မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တန်ဖိုးအရှိဆုံးအရည်ကား အဘယ်နည်း

တန်ဖိုးအရှိဆုံးအရည်ကား အဘယ်နည်း

တန်ဖိုးအရှိဆုံးအရည်ကား အဘယ်နည်း

“သယ်ယူပို့ဆောင်ရေးတွင် ရေနံသည်အရေးပါသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုတွင် သွေးသည် အရေးပါသည်။”—ဒါရိုက်တာအာသာကက်ပလင်၊ ဆေးပညာဆိုင်ရာကျင့်ဝတ်ဌာန၊ ပဲင်စီလ်ဗေးနီးယားတက္ကသိုလ်။

ရေနံ။ ယင်းသည် တန်ဖိုးအရှိဆုံးအရည် ဖြစ်သလော။ လောင်စာဆီဈေးနှုန်း ခေါင်ခိုက်လျက်ရှိသော ယနေ့အချိန်တွင် အများစုက ထိုသို့ပင်ယူဆကြပေမည်။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီတွင် သာ၍တန်ဖိုးရှိသောအရည် လီတာအနည်းငယ် ရှိထားသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ– လောင်စာအတွက် မြေကြီးထဲမှ ရေနံစည်ပေါင်း ဘီလီယံသန်းထောင်နှင့်ချီ၍ နှစ်စဉ်ထုတ်ယူလျက်ရှိသည်။ တစ်ဖက်တွင် လူနာများကို ကုသနိုင်ဖို့ သွေးယူနစ်ပေါင်း သန်း ၉၀ ခန့်ကို လူသားများထံမှ ထုတ်ယူလျက်ရှိ၏။ * ဤထိတ်လန့်ဖွယ်ကိန်းဂဏန်းက လူပေါင်း ၈,၀၀၀,၀၀၀ ခန့်၏ သွေးနှင့်ညီမျှသည်။

ရေနံကဲ့သို့ပင် သွေးလည်းမလုံမလောက်ဖြစ်နေပုံရသည်။ ကမ္ဘာတစ်ဝန်းရှိ ဆေးပညာလောကတွင် သွေးမလုံလောက်မှုကို သတိပေးလျက်ရှိသည်။ (“ကြံမိကြံရာလုပ်ခြင်း” လေးထောင့်ကွက်ကိုရှု) သွေးသည် အဘယ်ကြောင့် ဤမျှအဖိုးတန်သနည်း။

တစ်မူထူးသောကိုယ်အင်္ဂါအစိတ်အပိုင်း

သွေးသည် အံ့ဖွယ်ကောင်းလောက်အောင် ရှုပ်ထွေးလှသဖြင့် ကိုယ်အင်္ဂါတစ်ခုကဲ့သို့ နှိုင်းယှဉ်ဖော်ပြခံရလေ့ရှိသည်။ “ခန္ဓာကိုယ်ရှိ အင်္ဂါများစွာတွင် သွေးသည် တစ်ခုအပါအဝင်ဖြစ်ပြီး အင်မတန် ထူးဆန်းအံ့ဩဖွယ်ဖြစ်သည်” ဟုဒေါက်တာဘရူးစ်လဲနက်စ်က နိုးလော့! မဂ္ဂဇင်းကို ပြောပြခဲ့သည်။ အမှန်ပင် ထူးခြားလှသည်တကား။ သွေးကို “ခန္ဓာကိုယ်တွင် အရည်အဖြစ်တည်ရှိသည့် တစ်ခုတည်းသောအင်္ဂါ” အဖြစ် သင်ရိုးစာအုပ်တစ်အုပ်က ဖော်ပြထားသည်။ ထိုစာအုပ်ကပင် သွေးကို “သက်ရှိသယ်ယူပို့ဆောင်ရေးစနစ်” ဟုခေါ်ဆိုထားသည်။ ယင်းက ဘာကိုဆိုလိုသနည်း။

