မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သာယာသောအိမ်ထောင် တည်ဆောက်နိုင်ပုံ

သာယာသောအိမ်ထောင် တည်ဆောက်နိုင်ပုံ

သာယာသောအိမ်ထောင် တည်ဆောက်နိုင်ပုံ

“ယောက်ျားသည် . . . ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။”—⁠ကမ္ဘာဦး ၂:၂၄

ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ယောက်ျားနှင့်မိန်းမစပ်ကြား ထာဝရအနှောင်အဖွဲ့အဖြစ် အိမ်ထောင်ရေးကို အစပြုပေးတော်မူခဲ့သည်။ ကမ္ဘာဦး ၁:၁၈၊ ၂၂-၂၄ တွင်ဤသို့ဖော်ပြထား၏– “ထာဝရအရှင်ဘုရားသခင်ကလည်း ‘ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်’ ဟုအကြံရှိတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူကလည်း ‘ယခုဤသူသည် ငါ့အရိုးထဲကအရိုး ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟုခေါ်ဝေါ်အပ်သည်’ ဟုဆိုလေ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။”

တည်တံ့ပြီး သာယာသောအိမ်ထောင် တည်ဆောက်ခြင်းသည် မလွယ်ကူသော်လည်း မုချဖြစ်နိုင်ပါသည်။ မောင်နှံစုံများစွာသည် အိမ်ထောင်သက်တမ်း ၅၀၊ ၆၀ သို့မဟုတ် ထိုထက်မက ပျော်ရွှင်စွာနေထိုင်ခဲ့ကြပြီ။ သူတို့ မည်သို့ပျော်နိုင်ခဲ့ကြသနည်း။ မိမိတို့အိမ်ထောင် အောင်မြင်ရေးအတွက် မပြတ်ကြိုးပမ်းအားထုတ်ကြ၍ မိမိတို့အိမ်ထောင်ဖက်၏ “စိတ်နှင့်တွေ့စေခြင်းငှာ” ကိုယ်ကျိုးမဖက် လုပ်ဆောင်ခဲ့ကြသည်။ (၁ ကောရိန္သု ၇:၃၃၊ ၃၄) ထိုသို့ပြုလုပ်ရန် များစွာအားထုတ်ကြရ၏။ သင်လည်း အချိန်နှင့်ခွန်အားစိုက်ထုတ်မည်ဆိုပါက တည်တံ့ပြီး ပျော်ရွှင်သည့်အိမ်ထောင်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ပုံစံပြာအတိုင်း ဂရုတစိုက်လိုက်လျှောက်ပါ

ယုံကြည်စိတ်ချရသော ကန်ထရိုက်တာတစ်ဦးသည် ပုံစံပြာကိုမကြည့်ဘဲ အဆောက်အဦတစ်ခုကို ဘယ်တော့မျှ စတင်ဆောက်လုပ်မည်မဟုတ်။ အလားတူပင်၊ သာယာသောအိမ်ထောင် တည်ဆောက်ရာတွင် ဘုရားသခင်ရေးဆွဲထားသော ပုံစံပြာကိုမကြည့်ပါက အောင်မြင်နိုင်မည်မဟုတ်ပေ။ ယင်းပုံစံပြာကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်သည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . ဖြောင့်မတ်စွာပြုပြင်ခြင်း ကျေးဇူးများကို ပြုတတ်၏” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။—⁠၂ တိမောသေ ၃:၁၆၊ ၁၇

