မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော် ‘ဒရယ်ကဲ့သို့ခုန်’ မည်

ကျွန်တော် ‘ဒရယ်ကဲ့သို့ခုန်’ မည်

ကျွန်တော် ‘ဒရယ်ကဲ့သို့ခုန်’ မည်

ဖရန်ချက်စ္စကို အဗာတမာကို ပြောပြသည်

“ဘုရားသခင် ဘာကြောင့် ဒီလိုဖြစ်ခွင့်ပေးတာလဲ။ ငါ့ကျမှဘာကြောင့်ဖြစ်ရတာလဲ။” ဒီမေးခွန်းတွေကို ကျွန်တော်တမေးတည်းမေးနေမိတယ်! ခြေတွေ၊ လက်တွေမလှုပ်နိုင်ဘဲတစ်သက်လုံး ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရမယ့်အဖြစ်ကို ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး။

အချိန်ကတော့ ၁၉၆၂ ခုနှစ်ဖြစ်ပြီး အီတလီနိုင်ငံ၊ ဘာစီလီကာတာဒေသက မြို့လေးတစ်မြို့မှာ ကျွန်တော့်ကိုမွေးတယ်။ ဒါပေမဲ့ မွေးတဲ့နေ့မှာပဲ ကျွန်တော်သေတော့မလို့။ ကျွန်တော့်ကို အမေ ခက်ခက်ခဲခဲမွေးခဲ့ရတယ်၊ မွေးပြီးသွားတော့ ဆရာဝန်က ဘေးထွက်ဆိုးကျိုးပြင်းတဲ့ဆေးတွေ ထိုးပေးလိုက်တယ်။ သုံးရက်ကြာတော့ ကျွန်တော် တစ်ကိုယ်လုံး အကြောဆွဲလာတယ်။ ကျွန်တော့်လက်တွေ၊ ခြေတွေသေသွားပြီး အသံကြိုးကို ထိခိုက်သွားတယ်။

ကျွန်တော် အရွယ်ရောက်လာတာနဲ့အမျှ ကိုယ့်အခြေအနေကို အလိုမကျဖြစ်ပြီး စိတ်ပျက်လာမိတယ်။ စိတ်တိုနေတတ်ပြီး အနားမှာရှိတဲ့လူတွေကို ဒေါသတကြီး မာန်မဲလာတတ်တယ်။ တစ်လောကလုံးက ကျွန်တော့်ကို ပထုတ်ထားတယ်လို့ခံစားရပြီး ဘဝအဓိပ္ပာယ်မရှိသလိုပဲ။ အသက် ၂၅ နှစ်ရောက်တော့ စိတ်ဓာတ်ချုံးချုံးကျသွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို ဘာကြောင့် ဒီလိုဖြစ်ခွင့်ပေးတယ်ဆိုတာ နားမလည်တဲ့အတွက် ဖြစ်နိုင်ချေရှိတာကတော့ ဘုရားသခင်မရှိလို့နေမှာပဲဆိုပြီး ကောက်ချက်ချလိုက်တယ်။

အမြင်သစ်

၁၉၈၇ ခုနှစ်အကုန်ပိုင်း တစ်မနက်ခင်းမှာ ကျွန်တော်အိမ်ပြင်မှာ ထိုင်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ လူနှစ်ယောက် ကျွန်တော့်အနားကို ရောက်လာတယ်။ ကျွန်တော့်အစ်ကိုဆီ လာကြတယ်မှတ်လို့ ကျွန်တော်က အစ်ကိုအိမ်မှာမရှိဘူးဆိုပြီး မနည်းကြိုးစားပြောလိုက်တယ်။ “ကျွန်တော်တို့က ခင်ဗျားနဲ့စကားပြောချင်လို့ပါ” တဲ့။ အံ့အားသင့်စရာပဲ၊ ကျွန်တော်နဲ့ စကားပြောချင်တဲ့လူက သိပ်ရှိတာမဟုတ်ဘူး။

