အိမ်ထောင်အစီအစဉ်သည် မုန်တိုင်းဒဏ်ခံနိုင်မည်လော
အိမ်ထောင်အစီအစဉ်သည် မုန်တိုင်းဒဏ်ခံနိုင်မည်လော
“ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲမခွာစေနှင့်။”—မဿဲ ၁၉:၆။
ခိုင်ခံ့ပုံရှိသောအိမ်များ အုတ်မြစ်ပေါ်မှတိုက်လှဲခံရသဖြင့် အဆောက်အအုံမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွား၏။ မကြာသေးမီက ကမ္ဘာ့ဒေသအတော်များများတွင် မုန်တိုင်းထန်မှုကြောင့် အဆောက်အဦများစွာ၏ အရည်အသွေးနှင့် ကြာရှည်ခိုင်ခံ့မှုတို့ စမ်းသပ်ခံရသည့်နှယ်ဖြစ်ခဲ့သည်။
မုန်တိုင်းနောက်တစ်မျိုးမှာမူ ရှေးကတည်းကရှိခဲ့သော အိမ်ထောင်အစီအစဉ်၏ အုတ်မြစ်နှင့်ဖွဲ့စည်းပုံတို့ကို အကြီးအကျယ်ပျက်ပြားစေလျက်ရှိ၏။ မိသားစုသမိုင်းပညာရှင် စတက်ဖနီခွန်ဇ်က “အိမ်ထောင်ရေးကို တစ်ဦးစီ၏ဘဝတွင်ရော၊ လူ့အသိုင်းအဝိုင်းတွင်ပါ အရေးပါသောအနေအထားမှ ဖယ်ရှားလိုက်ခြင်းကြောင့် မည်သည့်ရလဒ်ထွက်ပေါ်လာမည်ကို မသိနိုင်” ဟုဆိုသည်။
ဤကဲ့သို့ဖြစ်ပျက်လာခြင်း၏ အကျိုးဆက်များကို သင်တွေ့နေရသလော။ လူ့အဖွဲ့အစည်းတွင် အိမ်ထောင်ရေးသည် အသရေရှိသောအနေအထား၌မရှိတော့ဟု သင်ယူမှတ်သလော။ ထိုသို့ဖြစ်နေပါက အဘယ်ကြောင့်နည်း။ ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်ဖြစ်ရန် သို့မဟုတ် ဆက်လက်တည်မြဲစေရန် အဘယ်မျှော်လင့်ချက်ရှိသနည်း။ သို့သော် ဦးဆုံးအနေနှင့် အဘယ်အရာက အိမ်ထောင်ရေးကို အန္တရာယ်ပြုနေသနည်း။
တိုက်ခိုက်ခံနေရသောအိမ်ထောင်အစီအစဉ်
အိမ်ထောင်အစီအစဉ်ကို ယခုမှ စတင်တိုက်ခိုက်သည်မဟုတ်။ လူ့သမိုင်းဦးကတည်းက တိုက်ခိုက်ခဲ့သည်။ ကျွန်ုပ်တို့၏ကနဦးမိဘတွင် ဖြစ်ပေါ်လာသော စရိုက်များနှင့် သဘောထားများကြောင့် ယနေ့ အိမ်ထောင်များ ပြိုကွဲလျက်ရှိ၏။ တစ်ကိုယ်ကောင်းစိတ်ကြောင့် အာဒံနှင့်ဧဝအပြစ်ပြုခဲ့ရာ ‘အပြစ်တရားသည် ဤလောကသို့ဝင်’ လေသည်။ (ရောမ ၅:၁၂) ထိုသို့ဖြစ်ပြီးမကြာမီ “[လူ] ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိ” သည်ဟု သမ္မာကျမ်းစာ၏သမိုင်းမှတ်တမ်းက ဖော်ပြ၏။—ကမ္ဘာဦး ၆:၅။
ယင်းအခြေအနေသည် ထိုအချိန်ကတည်းက မပြောင်းလဲပါ။ အိမ်ထောင်ရေးကိုပျက်ပြားစေသော အကြံအစည်များတွင် မိမိအလိုဆန္ဒကိုသာ တစ်ကိုယ်ကောင်းဆန်ဆန် ဖြည့်ဆည်းခြင်းပါဝင်သည်။ ကိုယ်ကျင့်တရားအသစ် လွှမ်းမိုးနေသော မျက်မှောက်ခေတ်လောကတွင် အိမ်ထောင်အစီအစဉ်ကိုယ်နှိုက်ပင်လျှင် ခေတ်နောက်ကျပြီး လက်တွေ့မကျတော့ပုံ ရှိပေမည်။ ထို့ပြင် ကွာရှင်းခြင်းဆိုင်ရာဥပဒေများကို လျှော့ပေါ့လိုက်သည့်အတွက် လင်မယားကွာရှင်းခြင်းသည် ယခင်ကကဲ့သို့ ရှက်စရာမဟုတ်တော့ပေ။
