မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြေကြီးပေါ် အေးချမ်းငြိမ်သက်ပေတော့မည်

မြေကြီးပေါ် အေးချမ်းငြိမ်သက်ပေတော့မည်

မြေကြီးပေါ် အေးချမ်းငြိမ်သက်ပေတော့မည်

ကြမ်းတမ်းရမ်းကားမှုကသာ နိုင်ငံရေးလွတ်မြောက်မှုနှင့် ဝိညာဉ်ရေးသန့်ရှင်းစင်ကြယ်မှုရရှိစေမည်၊ အဖျက်စွမ်းအားကသာလျှင် အများမကြိုက်သော အုပ်ချုပ်သူများကို ပယ်ရှားပစ်နိုင်မည်ဟု အချို့ယူဆကြ၏။ ထို့ပြင် အာဏာပိုင်အချို့က ငြိမ်ဝပ်မှုရှိရန်နှင့် လက်အောက်ခံပြည်သူတို့ကို ထိန်းချုပ်နိုင်ရန် အကြမ်းဖက်ခြိမ်းခြောက်မှုကို အသုံးပြုကြသည်။ သို့သော် အကြမ်းဖက်မှုသည် အုပ်ချုပ်မှုနှင့် လူမှုဘဝပြုပြင်ပြောင်းလဲမှုအတွက် အောင်မြင်ထိရောက်သော ကိရိယာတစ်ခုဖြစ်ပါက အေးချမ်းမှု၊ သာယာဝပြောမှုနှင့် ငြိမ်သက်မှုတို့ကို ဖြစ်ပေါ်စေသင့်သည်။ အချိန်တိုအတွင်း ကြမ်းတမ်းရမ်းကားမှုနှင့် ကြောက်ရွံ့မှုတို့ လျော့ပါးသွားစေသင့်သည်။ ယင်းသို့ဖြစ်နေပြီလော။

အမှန်မှာ အကြမ်းဖက်မှုသည် အသက်အပေါ် လေးမြတ်သည့်စိတ်ကို တစ်စတစ်စပျက်စီးစေကာ သွေးထွက်သံယိုမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို ဖြစ်စေသည်။ အကြမ်းဖက်ခံရသူတို့သည် စိတ်နာကြည်းလာကြသောကြောင့် လက်စားချေကြရာ ပို၍ဖိနှိပ်ချုပ်ချယ်ခံရ၏။ သို့ဖြင့် ပို၍လက်စားချေကြတော့သည်။

ကြမ်းတမ်းရမ်းကားမှုက ကျွန်ုပ်တို့၏ပြဿနာများကို မဖြေရှင်းပေး

လူသားတို့သည် နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုရေးပြဿနာများကို မိမိတို့ဘာသာဖြေရှင်းဖို့ ကြိုးစားလာခဲ့သည်မှာ နှစ်ထောင်ချီရှိခဲ့ပြီ။ သို့သော် လူ့ကြိုးပမ်းမှုများမှာ သဲထဲရေသွန်ဖြစ်ခဲ့ရ၏။ ကျမ်းစာ ဤသို့ဆိုသည့်အတိုင်းပင်ဖြစ်၏– ‘အိုထာဝရဘုရားသခင်သည် လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) ယေရှုလည်း ဤသို့မိန့်ဆိုခဲ့၏– ‘ဉာဏ်ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်။’ (မဿဲ ၁၁:၁၉သမ္မာ) ပို၍ကျယ်ကျယ်ပြန့်ပြန့်တွေးကြည့်လျှင် အကြမ်းဖက်မှုသည် မျှော်လင့်ချက်အတုအယောင်ဖြစ်ကြောင်း ဤကျမ်းစာမူများက ဖော်ပြသည်။ အကြမ်းဖက်မှု၏အကျိုးဆက်များသည် လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကို ရရှိစေမည့်အစား သေခြင်း၊ နာကျင်ခြင်းနှင့် ပျက်စီးခြင်းတို့ကိုသာ ရရှိစေလေသည်။ ၂၀ ရာစုတစ်လျှောက်လုံး ဤဆိုးကျိုးများဖြင့် ပြည့်နှက်နေခဲ့၍ ၂၁ ရာစုကိုလည်း စတင်လွှမ်းမိုးလာနေပြီ။ အကြမ်းဖက်မှုသည် ဖြေရှင်းနည်းဖြစ်မည့်အစား ပြဿနာတစ်ရပ်ဖြစ်သည်ဟု လူများစွာက ဆိုကြသည်။