“ခင်ဗျား ဘုရားသခင်ကို ယုံသလား” ဆိုပြီး သူတို့မေးတယ်။ “ကျွန်တော့်လိုအခြေအနေနဲ့ ဘယ်လိုလုပ်ပြီး ယုံနိုင်မှာလဲ” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တယ်။ စကားစမြည်ပြောကြည့်တော့ သူတို့က ယေဟောဝါသက်သေတွေဖြစ်မှန်း ကျွန်တော်သိလိုက်ရတယ်။ အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော * [လိပ်] ဆိုတဲ့ စာအုပ်တစ်အုပ်ပေးဖတ်တော့ ကျွန်တော်အင်တင်တင်နဲ့ ယူထားလိုက်တယ်။ သူတို့ပြန်လာမယ်လို့ပြောသွားတယ်။ ပြန်မလာရင်တော့ ကောင်းမယ်။

သက်သေခံနှစ်ယောက်က ကတိအတိုင်းပြန်လာတာနဲ့ ကျွန်တော်တို့ စကားလက်ဆုံပြောဖြစ်ပြန်တယ်။ ကျွန်တော့်ကို သူတို့ဖတ်ပြတဲ့ကျမ်းချက်တွေကို မှတ်မိသေးတယ်၊ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်” ဆိုတဲ့ ဟေရှာယ ၃၅:၅၊ ၆ ဖြစ်တယ်။ စာသားတွေကတော့ စိတ်ချမ်းမြေ့စရာကောင်းပေမဲ့ ကျွန်တော့်ရဲ့လက်တွေ့ဘဝနဲ့တော့ တခြားစီပဲ။ ဒရယ်လိုခုန်ဖို့မပြောနဲ့ ကျွန်တော် မတ်တတ်တောင်မရပ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ကျမ်းစာလေ့လာကြည့်ဖို့ သဘောတူလိုက်တယ်၊ ကျွန်တော့်ရဲ့ပြဿနာတွေကို ကျမ်းစာက ကူညီဖြေရှင်းပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မသန်မစွမ်းဘဝကနေ လွတ်မြောက်မယ်ဆိုတာ ဖြစ်နိုင်ပုံမရတဲ့ မျှော်လင့်ချက်ပဲ။

သိပ်မကြာခင် သက်သေခံတွေက သူတို့ရဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုကို လာတက်ကြည့်ဖို့ဖိတ်တယ်။ အဲဒီတုန်းက ဘာအကြောင်းဟောပြောတယ်ဆိုတာ ကျွန်တော်မမှတ်မိတော့ဘူး၊ ဒါပေမဲ့ သက်သေခံတွေရဲ့ လှိုက်လှဲပျူငှာမှုနဲ့ သူတို့မေတ္တာပြပုံကိုတော့ ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ကျွန်တော့်ကို သနားစိတ်တွေယိုဖိတ်နေကြမယ့်အစား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတယ်။ ကျွန်တော့်အတွက်နေရာမှန်က ဘုရားသခင့်နိုင်ငံတော်ခန်းမပဲဆိုတာ အဲဒီတနင်္ဂနွေနေ့မှာ ကျွန်တော်သိခဲ့ရလို့ အစည်းအဝေးတွေကို မှန်မှန်စတက်ခဲ့တယ်။

ကျော်ဖြတ်ရမည့်အတားအဆီး

သမ္မာကျမ်းစာကိုလေ့လာခြင်းဟာ ကျွန်တော့်ကို မယုံနိုင်လောက်အောင် အကျိုးပြုခဲ့တယ်။ ညှိုးနွမ်းနေတဲ့အပင်တစ်ပင်က တစ်ခါပြန်စိမ်းစိုပြီး ပင်ရည်စီးထွက်လာသလိုပဲ။ ညှိုးနွမ်းပျောက်ကွယ်သွားပြီလို့ထင်ခဲ့တဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေ ပြန်ပေါ်လာတယ်။ တစ်ခါပြန်ပြီး စိတ်လှုပ်ရှားတက်ကြွလာတာ ဝမ်းသာစရာပဲ! ကျွန်တော်သိထားတဲ့ အံ့ဖွယ်မျှော်လင့်ချက်အကြောင်းကို တခြားသူတွေကို ပြန်ပြောပြချင်တယ်။ (မဿဲ ၂၄:၁၄) ဒါပေမဲ့ ကျွန်တော် ဘယ်လိုစဟောရပါ့မလဲ။ ကျွန်တော့်ရဲ့ဆန္ဒကို ယေဟောဝါထံ ပြောပြပြီး လမ်းဖွင့်ပေးပါလို့ အသည်းအသန်ဆုတောင်းခဲ့တယ်။