လတ်တလော လိုဘပြည့်လိုသော စိတ်မရှည်နိုင်သူများသည် ကွာရှင်းခြင်း၏အကျိုးဆက်များကို ထည့်မစဉ်းစားကြချေ။ အနှောင်အဖွဲ့မရှိ လွတ်လပ်မည်ဟူသော မျှော်လင့်ချက်၏ လှည့်စားခြင်းကိုခံရပြီး ကွာရှင်းလိုက်ခြင်းဖြင့် ပျော်ရွှင်မည်ဟု သူတို့ထင်ကြသည်။
အခြားသူတို့မူ အိမ်ထောင်ရေးတွင် ဆူးကဲ့သို့သောပြဿနာများ ရင်ဆိုင်ရသည့်အခါ ကုထုံးပညာရှင်များ၊ အိမ်ထောင်ရေးအတိုင်ပင်ခံများ သို့မဟုတ် ထိုသို့သောသူတို့ ရေးသားသောစာအုပ်များ၏ အကူအညီကိုရှာယူကြသည်။ ဝမ်းနည်းစရာမှာ အိမ်ထောင်ရေး “ပညာရှင်” အချို့သည် အိမ်ထောင်ရေးကို ကာကွယ်ပေးမည့်အစား ကွာရှင်းမှုကိုအားပေးရန် ပိုကျွမ်းကျင်နေကြခြင်းဖြစ်၏။ “စံအဖြစ်ထားကြသော အိမ်ထောင်အစီအစဉ်ကို ဝေဖန်ပြောဆိုနေခြင်းသည် လူ့သမိုင်းတွင် အံ့ဩစရာကောင်းလောက်အောင် ယခု ဦးဆုံးအကြိမ်အောင်မြင်လျက်ရှိသည်။ ရာသက်ပန်ကတိကဝတ်ပြုခြင်းသည် လက်တွေ့မကျ၊ ချုပ်ချယ်ခြင်းဖြစ်သည်ဟု ‘ပညာရှင်များ’ ၏ဝေဖန်ချက်သည် တစ်ခါတစ်ရံ တိုက်ရိုက်ဖြစ်ပြီး သူတို့အတွေးအခေါ်သာဖြစ်သည်” ဟု အိမ်ထောင်ရေးကိစ္စ စာအုပ်ကဆိုသည်။
ပြောင်းလဲလာသည့်တွေးခေါ်ပုံများ
အိမ်ထောင်အစီအစဉ်၏ သဘောသဘာဝ၊ ရည်ရွယ်ချက်တို့နှင့်ပတ်သက်သော အတွေးအခေါ်များလည်း ပြောင်းလဲလာပြီ။ အိမ်ထောင်ဖက်အချင်းချင်းသစ္စာရှိပြီး ထောက်မပေးကြမည့်အစား များသောအားဖြင့် သူတို့ခင်ပွန်း နစ်နာသည့်အထိ မိမိလိုအင်ဆန္ဒပြည့်ဝရေးကို အဓိကထားကြသော ကြင်ဖော်များ တိုးများလာနေကြောင်း သင်သတိပြုမိပေမည်။ အိမ်ထောင်ရေးတွင် ဤသို့ကိုယ်ကျိုးရှာသဘောထား ရှိလာခြင်းသည် “၁၉၆၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များတွင် အရှိန်တိုးလာခဲ့သည်” ဟု အိမ်ထောင်ရေးနှင့်မိသားစုဂျာနယ် ကဆို၏။ အိမ်ထောင်ပြုရခြင်း အစဉ်အလာများဖြစ်သော မေတ္တာရှိခြင်း၊ ရင်းနှီးလိုခြင်း၊ သစ္စာစောင့်ခြင်း၊ သားသမီးရလိုခြင်း၊ အပြန်အလှန်ကျေနပ်မှုပေးခြင်းစသည်တို့ ယုတ်လျော့လာပြီ။