အကြမ်းဖက်ရမ်းကားမှုကြောင့် မိမိနေရပ် မီးလောင်ပျက်စီးသွားခဲ့ရသော မိန်းမငယ်တစ်ဦးက “ကျွန်မရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေထဲက ဘယ်သူမှမသေပါစေနဲ့လို့ နေ့တိုင်းဆန္ဒပြုမိတယ်။ . . . ဘုရားသခင် ကြားဝင်ဖြေရှင်းပေးဖို့လိုနေပြီ ထင်တယ်” ဟု ရေးသားခဲ့၏။ လူ့ပြဿနာများကို လူ့အစွမ်းခွန်အားဖြင့် မဖြေရှင်းနိုင်ဟူသော လူအများ၏ကောက်ချက်ကို သူ၏စကားများက ဖော်ပြသည်။ လူ့ဖန်ဆင်းရှင်တစ်ပါးတည်းသာလျှင် အကြမ်းဖက်မှုအပါအဝင် ကမ္ဘာ့လက်ရှိပြဿနာများကို ဖြေရှင်းပေးနိုင်ပါသည်။ သို့သော် ဘုရားသခင်အား ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်ကိုးစားသင့်သနည်း။

ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ဘုရားသခင်ရထိုက်သည့်အကြောင်း

အကြောင်းရင်းတစ်ရပ်မှာ ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို အသက်ပေးထားသည့်အပြင် ငြိမ်သက်မှု၊ ကျေနပ်ရောင့်ရဲမှုတို့ ခံစားစေလိုတော်မူသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ပရောဖက်ဟေရှာယ ဤသို့ရေးသားရန် လှုံ့ဆော်ခံခဲ့ရ၏– ‘အိုထာဝရဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာ ဖြစ်ပါ၏။’ (ဟေရှာယ ၆၄:၈) ယေဟောဝါသည် လူသားတို့၏ဖခင်ဖြစ်တော်မူပြီး လူအမျိုးမျိုးတို့သည် ကိုယ်တော်အတွက် အဖိုးတန်၏။ အကြမ်းဖက်မှုကိုဖြစ်ပေါ်စေသည့် မတရားမှုနှင့် မုန်းတီးမှုတို့သည် ကိုယ်တော်ကြောင့်မဟုတ်ချေ။ တစ်ခါက ပညာရှိရှောလမုန်ဘုရင် ဤသို့ဖော်ပြခဲ့သည်– “ဘုရားသခင်သည် လူကို ဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။” (ဒေ. ၇:၂၉) အကြမ်းဖက်မှုသည် ဘုရားသခင် အရည်အချင်းမရှိ၍မဟုတ်ဘဲ လူ့ဆိုးယုတ်မှုနှင့် နတ်ဆိုးသြဇာလွှမ်းမိုးမှုတို့ကြောင့် ဖြစ်သည်။—⁠ဧဖက် ၆:၁၁၊ ၁၂

ယေဟောဝါအား ယုံကြည်ကိုးစားနိုင်သည့် နောက်အကြောင်းရင်းတစ်ခုမှာ လူသားများကို ကိုယ်တော်ဖန်ဆင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ပြဿနာများဖြစ်ရသည့် အကြောင်းရင်းနှင့် ဖြေရှင်းနည်းကို မည်သူထက်မဆို ကိုယ်တော် ပို၍ကောင်းစွာနားလည်တော်မူ၏။ သမ္မာကျမ်းစာက ယင်းအမှန်တရားကို နယပုံပြင် ၃:၁၉ [သမ္မာ] တွင် ဤသို့ဖော်ပြသည်– ‘ထာဝရဘုရားသခင်သည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုမြဲမြံစေတော်မူ၏။’ ရှေးခေတ်မှ ပုဂ္ဂိုလ်တစ်ဦးကလည်း ဘုရားသခင်အပေါ် လုံးလုံးယုံကြည်ကိုးစားကာ ဤသို့ရေးသားခဲ့သည်– ‘ငါ့ကိုမစခြင်းအကြောင်းသည် အဘယ်ကလာရသနည်း။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်ထံတော်မှ လာရသတည်း။’—⁠ဆာလံ ၁၂၁:၁၊ ၂သမ္မာ။

