မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျှော်လင့်ချက်မဲ့ရာမှ ပျော်ရွှင်ခြင်းသို့

မျှော်လင့်ချက်မဲ့ရာမှ ပျော်ရွှင်ခြင်းသို့

မျှော်လင့်ချက်မဲ့ရာမှ ပျော်ရွှင်ခြင်းသို့

ဘီစဲန်တေး ဂေါန်ဇလက်ဇ် ပြောပြသည်

ကျွန်တော့်ကိုယ်ကို သေနတ်နဲ့လေးကြိမ်ပစ်ပေမဲ့ မသေခဲ့ဘူးဆိုတာကို အိမ်နီးချင်းတွေကြားတဲ့အခါ ကျွန်တော့်ကို စူပါမဲန်းလို့ခေါ်ကြတော့တယ်။ တကယ်တော့ ကျွန်တော်စူပါမဲန်းမဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ကို ဘာကြောင့်သတ်သေရတယ်ဆိုတာ ရှင်းပြပါရစေ။

အီကွေဒေါနိုင်ငံ၊ ဂွာရယ်ခီးလ်မြို့၊ ၁၉၅၁ ခုနှစ်မှာ ကျွန်တော့်ကိုမွေးဖွားခဲ့တယ်။ မိဘတွေနဲ့ ကျွန်တော်တို့မောင်နှမ ကိုးယောက်ရဲ့နေအိမ်က ပင်လယ်ကမ်းနားမှာရှိတဲ့ ကျူးကျော်ရပ်ကွက်မှာပါ။ ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေဟာ အဲဒီမြေကို “ကျူးကျော်ဝင်ရောက်” ပြီး သွပ်မိုး၊ ထရံကာအိမ်တွေ ဆောက်ကြတယ်။ နုန်းနှစ်မြေနဲ့ လမုတောရွှံ့ညွန်တွေပေါ်မှာ ဆောက်တာဆိုတော့ ခြေတံရှည်အိမ်တွေဖြစ်တယ်။ ကျွန်တော်တို့မှာ လျှပ်စစ်မီးမရှိဘူး။ မီးသွေးမီးဖိုနဲ့ ချက်ပြုတ်ပြီး သောက်ရေရဖို့ မိုင်ဝက်လောက် လမ်းလျှောက်သွားခပ်ရတယ်။

မိသားစုစားဝတ်နေရေး ဖူလုံစေဖို့ ကျွန်တော့်ရဲ့မွေးချင်းတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်အလုပ်လုပ်ကြရတယ်။ ကျွန်တော့်အသက် ၁၆ နှစ်မှာ ကျောင်းကထွက်ပြီး စက်ရုံတစ်ရုံမှာ ပြာတာအလုပ်ရခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေဟာ အရက်သေစာသောက်စားလာပြီး အကျင့်ယိုယွင်းလာကြတယ်။ ကျွန်တော်ကတော့ စိတ်အနှောင့်အယှက်ဖြစ်လာရင် အပြစ်သွားဝန်ခံလိုက်တယ်။ ခရစ်ယာန်ဘုန်းကြီးက ဝိညာဉ်ရေးအကူအညီတစ်ခုမှမပေးဘဲ “လူလေး၊ မင်း ဒီလိုအပြစ်လာဝန်ခံတာ ကောင်းတယ်” လို့ပြောပြီး ပြန်ခိုင်းတယ်။ ဒါနဲ့ပဲ ကျွန်တော်ဟာ အမှားလုပ်မြဲလုပ်နေတော့တယ်။ နောက်ဆုံး၊ အပြစ်လုပ်ပြီး သွားဝန်ခံတဲ့သံသရာက အဓိပ္ပာယ်မဲ့နေပုံရတာနဲ့ ကျွန်တော်ချာ့ခ်ျကို မသွားတော့ဘူး။ တစ်ချိန်တည်းမှာ ပတ်ဝန်းကျင်မှာရှိတဲ့ မတရားမှုတွေကို ကျွန်တော်သတိထားမိလာတယ်။ ဆင်းရဲသားတွေက ခက်ခက်ခဲခဲအသက်ဆက်နေရပေမဲ့ ချမ်းသာတဲ့သူတွေကျတော့ ဇိမ်ကျနေလိုက်ကြတာ။ ဘဝက ဘာအဓိပ္ပာယ်မှမရှိဘူး။ ကျွန်တော့်မှာ ဘဝရည်ရွယ်ချက်လည်းမရှိ၊ အနာဂတ်လည်းမရှိဖြစ်နေတယ်။

