မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဘရာဇီးနိုင်ငံတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၄ အထိ အမ်ဖီတမင်းဆေးကိုသုံးပြီး ခံတွင်းပျက်စေခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချသူ ၅၀၀ ရာခိုင်နှုန်း တိုးများလာခဲ့သည်။—ဖိုလ်ယာအွန်လိုင်း၊ ဘရာဇီး။

လေယာဉ်မှူးများသည် အာကာသရောင်ခြည်ထိတွေ့ မှုများသောကြောင့် အခြားသူများထက် မျက်စိအတွင်းတိမ်ဖြစ်မှုတွင် သုံးဆပိုများနိုင်သည်။—သည်ဝေါလ်စထရိဂျာနယ်၊ အမေရိကန်ပြည်ထောင်စု။

လာမည့်ဆယ်စုနှစ်အတွင်းတွင် အာရှတိုက်ရှိ ကလေး ၁.၂၇ ဘီလီယံမှ တစ်ဝက်ကျော်သည် သန့်ရှင်းသောရေ၊ အစားအစာ၊ ကျန်းမာရေး ဂရုစိုက်မှု၊ ပညာရေးနှင့် နေအိမ်ကဲ့သို့သော ၎င်းတို့၏အခြေခံလိုအပ်ရာအချို့ကို ရရှိတော့မည်မဟုတ်ပေ။—အာရှအစီအစဉ် ဒေသန္တရရုံး၊ ထိုင်း။

အခြားသူထံမှရသည့် စီးကရက်ငွေ့သည် “ကိုယ်တိုင်သောက်သည်ထက် ပို၍အန္တရာယ်ရှိ” သည်။ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ပြူဘလိုမြို့ရှိ ရုံးများ၊ စားသောက်ဆိုင်များနှင့် အခြားသောအဆောက်အအုံများအတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ပြီးနောက် ၁၈ လအကြာတွင် ထိုမြို့၌နေထိုင်သူများ၏ နှလုံးရပ်တန့်မှုအရေအတွက်မှာ ၂၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။—တိုင်းမ် အမေရိကန်ပြည်ထောင်စု။

စပိန်နိုင်ငံတွင် အိမ်ထောင်ရေးပြိုကွဲမှု တိုးများလာခြင်း

၂၀၀၀ ပြည့်နှစ်တွင် စပိန်နိုင်ငံ၌ အိမ်ထောင်ပြုသူများသည် ခွဲနေသူများ၊ ကွာရှင်းသူများထက် နှစ်ဆရှိသည်။ သို့သော် ၂၀၀၄ ခုနှစ်ရောက်သော် သုံးတွဲလက်ထပ်တိုင်း နှစ်တွဲမှာ ခွဲနေခြင်း သို့မဟုတ် ကွာရှင်းခြင်းဖြင့် ဇာတ်သိမ်းခဲ့ကြသည်။ ၁၉၈၁ ခုနှစ်မှစ၍ ကွာရှင်းခြင်းကို ဥပဒေက ခွင့်ပြုလာသောအခါ တစ်သန်းကျော်သောကလေးများသည် မိမိတို့၏မိဘများ လမ်းခွဲနေကြသည်ကို တွေ့မြင်ခဲ့ကြသည်။ တိုးများလာနေသော အိမ်ထောင်ရေးပြိုကွဲမှုနှင့်ပတ်သက်ပြီး မည်သို့ရှင်းပြမည်နည်း။ စိတ်ပညာရှင် ပက်ထရီရှာ မာတီနက်ဇ်အဆိုအရ “အိမ်ထောင်မမြဲရခြင်းအကြောင်းမှာ အဓိကအားဖြင့် ယဉ်ကျေးမှုမတူညီခြင်း၊ ဘာသာရေးနှင့် ကိုယ်ကျင့်တရားစံနှုန်းများကျဆင်းလာခြင်း၊ အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ခြင်းနှင့် အိမ်မှုကိစ္စများကို အမျိုးသားများ ဝိုင်းဝန်းကူညီမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။”

