မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင့်အတင့်နေထိုင်ခြင်းသည် လက်တွေ့ကျသလော

အသင့်အတင့်နေထိုင်ခြင်းသည် လက်တွေ့ကျသလော

သမ္မာကျမ်းစာရှုထောင့်

အသင့်အတင့်နေထိုင်ခြင်းသည် လက်တွေ့ကျသလော

ယေရှု၏အကျော်ကြားဆုံးတရားတော်တွင် ကိုယ်တော်က “ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု မိန့်တော်မူခဲ့သည်။ ‘စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကို အမွေခံရကြလတ္တံ့’ ဟုလည်းမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၅၊ ၉ကဘ) အသင့်အတင့်နေထိုင်သူဖြစ်ခြင်းတွင် အေးဆေးငြိမ်သက်စွာနေခြင်း သို့မဟုတ် စိတ်တည်ငြိမ်အေးချမ်းမှုရှိခြင်းထက်မက ပါဝင်ပတ်သက်သည်။ အသင့်အတင့်နေထိုင်သူတစ်ဦးသည် အခြားသူများနှင့် ခင်မင်ရင်းနှီးရန် အစပြုလုပ်ဆောင်ပြီး ငြိမ်သက်ခြင်းတိုးပွားစေရန် တက်ကြွစွာလုပ်ဆောင်သည်။

အထက်တွင်ကိုးကားထားသော ယေရှု၏စကားများသည် ကျွန်ုပ်တို့ခေတ်တွင် လက်တွေ့ကျပါသလော။ မျက်မှောက်ခေတ်တွင် အောင်မြင်မှုရရန်မှာ လူတစ်ဦးသည် သူတစ်ပါးကို ခြိမ်းခြောက်ရန်လိုတတ်ပြီး အကြမ်းဖက်သူတစ်ဦးပင် ဖြစ်ရမည်ဟု အချို့သူတို့ယူဆကြသည်။ ထိုသို့ ရန်ကိုရန်နှင့်တုံ့ပြန်ခြင်းသည် ပညာရှိရာရောက်သလော။ သို့မဟုတ် အသင့်အတင့်နေထိုင်ခြင်းသည် လက်တွေ့ကျသလော။ “ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟူသော ယေရှု၏စကားကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်သင့်သည့် အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ကြစို့။

▪စိတ်ငြိမ်သက်မှု “ငြိမ်သက်သောစိတ်သည် ကာယအသက်ရှင်ရာအကြောင်း . . . ဖြစ်၏” ဟူ၍ နယပုံပြင် ၁၄:၃၀ [သမ္မာ] က ဆိုထားသည်။ ဒေါသနှင့် ရန်လိုမှုက လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့ကို ဖြစ်စေနိုင်ကြောင်း ဆေးမှတ်တမ်းအတော်များများက ဖော်ပြသည်။ များမကြာမီက ဆေးဂျာနယ်တစ်စောင်၌ နှလုံးရောဂါရှိသူတို့အကြောင်းဖော်ပြရာတွင် ဒေါသပေါက်ကွဲခြင်းကို အဆိပ်နှင့် နှိုင်းယှဉ်ပြခဲ့သည်။ “အမှန်တကယ် ဒေါသအမျက်ခြောင်းခြောင်းထွက်လာပြီဆိုလျှင် အမှန်ပင်ဖျားနာစေနိုင်သည်” ဟုလည်း ဂျာနယ်က ဖော်ပြခဲ့သည်။ သို့သော် အသင့်အတင့်နေခြင်းကို မီအောင်လိုက်သူတို့မူကား “ငြိမ်သက်သောစိတ်” ကို ရရှိနိုင်ပြီး အကျိုးကျေးဇူးများကို ရိတ်သိမ်းကြသည်။