ဒါနဲ့ တစ်နေ့မှာ ကျွန်တော့်အစ်မနှစ်ယောက်နဲ့ ညီမနှစ်ယောက် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ စာပေစာတမ်းတွေ ဖတ်နေကြတာကို တွေ့လိုက်ရတယ်။ ကျွန်တော်လည်း ဖတ်ကြည့်လိုက်တယ်။ ကျွန်တော့်ကို အထူးအာရုံဖမ်းစားခဲ့တဲ့ စာအုပ်ကတော့ ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား ဆိုတဲ့စာအုပ်ပဲ။ ကျမ်းစာအကြောင်းအရာ အတော်များများကို ရှင်းပြထားပုံက ယုတ္တိရှိတယ်။ ‘ဒါဟာအမှန်တရားပဲ’ လို့ တစ်ကိုယ်တည်းရေရွတ်မိတာ ကျွန်တော်မှတ်မိသေးတယ်။ ဒါပေမဲ့ အမှန်တရားအတိုင်း အသက်ရှင်နေထိုင်ဖို့က နောက်တစ်ကဏ္ဍဆိုတာကို နောက် ၁၅ နှစ်ကျော်ကျမှ ကျွန်တော်သိရှိခဲ့တယ်။

အသက် ၂၂ နှစ်ရောက်တော့ ဘဏ်တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ တစ်နေ့မှာ အလုပ်ဖော်တစ်ယောက်က ဘဏ်ကငွေတွေကို တိတ်တဆိတ် “ချေးယူ” ပြီးနောက်မှအဲဒီ “ချေးငွေ” သူဘယ်လိုပြန်ဆပ်ကြောင်း ကျွန်တော့်ကိုပြောပြတယ်။ ကျွန်တော်လည်း သူ့လို “ချေးငွေ” ထုတ်ယူလိုက်တာ ကျွန်တော့်အပြစ်ကို မဖုံးနိုင်တော့တဲ့အထိပါပဲ။ အဲဒီငွေတွေကို ပြန်ဆပ်နိုင်တော့မှာမဟုတ်ဘူးလို့ ကျွန်တော်ယူဆတဲ့အတွက် လက်မှိုင်ချမိတယ်။ ဒါကြောင့် ကျွန်တော့်အပြစ်ကို ဝန်ခံပြီး အဆုံးစွန်ဒဏ်ခတ်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုသတ်သေဖို့ ဆုံးဖြတ်လိုက်တယ်။

ဘဏ်ကို စာတစ်စောင်ရေး၊ ပစ္စတိုလေးတစ်လက်ဝယ်၊ ကမ်းခြေလူပြတ်တဲ့နေရာကိုသွားပြီး ခေါင်းကိုနှစ်ချက်၊ ရင်ဘတ်ကိုနှစ်ချက် ကိုယ့်ကိုယ်ကိုပစ်လိုက်တယ်။ အကြီးအကျယ်ဒဏ်ရာရသွားပေမဲ့ ကျွန်တော်မသေဘူး။ စက်ဘီးစီးသမားတစ်ယောက်က ကျွန်တော့်ကိုတွေ့တော့ ဆေးရုံကိုအမြန်ပို့လိုက်တယ်။ ပြန်သက်သာလာတော့ ဥပဒေအရစစ်ဆေးခံရပြီး ထောင်ကျခဲ့တယ်။ အခုကျွန်တော်ဟာ ပြစ်မှုကျူးလွန်သူတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရတဲ့အတွက် ထောင်ကလွတ်လာတော့ ရှက်လည်းရှက်၊ စိတ်ဓာတ်လည်းကျမိတယ်။ သေနတ်ဒဏ်ရာလေးချက်ကိုမဖြုံဘဲ အသက်ဆက်ရှင်နေတဲ့အတွက် အိမ်နီးချင်းတွေက ကျွန်တော့်ကို စူပါမဲန်းလို့ခေါ်ကြတော့တယ်။