၁၉၉၁ ခုနှစ်၊ စက်တင်ဘာလမှာ ရှေ့ဆောင် (အချိန်ပြည့်ဧဝံဂေလိဟောပြောသူ) တစ်ယောက် ကျွန်တော်တို့အသင်းတော်မှာ တာဝန်ကျတယ်။ တစ်နေ့ သူ့အိမ်မှာရှိနေတုန်း ဟောပြောချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကို ဖွင့်ပြောပြလိုက်တယ်။ ကျွန်တော် စကားကောင်းကောင်းမပြောနိုင်တဲ့အတွက် လက်နှိပ်စက်နဲ့ စာတွေရေးဖို့ ကျွန်တော်တို့ဆွေးနွေးကြတယ်။ အကြောသေနေတဲ့လက်တွေက အတားအဆီးတစ်ခုပဲ။ အဲဒီရှေ့ဆောင်ရဲ့အကူအညီနဲ့ အမျိုးမျိုးစမ်းသပ်ကြည့်တယ်။ ခဲတံကို ပါးစပ်နဲ့ကိုက်ပြီး လက်နှိပ်စက်ခလုတ်တွေကို ရိုက်ကြည့်တယ်။ ပြီးတော့ တုတ်ချောင်းလေးတပ်ထားတဲ့ ဦးထုပ်ကိုဆောင်းပြီး ခလုတ်တွေကို ရိုက်ကြည့်ပြန်တယ်။ တစ်ခုမှ အလုပ်မဖြစ်ဘူး။

နောက်ပိုင်း အဲဒီအကြောင်းပြောဆိုဆွေးနွေးနေတုန်း ရှေ့ဆောင်ညီအစ်ကိုက “ခင်ဗျားမှာ သိပ်ကောင်းတဲ့နှာခေါင်းရှိတာပဲ” လို့ နောက်တောက်တောက်ပြောလိုက်တယ်။ ချက်ချင်းပဲ ကျွန်တော့်ရဲ့နှာခေါင်းနဲ့ စမ်းရိုက်ကြည့်တော့ အလုပ်ဖြစ်သားပဲ။ နောက်ဆုံးတော့ ကျွန်တော်စာရေးနိုင်ပြီ။ ကျွန်တော့်နှာခေါင်းနဲ့ စာလုံးပေါင်းအမှားတွေပြင်ဖို့ ဘယ်လောက်အားထုတ်ရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ကွန်ပျူတာနဲ့ဆို ပိုပြီးအဆင်ပြေမယ်ဆိုတာ မကြာခင် ကျွန်တော်တို့ သတိထားမိတယ်။ ဒါပေမဲ့ ကွန်ပျူတာဝယ်ဖို့ငွေကို ကျွန်တော်ဘယ်လိုရနိုင်ပါ့မလဲ။ အခွင့်သာတဲ့အချိန်ကိုစောင့်ပြီး ကျွန်တော့်မိဘတွေကို ပြောကြည့်တယ်။ သိပ်မကြာပါဘူး၊ ကွန်ပျူတာနဲ့ ကျွန်တော် စာတွေရေးနေပြီ။

