မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတစ်ဦး၏ ယုံကြည်ချက်

ကလေးတစ်ဦး၏ ယုံကြည်ချက်

ကလေးတစ်ဦး၏ ယုံကြည်ချက်

ဒတ်စ်တင်သည် ယေဟောဝါသက်သေတစ်ဦးနှင့် သူ၏မိခင် ကျမ်းစာသင်ချိန်များတွင် တစ်ခါတစ်ရံ ပါဝင်နားထောင်သည်။ သူသည် ၁၁ နှစ်သာရှိသေးသော်လည်း နက်နက်နဲနဲစဉ်းစားတတ်ပြီး မေးခွန်းများစွာ မေးတတ်သည်။ မကြာမီ သူ၏မိခင်ကို ကျမ်းစာသင်ပေးသော တစ်ချိန်က ခရစ်ယာန်သာသနာပြုဖြစ်သူအား မိမိကိုပါ ကျမ်းစာသင်ပေးရန် တောင်းဆိုလေသည်။ ထို့နောက် ကျောင်းနေဖက်များအား သူသိရှိလာရာများကို ပြောပြလေသည်။

ဒတ်စ်တင်သည် ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများ တက်ရောက်ပြီး ပါဝင်ဖြေဆိုလာသည်။ သူ၏မောင်နှမများနှင့်အတူ ဖခင်အိမ်သို့ သွားလည်သည့်အခါ သူတို့အားလုံး ချာ့ခ်ျသွားရန် ဖခင်က တိုက်တွန်းခဲ့သည်။ သို့သော် ဒတ်စ်တင်က ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ အဘယ်ကြောင့် သူသွားလိုကြောင်း ပြောပြသောအခါ ဖခင်က ခွင့်ပြုလိုက်သည်။

အစည်းအဝေးတက်ပြီး တစ်ညနေတွင် မိခင်သည် ဒတ်စ်တင်ကို ရှာမတွေ့ချေ။ မိခင်နှင့်မတိုင်ပင်ဘဲ သူ့ဘာသာ သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူးထံ သွား၍ ကျောင်းတွင်ပါဝင်လိုကြောင်း တောင်းဆိုခဲ့သည်။ ထိုအကြောင်း မိခင်ကြားသိသည့်အခါ သဘောတူလိုက်သည်။ ထို့နောက် ဒတ်စ်တင်သည် ပထမဆုံး ဟောပြောချက်တာဝန်ရမည့်အချိန်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေ၏။ သို့သော် ထိုအချိန်တွင် သူ၏တင်ပါး အလွန်အမင်းနာကျင်လာရာ ဆရာဝန်များထံသွားပြီး စမ်းသပ်စစ်ဆေးခဲ့ရသည်။ နောက်ဆုံး၌ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဒတ်စ်တင် ဟောပြောချက်ပေးရမည့်အချိန်လည်း ရောက်လာလေသည်။ ထိုအချိန်တွင် သူ့ခမျာ ချိုင်းထောက်သုံးနေရ၏။ သို့သော် စင်မြင့်ပေါ်သို့ ချိုင်းထောက်မပါဘဲ ကြိုးစားတက်သွားသည်။

များမကြာမီ ဒတ်စ်တင်သည် အရိုးကင်ဆာတစ်မျိုးဖြစ်သော ယူဝင်းဆာကိုမာရောဂါဖြစ်နေကြောင်း သိရှိခဲ့ရသည်။ ၎င်းနောက် ကယ်လီဖိုးနီးယားပြည်နယ်၊ စဲန်ဒယေးဂိုးကလေးဆေးရုံတွင် တစ်နှစ်လုံးနီးပါးနေခဲ့ရပြီး ဓာတုကုထုံးဖြင့် ကုသမှုခံယူ၍ ဓာတ်ကင်ရ၏။ နောက်ဆုံး၌ သူ၏ညာခြေထောက်ဖြတ်ပစ်၍ တင်ပါးဆုံအရိုးကို ခွဲထုတ်ရသော်လည်း ယေဟောဝါအပေါ် သူ၏ခိုင်မာသောယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာမှာ စိုးစဉ်းမျှ လျော့မသွားခဲ့ချေ။ သူသည် စာမဖတ်နိုင်တော့သည့်အခါ သူ၏အနားတွင်အမြဲရှိနေသော မိခင်က စာဖတ်ပေးခဲ့သည်။

ဒတ်စ်တင်၏အခြေအနေမှာ ဆိုးသည်ထက်ဆိုးလာသော်လည်း တစ်ခါမျှ မညည်းတွားခဲ့ချေ။ သက်သေခံလူနာတစ်ဦးအပါအဝင် အခြားလူနာများနှင့် သူတို့၏မိဘများထံ သူ၏ဘီးတပ်ကုလားထိုင်နှင့်သွား၍ အားပေးစကားပြောလျက် အလုပ်များနေ၏။ ဒတ်စ်တင်နှင့် ထိုသက်သေခံလူနာတစ်ဦးသည် အခြားလူနာများနှင့်မတူ၊ သူတို့၏ယုံကြည်ချက်ကြောင့် ဝေဒနာကို ခံရပ်နိုင်ကြကြောင်း ဆေးရုံအမှုထမ်းများမြင်သည်။