ပြောင်းလဲရန်အခွင့်အလမ်း

အဲဒီအချိန်မှာ ယေဟောဝါသက်သေ ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်တဲ့ ပေါလ်စဲန်းချီဟာ ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော်ဦးဆုံး သတိပြုမိတာကတော့ သူ့ရဲ့အပြုံးမျက်နှာပဲ။ ပေါလ်ဟာ ပျော်ပျော်နေတတ်ပြီး အကောင်းမြင်တတ်သူတစ်ယောက်ဖြစ်လို့ ကျမ်းစာအတူလေ့လာဖို့ သူဖိတ်ခေါ်တာကို ကျွန်တော်သဘောတူလိုက်တယ်။ ‘ပျော်ရွှင်မှုနဲ့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့အောင် သူကူညီပေးနိုင်ကောင်းပါရဲ့’ လို့ကျွန်တော်စဉ်းစားမိတယ်။

ပေါလ်ရဲ့ကူညီပေးမှုကြောင့် ဘုရားသခင်မှာ လူသားတွေအတွက် ရည်ရွယ်ချက်ရှိကြောင်း၊ ကိုယ်တော့်ကိုနာခံတဲ့သူတွေဟာ တစ်နေ့ကျရင် မြေကြီးပရဒိသုမှာ နေထိုင်ရမယ့်အကြောင်း ကျွန်တော်သိလာရတယ်။ (ဆာလံ ၃၇:၂၉) မတရားမှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေရှိနေတာ ဘုရားသခင်ကြောင့်မဟုတ်ဘူး၊ ဘုရားသခင်ကို လူတွေပုန်ကန်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲဆိုတာကိုလည်း သိခဲ့ရတယ်။ (တရားဟောရာ ၃၂:၄၊ ၅) ဒီအမှန်တရားတွေက ကျွန်တော့်ဘဝကို အလင်းထွန်းလင်းပေးလိုက်သလိုပဲ။ ဒါပေမဲ့ ကျွန်တော့်အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲဖို့က ကျမ်းစာလေ့လာတာထက် အဆပေါင်းများစွာခက်တယ်။

ကုမ္ပဏီရဲ့ငွေတွေကိုကိုင်ရတဲ့ ရုံးအလုပ်တစ်ခု ရခဲ့တယ်။ ဒီတစ်ခါလည်း သွေးဆောင်ခံရပြီး ခိုးမိပြန်တယ်။ ကျွန်တော်ခိုးတာ ပေါ်တော့မယ့်အချိန်မှာ အီကွေဒေါနိုင်ငံရဲ့ တခြားမြို့တစ်မြို့ကို ထွက်ပြေးပြီး အဲဒီမှာ တစ်နှစ်လောက်နေလိုက်တယ်။ အီကွေဒေါနိုင်ငံက ထွက်ခွာဖို့ ကြိုးစားပေမဲ့ မအောင်မြင်တာနဲ့ အိမ်ကိုပြန်လာတယ်။

ပေါလ်နဲ့ပြန်တွေ့ပြီး သင်အံမှုကိုပြန်စကြတယ်။ ဒီတစ်ခါတော့ ကျမ်းစာမူတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးပြီး ယေဟောဝါကို ကိုးကွယ်ဖို့ သန္နိဋ္ဌာန်ချလိုက်တယ်။ ဒါနဲ့ ကျွန်တော်လုပ်ခဲ့တဲ့ မရိုးသားမှုကို ပေါလ်ကိုဖွင့်ပြောလိုက်တယ်၊ သူက ပွင့်ပွင့်လင်းလင်းပဲ ဆုံးမပါတယ်။ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ . . . မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ” ဆိုတဲ့ ဧဖက် ၄:၂၈ လိုကျမ်းချက်တွေ သူညွှန်ပြပေးတယ်။ ကျွန်တော်ခိုးမိတာကို ဝန်ခံပြီး ပြစ်ဒဏ်ခံယူဖို့လိုတယ်ဆိုတာ သိလာတယ်။

အဲဒီလိုလုပ်ဖို့ စဉ်းစားနေတုန်း ကျွန်တော် ကိုယ်ပိုင်ဆိုင်ခန်းလေးဖွင့်ပြီး ပန်းချီဆွဲတဲ့အလုပ် လုပ်ခဲ့တယ်။ တစ်နေ့မှာ လူတစ်ယောက် ကျွန်တော့်ပန်းချီဆွဲခန်းထဲဝင်လာပြီး ပန်းချီကားတစ်ချပ်ကို စိတ်ဝင်စားပုံပြတယ်။ တကယ်တော့ သူဟာ စုံထောက်တစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကိုဖမ်းဖို့ သူ့မှာ ဝရမ်းစာပါတယ်။ ဒါနဲ့ တရားရုံးကိုရောက်သွားတယ်၊ နောက်တော့ ထောင်ကျပြန်ရော။ ပေါလ်က ထောင်ဝင်စာလာတွေ့တော့ “ကျွန်တော် ကျမ်းစာနားလည်အောင် ကြိုးစားပမ်းစားကူညီပေးခဲ့တဲ့အတွက် ခင်ဗျား ဝမ်းမနည်းစေရဘူး” လို့ ကျွန်တော်ကတိပေးလိုက်တယ်။ ထောင်မှာပဲ ကျွန်တော်တို့ကျမ်းစာဆက်သင်ကြတယ်။