ဇနီးမောင်နှံများသည် တပည့်များနှင့် ယေရှုဆက်ဆံပုံမှ အိမ်ထောင်ရေးအကြောင်း များစွာသင်ယူနိုင်ကြသည်။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။ သမ္မာကျမ်းစာက ယေရှုနှင့် ကိုယ်တော်၏တွဲဖက်အမွေခံများ၏ ဆက်ဆံရေးကို လင်မယားဆက်ဆံရေးနှင့် ခိုင်းနှိုင်းထားသောကြောင့်ဖြစ်သည်။ (၂ ကောရိန္သု ၁၁:၂) ယေရှုသည် အလွန်ကသောင်းကနင်းနိုင်သည့်အချိန်၌ပင် မိမိအပေါင်းအဖော်များအပေါ် သစ္စာစောင့်သိခဲ့သည်။ ကိုယ်တော်သည် သူတို့ကို “အဆုံးတိုင်အောင်ချစ်တော်မူ၏။” (ယောဟန် ၁၃:၁) သနားကြင်နာသော ခေါင်းဆောင်တစ်ဦးအနေနှင့် ယေရှုသည် မိမိနောက်လိုက်များ၏ အရည်အချင်းနှင့် အားနည်းချက်များကို အမြဲထည့်စဉ်းစားပေးသည်။ ကိုယ်တော်သည် သူတို့တတ်နိုင်သည်ထက် ဘယ်သောအခါမျှ ပိုမတောင်းဆိုခဲ့ပါ။—⁠ယောဟန် ၁၆:၁၂

အရင်းနှီးဆုံးမိတ်ဆွေများကြောင့် ယေရှုစိတ်ပျက်ရသော်လည်း စေတနာမပျက်ခဲ့ပါ။ သူတို့ကို အပြစ်တင်မည့်အစား နှိမ့်ချကြင်နာစွာဖြင့် ပြုပြင်တည့်မတ်ပေးခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀; မာကု ၁၄:၃၄-၃၈; ယောဟန် ၁၃:၅-၁၇) ထို့ကြောင့် တပည့်များကို ယေရှုကြင်နာစွာဆက်ဆံပုံနှင့် မေတ္တာဖြင့် သူတို့တုံ့ပြန်ခဲ့ကြပုံတို့ကို စေ့စေ့ဆင်ခြင်ကြည့်ပါက သာယာသောအိမ်ထောင် တည်ဆောက်ရန် လက်တွေ့ကျသင်ခန်းစာများ ရရှိပါလိမ့်မည်။—⁠၁ ပေတရု ၂:၂၁

ခိုင်မာသောအုတ်မြစ်အပေါ် တည်ဆောက်ခြင်း

မုန်တိုင်းကဲ့သို့သော ပြဿနာများသည် သင့်အိမ်ထောင်၏အုတ်မြစ်ကို တိုက်ခတ်လိမ့်မည်။ သို့ဖြင့် သင်တို့နှစ်ဦး၏ဆက်ဆံရေး ပျက်ပြားသွားနိုင်စရာအကြောင်းရှိသည်။ သို့သော် သာယာသောအိမ်ထောင်၏ အခိုင်မာဆုံးအုတ်မြစ်မှာ မေတ္တာအခြေခံသော သစ္စာစောင့်သိမှုဖြစ်၏။ ယေရှုက သစ္စာကတိပြုခြင်း၏ အရေးပါမှုကို ပေါ်လွင်စေရန် ဤသို့မိန့်ဆိုခဲ့၏– ‘ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို မည်သူမျှမခွဲခွာစေနှင့်။’ (မဿဲ ၁၉:၆) “မည်သူမျှ” ဟူ၍ သုံးနှုန်းထားခြင်းကြောင့် တစ်ဦးအပေါ်တစ်ဦး သစ္စာရှိပါမည်ဟု ကတိကဝတ်ပြုထားသော လင်မယားနှစ်ဦးစလုံးပါဝင်သည်။

ပေးဆပ်ရာများ များလွန်း၍ ကတိကဝတ်ပြုခြင်းကို ဝန်ထုပ်ဝန်ပိုးကြီးအဖြစ် အချို့က ရှုမြင်ကြသည်။ ယနေ့ လူတို့သည် တစ်စုံတစ်ဦးကို ကတိကဝတ်ပြုထားသည့်အတိုင်း ကိုယ်ကျိုးစွန့်အနစ်နာခံမည့်အစား မိမိအဆင်ပြေရေးကိုသာ ဦးစားပေးပြုလုပ်ကြသည်။

