လုပ်ဆောင်ပါလေ။

ပျော်ရွှင်မှုအတွက်အရေးပါသော မေတ္တာနှင့် မျှော်လင့်ချက်

လူတို့သည် မွေးကင်းစမှ သေဆုံးချိန်အထိ မေတ္တာလိုအပ်သည်ဟု ဆိုနိုင်ပါသည်။ လူတို့သည် မေတ္တာမရရှိပါက နွမ်းလျတတ်ကြသည်။ သို့သော် မေတ္တာဟူသည် အဘယ်အရာကို အတိအကျဆိုလိုသနည်း။ ယခုခေတ်တွင် မေတ္တာဟူသည့်အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော်လည်း ကျမ်းစာက ဤသို့ လှပစွာပုံဖော်ထား၏– “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။”—⁠၁ ကောရိန္သု ၁၃:၄-၈

ကိုယ်ကျိုးမငဲ့သော မေတ္တာစစ်ပါတကား! အကြောင်းမှာ ဤမေတ္တာသည် “ကိုယ်ကျိုးမရှာ” သည့်အပြင် မိမိအရေးထက် သူတစ်ပါးပျော်ရွှင်ရေးကို ဦးစားပေးသောကြောင့်ဖြစ်သည်။ သို့သော် အဆိုပါမေတ္တာမျိုး လျော့နည်းလာနေသည်မှာ ဝမ်းနည်းစရာပင်။ ဤအစီအစဉ်စနစ်ကုန်ဆုံးချိန်နှင့်ပတ်သက်၍ အရေးကြီးသောပရောဖက်ပြုချက်တွင် “အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုယေရှုမိန့်ဆိုခဲ့သည်။—⁠မဿဲ ၂၄:၃၊ ၁၂; ၂ တိမောသေ ၃:၁-၅

သို့သော် ယင်းအခြေအနေသည် ထာဝရတည်ရှိနေမည် မဟုတ်ချေ။ အကြောင်းမှာ ယင်းသည် မေတ္တာ၏ပြယုဂ်ဖြစ်သော ဖန်ဆင်းရှင်အား စော်ကားရာရောက်သောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၄:၈) မကြာမီ ဘုရားသခင်သည် မုန်းတီးစိတ်ပြည့်နေသူတို့နှင့် လောဘကြီးသူအားလုံးကို ကမ္ဘာပေါ်မှ ဖယ်ရှားတော်မူလိမ့်မည်။ အထက်တွင်ဖော်ပြထားသည့် မေတ္တာတရားမျိုး ကြိုးစားမွေးမြူနေသူတို့ကိုသာ အသက်ရှင်စေတော်မူမည်။ နောက်ဆုံးတွင် ကမ္ဘာတစ်ဝန်းလုံး ငြိမ်သက်မှုနှင့်ပျော်ရွှင်မှုတို့ လွှမ်းခြုံသွားလိမ့်မည်။ “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟူသောကျမ်းစာကတိတော် အမှန်ပြည့်စုံလာပေမည်။—⁠ဆာလံ ၃၇:၁၀၊ ၁၁

နေ့စဉ်ရက်ဆက် ‘အလွန်ပျော်မွေ့’ နေကြမည်ကို မြင်ယောင်ကြည့်ပါ! သမ္မာကျမ်းစာတွင် ‘မျှော်လင့်ချက်၌ ဝမ်းမြောက်လော့’ ဟုမိန့်ဆိုထားသည်မှာ အံ့အားသင့်စရာလော။ (ရောမ ၁၂:၁၂) နာခံမှုရှိသောလူသားများအတွက် ဘုရားသခင်ကမ်းလှမ်းထားသည့် အံ့ဖွယ်မျှော်လင့်ချက်အကြောင်း သင်ပိုမိုသိရှိလိုပါသလော။ သို့ဆိုလျှင် ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ရှုပါလေ။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။”—တမန်တော် ၂၀:၃၅၊ ကဘ