စိတ်ရင်းမှန်ကြောင်း သက်သေထူ

ထောင်ကလွတ်လာတော့ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုဖို့သန္နိဋ္ဌာန်ချပြီး နောက်နှစ်နှစ်တစ်လျှောက် ကျွန်တော့်ရဲ့စိတ်ရင်းမှန်မှုကို သက်သေထူခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ဦးအဖြစ် ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ဖြုန်းခဲ့တဲ့အချိန်တွေကို အစားပြန်ပေးချင်လွန်းလို့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်လိုက်ပြီး လမ်းသရဲတွေကို ဟောပြောဖို့ ကြိုးစားခဲ့တယ်။

လမ်းသရဲအုပ်စုတစ်စုဟာ ကျွန်တော်တို့ရဲ့ဘုရားသခင့် နိုင်ငံတော်ခန်းမနံရံမှာ ပုံတွေစာတွေ ရေးခြစ်လေ့ရှိတယ်။ အဲဒီအဖွဲ့ဝင်တွေကိုကော သူတို့နေတဲ့နေရာကိုပါ ကျွန်တော်သိထားတဲ့အတွက် သူတို့ဆီသွားပြီး ဒီခန်းမဆောက်လုပ်ထားတဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့အဆောက်အအုံကို လေးစားပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ အဲဒီနောက် ရေးခြစ်တာမတွေ့ရတော့ဘူး။

နောက်ပိုင်း ခန်းမကိုပြန်မွမ်းမံဖို့ ခန်းမနံရံရဲ့ ဆေးသားဟောင်းတွေကို ခြစ်ချကြတယ်၊ သက်သေခံလူငယ်တစ်ယောက်ဖြစ်တဲ့ ဖာနန်ဒိုလည်း ဝင်ခြစ်ကူတဲ့အခါ “ဖားကလေး” (စပိန်လို လာ ရာနာ) ဆိုတဲ့ စာတမ်းပေါ်လာတယ်။ “အဲဒါ ကျွန်တော်ပဲ” လို့သူပြောပြတယ်။ လမ်းသရဲဘဝတုန်းက ဖာနန်ဒိုဟာ သူ့ရဲ့နာမည်ပြောင်ကို ရေးထားခဲ့တာဖြစ်တယ်။ အခုတော့ အဲဒီစာတမ်းကို သူပြန်ခြစ်ချနေတယ်။

ဖာနန်ဒိုကို ကျွန်တော်တွေ့ခါစက သူဆေးရှိန်တက်နေတယ်။ သူ့အမေက သူ့ကို ပြန်လည်ထူထောင်ရေးစခန်းနှစ်ခုကို ပို့ခဲ့ပေမဲ့ အလကားပဲ။ ဒါကြောင့် သူ့အမေ လက်လျှော့လိုက်တယ်၊ သားကို အိမ်မှာတစ်ယောက်ထဲထားခဲ့ပြီး ပြောင်းရွှေ့သွားတယ်။ ဖာနန်ဒိုဟာ မူးယစ်ဆေးဝယ်နိုင်ဖို့ တန်ဖိုးရှိတာမှန်သမျှ—⁠အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ အိမ်ခေါင်မိုးပါမကျန် အကုန်ရောင်းစားခဲ့တယ်။ တစ်နေ့ လမ်းပေါ်မှာ ကျွန်တော်သူ့အနားသွားပြီး အချိုရည်တိုက်ပြီးတော့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းကြည့်တော့ သူလက်ခံတယ်။ အမှန်တရားကို သူကောင်းကောင်းတုံ့ပြန်လို့ ကျွန်တော်ပျော်လိုက်တာ။ လမ်းသရဲအုပ်စုကထွက်ပြီး သူဆေးဖြတ်တယ်၊ ခရစ်ယာန်အစည်းအဝေးတွေ စတက်လာပြီး သိပ်မကြာဘူး နှစ်ခြင်းခံခဲ့တယ်။