ဘုရားသခင်အား ယုံကြည်ကိုးစားရသည့် တတိယအကြောင်းရင်းမှာ ကြမ်းတမ်းရမ်းကားသည့် သွေးသွန်းမှုကို ကိုယ်တော်အဆုံးသတ်ပေးနိုင်စွမ်းရှိ၍ဖြစ်သည်။ နောဧခေတ်တွင် မြေကြီးသည် ကြမ်းတမ်းရမ်းကားမှုနှင့်ပြည့်နေသည်။ (ကမ္ဘာဦး ၆:၁၁) ဘုရားသခင်၏တရားစီရင်မှုသည် လျင်မြန်၍ စေ့စပ်သေချာသည်– ‘ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ . . . ဘုရားသခင်ကိုမကိုးကွယ်သော လောကသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။’—⁠၂ ပေတရု ၂:၅

နောဧခေတ်ရေလွှမ်းမိုးဘေးမှ ကျွန်ုပ်တို့ရယူသင့်သော သင်ခန်းစာတစ်ခုကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘ဘုရားသခင်ဝတ်၌ မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း . . . တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း’ ယေဟောဝါသိတော်မူ၏။ (၂ ပေတရု ၂:၉၊ ၁၀) ဘုရားသခင်သည် သာ၍ကောင်းသောအသက်တာကို စိတ်ရင်းမှန်ဖြင့်ရလိုသူတို့နှင့် လူတစ်ဖက်သား၏ဘဝကို ဆင်းရဲနာကျင်စေသူတို့ကို ခွဲခြားသိမြင်နိုင်တော်မူသည်။ အခြားသူများအား စိတ်ဆင်းရဲစေသည့် ‘ဘာသာတရားမဲ့သူတို့ကို ဖျက်ဆီး’ ရန် ကိုယ်တော်သတ်မှတ်ထားတော်မူပြီ။ သို့သော် အေးချမ်းငြိမ်သက်မှု လိုလားသူတို့အတွက်မူကား ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားတည်နေရာ မြေကြီးသစ်ကို ပြင်ဆင်ပေးထားတော်မူ၏။—⁠၂ ပေတရု ၃:၇၊ ၁၃

မြေကြီးပေါ် တည်မြဲသောငြိမ်သက်မှု ရောက်လာတော့မည်

ကျမ်းရေးသူတို့သည် လူသားထုကိုရည်ညွှန်းရန် “မြေကြီး” ဟူသောစကားလုံးကို အသုံးပြုလေ့ရှိကြ၏။ ဥပမာ၊ ကမ္ဘာဦး ၁၁:၁ တွင် “မြေကြီးသားအပေါင်းတို့” ဟူသည် ထိုစဉ်က ဘာသာစကားတစ်မျိုးတည်း ပြောဆိုခဲ့ကြသည့် လူသားတို့ကိုဆိုလိုသည်။ တမန်တော်ပေတရုကလည်း ထိုအဓိပ္ပာယ်ကို ရည်စောင်၍ “မြေကြီးသစ်” ဟုရေးသားခဲ့ခြင်းဖြစ်သည်။ ယေဟောဝါသည် မြေကြီးပေါ်တွင် ကြမ်းတမ်းရမ်းကားမှုနှင့် မုန်းတီးမှုတို့ကို ဖြောင့်မတ်မှုနှင့် တရားမျှတမှုတို့ဖြင့် အစားထိုးကာ ထာဝစဉ် “တည်” စေခြင်းအားဖြင့် လူ့ဘောင်အဖွဲ့အစည်းကို အသစ်ပြုပြင်တော်မူမည်။ မိက္ခာ ၄:၃ ၌မှတ်တမ်းတင်ထားသည့် သမ္မာကျမ်းစာပရောဖက်ပြုချက်က ဤသို့ဆို၏– ‘ထာဝရဘုရားသခင်သည် များပြားသောလူတို့တွင် တရားစီရင်၍ ဝေးစွာနေလျက် အားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။”