ယင်းနှင့်ပတ်သက်သည့် ဥပမာတစ်ခုမှာ ဗီယက်နမ်ဘာသာစကားပြော ရပ်ကွက်တွင် ယခုအခါ ကျမ်းစာသွန်သင်သူတစ်ဦးဖြစ်နေသော အသက် ၆၁ နှစ်ရှိ ဂျင်မ် ဆိုသူဖြစ်သည်။ သူဤသို့ရှင်းပြသည်– “ဗီယက်နမ်နိုင်ငံမှာ ခြောက်နှစ်စစ်မှုထမ်းပြီး ရှေ့တန်းသုံးခါထွက်ပြီးတဲ့နောက်မှာ အကြမ်းဖက်တတ်၊ ဒေါသထွက်တတ်လာပြီး စိတ်အလိုမကျဖြစ်နေတတ်တယ်။ ကျွန်တော့်ရဲ့အတိတ်ဘဝက အိပ်မရနိုင်အောင် ဖြစ်စေခဲ့တယ်။ သိပ်မကြာပါဘူး၊ အစာအိမ်နဲ့ အာရုံကြောရောဂါတွေအပြင် ဖိစီးမှုတွေက ကျွန်တော့်ရဲ့ကျန်းမာရေးကို ထိခိုက်လာခဲ့တယ်။” မည်သည့်အရာက သူ့ကို သက်သာမှုပေးခဲ့သနည်း။ သူဤသို့ရှင်းပြသည်– “ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတာက ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ ငြိမ်းချမ်းတဲ့ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်နဲ့ ‘လူသစ်’ ကို ဘယ်လိုယူတင်ဝတ်ဆောင်ရမယ်ဆိုတာကို သင်ယူသိရှိလာတဲ့အတွက် ငြိမ်သက်တဲ့စိတ်ရှိလာခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်တော့်ရဲ့ကျန်းမာရေး သိသိသာသာတိုးတက်ကောင်းမွန်လာခဲ့တယ်။” (ဧဖက် ၄:၂၂-၂၄; ဟေရှာယ ၆၅:၁၇; မိက္ခာ ၄:၁-၄) အသင့်အတင့်နေတတ်သောစိတ်သဘော မွေးမြူခြင်းက စိတ်ဓာတ်ရေး၊ ကာယရေးနှင့် ဝိညာဉ်ရေးကျန်းမာမှုကို တိုးတက်စေနိုင်ကြောင်း အခြားသူအတော်များများက မိမိတို့၏အတွေ့အကြုံမှ သဘောပေါက်ခဲ့ကြသည်။—သု. ၁၅:၁၃

▪ ပို၍ပျော်ရွှင်စေသော ဆက်ဆံရေး အသင့်အတင့်နေတတ်သောစိတ်သဘောကို ကျွန်ုပ်တို့တင်ပြသောအခါ ကျွန်ုပ်တို့နှင့်အခြားသူတို့၏ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ ခပ်သိမ်းသောမနာလိုခြင်းကို သင်တို့မှပယ်ရှားကြလော့။’ (ဧဖက် ၄:၃၁) ရန်လိုသောအမူအကျင့်ကို တင်ပြသူတို့သည် အခြားသူများနှင့်မိတ်ပျက်လေ့ရှိသောကြောင့် မှီခိုအားထားမည့်မိတ်ဆွေများမရှိဘဲ သူတို့ဘာသာသီးခြား ရှိနေတတ်ကြသည်။ နယပုံပြင် ၁၅:၁၈ က ဤသို့ဖော်ပြသည်– “မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။”

နယူးယောက်မြို့တွင်နေထိုင်သော ၄၂ နှစ်အရွယ်ရှိ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ အဲန်ဒီသည် ရန်လိုသည့်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သည်။ သူဤသို့ရှင်းပြသည်– “အသက်ရှစ်နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ အပို့ခံလိုက်ရပြီး ထိုးသတ်ဖို့ လေ့ကျင့်ခံခဲ့ရတယ်။ ကြိုးဝိုင်းထဲက ပြိုင်ဘက်ကို လူလို့ မသတ်မှတ်ဘူး။ အဲ့ဒီအစား ‘ကိုယ်က ထိုးသတ်ရင်သတ် မဟုတ်ရင် ကိုယ်အထိုးခံရမယ်’ လို့ပဲ စဉ်းစားခဲ့တယ်။ မကြာခင်မှာ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆက်သွယ်ခဲ့တယ်။ လမ်းပေါ်ရန်ပွဲအတော်များများမှာ ကျွန်တော်တို့ပါဝင်ခဲ့ကြတယ်။ ကျွန်တော့်ခေါင်းကို သေနတ်နဲ့ချိန်တာ၊ ဓားနဲ့ထောက်တာတွေ ခံခဲ့ရတယ်။ ကျွန်တော့်မိတ်ဆွေတော်တော်များများဟာ ပြဿနာအိုးတွေဖြစ်ပြီး သူတို့ကိုကြောက်ကြောက်နဲ့ပေါင်းခဲ့ရတယ်။”