ဖာနန်ဒိုနဲ့ ကျွန်တော်တွဲပြီး တစ်အိမ်တက်ဆင်းသွားတဲ့အခါ ကျွန်တော်တို့ကို လူတွေမှတ်မိကြတဲ့အတွက် “ဖားကလေး” ဒါမှမဟုတ် “စူပါမဲန်း” လို့တအံ့တသြအော်ကြတယ်၊ ပြီးတော့ ကျွန်တော်တို့ဘာလုပ်နေကြတာလဲလို့မေးတယ်။ လမ်းသရဲအဖွဲ့ဝင်ဟောင်းတစ်ယောက်နဲ့ အရင်က သူခိုးဖြစ်ခဲ့သူတစ်ယောက် ကျမ်းစာအုပ်တွေကိုင်ပြီး သူတို့ဆီလာတာတွေ့တော့ အံ့အားသင့်ကြတာပေါ့။

တစ်ခါတော့ အမျိုးသားတစ်ယောက်ကို ကျွန်တော်သက်သေခံနေတုန်း ဖာနန်ဒိုကလည်း အဲဒီလူရဲ့ အိမ်နီးချင်းကို ဟောနေတယ်။ အဲဒီအမျိုးသားက ဖာနန်ဒိုကို လက်ညှိုးထိုးပြပြီး “ဟိုလူကိုတွေ့လား။ ငါ့ခေါင်းကို သေနတ်နဲ့ထောက်ခဲ့ဖူးတယ်” ဆိုပြီး ကျွန်တော့်ကိုပြောပြတယ်။ ဖာနန်ဒိုဟာ သူ့လမ်းစဉ်ဟောင်းကိုစွန့်ပြီး အခု ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်နေပါပြီလို့ သူစိတ်ချအောင် ကျွန်တော်ပြောပြတယ်။ ဖာနန်ဒိုဟောပြီးသွားတော့ သူ့ကိုခေါ်လိုက်ပြီး အိမ်ရှင်နဲ့ မိတ်ဆက်ပေးတယ်။ အိမ်ရှင်က “လူလေး မင်းရဲ့ဘဝကို ပြောင်းလဲလိုက်တဲ့အတွက် မင်းကိုချီးကျူးပါတယ်” လို့ပြောတယ်။

ဖာနန်ဒိုနဲ့ ကျွန်တော့်ကို လူတွေ အဲဒီလိုမှတ်ချက်ချတာ အခေါက်ပေါင်းမနည်းဘူး။ အဲဒါက သက်သေခံဖို့ အခွင့်အလမ်းပွင့်စေပြီး ကျမ်းစာသင်အံမှု အတော်များများရစေတယ်။ ယေဟောဝါသက်သေတွေပါလို့ ပြောပြရတာကို ဖာနန်ဒိုကော ကျွန်တော်ပါ ဂုဏ်ယူမိတယ်။

ဘဝမှတ်တိုင်တစ်ခု

ကျွန်တော့်အသက် ၅၀ ပြည့်တဲ့ ၂၀၀၁ ခုနှစ်မှာ ပီရူးနိုင်ငံမှာကျင်းပမယ့် ဓမ္မအမှုသင်တန်းကျောင်းကို ဖိတ်ခေါ်ခံရတော့ ကျွန်တော်အံ့လည်းအံ့သြတယ်၊ ဝမ်းလည်းသာမိတယ်။ ရှစ်ပတ်ကြာတဲ့ ဒီသင်တန်းက အရည်အချင်းပြည့်မီတဲ့ သက်သေခံတွေကို အမှုဆောင်လုပ်ငန်းမှာ အထောက်အကူပြုမယ့် ဝိညာဉ်ရေးသွန်သင်ချက်တွေ အသေးစိတ်သွန်သင်ပေးတယ်။