နိုင်ငံများစွာတွင် မကြာသေးမီက အဖြစ်အပျက်များကြောင့် အိမ်ထောင်ရေးအခြေအနေ ပိုမိုပြောင်းလဲလာသည်။ ပထမ၊ နိုင်ငံများစွာတွင် အစဉ်အလာအရ မိသားစုကိုရှာဖွေကျွေးမွေးသူ အမျိုးသားနှင့် အိမ်မှုကိစ္စစီမံသူအမျိုးသမီး၏ ကဏ္ဍများ ပြောင်းလဲလာခြင်းဖြစ်သည်။ အမျိုးသမီးများသည် လခစားလုပ်ငန်းများ ဝင်လုပ်ကိုင်လာကြရာ လင်မယားနှစ်ဦးစလုံး အလုပ်လုပ်သည့် အိမ်ထောင်အရေအတွက် သိသိသာသာတိုးများလာပြီဖြစ်သည်။ ဒုတိယ၊ တရားဝင်လက်မထပ်ဘဲ ကလေးမွေးဖွားခြင်းကို နှာခေါင်းမရှုံ့ကြတော့သည့်အတွက် ကြင်ဖော်မဲ့မိသားစုများ တိုးများလာပြီဖြစ်သည်။ တတိယ၊ လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်သူ ပိုများလာပြီဖြစ်သည်။ (“အိမ်ထောင်မင်္ဂလာလောက် မခိုင်မြဲ” လေးထောင့်ကွက်ကိုရှု။) စတုတ္ထ၊ လိင်တူအိမ်ထောင်ပြုခြင်းနှင့် ၎င်းတို့ကို တရားဝင်ဖြစ်စေရန် ဆန္ဒပြခြင်းတို့ကို နေရာအနှံ့တွင် ထောက်ခံအားပေးနေခြင်းဖြစ်သည်။ ခေတ်စားနေသော ဤအဖြစ်အပျက်များက အိမ်ထောင်ရေးအပေါ် သင့်တွေးခေါ်ပုံကို လွှမ်းမိုးသလော။
ကွာရှင်းမှုနှုန်းမြင့်တက်လာ
ကွာရှင်းမှု ရေပန်းစားလာခြင်းသည် အိမ်ထောင်ရေးကို မည်သို့ပို၍လုံးပါးပါးစေနိုင်ကြောင်းသိရှိရန် နိုင်ငံအချို့ကို သုံးသပ်ကြည့်ကြစို့။ အမေရိကန်ပြည်ထောင်စုတွင် မကြာသေးမီကထုတ်ပြန်သော အစီရင်ခံစာအရ “ကွာရှင်းသောမောင်နှံစုံ အရေအတွက်သည် ၁၉၇၀ မှ ၁၉၉၆ ခုနှစ်အတွင်း လေးဆတိုးလာသည်။” ခန့်မှန်းခြေအရ လူ ၅ ဦးတွင် ၁ ဦး၏ အိမ်ထောင်ရေးသည် ကွာရှင်းခြင်းဒဏ်ခံခဲ့ရ၏။ မည်သူတို့၏ အိမ်ထောင်များသည် အများဆုံးပြိုကွဲသနည်း။ စာရင်းဇယားများအရဆိုလျှင် ကွာရှင်းခဲ့ကြသော အိမ်ထောင်အားလုံး၏ ၆၀ ရာခိုင်နှုန်းသည် ပထမ ၁၀ နှစ်အတွင်း ကွာရှင်းခဲ့ကြ၏။
အခြားနိုင်ငံများတွင်လည်း ကွာရှင်းမှုနှုန်း မြင့်တက်လျက်ရှိသည်။ ၂၀၀၄ ခုနှစ်၌ အင်္ဂလန်နှင့် ဝေလပြည်နယ်တွင် ကွာရှင်းမှုအရေအတွက် စုစုပေါင်း ၁၅၃,၄၉၀ ရှိခဲ့သည်။ ဩစတြေးလျနိုင်ငံရှိ အိမ်ထောင်သည် ၄၀ ရာခိုင်နှုန်းသည် ကွာရှင်းလိမ့်မည်ဟု ခန့်မှန်းရ၏။ ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၀၂ မှ ၂၀၀၃ ခုနှစ် တစ်နှစ်အတွင်း၌ပင် ကွာရှင်းမှုပေါင်း ၁၆၇,၁၀၀ ရှိခဲ့ရာ ယခင်ကထက် ကွာရှင်းမှု ၂၁,၈၀၀ တိုးများလာ၏။ ဂျပန်နိုင်ငံ၌ အိမ်ထောင် ၄ ခုတွင် ၁ ခုကွာရှင်းလျက်ရှိပြီး ယခုအခါ ဥရောပ၏ကွာရှင်းမှုနှုန်းနီးပါး ရှိနေပြီဖြစ်သည်။ “တစ်ချိန်ကဆိုလျှင် အခြေအနေအဆိုးရွားဆုံးအိမ်ထောင်များသာ ကွာရှင်းကြသည်။ ယခုဆိုလျှင် ကွာရှင်းခြင်းသည် သာမန်ဘဝပုံစံဖြစ်လာပြီ” ဟု ဂျပန်ကြက်ခြေနီတက္ကသိုလ်မှ မိသားစုအကြောင်း လေ့လာသောပညာရှင်တစ်ဦးက ပြောဆိုသည်။
