မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျှော်လင့်ချက်၌ ဝမ်းမြောက်ပါ

မျှော်လင့်ချက်၌ ဝမ်းမြောက်ပါ

မျှော်လင့်ချက်၌ ဝမ်းမြောက်ပါ

ကင်ဆာဝေဒနာရှင် ဂျိုးသည် ရောဂါကျွမ်းကာ အသည်းအသန်ဖြစ်နေသည်။ သူ့ဇနီး ကာစတန်နှင့် မိတ်ဆွေအချို့က သူ၏အိပ်ရာဘေးတွင် စကားပြောဆိုနေကြသည်။ ကာစတန်သည် ခင်ပွန်းဖြစ်သူကို ကြည့်လိုက်ရာ ပါးပြင်ပေါ် မျက်ရည်များစီးကျနေသည်ကို သတိပြုမိ၏။ ဂျိုးတစ်ယောက် နာကျင်၍ဖြစ်မည်ဟု ထင်လိုက်၏။ ယင်းသို့ဖြစ်နိုင်ဖွယ်ရှိသော်လည်း ဤအချိန်တွင် ဂျိုး မျက်ရည်ကျရခြင်းမှာ နာကျင်မှုကြောင့်မဟုတ်ကြောင်း ဇနီးကို ပြောပြခဲ့သည်။

“ဒီလိုခက်ခဲတဲ့အခြေအနေမှာ ဂျိုးကို အဖော်လုပ်ပေးဖို့ရောက်လာကြတဲ့ မိတ်ဆွေရင်းတွေက သူ့အနားမှာ ဝိုင်းရံနေတယ်။ သူ့မှာရှိတဲ့မျှော်လင့်ချက်ဟာ အရမ်းအဖိုးထိုက်တယ်ဆိုတာ အရင်ကထက် အခုပိုသိလာတဲ့အပြင် အဲ့ဒီမျှော်လင့်ချက်ကို ဘယ်သူကမှ လုယူမသွားနိုင်ဘူးဆိုတာ သူသိထားတယ်။ တကယ်တော့ သူ့မျက်ရည်ဟာ ဝမ်းသာလို့ကျတဲ့မျက်ရည်ပဲဆိုပြီး သူရင်ဖွင့်ခဲ့တယ်။ အဲ့ဒီညမှာပဲ ဂျိုး ကွယ်လွန်သွားရှာတယ်” ဟုကာစတန်ကပြောပြ၏။

ရောဂါပိုသည်းလာသည်နှင့်အမျှ အဘယ်မျှော်လင့်ချက်က ဂျိုးကို စိတ်ဆောင်စေခဲ့သနည်း။ ယင်းမျှော်လင့်ချက်မှာ မြေကြီးပရဒိသုတွင် ကျန်းမာရေးဒေါင်ဒေါင်မြည်ပြီး ထာဝစဉ်အသက်ရှင်စေမည်ဟူသော ယေဟောဝါဘုရားသခင်၏ကတိတော်ဖြစ်သည်။ (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉) ဗျာ. ၂၁:၃၊ ၄ တွင် ဤသို့ဆိုထား၏– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား [ယနေ့ခေတ် ပြဿနာများစွာအပါအဝင်] ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”

သေလွန်သူများအတွက်ပင် မျှော်လင့်ချက်

ဂျိုးအတွက်မူ ရှင်ပြန်ထမြောက်လာခြင်းက သူ၏မျှော်လင့်ချက်ပြည့်စုံခြင်း ဖြစ်ပေမည်။ “သင်္ချိုင်းများမှာရှိသောသူအပေါင်း” ဖြစ်သော ဘုရားသခင့်မှတ်ဉာဏ်တွင်ရှိနေသည့် သေလွန်သူများသည် ရှင်ပြန်ထမြောက်လာကြမည်ဟူသော ယေရှု၏ကတိတော်က သူ့အတွက် နှစ်သိမ့်မှုဖြစ်စေခဲ့၏။ (ယောဟန် ၅:၂၈၊ ၂၉) သင့်မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်းနေပါသလော။ သို့ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က သင့်အတွက်လည်း အားပေးမှုဖြစ်စေနိုင်သည်။ ဤမျှော်လင့်ချက်သည် ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သွားသောအခါ ခံစားရသည့် ဝမ်းနည်းကြေကွဲမှုကို မပပျောက်စေသည်မှာ မှန်ပါသည်။ ယေရှုကိုယ်တော်တိုင် မိတ်ဆွေလာဇရုကွယ်လွန်သွားသည့်အခါ “မျက်ရည်ကျ” ခဲ့၏။ သို့သော် ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် နာကျင်မှုကို လျော့ပါးစေနိုင်သည်။—⁠ယောဟန် ၁၁:၁၄၊ ၃၄၊ ၃၅; ၁ သက်သာလောနိတ် ၄:၁၃