အိမ်ထောင်ရေးကတိကဝတ်အတိုင်းနေထိုင်ရန် အဘယ်အရာက ထောက်ကူပေးနိုင်သနည်း။ တမန်တော်ပေါလုက ဤသို့ရေးခဲ့၏– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။” (ဧဖက် ၅:၂၈၊ ၂၉) တစ်နည်းအားဖြင့်ဆိုလျှင် “ဖက်စပ်၍ထမ်းပိုးတင်” ခံရသူများဖြစ်ခြင်းကြောင့် သင့်အကျိုးကိုသင်ကြည့်တတ်သကဲ့သို့ သင့်အိမ်ထောင်ဖက်၏အကျိုးကို သင်စိတ်ဝင်စားရမည်။ အိမ်ထောင်သည်တို့သည် “ငါ့ပစ္စည်း” အစား “ငါတို့၏ပစ္စည်း၊” “ငါ” အစား “ငါတို့” ဟူ၍ စဉ်းစားတတ်လာရမည်။

သင့်အိမ်ထောင်ကို တိုက်ခတ်သော မုန်တိုင်းဒဏ်ကို အောင်မြင်စွာခံနိုင်ခြင်းက သင့်ကို ပညာရှိစေပါလိမ့်မည်။ ဤဉာဏ်ပညာကိုရရှိခြင်းက ပျော်ရွှင်စေနိုင်သည်။ “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏” ဟု သု. ၃:၁၃ ကဆို၏။

မီးခံပစ္စည်းများကိုအသုံးပြုပါ

အိမ်တစ်လုံး ကြာရှည်ခံ၍ လုံခြုံမှုရှိရန် ကောင်းစွာဆောက်လုပ်ထားရမည်။ ထို့ကြောင့် သင့်အိမ်ထောင်ကို အဓွန့်ရှည်တည်မြဲစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ပါ။ စမ်းသပ်မှုများကြုံရသောအခါ သစ္စာစောင့်သိစေမည့် ကြာရှည်ခံပစ္စည်းများကို အသုံးပြုပါ။ ဘုရားသခင်ရေးရာဉာဏ်ပညာ၊ ရက်ရောခြင်း၊ ပိုင်းခြားသိမြင်ခြင်း၊ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရင်းနှီးခင်မင်ခြင်း၊ ဘုရားသခင့်ပညတ်တော်များကို လေးမြတ်ခြင်းနှင့် စစ်မှန်သောယုံကြည်ခြင်းစသည့် အဖိုးတန်အရည်အသွေးများကို ရွှေအလား တန်ဖိုးထားပါ။

အိမ်ထောင်တွင် ပျော်ရွှင်ရောင့်ရဲမှုရှိရန် စည်းစိမ်ဥစ္စာ၊ ရာထူးအပေါ်မဟုတ်ဘဲ စိတ်နှလုံးအပေါ်မူတည်သည်။ ဤအရည်အသွေးများကို သမ္မာကျမ်းစာအမှန်တရားက တိုးပွားစေနိုင်၏။ ‘အဘယ်သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ’ ဟူသော သတိပေးချက်က အိမ်ထောင်ရေးနှင့်လည်း သက်ဆိုင်ပါသည်။—⁠၁ ကောရိန္သု ၃:၁၀

ပြဿနာများပေါ်ပေါက်ချိန်ဝယ်

အဆောက်အအုံတစ်ခုသည် ရေရှည်တည်တံ့ခိုင်မြဲရန် ကောင်းစွာပြုပြင်ထိန်းသိမ်းပေးဖို့လိုသည်။ လင်နှင့်မယား အချင်းချင်း အပြန်အလှန်ထောက်မကူညီပေး၍ တစ်ဦးကိုတစ်ဦး လေးစားဂုဏ်တင်ကြသောအခါ သူတို့အိမ်ထောင်သည် ခိုင်မြဲနေမည်ဖြစ်သည်။ ထိုအခါ ကိုယ်ကျိုးရှာစိတ် အမြစ်တွယ်လာမည်မဟုတ်။ ဒေါသအမျက်ကိုလည်း ချုပ်တည်းနိုင်ကြပေမည်။