ကျွန်တော့်ဆန္ဒပြည့်ခဲ့

ဦးဆုံး ကျွန်တော့်ဆွေမျိုးမိတ်သင်္ဂဟတွေဆီကို၊ အဲဒီနောက် ကျွန်တော်တို့မြို့နဲ့ အနီးတစ်ဝိုက်မြို့ကလူတွေဆီကို စာရေးခဲ့တယ်။ မကြာခင် အီတလီနိုင်ငံ ဒေသအရပ်ရပ်မှာရှိတဲ့လူတွေနဲ့ ကျွန်တော်စာပေးစာယူလုပ်တယ်။ ပြန်စာရတိုင်း ပြောမပြနိုင်အောင် ဝမ်းသာမိတယ်။ ၁၉၉၁၊ ဒီဇင်ဘာလမှာ ကျွန်တော်ဟာ နှစ်ခြင်းမခံရသေးတဲ့ သတင်းကောင်းကြေညာသူတစ်ယောက် ဖြစ်လာခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်မှာ ပတ်စဉ်ကျင်းပတဲ့ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာလည်း ကျွန်တော်စာရင်းပေးသွင်းခဲ့တယ်။ ဟောပြောချက်ပေးဖို့ တာဝန်ရတဲ့အခါ ကွန်ပျူတာနဲ့ အသေအချာပြင်ဆင်တယ်။ အစည်းအဝေးကျရင် ကျွန်တော်ပြင်ဆင်ထားတာကို မိတ်ဆွေတစ်ယောက်က စင်မြင့်ပေါ်ကနေ ဖတ်ပေးတယ်။

ကျွန်တော့်ကိုမေတ္တာပြတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်စိတ်တိုးလာတာနဲ့အမျှ ဝိညာဉ်ရေးတိုးတက်မှု နောက်တစ်ဆင့်အနေနဲ့ ဘုရားသခင်ထံ အပ်နှံပြီး နှစ်ခြင်းခံချင်လာတယ်။ ရဲဆေးတင်ပြီး ကျွန်တော့်ဆန္ဒကို မိဘတွေကို ပြောပြတယ်။ သူတို့က လိုလိုလားလားမရှိဘူး၊ ဒါပေမဲ့ ကြောက်စိတ်ထက် ကျွန်တော်နှစ်ခြင်းခံချင်တဲ့ဆန္ဒက ပိုပြင်းပြခဲ့တယ်။ ယေဟောဝါနဲ့ သက်သေခံချင်းတွေရဲ့အကူအညီနဲ့ ၁၉၉၂၊ ဩဂုတ်လမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်နှစ်ခြင်းယူတဲ့အစီအစဉ်ကို ကျွန်တော့်အစ်ကိုနဲ့မရီး လာတက်ကြလို့ အတော်လေးပျော်ခဲ့ရတယ်။

အတွေးအခေါ်ပြောင်းလဲမှုများ

ကျမ်းစာမူတွေကို တဖြည်းဖြည်း နားလည်လာတာနဲ့အမျှ ကျွန်တော့်ရဲ့ဉာဉ်ဆိုးတွေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာ သိလာတယ်။ မသန်မစွမ်းမှုကြောင့် တစ်ကိုယ်ကောင်းစိတ်ဝင်နေတာ ကျွန်တော်ရိပ်မိတယ်။ အဲဒီအားနည်းချက်တွေကို ကြိုးစားဖျောက်ဖျက်ခဲ့ရတယ်။ မာန်စွယ်ချိုးဖို့၊ တခြားသူတွေကို မှီခိုနေရလို့ အမြဲအားမလိုအားမရဖြစ်နေတဲ့စိတ်ကို တိုက်ထုတ်ဖို့ လိုနေတယ်။

