မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးလော

သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးလော

သမ္မာကျမ်းစာရှုထောင့်

သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးလော

ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ဟူသည် အဘယ်နည်း။ တက်ကြွလှုပ်ရှားသောစွမ်းအားဟူ၍လည်း ပြန်ဆိုသည့် ဘုရားသခင်၏ဝိညာဉ်တော်သည် “ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူသည်” ဟုသမ္မာကျမ်းစာ၏အဖွင့်စကားတွင် ဖော်ပြထားသည်။ (ကမ္ဘာဦး ၁:⁠၂) ယေရှုနှစ်ခြင်းခံသည့်မှတ်တမ်းတွင် ဘုရားသခင်သည် “ကောင်းကင်” တွင်ရှိတော်မူပြီး သန့်ရှင်းသောဝိညာဉ်တော်သည် “ချိုးငှက်ကဲ့သို့ဆင်းသက်၍” ကိုယ်တော်အပေါ်၌ နားတော်မူသည်ဟု ရေးသားခဲ့၏။ (မဿဲ ၃:၁၆၊ ၁၇) ထို့ပြင် ယေရှုက သန့်ရှင်းသောဝိညာဉ်တော်ကို “ဆရာ [“မစသူ၊” ကဘ]” အဖြစ် မိန့်ဆိုခဲ့သည်။—⁠ယောဟန် ၁၄:⁠၁၆

အထက်ပါကျမ်းချက်များနှင့် အခြားကျမ်းချက်များကြောင့် အချို့က သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင်၊ ယေရှုနှင့် ကောင်းကင်တမန်များကဲ့သို့ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆကြ၏။ အမှန်မှာ ရာစုနှစ်များတစ်လျှောက် ဩဇာအရှိန်အဝါအရှိဆုံး ခရစ်ယာန်ဘောင်ဘာသာအချို့က သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ် ယူဆကြသည်။ ဤအယူဝါဒသည် ကြာမြင့်စွာကပင်တည်ရှိနေငြား ချာ့ခ်ျအသင်းသားများစွာမှာ ယင်းနှင့်ပတ်သက်၍ ခေါင်းရှုပ်နေကြဆဲဖြစ်ပြီး အချို့က ဘာသာရေးခေါင်းဆောင်များနှင့် သဘောထားကွဲလွဲသည့်အထိဖြစ်ခဲ့ကြ၏။ ဥပမာ၊ မကြာသေးမီက လေ့လာမှုတစ်ခုအရ တွေ့ဆုံမေးမြန်းခံရသူ ၆၁ ရာခိုင်နှုန်းက သန့်ရှင်းသောဝိညာဉ်တော်ဟူသည် “ဘုရားသခင်ရောက်ရှိနေခြင်း သို့မဟုတ် ဘုရားသခင့်တန်ခိုးတော်ကို ကိုယ်စားပြုပြီး သက်ရှိပုဂ္ဂိုလ်တစ်ပါး မဟုတ်ကြောင်း” ယုံကြည်သည်။ သမ္မာကျမ်းစာက အဘယ်အရာ သွန်သင်ပေးသနည်း။

သမ္မာကျမ်းစာသွန်သင်ရာ

သမ္မာကျမ်းစာကို စိတ်ရင်းမှန်ဖြင့်ဖတ်ရှုသူအနေနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟူသော ချာ့ခ်ျ၏တရားသေပြဋ္ဌာန်းချက်များကို လုံးဝ သဘောတူမည်မဟုတ်ပေ။ အောက်ပါကျမ်းစာမှတ်တမ်းများကို သုံးသပ်ကြည့်ပါ။

၁။ ယေရှု၏မိခင်မာရိသည် မိမိအဆွေအမျိုး ဧလိရှဗက်ထံ လည်ပတ်သောအခါ ဧလိရှဗက်၏ဝမ်း၌ရှိသော သူငယ်သည် ခုန်၍ ဧလိရှဗက်သည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” လေသည်ဟူ၍ ကျမ်းစာကဆိုသည်။ (လုကာ ၁:⁠၄၁) လူတစ်ဦးသည် အခြားလူတစ်ဦးနှင့် “ပြည့်” နေသည်ဟုဆိုခြင်းက ယုတ္တိရှိပါမည်လော။

