မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတင်းကောင်းပျံ့နှံ့စေရမည်

သတင်းကောင်းပျံ့နှံ့စေရမည်

သတင်းကောင်းပျံ့နှံ့စေရမည်

ကြေးနန်း မတီထွင်မီက ဝေးမြေရပ်ခြားဆက်သွယ်ရေးမှာ ခရီးသွားနည်းနှင့် နယ်မြေအနေအထားပေါ်မူတည်၍ နှေးကွေးပြီး ခက်ခဲလေ့ရှိသည်။ တောင်အမေရိကရှိ ကြီးမားကျယ်ပြန့်သောအင်ပါယာကို ပိုင်ဆိုင်ခဲ့သည့် အင်ကာလူမျိုးတို့ ရင်ဆိုင်ကြရသောစိန်ခေါ်ချက်များကို သုံးသပ်ကြည့်ပါ။

အင်ကာတို့၏တန်ခိုးအထွတ်အထိပ်ရောက်ချိန်ဖြစ်သော အေဒီ ၁၅ ရာစုနှောင်းပိုင်းနှင့် ၁၆ ရာစုအစောပိုင်းအတွင်း အင်ကာအင်ပါယာတွင် အင်ပါယာ၏ရှေးဟောင်းမြို့တော် ကူဇကိုမြို့ရှိရာ ပီရူးနိုင်ငံအပြင် မျက်မှောက်ခေတ်နိုင်ငံများဖြစ်သော ကိုလံဘီယာ၊ ချီလီ၊ ဘိုလီးဗီးယား၊ အာဂျင်တီးနားနှင့် အီကွေဒေါနိုင်ငံတို့၏အစိတ်အပိုင်းများ ပါဝင်သည်။ မိုးထိုးအောင်မြင့်မားသောတောင်တန်းများ၊ တောနက်ကြီးများနှင့် ဝေးလံသောလမ်းခရီးတို့ကြောင့် ခရီးသွားခြင်းမှာ မလွယ်ကူလှချေ။ ထို့အပြင် အင်ကာလူတို့တွင် လားမားကုလားအုတ်များမှလွဲ၍ ဝန်တင်တိရစ္ဆာန်များ၊ ဘီးတပ်ယာဉ်များ မရှိချေ။ သူတို့၏စကားမှာလည်း စာအရေးအသားမရှိချေ။ ထို့ကြောင့် ကြီးမားကျယ်ပြန့်လှသော ဤအင်ပါယာအတွင်း တစ်ဦးနှင့်တစ်ဦး မည်သို့အဆက်အသွယ်လုပ်ခဲ့ကြသနည်း။

အင်ကာလူတို့သည် မိမိတို့ဘာသာစကားဖြစ်သော ကွီချူဝါစကားကို အင်ပါယာစကားဖြစ်စေခဲ့ကြသည်။ လမ်းအမြောက်အမြားကိုလည်း ဖောက်လုပ်ခဲ့ကြသည်။ သူတို့၏တော်ဝင်လမ်း သို့မဟုတ် အဓိကလမ်းမကြီးသည် အင်ဒီးကုန်းမြင့်များတစ်လျှောက် မိုင်ပေါင်း ၃,၀၀၀ ကျော်ရှည်လျားပြီး ယင်းနှင့်အပြိုင်လမ်းမှာ ပစိဖိတ်ကမ်းခြေတစ်လျှောက် မိုင်ပေါင်း ၂,၅၀၀ ခန့် ရှည်လျားသည်။ ကန့်လန့်ဖြတ်လမ်းများက ထိုလမ်းနှစ်ခုကို ဆက်သွယ်ထားသည်။ အင်ကာလူတို့သည် တောင်ပေါ်လမ်းများတွင် လှေကားထစ်များပါသော ကျောက်ခင်းလမ်းများ၊ စိမ့်တောများတွင် ဆိပ်ခံတံတားများနှင့် ချောက်နက်များပေါ်တွင် စွန့်စွန့်စားစားကူးဖြတ်ရသည့် ကြိုးတံတားများကိုလည်း ဆောက်ခဲ့ကြသည်။ ပေ ၁၅၀ ရှည်လျားသောကြိုးတံတားတစ်စင်း၏ ကြိုးလုံးကြီးများမှာ လူ့ခန္ဓာကိုယ်နီးပါးထူပြီး ယင်းတံတားကို ၁၈၈၀ ပြည့်နှစ်တိုင်အောင် နှစ်ပေါင်း ၅၀၀ ကြာ အသုံးပြုခဲ့သည်!