နိုင်ငံများစွာတွင် ရှေးဘာသာရေးအဖွဲ့များနှင့် လူမှုထုံးတမ်းစဉ်လာများက အိမ်ထောင်ရေးတည်မြဲရန် ထောက်ကူပေးခဲ့သည်။ သို့သော် ယခု ကွာရှင်းမှုကို ပိုမိုလက်ခံလာနေကြရာ ၎င်းတို့က ယင်းကို မတားဆီးနိုင်တော့ချေ။ ဥပမာ၊ အိမ်ထောင်မင်္ဂလာကို မြင့်မြတ်ရာအဖြစ်ရှုမြင်သော . . . ချာ့ခ်ျကို သုံးသပ်ကြည့်ပါ။ ၁၉၈၃ ခုနှစ်တွင် ထိုချာ့ခ်ျသည် လက်ထပ်စာချုပ်ပါ စည်းမျဉ်းများကို ပြင်လိုက်ရာ ကွာရှင်းရန် ပိုလွယ်ကူလာပြီး ထိုအချိန်မှစ၍ ကွာရှင်းမှုများ တိုးများလာလေသည်။
အိမ်ထောင်နှောင်ကြိုးများ ပြေလျော့လာကြောင်း ထင်ရှားပါသည်။ သို့သော် ထိုသို့ဖြစ်ရသည့်အကြောင်းစုံ မထင်ရှားပါ။ အမှန်မှာ လူ့ဘောင်အဖွဲ့အစည်း ပြိုလဲလာခြင်းနှင့်အတူ အိမ်ထောင်ပြိုကွဲမှု တိုးများလာခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ကို လူအများစု မသိမြင်ကြချေ။
မုန်တိုင်းနောက်ကွယ်မှအကြောင်းရင်း
ကိုယ်ကျိုးရှာခြင်းပြယုဂ် စာတန်သည် မျက်မြင်မရနည်းဖြင့် လောကကို တိုး၍သြဇာလွှမ်းမိုးနေကြောင်း သမ္မာကျမ်းစာကဆိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူ့ကို ကောင်းကင်မှ မြေကြီးဝန်းကျင်သို့ နှင်ချလိုက်၍ ပြင်းစွာအမျက်ထွက်နေသောကြောင့်ဖြစ်သည်။ သူသည် “အမင်္ဂလာ” များနိုင်သမျှများစေရန် စိတ်ဆုံးဖြတ်ထားရာ ဘုရားသခင်အစပြုသော အိမ်ထောင်ရေးအစီအစဉ်မှာ သူ၏ မလိုတမာဒေါသစိတ်ဖြင့် ပစ်မှတ်ထားသည့်အရာ တစ်ခုမျှသာဖြစ်၏။—ဗျာ. ၁၂:၉၊ ၁၂။
ကောင်းကင်မှ စာတန်နှင်ချခံရပြီး နောက်ပိုင်းအကြောင်း ယေရှုဤသို့မိန့်ဆိုခဲ့၏– “မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။” (မဿဲ ၂၄:၁၂) ထပ်တူပင် တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိ [မိသားစု] ကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” ဖြစ်ကြလိမ့်မည်။ (၂ တိမောသေ ၃:၂-၄) ဤရွံရှာဖွယ်အကျင့်စရိုက်များသည် အနည်းနှင့်အများရှိလာခဲ့သော်လည်း မကြာသေးမီက ပိုမိုသိသာထင်ရှားလာကြောင်း လူအများ အသိအမှတ်ပြုကြသည်။
အိမ်ထောင်အစီအစဉ် ပျက်စီးသွားအောင် အထပ်ထပ်ရိုက်ခတ်နေသော မုန်တိုင်းကြောင့် ကျွန်ုပ်တို့ကိုယ်ကိုကာကွယ်ရန်နှင့် တည်တံ့ပျော်ရွှင်သော အိမ်ထောင်ရေးရရှိရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