ကိုယ့်ကိုယ်ကိုသနားတဲ့စိတ်နဲ့ ငါ့ကျမှ အဖြစ်ဆိုးလိုက်တာဆိုတဲ့ အတွေးတွေကိုလည်း ဖျောက်ဖို့ကြိုးစားခဲ့ရတယ်။ အခြေအနေတချို့ကို ဟာသအမြင်နဲ့ ကြည့်လိုက်တယ်။ တစ်နေ့ ကျွန်တော်တစ်အိမ်တက်ဆင်း ဟောပြောဖို့သွားတော့ ကလေးမလေးတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ ကျွန်တော်နဲ့အတူပါတဲ့ သက်သေခံတစ်ယောက်က မိဘတွေ အိမ်မှာရှိသလားဆိုပြီး မေးတယ်။ ကလေးမလေးက “မေမေ၊ ဒီမှာလူနှစ်ယောက်နဲ့ လူနာတစ်ယောက်ရောက်နေတယ်” ဆိုပြီးအော်ပြောလိုက်တယ်။ ကျွန်တော့်ကိုတွေ့တော့ အမေဖြစ်သူက အားနာလွန်းလို့ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်က “တကယ်တော့ လူနာနှစ်ယောက်နဲ့ လူကောင်းတစ်ယောက်ပါ” ဆိုပြီးပြောလိုက်တယ်။ ကျွန်တော်တို့အားလုံး ပြုံးလိုက်ကြပြီး စကားလက်ဆုံပြောဖြစ်ခဲ့တယ်။

သာ၍အပြည့်အဝ အမှုထမ်းလိုသောဆန္ဒ

နှစ်ခြင်းခံပြီးတဲ့နောက် ဟောပြောခြင်းလုပ်ငန်းမှာ လစဉ် နာရီ ၆၀ ပါဝင်ရတဲ့ အရန်ရှေ့ဆောင်အဖြစ် ကိုးလကြာ အမှုဆောင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကျွန်တော် အမှုဆောင်ချင်တယ်။ သိပ်မကြာခင် မှန်မှန်ရှေ့ဆောင်စလုပ်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပိုပေးခဲ့တယ်။ ရှေ့ဆောင်လုပ်ခါစ လတွေမှာ မလွယ်လှဘူး။ သူတို့အိမ်ပေါက်ဝမှာ ကျွန်တော့်ကိုတွေ့ရင် ပိုက်ဆံလာတောင်းတာလို့ လူအများက ယူဆကြတယ်၊ အဲဒါက ကျွန်တော်နဲ့ ကျွန်တော့်တွဲဖက်သက်သေခံကို စိတ်ကသိကအောက်ဖြစ်စေတယ်။

အသင်းတော်က လူတွေကလည်း ကျွန်တော့်စကားကို နားလည်ဖို့အခက်တွေ့ကြပြီး ကျွန်တော့်ကို ဘယ်လိုကူညီပေးရမှန်း မသိကြဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ထောက်မမှုနဲ့ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေရဲ့ ကိုယ်ကျိုးမဖက်တဲ့အကူအညီတွေကြောင့် သိပ်မကြာခင် အခြေအနေတိုးတက်လာတယ်။ အခုတော့ လူတွေက ကျွန်တော့်ကို ဘီးတပ်ကုလားထိုင်ပေါ်က လူတစ်ယောက်အဖြစ်လောက်သာ မဟုတ်တော့ဘဲ ဘုရားသခင့်ရည်ရွယ်ချက်တွေကို တခြားသူတွေသိရှိလာစေဖို့ ကူညီပေးနေတဲ့ ယေဟောဝါသက်သေတစ်ယောက်အဖြစ် မြင်လာကြပြီ။

၁၉၉၄၊ ဇူလိုင်လမှာ နှစ်ပတ်ကြာတဲ့ ရှေ့ဆောင်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်နိုင်ခဲ့တယ်။ အဲဒီသင်တန်းမှာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လမ်းညွှန်ပေးတဲ့ ကျမ်းစာမူတွေကို လေ့လာခဲ့ရတယ်။ လယ်ကွင်းအမှုဆောင်မှာလည်း လက်တွေ့သင်တန်းဆင်းခဲ့ရတယ်။ သင်တန်းကျင်းပတဲ့နေရာက ကျွန်တော်နေတဲ့နေရာနဲ့ မိုင် ၄၀ လောက်ဝေးတဲ့အတွက် တက်ရောက်နိုင်ဖို့ တော်တော်လေးကြိုးစားခဲ့ရတယ်။ တခြားနေရာမှာ ကျွန်တော်ညအိပ်ဖို့ မဖြစ်နိုင်တာကြောင့် သက်သေခံတွေက ကျွန်တော့်အိမ်ကို အလှည့်ကျကြိုပို့ကြတယ်။ နေ့လယ်စာစားချိန်ကျရင် အားလုံးစုပြီးအစာစားတဲ့ ဒုတိယအထပ်ကို ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို ချီသွားတယ်။