အင်ကာလူတို့ အဓိကအဆက်အသွယ်ပြုလုပ်သည့်နည်းမှာ အဓိကလမ်းများတစ်လျှောက်ရှိ ဂိတ်စခန်းများတွင် စောင့်နေကြသော ချားစ်ကီး ခေါ် အပြေးသမားများအဖွဲ့အားဖြင့်ဖြစ်သည်။ ဂိတ်စခန်းတစ်ခုနှင့်တစ်ခုသည် နှစ်မိုင် သို့မဟုတ် သုံးမိုင်အကွာတွင်ရှိပြီး အပြေးသမားများသည် သတင်းကို လက်ဆင့်ကမ်းပေးကြခြင်းဖြင့် နေ့အချိန်အတွင်း မိုင်တစ်ရာကျော် ပြေးနိုင်ကြသည်။ သူတို့သည် သတင်းများကို များသောအားဖြင့် နှုတ်ဖြင့်ပြောသော်လည်း အစိုးရကိစ္စများနှင့်ပတ်သက်သည့် စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်ကိုမူ ကွီပူခေါ် စိတ်ဝင်စားစရာကောင်းသောကိရိယာဖြင့် သယ်ဆောင်ကြသည်။ ကွီပူဆိုသည်မှာ အခြေခံအားဖြင့် ရောင်စုံကြိုးများနှင့် ပြုလုပ်ထားသော ရှုပ်ထွေးသည့်မှတ်ဉာဏ်အထောက်အကူပြု ကိရိယာဖြစ်သည်။ ကြိုးထုံးများက ခု၊ ဆယ်၊ ရာစသည်ဖြင့် အသီးသီးကိုယ်စားပြုသည်။ စပိန်လူတို့သည် အင်ကာလူတို့ကို သိမ်းပိုက်စိုးမိုးလိုက်သောအခါတွင် ကွီပူမှာ တိမ်ကောသွားသည့်အပြင် စကားဝှက်များကိုလည်း မေ့ပျောက်သွားကြသည်။

“ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား”

ယနေ့အချိန်တွင် ကွီချူဝါစကားပြောသည့် လူသန်းပေါင်းများစွာထံ သတင်းတကာ့သတင်းတွင် အရေးကြီးဆုံးသောသတင်းတရားကို သယ်ဆောင်လျက်ရှိသည်၊ ယင်းသတင်းကောင်းမှာ ၎င်း၏အုပ်ချုပ်မှုကို လက်အောက်ခံသူအားလုံးထံ ငြိမ်သက်မှုကိုဆောင်ကြဉ်းပေးမည့် ကမ္ဘာ့အစိုးရတစ်ခုဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၂၄:၁၄) တစ်ချိန်က အင်ကာလူမျိုးတို့ အုပ်ချုပ်ခဲ့သောဒေသအတွင်း ခရီးသွားလာရေးသည် ယနေ့တိုင် ခက်ခဲနေဆဲဖြစ်ပြီး သူတို့၏ ကွီချူဝါစာမှာ ယနေ့ထိ တွင်တွင်ကျယ်ကျယ်မရှိသေးချေ။ သို့သော် ကွီချူဝါစကား ပြောနိုင်ရန် သင်ယူခဲ့ကြသည့် များစွာသောယေဟောဝါသက်သေတို့သည် ခေတ်သစ် ကွီချူဝါဒေသန္တရဘာသာစကားဖြင့် ရေးသားထားသောစာပေများနှင့် အသံသွင်းထားသော တိတ်ခွေအများအပြားကို ရွှင်လန်းစွာဖြင့် ဖြန့်ဝေခဲ့ကြသည်။

ထိုဧဝံဂေလိဟောပြောသူများ၏လုပ်ငန်းက ဤမှုတ်သွင်းခံစကားများကို သတိရစေသည်– “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ၊ သင်၏ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။”—⁠ဟေရှာယ ၅၂:⁠၇