ကျောင်းအစီအစဉ်အားလုံးက ပျော်စရာပဲ၊ ကျွန်တော်ကြောက်တဲ့ လူထုရှေ့စကားပြောရတာက လွဲရင်ပေါ့။ လူငယ်သင်တန်းသား အတော်များများ ဟောပြောချက်တွေပေးသွားတာ ကောင်းလိုက်တာ၊ ယုံကြည်စိတ်ချမှုအပြည့်ရှိကြပုံပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ပထမဆုံး ဟောပြောချက်ကိုပေးဖို့ ထရပ်လိုက်ချိန်မှာ ကလေးဘဝကတည်းက ကျွန်တော့်ကိုအနှောင့်အယှက်ပေးတဲ့ သိမ်ငယ်တဲ့စိတ် ပြန်ဝင်လာတယ်။ ဒူးတွေလည်းတုန်၊ ချွေးစေးပြန်နေတဲ့ လက်တွေကလည်းတုန်၊ အသံပါတုန်နေတယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်တော့်ကို သန့်ရှင်းသောဝိညာဉ်တော်နဲ့ ချစ်စရာကောင်းတဲ့ ညီအစ်ကိုတွေနဲ့ ကူညီထောက်မခဲ့ပါတယ်။ သင်တန်းပို့ချသူတစ်ယောက်ဆိုရင် ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြတဲ့အပြင် ပို့ချချိန်ပြီးတဲ့အခါ ကျွန်တော့်ဟောပြောချက်တွေကို ပြင်တောင်ပြင်ပေးလိုက်သေးတယ်။ အရေးအကြီးဆုံးအနေနဲ့ ယေဟောဝါကို ယုံကြည်အားကိုးဖို့ သူသင်ပေးတယ်။ သင်တန်းပြီးသွားတော့ လူထုရှေ့စကားပြောရတာကို ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် နှစ်ခြိုက်လာမိတယ်။

ဂွာရယ်ခီးလ်မြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီးတစ်ခုမှာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိမရှိ စမ်းသပ်ခံခဲ့ရတယ်။ ကျွန်တော်သက်သေခံတစ်ယောက် ဖြစ်လာပုံကို လူ ၂၅,၀၀၀ ရှေ့မှာ ပြန်ပြောပြရတယ်။ ဒါပေမဲ့ လူဒီလောက်အများကြီးကို အားပေးခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားလွန်းအားကြီးလို့ စကားပြောနေရင်း အသံက တုန်လာတော့တယ်။ နောက်ပိုင်းမှာ စည်းဝေးကြီးတက်ရောက်သူတစ်ဦးက ကျွန်တော့်ဆီလာပြီး “ညီအစ်ကို ဂေါန်ဇလက်ဇ်၊ ညီအစ်ကို တွေ့ကြုံမှုပြောတုန်းက ကျွန်တော်တို့အားလုံး မျက်ရည်ဝဲမိတယ်” လို့ပြောတယ်။ အကျင့်ဟောင်းတွေကိုစွန့်ဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ ကျွန်တော့်ရဲ့တွေ့ ကြုံမှုကနေ အားယူစေချင်တာ ကျွန်တော်အလိုလားဆုံးဆန္ဒပါ။

အခု ကျွန်တော် အကြီးအကဲနဲ့ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုထမ်းနေတယ်၊ ပြီးတော့ တိကျမှန်ကန်တဲ့ ကျမ်းစာအသိပညာရလာအောင် လူ ၁၆ ယောက်ကိုကူညီပေးရလို့ ပျော်ရွှင်မိတယ်။ ကျွန်တော့်မိဘတွေရယ် ကျွန်တော့်အစ်မနှစ်ယောက်နဲ့ ညီမနှစ်ယောက်လည်း ယေဟောဝါထံ အပ်နှံပြီးဖြစ်လို့ ပီတိဖြစ်ရတယ်။ ၂၀၀၁ ခုနှစ်မှာ ကျွန်တော့်အမေ သစ္စာရှိရှိ သေဆုံးသွားခဲ့တယ်။ ယေဟောဝါကို သိရှိခွင့်ပေးတဲ့အတွက် ကိုယ်တော့်ကို ကျွန်တော်ကျေးဇူးတင်လို့မဆုံးဘူး၊ ကျေးဇူးတင်ကြောင်းဖော်ပြတဲ့ အကောင်းဆုံးနည်းကတော့ ကိုယ်တော့်ထံ ချဉ်းကပ်လာအောင် တခြားသူတွေကို ကူညီပေးခြင်းပဲ။—⁠ယာကုပ် ၄:⁠၈

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်တော်ကူညီပေးခဲ့သူ လမ်းသရဲတစ်ယောက်ဖြစ်ခဲ့သော ဖားကလေး၊ ဖာနန်ဒို

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်တော့်ကို ကျမ်းစာသင်ပေးခဲ့သော ခရစ်ယာန်သာသနာပြု ပေါလ်စဲန်းချီ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယနေ့ ဘီစဲန်တေး ဂေါန်ဇလက်ဇ်