တရုတ်နိုင်ငံတွင် အဝလွန်မှု

“နောက် ၁၀ နှစ်အတွင်းတွင် တရုတ်နိုင်ငံ၌ စိုးရိမ်ဖွယ်ကောင်းလောက်အောင် အဝလွန်နေသူ သန်း ၂၀၀ ရှိလိမ့်မည်” ဟု လန်ဒန်မြို့ထုတ် ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။ “အမြန်ရအစာ စားသောက်ဆိုင်များသည် မြို့ကြီးများစွာတွင် နေရာအနှံ့ရှိလာပြီး တိုးများလာနေသော အလယ်အလတ်တန်းစားလူတို့သည် ကာယလေ့ကျင့်ခန်းအလုပ်နည်းလာကာ ကားပိုမောင်းလာ၍ ရုပ်မြင်သံကြားများ၊ ကွန်ပျူတာများနှင့် ဗီဒီယိုဂိမ်းများရှေ့တွင် မလှုပ်မရှား များစွာအချိန်ဖြုန်းလာကြသည်။” အဝလွန်သူဟု သတ်မှတ်ရသော ကလေးအရေအတွက်မှာ နှစ်တိုင်း ၈ ရာခိုင်နှုန်းတိုးများလာပြီး ရှန်ဟိုင်းမြို့တော်တွင် မူလတန်းကျောင်းကလေး ၁၅ ရာခိုင်နှုန်းကျော်သည် အဝလွန်သူများဖြစ်ကြသည်။

အလွန်အမင်းမူးယစ်ဆေးသုံးစွဲကြောင်း မြစ်ရေကဖော်ပြ

အီတလီနိုင်ငံ၏ပိုးမြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်ကြသူများသုံးစွဲသည့် ကိုကင်းမှာ တရားဝင်ခန့်မှန်းချက်များထက် လွန်စွာများပြားနေကြောင်း ၎င်းမြစ်မှယူထားသော ရေနမူနာက ဖော်ပြသည်ဟု ပတ်ဝန်းကျင်ကျန်းမာရေးမဂ္ဂဇင်းပါ လေ့လာမှုတစ်ခုကဆိုသည်။ ကိုကင်းသုံးစွဲသူများ၏ ဆီးထဲတွင် ဘန်ဇွိုင်လက်ဂိုနိုင်း (benzoylecgonine) ဓာတ်ပါဝင်သည်။ လူတစ်ယောက်တွင် ထိုဓာတ်ရှိနေခြင်းက ကိုကင်းသုံးစွဲကြောင်း ငြင်းမရသောအထောက်အထားပင်ဖြစ်သည်။ မိလ္လာစနစ်မှတစ်ဆင့် မြစ်ထဲသို့စီးဝင်သော ဓာတုပစ္စည်းပမာဏက ထိုမြစ်ဝှမ်းဒေသတွင် ကိုကင်း ကိုးပေါင် သို့မဟုတ် ဆေးခွက်ပေါင်း ၄၀,၀၀၀ ခန့်ကို နေ့တိုင်းသောက်သုံးကြကြောင်း ဖော်ပြသည်။ ယင်းသည် ယခင်ခန့်မှန်းချက်များထက် အဆ ၈၀ ပိုများသည်။

ကာကွယ်တားဆီးနိုင်သော သေဆုံးမှု

“ဤနှစ်တွင် ၁၁ သန်းနီးပါးရှိသော ငါးနှစ်အောက်ကလေးများသည် အများအားဖြင့် ကာကွယ်တားဆီးနိုင်သော ရောဂါရပ်များမှ သေဆုံးကြလိမ့်မည်” ဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၅ မှတ်တမ်းက ဖော်ပြသည်။ အဆိုပါသေဆုံးမှုများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အချိန်မစေ့ဘဲမွေးဖွားခြင်း၊ ရောဂါကူးစက်ခြင်းနှင့် မွေးဖွားစဉ်အသက်မွန်းခြင်း၊ အပျော့စား အသက်ရှူအင်္ဂါဆိုင်ရာ ကူးစက်နာများ၊ အဆုတ်ရောင်ရောဂါ၏ ပထမအဆင့်၊ ဝမ်းလျှောခြင်း၊ ငှက်ဖျား၊ ဝက်သက်နှင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကဲ့သို့သောရောဂါအချို့ကြောင့် သေဆုံးကြခြင်းဖြစ်သည်။ “ငွေကြေးတတ်နိုင်ပြီး ထိရောက်မှုရှိသော ရိုးရှင်းသည့် လက်ရှိဆေးကုသမှုများအားဖြင့် ထိုသေဆုံးမှုအများစုကို ရှောင်နိုင်သည်” ဟုမှတ်တမ်းကဖော်ပြသည်။ ထို့ပြင်၊ သန်းတစ်ဝက်ကျော်သော အမျိုးသမီးများသည် “ဆေးပညာတတ်ကျွမ်းသူများ၏ အကူအညီမရရှိနိုင်” သောကြောင့် ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် ကလေးမွေးဖွားချိန်တွင် နှစ်စဉ်သေဆုံးကြသည်။