ထိုပရောဖက်ပြုချက် ပြည့်စုံလာသည့်အခါ လူတို့မည်သို့ နေထိုင်ကြမည်နည်း။ မိက္ခာ ၄:၄ က ဤသို့ဖော်ပြ၏– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” ထိုမြေကြီးပရဒိသုတွင် မည်သူမျှ နောက်ထပ်အကြမ်းဖက်မှုတစ်ခုဖြစ်မည်ကို ကြောက်ရွံ့ထိတ်လန့်လျက် အသက်ရှင်ရတော့မည်မဟုတ်။ ယင်းကတိတော်ကို သင်ယုံကြည်စိတ်ချနိုင်သလော။ ယုံကြည်စိတ်ချနိုင်ပါသည်၊ အကြောင်းမှာ ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏ နှုတ်တော်ထွက်အမိန့်တော်ရှိ’ ထားသောကြောင့်ဖြစ်သည်။—⁠မိက္ခာ ၄:၄

ထို့ကြောင့် အကြမ်းဖက်ခြိမ်းခြောက်မှုများ တိုးပွားလာကာ တိုင်းနိုင်ငံတို့မှာလည်း ကြမ်းတမ်းရမ်းကားမှုကို ဖိမ့်ဖိမ့်တုန် ကြောက်လန့်နေသည့်အခါတွင် အေးချမ်းငြိမ်သက်မှုကို မြတ်နိုးသူတို့အတွက် ဖြေရှင်းနည်းမှာ ယေဟောဝါအား ယုံကြည်ကိုးစားခြင်းဖြစ်သည်။ ကိုယ်တော်မဖြေရှင်းပေးနိုင်သည့် ပြဿနာမရှိချေ။ ထိခိုက်နာကျင်မှု၊ ဆင်းရဲဝေဒနာတို့အပြင် သေခြင်းကိုပင် ကိုယ်တော်ဖယ်ရှားပေးတော်မူမည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။’ (ဟေရှာယ ၂၅:၈) ယခုမူ မြတ်နိုးဖွယ်ကောင်းလှသည့် ရေမြေဒေသများတွင် အကြမ်းဖက်မှုကြောင့် စိတ်ထိခိုက်နာကျင်မှု၊ ကြောက်ရွံ့မှုတို့နှင့် ပြည့်နေသော်လည်း မကြာမီ အေးချမ်းငြိမ်သက်မှု လွှမ်းမိုးပေတော့မည်။ လူသားတို့ အလွန်အမင်း လိုအပ်နေသည့်အရာမှာ “မုသာနှင့်ကင်းစင်တော်မူသော” ဘုရားသခင် ကတိထားတော်မူသည့် အဆိုပါအေးချမ်းငြိမ်သက်မှုပင်တည်း။—⁠တိတု ၁:၁; ဟေဗြဲ ၆:၁၇၊ ၁၈

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကျည်ဆန်များ၊ ဗုံးများထက် ပိုအစွမ်းထက်သောနည်းတစ်နည်း

အကြမ်းဖက်မှုသည် နိုင်ငံရေးပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့်နည်းဟု ယုံကြည်ခဲ့ကြသူတို့က အောက်ဖော်ပြပါအတိုင်း ပြောကြသည်။

▪ “သမိုင်းစာအုပ်တွေကို ကျွန်တော် လေ့လာကြည့်တဲ့အခါ ဘုရင်တွေ၊ မင်းစိုးရာဇာတွေက ဆင်းရဲသားတွေအပေါ် အမြဲစိုးမိုးခြယ်လှယ်ခဲ့ကြတာကို သိခဲ့ရတယ်။ အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာရတာကိုလည်း ကျွန်တော် သတိပြုမိတယ်။ ဒီဆိုးသွမ်းမှု ဘယ်လိုနိဂုံးချုပ်မလဲဆိုတာ စဉ်းစားလိုက်တဲ့အခါ လက်နက်နဲ့ဖြေရှင်းမှဖြစ်မယ်လို့ ကျွန်တော် ကောက်ချက်ချမိတယ်။”—⁠ရာမော်န်။ *