“တစ်ခါသုံးပစ္စည်းများကိုသာ သုံးလေ့ရှိသော လူ့အဖွဲ့အစည်းတွင် ပေါင်းသင်းဆက်ဆံရေးအပေါ်လည်း အလားတူသဘောထားရှိကြသည်။”စန္ဒြာ ဒေးဗီးစ်၊ မိသားစုဥပဒေပညာရှင်
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“အိမ်ထောင်မင်္ဂလာလောက် မခိုင်မြဲ”
မောင်နှံစုံများစွာသည် အိမ်ထောင်ရေး ကတိကဝတ်မပြုဘဲ ပေါင်းသင်းနေထိုင်ကြသည်။ သို့သော် ထိုသို့ပေါင်းသင်းခြင်းသည် “အိမ်ထောင်မင်္ဂလာလောက် မခိုင်မြဲ” ဟု အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ အစီရင်ခံစာတစ်စောင်က ဖော်ပြသည်။ ထိုမောင်နှံစုံအချို့သည် မိမိတို့လိုက်ဖက်ညီမညီ အကဲဖြတ်နိုင်ရန် လက်မထပ်မီ ပေါင်းသင်းနေထိုင်ကြ၏။ ဤအစီအစဉ်သည် မလိုက်ဖက်သူများကို လမ်းခွဲသွားစေ၍ အတူနေပြီးနောက်ပိုင်း လက်ထပ်ကြသူတို့၏ အိမ်ထောင်ရေးကို သာယာစေသလော။ အိမ်ထောင်ရေးနှင့်မိသားစုဂျာနယ်
ကဤသို့ဆိုသည်– “အိမ်ထောင်သည်များအနက် လက်မထပ်မီ ပေါင်းသင်းနေထိုင်သူများ၏ အိမ်ထောင်ရေးသည် သာယာမှုလျော့နည်းပြီး . . .၊ အိမ်ထောင်ရေးပြဿနာပိုများကြောင်း သတင်းရရှိသည်။ . . . ထို့ပြင် အိမ်ထောင်ပြိုကွဲရန်အကြောင်းလည်း ပိုများသည်။”
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အသက်ရှည်ခြင်းနှင့်အိမ်ထောင်ရေးအစီအစဉ်
ယနေ့ လူတို့သည် အသက်ပိုရှည်ကြ၏။ ယင်းသည် တစ်နည်းအားဖြင့် သတင်းကောင်းဖြစ်သည့်တိုင် အိမ်ထောင်ရေးတွင် ဖိစီးမှုပိုများစေသည်။ ရှေးအချိန်က သေခြင်းဖြင့်သာ အိမ်ထောင်ပြတ်စဲကြသော်လည်း ယနေ့ ကွာရှင်းမှုဖြင့် ရပ်စဲနေကြသည်။ ဂျပန်နိုင်ငံမှ အိမ်ထောင်သက်တမ်းကြာ အမျိုးသမီးများ၏ ထူးဆန်းသော အိမ်ထောင်ရေးရောဂါတစ်ခုကို သုံးသပ်ကြည့်ပါ။ ဝါရှင်တန်ပို့စ် သတင်းစာအရ ထိုရောဂါကို ပညာရှင်အချို့က “ယောက်ျားအငြိမ်းစားယူခြင်းရောဂါ” ဟုအမည်ပေးခဲ့သည်။ အိမ်ထောင်သက်တမ်း အနှစ် ၄၀ ရှိသော ဇနီးသည်တစ်ဦးက သူ၏ခင်ပွန်းသည် အငြိမ်းစားယူချိန်တွင် ဤသို့စဉ်းစားခဲ့ကြောင်း ပြန်ပြောပြ၏– “အခု ကျွန်မ သူကို့ ကွာရှင်းရတော့မယ်။ သူအလုပ်ကပြန်လာတဲ့အခါ သူ့အတွက် ဝေယျာဝစ္စလုပ်ပေးရတာတောင် တော်တော်စိတ်ပျက်ဖို့ကောင်းပြီ။ အခု အိမ်မှာတစ်ချိန်လုံး သူရှိနေမယ်ဆိုတော့ ကျွန်မ သည်းခံနိုင်တော့မှာမဟုတ်ဘူး။”