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အောင်မြင်သူတို့၏ဖြစ်ရပ်များ—မည်မျှ မှန်ကန်သနည်း

ဆင်းဆင်းရဲရဲဖြင့် ကြီးပြင်းလာသူတို့သည် အခက်အခဲအမျိုးမျိုးကို အောင်မြင်ကျော်လွှားပြီး အလွန်ချမ်းသာသွားသည်ဟူသော ဖြစ်ရပ်များကို ကျွန်ုပ်တို့ မကြာခဏကြားဖူးကြပေမည်။ ပျော်ရွှင်မှုနှင့်ပတ်သက်၍ ဆန်ဖရန်စ္စကို ဖြစ်စဉ်မှတ်တမ်းသတင်းစာတွင် “ထိုသူတို့သည် ငယ်စဉ်ဘဝက စိတ်ဆင်းရဲမှုများကြုံခဲ့ရငြား ယင်းတို့ကို အတတ်နိုင်ဆုံးရင်ဆိုင်ဖြေရှင်းကာ ဘဝတွင်သာယာချမ်းမြေ့သွားကြောင်း အဆိုပါဖြစ်ရပ်များကို သက်သေအထောက်အထားအဖြစ် တစ်ခါတစ်ရံကိုးကားခဲ့ကြသည်။ သုတေသနပြုချက်အရ ထိုသို့ကိုးကားဖော်ပြခြင်းသည် သံသယဖြစ်စရာပင်။ အကြောင်းမှာ သူတို့၏ဘဝသည် အမှန်တကယ် သာယာချမ်းမြေ့သည်မဟုတ်ဘဲ ကြွယ်ဝချမ်းသာလာရုံမျှဖြစ်၏” ဟူ၍ ရှင်းပြထား၏။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်

ပျော်ပျော်နေတတ်ခြင်းသည် အကောင်းဆုံးဆေးဖြစ်၏။ “ပျော်ရွှင်ခြင်း သို့မဟုတ် မျှော်လင့်ခြင်း၊ အကောင်းမြင်ခြင်း၊ ကျေနပ်ရောင့်ရဲခြင်းစသည့် စိတ်နှင့်ဆက်နွှယ်နေသောအရာများသည် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချို၊ သွေးတိုး၊ အအေးမိခြင်းနှင့် အထက်ပိုင်းအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်မှုတို့ကို လျော့နည်းစေနိုင်သည်” ဟု တိုင်းမ်မဂ္ဂဇင်းကဆိုသည်။ ထို့ပြင် ဒတ်ခ်ျလေ့လာမှုတစ်ခုသည် သက်ကြီးရွယ်အိုလူနာများကို လေ့လာမှုပြုခဲ့သည့် ကိုးနှစ်ကျော်ကာလအတွင်း ပျော်ပျော်နေတတ်ခြင်း၊ အပြုသဘောရှိခြင်းသည် သေဆုံးမည့်အန္တရာယ်ကို ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း အံ့ဖွယ်တွေ့ ရှိခဲ့လေသည်။

စိတ်နေစိတ်ထားသည် ခန္ဓာကိုယ်အပေါ် မည်သို့အကျိုးသက်ရောက်ကြောင်း မရှင်းမလင်းဖြစ်နေဆဲပင်။ သို့သော် အပြုသဘောရှိပြီး အကောင်းမြင်သူတို့တွင် ကိုယ်ခံအားကို အနှောင့်အယှက်ပေးသောအရာဟု သိထားကြသည့် သောကဟော်မုန်းကော်တီဆုန်းအဆင့် လျော့နည်းကြောင်း သုတေသနပြုချက်က ဖော်ပြခဲ့၏။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

ချက်ပြုတ်နည်းကောင်းအတိုင်း လိုက်နာခြင်းက အရသာရှိသောဟင်းတစ်ခွက် ရရှိနိုင်သကဲ့သို့ ဘုရားသခင့်လမ်းညွှန်ချက်အတိုင်း လိုက်နာခြင်းက ပျော်ရွှင်မှုရစေနိုင်