▪ “လက်နက်ကိုင်အကြမ်းဖက်မှုမှာ ကျွန်တော်ပါဝင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ လက်ရှိအာဏာပိုင်အဖွဲ့ကို ဆန့်ကျင်ဖို့နဲ့ ကမ္ဘာသူကမ္ဘာသားတွေကြားမှာရှိနေတဲ့ မမျှတမှုတွေကို ဖယ်ရှားပေးမယ့် အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ပဲ။”—⁠လူချန်။

▪ “ကျွန်တော် ကလေးဘဝကတည်းက မတရားမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ အဲဒါတွေကတော့ ဆင်းရဲမွဲတေမှု၊ ရာဇဝတ်မှု၊ ပညာရေးနိမ့်ကျမှုနဲ့ ဆေးဝါးကုသမှုမရှိတာတွေဖြစ်တယ်။ လက်နက်အားကိုးမှပဲ ကျွန်တော်တို့အားလုံး ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိုးအိမ်နဲ့အလုပ်အကိုင်ရကြမယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ လူလူချင်း ပြေပြေပြစ်ပြစ်၊ လေးလေးစားစား မဆက်ဆံချင်တဲ့သူကို အပြစ်ပေးသင့်တယ်လို့လည်း ကျွန်တော်ယူဆတယ်။”—⁠ပီတာ။

▪ “ကျွန်မနဲ့ကျွန်မခင်ပွန်းဟာ ကြမ်းတမ်းရမ်းကားတဲ့ ပုန်ကန်မှုကို အားပေးတဲ့ လျှို့ဝှက်အဖွဲ့တစ်ဖွဲ့က အဖွဲ့သားတွေပါ။ လူမှုဘဝဖူလုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူသားအားလုံး တန်းတူရည်တူဖြစ်ရေးတွေကို ဆောင်ကြဉ်းပေးမယ့် အုပ်ချုပ်ရေးတစ်ခု တည်ထောင်နိုင်ဖို့ ကျွန်မတို့ မျှော်လင့်တယ်။ ကျွန်မတို့နိုင်ငံမှာ တရားမျှတမှုရဖို့ တစ်ခုတည်းသောနည်းလမ်းက အဖျက်အမှောင့်လုပ်ရပ်တွေပဲလို့ ကျွန်မတို့ယူဆတယ်။”—⁠လူးဒက်စ်။

အဆိုပါပုဂ္ဂိုလ်တို့သည် လူ့ဆင်းရဲဝေဒနာများကို အင်အားသုံး၍ ဖြေရှင်းပေးဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့ရာ သမ္မာကျမ်းစာကသာ သာ၍ကောင်းသောနည်းလမ်းကို ပေးနိုင်ကြောင်း သိမြင်လာခဲ့ကြလေသည်။ ယာကုပ် ၁:၂၀ တွင် ကျမ်းစာဤသို့ဆို၏– “လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။” ခေတ်သုံးမြန်မာသမ္မာကျမ်းတွင် ဤသို့ဖတ်ရ၏– “လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်သော အကြံအစည်တော်ကို မပြုစုတတ်။”

ဘုရားသခင်၏အုပ်ချုပ်ရေးကသာ လူ့အဖွဲ့အစည်းကို ပြောင်းလဲပေးနိုင်ပါသည်။ မဿဲအခန်းကြီး ၂၄ နှင့် ၂ တိမောသေ ၃:၁-၅ ကဲ့သို့သော ကျမ်းစာ ပရောဖက်ပြုချက်များအရ မကြာမီ ဘုရားသခင့်အုပ်ချုပ်ရေးက ထိုသို့ပြောင်းလဲပေးတော့မည်ဖြစ်ကြောင်း ညွှန်ပြသည်။ ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခြင်းဖြင့် ဤအမှန်တရားများကို အသင်ကိုယ်တိုင် သင်ယူသိရှိရန် ကျွန်ုပ်တို့အားပေးပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 အမည်များကို ပြောင်းထားသည်။