အမျက်မပြေ၊ ခံပြင်းနေခြင်းဖြင့် အိမ်ထောင်တွင် တစ်ဦးအပေါ်တစ်ဦး မေတ္တာပျောက်ဆုံးသွားနိုင်သည်။ တမန်တော်ပေါလုက လင်ယောက်ျားများအား ကိုယ်ခင်ပွန်းကို ဆက်၍ချစ်ကြလော့။ သူတို့ကို ခါးသီးစွာအမျက်မထွက် ကြနှင့်ဟူ၍ အကြံပေးသည်။ (ကောလောသဲ ၃:၁၉) ဤမူသည် ဇနီးသည်များနှင့်လည်း သက်ဆိုင်၏။ အိမ်ထောင်ဖက်တို့သည် ထောက်ထားညှာတာမည်၊ ချစ်ခင်ကြင်နာပြီး နားလည်မှုရှိရန် ကြိုးစားကြမည်ဆိုလျှင် အိမ်ထောင်သာယာမည်သာမက ကျေနပ်ရောင့်ရဲမှုရှိကြလိမ့်မည်။ ပြဿနာများပေါ်လာသောအခါ စိတ်တိုခြင်း၊ ရန်လိုအငြင်းပွားခြင်းကို ရှောင်မည်ဆိုလျှင် ပဋိပက္ခဖြစ်မည်မဟုတ်ပေ။ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ . . . အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့” ဟုတမန်တော်ပေါလု တိုက်တွန်းခဲ့သည်။—⁠ဧဖက် ၄:၃၂

မိမိတွင် အစွမ်းအစမရှိ၊ အနှိမ်ခံနေရသည်ဟု ခံစားရပြီး မကျေမချမ်းဖြစ်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေလျှင်ကော။ ထိုသို့ သင်အဘယ်ကြောင့်ခံစားနေရကြောင်း သင့်ကြင်ဖော်နားလည်အောင် အေးအေးဆေးဆေး ရှင်းပြပါလေ။ သို့သော် အသေးအဖွဲကိစ္စများသာဖြစ်နေလျှင် မေတ္တာဖြင့်ဖုံးအုပ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။—⁠၁ ပေတရု ၄:၈

သင့်အိမ်ထောင်ဖက်ကို မည်မျှပင် စိတ်ဆိုးနေပါစေ “စကားမပြောဘဲ လုံးဝမနေသင့်” ဟု အိမ်ထောက်သက် ၃၅ နှစ်အတွင်း ပြဿနာပေါင်းစုံရင်ဆိုင်ခဲ့ရသော လင်ယောက်ျားတစ်ဦးကဆိုသည်။ “တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ မေတ္တာမပျက်စေနဲ့” ဟုလည်း သူဆက်ပြောသည်။

သာယာသောအိမ်ထောင် တည်ဆောက်နိုင်

မှန်ပါသည်၊ သာယာသောအိမ်ထောင် ထူထောင်ဖို့ မလွယ်ကူပေ။ သို့သော် အိမ်ထောင်သည်များသည် ၎င်းတို့၏နှောင်ကြိုးတွင် ဘုရားသခင်ကိုပါဝင်စေလျှင် ပျော်ရွှင်မှုနှင့် လုံခြုံမှုရှိမည်ဖြစ်သည်။ ထို့ကြောင့် သင့်မိသားစု၏ဝိညာဉ်ရေးကို ဂရုစိုက်ပါ။ အိမ်ထောင်ရေးကတိကဝတ်ကို ခိုင်မြဲစေပါ။ ယေရှု၏စကားအရ အိမ်ထောင်သာယာမှုသည် ထိုမောင်နှံစုံကြောင့်သာမဟုတ်ကြောင်း သတိရပါလေ။ ယင်းအစား အိမ်ထောင်မင်္ဂလာအစပြုရှင် ယေဟောဝါဘုရားသခင်အား အဓိကဂုဏ်တင်ပါသည်။ “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲမခွာစေနှင့်။”—မဿဲ ၁၉:⁠၆