“ကင်ဆာရောဂါနဲ့ ဂျိုး သေဆုံးသွားတုန်းက ကျွန်မ ပျော်ရွှင်နိုင်တော့မှာမဟုတ်ဘူးလို့ ခံစားမိတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အခုအချိန်မှာတောင် ကျွန်မဘဝဟာ ဒီအစီအစဉ်စနစ်မှာ ဘယ်တော့မှ အရင်လိုပြန်ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သိလာတယ်။ ဂျိုးဟာ ဘာနဲ့မှအစားထိုးလို့မရတဲ့ ဟာကွက်တစ်ခု ထားရစ်ခဲ့တယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရမယ်ဆိုရင် စိတ်ငြိမ်သက်မှုနဲ့ ကျေနပ်ရောင့်ရဲမှု ပြန်ရလာပါပြီ” ဟုကာစတန်ကဆို၏။

မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့အမြဲတမ်းပျော်ရွှင်နေမည်ဟု မမျှော်လင့်နိုင်ကြောင်း ကာစတန်၏ပြောပြချက်များက အသိပေးသည်။ ဘဝဟူသည် ရေစီးတစ်ခါ ရေသာတစ်လှည့်ဖြစ်၏။ ဝမ်းနည်းရမည့်အချိန်၊ လုံးဝပျော်ရွှင်ဖွယ်မကောင်းသည့်အချိန်လည်း ရှိနေမည်သာ။ (ဒေ. ၃:၁၊ ၄; ၇:၂-၄) ထို့ပြင် ကျွန်ုပ်တို့ထဲမှအချို့သည် အကြောင်းရင်းအမျိုးမျိုးကြောင့် စိတ်ကျဝေဒနာကို တွန်းလှန်နေရပေမည်။ မည်သို့ပင်ဖြစ်စေ၊ သမ္မာကျမ်းစာမှကတိတော်များသည် နှစ်သိမ့်မှု၏ရင်းမြစ်ဖြစ်ပြီး ကျမ်းစာပါမြင့်မားသောဉာဏ်ပညာက ပျော်ရွှင်မှုကင်းမဲ့စေသည့် ထောင်ချောက်များစွာကို ရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။ “ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်” ဟုဘုရားသခင်မိန့်တော်မူ၏။—⁠သု. ၁:၃၃

ယေဟောဝါသည် ကျွန်ုပ်တို့အကျိုးကို အလွန်စိတ်ဝင်စားတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပေါ်ယံမဟုတ်ဘဲ စိတ်နှလုံးအတွင်းမှ ပျော်ရွှင်စေလိုတော်မူသည်။ နှစ်အနည်းငယ်မျှမဟုတ်ဘဲ ထာဝစဉ်ပျော်ရွှင်စေလိုတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သားတော်က အမြဲမှန်ကန်သော ဤစကားကို မိန့်ဆိုခဲ့သည်– “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏။” (မဿဲ ၅:၃ကဘ) ယင်းစကားအတိုင်း ကျင့်သုံးမည်ဆိုလျှင် ပညာရှိရာရောက်ပေမည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပျော်ရွှင်မှုရရှိစေမည့် အချက်ကိုးချက်

၁။ ဘဝတွင် ဝိညာဉ်ရေးရာတန်ဖိုးထားစိတ်ကို တိုးပွားစေခြင်း။—⁠မဿဲ ၅:⁠၃

၂။ ရောင့်ရဲပြီး “ငွေကိုတပ်မက်ခြင်း” ကိုရှောင်ခြင်း။၁ တိမောသေ ၆:၆-၁၀

၃။ အပျော်အပါးကို သူ့နေရာနှင့်သူထားခြင်း။—⁠၂ တိမောသေ ၃:၁၊

၄။ ရက်ရောပြီး သူတစ်ပါးပျော်ရွှင်စေရန် လုပ်ဆောင်ခြင်း။—⁠တမန်တော် ၂၀:၃၅

၅။ ကျေးဇူးသိတတ်ကာ သင့်ကောင်းချီးများကို ရေတွက်ခြင်း။—⁠ကောလောသဲ ၃:၁၅

၆။ ခွင့်လွှတ်တတ်ခြင်း။—⁠မဿဲ ၆:၁၄

၇။ အပေါင်းအသင်းများကို ပညာရှိရှိရွေးချယ်ခြင်း။—⁠နယပုံပြင် ၁၃:၂၀

၈။ ကျန်းမာရေး ဂရုစိုက်၍ အကျင့်ဆိုးများကို ရှောင်ခြင်း။—⁠၂ ကောရိန္သု ၇:⁠၁

၉။ သင့်အတွက် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် ‘မျှော်လင့်ချက်၌ ဝမ်းမြောက်’ ပါ။—⁠ရောမ ၁၂:⁠၁၂

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကမ္ဘာသစ်တွင် အသက်ရှင်ခွင့်ရမည်ဟူသော ကျမ်းစာအခြေပြုမျှော်လင့်ချက်သည် နှစ်သိမ့်မှုရင်းမြစ်ဖြစ်