ကြီးလေးသောတာဝန်

၂၀၀၃၊ မတ်လမှာ အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် ကျွန်တော်ခန့်အပ်ခံရတယ်။ အဲဒီတာဝန်ကြောင့် တခြားသူတွေအတွက် ကျွန်တော်ပိုပြီး ကြိုးစားလုပ်ဆောင်ရတော့မယ်။ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” လို့ဆိုတဲ့အခါ ယေရှုဘာကိုဆိုလိုတယ်ဆိုတာ အခု ကျွန်တော်ကောင်းကောင်းသဘောပေါက်ပြီ။ (တမန်တော် ၂၀:၃၅ကဘ) ချီးမွမ်းစရာကောင်းတဲ့ အကြီးအကဲအဖွဲ့တစ်ဖွဲ့နဲ့ ကျွန်တော်တွဲအလုပ်လုပ်တယ်၊ သူတို့က ကျွန်တော်တာဝန်ကျေပွန်ဖို့ ဝိုင်းဝန်းကူညီပေးကြတယ်။ အသင်းတော်တစ်ခုလုံးက၊ အထူးသဖြင့် လူငယ်တွေက ကျွန်တော့်ကို တန်ဖိုးထားကြပြီး သူတို့လုပ်ဆောင်မှုတွေမှာ ကျွန်တော့်ကိုပါဝင်စေကြတယ်။ ယေဟောဝါကိုဝတ်ပြုဖို့ ကျွန်တော်ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့သိမြင်ကြတော့ သူတို့ပြဿနာတွေကြုံတဲ့အခါ ကျွန်တော့်ကို အကူအညီတောင်းကြတယ်။

လူတစ်ယောက်ရဲ့ ရုပ်ပိုင်းအခြေအနေဟာ ပျော်ရွှင်မှုအတွက် အရေးမပါလှဘူးဆိုတာ ကျွန်တော်သိခဲ့ရပြီ။ အရေးအပါဆုံးကတော့ ယေဟောဝါရဲ့မျက်နှာသာတော်ရရှိပြီး ကိုယ်တော့်အလိုတော် ဆောင်နေဖို့ပဲ။ မကြာခင် ဘီးတပ်ကုလားထိုင် သုံးစရာမလိုတော့မယ့် အံ့ဖွယ်မျှော်လင့်ချက်အတွက် ကိုယ်တော့်ကို အထူးကျေးဇူးတင်ပါတယ်။ “ဒရယ်ကဲ့သို့ခုန်” ရမယ့်အချိန်နဲ့ စစ်မှန်တဲ့ဘုရားသခင်ကို ထာဝစဉ်ဝတ်ပြုကိုးကွယ်ရမယ့်အချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။—⁠ဟေရှာယ ၃၅:၅၊ ၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]

အခုတော့ လူတွေက ကျွန်တော့်ကို ဘီးတပ်ကုလားထိုင်ပေါ်က လူတစ်ယောက်အဖြစ်လောက်သာ မဟုတ်တော့ဘဲ ဘုရားသခင့်ရည်ရွယ်ချက်တွေကို တခြားသူတွေသိရှိလာစေဖို့ ကူညီပေးနေတဲ့ ယေဟောဝါသက်သေတစ်ယောက်အဖြစ် မြင်လာကြပြီ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ကျွန်တော့်နှာခေါင်းနဲ့ စာရိုက်ပြီး အသင်းတော်အစည်းအဝေးအတွက် ပြင်ဆင်နေ