ဒတ်စ်တင်သည် နှစ်ခြင်းခံလိုသောကြောင့် ဆိုဖာပေါ် သူလဲလျောင်းနေစဉ် ခရစ်ယာန်အကြီးအကဲများနှင့် နှစ်ခြင်းခံမည့်သူများအတွက် မေးခွန်းများ ဆွေးနွေးခဲ့သည်။ ၂၀၀၄၊ အောက်တိုဘာ ၁၆ ရက်နေ့၌ အသက် ၁၂ နှစ်ခွဲအရွယ်တွင် ဒတ်စတင်သည် တိုက်နယ်စည်းဝေးပွဲတစ်ခု၌ နှစ်ခြင်းခံခဲ့၏။

နှစ်ခြင်းဟောပြောချက် စတော့မည့်အချိန်တွင် ဒတ်စ်တင်ကို နှစ်ခြင်းခံမည့်သူများထိုင်သည့်နေရာသို့ ဘီးတပ်ကုလားထိုင်နှင့် ပို့ဆောင်ပေးခဲ့ကြသည်။ အားလုံးမတ်တတ်ရပ်ကြရသည့်အချိန်တွင် ဒတ်စ်တင်သည် ကုလားထိုင်ကိုအားပြုကာ သူ၏ခြေထောက်တစ်ဖက်နှင့် မတ်တတ်ရပ်ခဲ့သည်။ နှစ်ခြင်းမေးခွန်းများကို ကျယ်လောင်ပြတ်သားစွာ ဖြေဆို၏။ ထိုအချိန်တွင် ဒတ်စ်တင်၏ဖခင်နှင့် သူ၏မိထွေးအပါအဝင် မိသားစုအားလုံးရှိနေသည်။ ထို့ပြင် ဆေးရုံအမှုထမ်းများနှင့် ကင်ဆာရောဂါသည်ကလေးများ၏ မိဘများလည်း ရောက်ရှိနေကြသည်။

ဒတ်စ်တင် နှစ်ခြင်းခံပြီး နောက်တစ်နေ့တွင် ဆေးရုံပြန်တက်ရသည်။ အရိုးရှိသမျှကို ကင်ဆာကူးစက်နေပြီဖြစ်၏။ သူသည် တဖြည်းဖြည်းအားနည်းလာပြီး မကြာမီ သေရတော့မည်ကို ရိပ်မိသည့်အခါ မိခင်အား မိမိသေတော့မည်လောဟု မေးခဲ့သည်။ မိခင်က “ဘာဖြစ်လို့မေးတာလဲ သား။ သေရမှာကို ကြောက်လို့လား” ဟုပြန်မေး၏။

သူက “မကြောက်ပါဘူး။ ကျွန်တော် မျက်စိမှိတ်လိုက်ရုံပဲ။ ရှင်ပြန်ထမြောက်လာတဲ့အခါ တစ်စက္ကန့်လောက်ကပဲ မျက်စိမှိတ်လိုက်တာနဲ့တူလိမ့်မယ်။ အဲ့ဒီအခါ ကျွန်တော် နာကျင်တော့မှာ မဟုတ်ဘူး။ ကျွန်တော့်မိသားစုအတွက်ပဲ စိုးရိမ်နေတာ” ဟုဒတ်စ်တင်ရှင်းပြသည်။

ထို့နောက် တစ်လအကြာတွင် ဒတ်စ်တင် ကွယ်လွန်သွား၏။ သူ၏ဈာပနအခမ်းအနားကို သူ၏မိသားစုအားလုံးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံအမှုထမ်းများ၊ ဆရာ/ဆရာမများ၊ အိမ်နီးချင်းများ၏မိသားစုများပါ တက်ရောက်ခဲ့ကြသည်။ မိမိ၏အောက်မေ့ရာအခမ်းအနား တက်ရောက်သူအားလုံးကို မိမိ၏ ယုံကြည်ချက်အကြောင်း ကောင်းစွာသက်သေခံပေးပါရန် ဒတ်စ်တင် ကြိုတင်တောင်းဆိုထားသည်။ ဒတ်စ်တင်အား ကျောင်းသားတာဝန် တစ်ကြိမ်သာ ချပေးနိုင်ခဲ့သည့် သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူးသည် ပြည့်ကျပ်နေသောပရိသတ်ကို ယုံကြည်ခြင်းခိုင်ခံ့စေသည့် အလွန်ကောင်းသော ဟောပြောချက်ပေးခဲ့သည်။

ဒတ်စ်တင်အကြိုက်ဆုံး ကျမ်းချက်နှစ်ချက်ဖြစ်သည့် မဿဲ ၂၄:၁၄ နှင့် ၂ တိမောသေ ၄:၇ ကိုပုံနှိပ်ပြီး တက်ရောက်လာကြသူများအား ဝေပေးခဲ့သည်။ သူ၏ခိုင်မာသောယုံကြည်ချက်နှင့် သမာဓိသည် သူ့ကိုသိရှိသူအားလုံးအတွက် အားပေးမှုဖြစ်ခဲ့သည်။ ဒတ်စ်တင် ရှင်ပြန်ထမြောက်လာသည့်အခါ သူ့ကိုကြိုဆိုဖို့ စောင့်မျှော်နေကြမည်။—⁠ဒတ်စ်တင်အား ကျမ်းစာသင်ပေးခဲ့သော ယေဟောဝါသက်သေ ပြောပြသည်။

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

“ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။”—⁠၂ တိမောသေ ၄:၇

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အပေါ်ပုံ– ဒတ်စ်တင် ကျန်းမာရေးကောင်းစဉ်က

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အောက်ပုံ– ဒတ်စ်တင် အသက် ၁၂ ခွဲအရွယ်တွင် နှစ်ခြင်းခံခဲ့