ထပ်ဆင့်ဖတ်ရှုစရာ

ယေဟောဝါသက်သေများထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်တွင် သာယာအောင်မြင်သောအိမ်ထောင် တည်ဆောက်နိုင်ရန် လက်တွေ့ကျအကြံပြုချက်များ ပေးထားပါသည်။ ယင်းကျမ်းစာအခြေပြု လက်တွေ့ကျအကြံပြုချက်သည် မိမိတို့၏ဆက်ဆံရေးကို တိုးတက်စေကြောင်း ကမ္ဘာတစ်ဝန်းရှိ အိမ်ထောင်သည်များစွာ တွေ့ ရှိခဲ့ကြပြီ။—⁠ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂၄ ကိုရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

သာယာသောအိမ်ထောင် တည်ဆောက်ရန် အဘယ်အရာက သင့်ကို ကူညီပေးနိုင်သနည်း

▪ သမ္မာကျမ်းစာကို သင့်ကြင်ဖော်နှင့်အတူ မှန်မှန်ဖတ်ရှုပါ။ ပြဿနာများဖြေရှင်းရာတွင် အကူအညီနှင့် လမ်းညွှန်မှုရရန် ဘုရားသခင်ထံဆုတောင်းပါ။—⁠သု. ၃:၅၊ ၆; ဖိလိပ္ပိ ၄:၆၊ ၇; ၂ တိမောသေ ၃:၁၆၊ ၁၇

▪ သင့်ကြင်ဖော်ကိုသာ လိင်ဆိုင်ရာစိတ်ဝင်စားမှုပြပါ။—⁠သု. ၅:၁၅-၂၁; ဟေဗြဲ ၁၃:၄

▪ သင်တို့၏ ပြဿနာများ၊ သဘောထားကွဲလွဲမှုများကို ပွင့်လင်းရိုးသားစွာ၊ မေတ္တာပါပါ ဖြေရှင်းကြပါ။—⁠သု. ၁၅:၂၂; ၂၀:၅; ၂၅:၁၁

▪ သင့်ကြင်ဖော်နှင့် ကြင်နာစွာ၊ ထောက်ထားညှာတာစွာ စကားပြောဆိုပါ။ ဒေါသပေါက်ကွဲခြင်း၊ မြည်တွန်တောက်တီးခြင်း၊ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခြင်းတို့ကို ရှောင်ပါ။—⁠သု. ၁၅:၁; ၂၀:၃; ၂၁:၉; ၃၁:၂၆၊ ၂၈; ဧဖက် ၄:၃၁၊ ၃၂

▪ သင့်ကြင်ဖော်သည် တာဝန်မကျေဟု သင်ခံစားရသည့်တိုင် သင့်ဘက်မှ ကျမ်းစာအကြံပေးချက်ကို နှိမ့်ချစွာကျင့်သုံးပါ။—⁠ရောမ ၁၄:၁၂; ၁ ပေတရု ၃:၁၊ ၂

▪ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဝိညာဉ်ရေးအရည်အသွေးများကို ကြိုးစားမွေးမြူပါ။—⁠ဂလာတိ ၅:၂၂၊ ၂၃; ကောလောသဲ ၃:၁၂-၁၄; ၁ ပေတရု ၃:၃-၆

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

အိမ်ထောင်အတွက် သမ္မာကျမ်းစာတွင်တွေ့ရှိရသော ဘုရားသခင်ရေးဆွဲသည့်ပုံစံပြာအတိုင်း လိုက်လျှောက်ပါ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကိုယ်ကျိုးစွန့်မေတ္တာနှင့် သစ္စာစောင့်သိမှုကို ခိုင်မာသောအုတ်မြစ် ဖြစ်စေပါ

[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]

မီးကဲ့သို့သောစမ်းသပ်မှုများကို ခံရပ်နိုင်စေသည့် ဝိညာဉ်ရေးအရည်အသွေးများကို မွေးမြူပါ

[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]

အိမ်ထောင်သာယာဖို့ ကြိုးပမ်းထိန်းသိမ်းမှု လိုအပ်