၂။ နှစ်ခြင်းဆရာယောဟန်က တပည့်များအား မိမိနောက်တွင်ကြွလာမည့် ယေရှုအကြောင်း ဤသို့ဆိုသည်– ‘ငါသည် သင်တို့ကို ရေနှင့်နှစ်ခြင်းပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် သင်တို့ကိုနှစ်ခြင်းပေးမည်။’ (မဿဲ ၃:၁၁) လူတို့အား သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းပေးမည်ဟု ယောဟန်ဆိုရာတွင် သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ်ရည်ညွှန်းနေခြင်း လုံးဝမဖြစ်နိုင်ချေ။

၃။ ရောမတပ်မှူးနှင့် သူ၏မိသားစုထံ တမန်တော်ပေတရု လည်ပတ်ရောက်ရှိစဉ် ဘုရားသခင်က ယေရှုကို “သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း” ဘုရင်အဖြစ် ခန့်အပ်တော်မူသည်ဟု ပေတရုပြောခဲ့သည်။ (တမန်တော် ၁၀:⁠၃၈) မကြာမီတွင်ပင် ရောမတပ်မှူး၏အိမ်ထောင်စုအပေါ် “သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။” ထို့ပြင် “တစ်ပါးအမျိုးသားတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးကို သွန်းလောင်းသောကြောင့်” လူအပေါင်းတို့ အံ့အားသင့်ကြကြောင်း မှတ်တမ်းက ဆက်ဆိုသည်။ (တမန်တော် ၁၀:၄၄၊ ၄၅) ဤတွင်အသုံးပြုထားသော အသုံးအနှုန်းကလည်း သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟူသောအယူအဆနှင့် မကိုက်ညီပေ။

သမ္မာကျမ်းစာတွင် လူပုဂ္ဂိုလ်မဟုတ်သည့်အရာကို လူပုဂ္ဂိုလ်တစ်ဦးသဖွယ် တင်စားခြင်းသည် အဆန်းမဟုတ်ချေ။ သမ္မာကျမ်းစာတွင် ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အပြစ်၊ သေခြင်းနှင့် ကျေးဇူးတရား သို့မဟုတ် မခံစားထိုက်သောကရုဏာတို့ကို လူပုဂ္ဂိုလ်အဖြစ် တင်စားထား၏။ (သု. ၈:၁–၉:၆; ရောမ ၅:၁၄၊ ၁၇၊ ၂၁; ၆:၁၂) “ပညာသည် မိမိသားရှိသမျှအားဖြင့်” သို့မဟုတ် ယင်း၏ကောင်းကျိုးများအားဖြင့် “မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်” ဟုယေရှုကိုယ်တော်တိုင် မိန့်ဆိုခဲ့သည်။ (လုကာ ၇:၃၅သမ္မာ) ရှင်းနေသည်မှာ ပညာသည် ပကတိသားသမီးများရှိသော လူပုဂ္ဂိုလ်မဟုတ်ချေ! အလားတူပင် သန့်ရှင်းသောဝိညာဉ်တော်ကို အချို့သောအခြေအနေများတွင် လူပုဂ္ဂိုလ်အလား တင်စားခြင်းကြောင့် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပါ။

သန့်ရှင်းသောဝိညာဉ်တော်ဟူသည် အဘယ်နည်း

သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင့်တန်ခိုးတော်၏ လုပ်ဆောင်မှုအဖြစ် ဖော်ပြသည်။ ထို့ကြောင့် ဟေဗြဲကျမ်းစာက သန့်ရှင်းသောဝိညာဉ်တော်အား “ဘုရားသခင်၏တက်ကြွလှုပ်ရှားသောစွမ်းအား” ဖြစ်သည်ဟု တိတိကျကျရည်ညွှန်းထားသည်။ ဟေဗြဲကျမ်းစာသားကို တိကျမှန်ကန်စွာပြန်ဆိုထားသော ဘာသာပြန်ကျမ်းတစ်ခုတွင် သန့်ရှင်းသောဝိညာဉ်တော်ကို “ဘုရားသခင်၏တက်ကြွလှုပ်ရှားသောစွမ်းအား” အဖြစ် ဖော်ပြထားသည်။ (ကမ္ဘာဦး ၁:၂) ယင်းအယူအဆသည် သမ္မာကျမ်းစာတစ်အုပ်လုံးနှင့် ကိုက်ညီသည်။—⁠မိက္ခာ ၃:၈; လုကာ ၁:၃၅; တမန်တော် ၁၀:⁠၃၈