အသင့်အတင့်နေခြင်းကို မီအောင်လိုက်ရန် အဲန်ဒီကို အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ သူဤသို့ပြောသည်– “တစ်နေ့တော့ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမတစ်ခုမှာ ကျင်းပတဲ့ ခရစ်ယာန်အစည်းအဝေးတစ်ခုကို ကျွန်တော်သွားတက်ခဲ့တယ်၊ သူတို့ဆီမှာရှိတဲ့မေတ္တာစိတ်ကို ကျွန်တော် ချက်ချင်းခံစားလိုက်ရတယ်။ အဲ့ဒီအချိန်ကစပြီး ငြိမ်သက်မှုကို မြတ်နိုးတဲ့ အဲ့ဒီလူတွေနဲ့ ကျွန်တော်ပေါင်းသင်းရတဲ့အတွက်ကြောင့် ငြိမ်သက်တဲ့စိတ်ရှိဖို့ အကူအညီဖြစ်စေပြီး အဲဒါက နောက်ဆုံးမှာ ကျွန်တော့်ရဲ့အရင်အတွေးအခေါ်ကို ဖယ်ရှားနိုင်ခဲ့တယ်။ တည်မြဲတဲ့ခင်မင်ရင်နှီးမှုတွေကို ကျွန်တော်ရခဲ့တယ်။”

▪ အနာဂတ် မျှော်လင့်ချက် အသင့်အတင့်နေခြင်း၏ အရေးကြီးဆုံးအကြောင်းရင်းကို ဤသို့ရိုးရိုးရှင်းရှင်းဖော်ပြနိုင်သည်– ယင်းက ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ဖော်ပြထားသောအလိုတော်ကို ဂုဏ်တင်လေးမြတ်ကြောင်း ဖော်ပြရာရောက်သည်။ ဘုရားသခင့်နှုတ်မြွတ်စကားတော် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့တိုးတွန်းထားသည်– “သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။” (ဆာလံ ၃၄:၁၄) ယေဟောဝါဘုရားသခင် တည်ရှိကြောင်းကို အသိအမှတ်ပြုပြီး အသက်ရှင်ခြင်းကိုဖြစ်စေသော ကိုယ်တော်၏သွန်သင်ချက်များကို သင်ယူလိုက်နာခြင်းက ကိုယ်တော်နှင့်ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိရန် လမ်းပွင့်စေသည်။ ကျွန်ုပ်တို့တွင် ထိုခိုင်မြဲသောဆက်ဆံရေးရှိနေမည်ဆိုလျှင် “ဘုရားသခင်၏ငြိမ်သက်ခြင်း” ကို ခံစားရမည်။ ယင်းသည် ဘဝအသက်တာတွင် မည်သည့်စိန်ခေါ်ချက်များ ရင်ဆိုင်ရပါစေ အဘယ်သူမျှကြံ၍မမီနိုင်သော ငြိမ်သက်ခြင်းပင်ဖြစ်သည်။—ဖိလိပ္ပိ ၄:၆၊ ၇

ထို့အပြင် အသင့်အတင့်နေထိုင်ခြင်းဖြင့် ကျွန်ုပ်တို့မည်သို့သောလူစားဖြစ်လိုသည်ကို ယေဟောဝါအား ဖော်ပြရာရောက်သည်။ ဘုရားသခင်ကတိထားသည့် ငြိမ်းချမ်းသောကမ္ဘာသစ်တွင် နေထိုင်နိုင်ရန် ကိုယ်တော့်စံနှုန်းများနှင့် ကိုက်ညီသူများဖြစ်ကြောင်း ဘုရားသခင်ကို ယခု ကျွန်ုပ်တို့သက်သေပြနိုင်သည်။ ယေရှုသည် ဆိုးသွမ်းမှုကို ဖယ်ရှားပြီး ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း စိတ်နူးညံ့သိမ်မွေ့သောသူတို့ ‘မြေကြီးကို အမွေရ’ ရန် လုပ်ဆောင်ပေးသောအခါ ယင်းကို ကျွန်ုပ်တို့ ခံစားနိုင်ပါသည်။ တကယ့်ကောင်းချီးပါတကား!—ဆာလံ ၃၇:၁၀၊ ၁၁; သု. ၂:၂၀-၂၂

မှန်ပါသည်၊ “ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟူသော ယေရှုစကားတော်၏ လက်တွေ့တန်းဖိုးကို အထင်အရှားတွေ့မြင်ရသည်။ ကျွန်ုပ်တို့သည် ငြိမ်သက်သောစိတ်၊ အဓိပ္ပာယ်ရှိသောဆက်ဆံရေးများနှင့် ခိုင်မြဲသော အနာဂတ်မျှော်လင့်ချက်တို့ကို ရရှိခံစားနိုင်ပါသည်။ “တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေ” ရန် ကြိုးစားကြမည်ဆိုလျှင် အဆိုပါကောင်းချီးများကို ရရှိကြပါလိမ့်မည်။—ရောမ ၁၂:၁၈

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

“ကျွန်တော့်ရဲ့ကျန်းမာရေး သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့တယ်။”—ဂျင်မ်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“တည်မြဲတဲ့ခင်မင်ရင်နှီးမှုတွေကို ကျွန်တော်ရခဲ့တယ်။”—အဲန်ဒီ