ခေတ်စားနေသောယုံကြည်ချက်နှင့်ဆန့်ကျင်လျက် ဘုရားသခင်သည် အချိန်တိုင်းတွင် နေရာတိုင်း၌ တည်ရှိမနေပါ။ ယင်းအစား ကိုယ်တော်သည် ဝိညာဉ်လောကဘုံတွင် သို့မဟုတ် ‘တည်ရှိတော်မူရာ ကောင်းကင်ဘုံ၌’ ရှိတော်မူသည်။ (၃ ဓမ္မရာဇဝင် ၈:၃၉; ၂ ရာဇဝင်ချုပ် ၆:⁠၃၉) ဘုရားသခင်၏ “ပလ္လင်တော်” တည်ရှိသော ကိုယ်တော်တည်ရှိတော်မူသည့် သတ်သတ်မှတ်မှတ်နေရာတစ်ခုအကြောင်းကိုလည်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (၃ ဓမ္မရာဇဝင် ၂၂:၁၉; ဟေရှာယ ၆:၁; ဒံယေလ ၇:၉; ဗျာ. ၄:၁-၃) သို့ရာတွင် ဘုရားသခင်သည် ‘တည်ရှိတော်မူရာကောင်းကင်ဘုံ’ မှနေ၍ ဝိညာဉ်လောကနှင့် ရူပလောက နှစ်နေရာစလုံးရှိ မည်သည့်နေရာသို့မဆို မိမိ၏တက်ကြွလှုပ်ရှားသည့်စွမ်းအားကို ရောက်ရှိစေနိုင်သည်။—⁠ဆာလံ ၁၃၉:⁠၇

လွန်ခဲ့သော ၁၈၇၉ ခုနှစ်တွင် ကျမ်းပညာရှင် ချားလ်စ် အယ်လ်. လဇ်က ဘုရားသခင်သည် တည်ရှိတော်မူရာနေရာတွင်နေ၍ မိမိ၏တန်ခိုးကို အသုံးပြုနိုင်စွမ်းရှိကြောင်း ဆီလျော်စွာ ဤသို့ရှင်းပြခဲ့၏– “ဥပမာ၊ ‘အခန်းထဲ နေရောက်စေချင်ရင် ပြတင်းတံခါးကိုသာ ဖွင့်လိုက်ပါ’ ဆိုပြီး ကျွန်တော်တို့ပြောကြတယ်။ ဒါက တကယ့်နေလုံးကြီးရောက်လာဖို့ မဟုတ်ဘဲ နေကဖြာထွက်လာတဲ့ နေရောင်ခြည်ရောက်လာတာကို ဆိုလိုနေတာပဲ။” အလားတူ ဘုရားသခင်သည် မိမိ၏တက်ကြွလှုပ်ရှားသောစွမ်းအား အသုံးပြုလိုသည့်နေရာသို့ ကိုယ်တော်တိုင်ရောက်ရှိရန် မလိုပါ။ နေရာအနှံ့ရောက်ရှိနိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုရုံသာဖြစ်၏။ သန့်ရှင်းသောဝိညာဉ်သည် ဘုရားသခင်၏ တန်ခိုးကြီးသည့် တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်ကြောင်း နားလည်ထားခြင်းက ယေဟောဝါသည် မိမိ၏ကတိတော်များကို ပြည့်စုံစေမည်ဖြစ်ကြောင်း သင့်အား ယုံကြည်စိတ်ချစေသည်။

သင်စဉ်းစားဖူးသလော

▪ သန့်ရှင်းသောဝိညာဉ်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟု သမ္မာကျမ်းစာသွန်သင်သလော။—⁠တမန်တော် ၁၀:၄၄၊ ၄၅

▪ သန့်ရှင်းသောဝိညာဉ်တော်ဟူသည် အဘယ်နည်း။—⁠ကမ္ဘာဦး ၁:⁠၂

▪ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့်အတိုင်းအတာအထိ ရောက်ရှိနိုင်သနည်း။—⁠ဆာလံ ၁၃၉:⁠၇