သိပ္ပံပညာရှင် အဲန်လီအဲန်ဒါဆင်က “သွေးလှည့်ပတ်မှုစနစ်ဟာ ဗင်းနစ်မြို့က တူးမြောင်းတွေနဲ့ဆင်တူတယ်။ အသုံးဝင်တဲ့ပစ္စည်းတွေရော၊ စွန့်ပစ်ပစ္စည်းတွေကိုပါ သယ်ပို့ပေးတယ်” ဟုပြောသည်။ သွေးသည် မိုင်ပေါင်း ၆၀,၀၀၀ ရှိသော သွေးလှည့်ပတ်မှုစနစ်တစ်လျှောက် လှည့်ပတ်နေစဉ် နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်စသည့် သွေးကိုမှီခို၍ လှုပ်ရှားနေရသော အရေးကြီးအင်္ဂါများအပါအဝင် ကိုယ်ခန္ဓာရှိတစ်ရှူးအားလုံးနီးပါးနှင့် ထိတွေ့သည်။

သွေးသည် သင့်ကိုယ်ခန္ဓာအတွက် အောက်ဆီဂျင်၊ အာဟာရဓာတ်နှင့် ရောဂါကာကွယ်ပေးသည့်ပစ္စည်းများစသည့် “အသုံးဝင်ပစ္စည်းများ” ကိုသယ်ဆောင်ပေးသည်။ ထို့ပြင် အဆိပ်ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆဲလ်အပျက်အစီးများနှင့် အသေများ၊ အခြားစွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးသည်။ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားပေးသော သွေး၏လုပ်ဆောင်မှုက ခန္ဓာကိုယ်မှထုတ်ပြီးသောသွေးကို ပြန်သွင်းခြင်းသည် အဘယ်ကြောင့်အန္တရာယ်ရှိကြောင်း ရှင်းပြရာတွင် အကူအညီဖြစ်စေသည်။ အခြားသူတစ်ဦးကို သွေးမသွင်းမီ ယင်းသွေးတွင်ရှိသော “စွန့်ပစ်ပစ္စည်း” အားလုံးကို စစ်ဆေးသိရှိနိုင်ပြီး ဖယ်ရှားပစ်နိုင်သည်ဟု မည်သူမျှအာမ,မခံနိုင်ပါ။

သွေးသည် အသက်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ပေးသည်မှာ ရှင်းနေပါသည်။ ယင်းကြောင့်လည်း ဆေးလောကတွင် သွေးဆုံးရှုံးသည့် လူနာများကို သွေးသွင်းပေးကြခြင်းဖြစ်သည်။ ထို့ကြောင့် သွေးသည် အလွန်အဖိုးတန်သည်ဟု ဆရာဝန်များပြောကြပေမည်။ သို့သော် ဆေးလောကတွင် ပြောင်းလဲမှုများ ဖြစ်လျက်ရှိ၏။ တစ်နည်းအားဖြင့် တဖြည်းဖြည်း မသိမသာပြောင်းလဲလာခဲ့သည်ဟု ပြောနိုင်ပါသည်။ ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များသည် ယခင်ကကဲ့သို့ လိုလိုလားလား သွေးမသွင်းပေးလိုကြတော့ပေ။ အဘယ်ကြောင့်နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 တစ်ယူနစ်လျှင် သွေး ၄၅၀ မီလီလီတာ ပါရှိသည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကြံမိကြံရာလုပ်ခြင်း

ကမ္ဘာတစ်ဝန်းတွင် သွေးယူနစ်ပေါင်း သန်း ၂၀၀ ကျော် နှစ်စဉ်လိုအပ်သည်ဟု ဆေးပညာရှင်များက ခန့်မှန်းကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာ့လူဦးရေ၏ ၈၂ ရာခိုင်နှုန်း နေထိုင်ကြသော်လည်း ထိုနိုင်ငံများမှ ရရှိသောသွေးသည် ၄၀ ရာခိုင်နှုန်းပင်မရှိပေ။ ထိုတွင်ရှိသော ဆေးရုံများသည် သွေးမသွင်းဘဲ ကုသနေရသည်။ ‘သွေးမရှိသောကြောင့် သွေးသွင်းဖို့လိုသော ကုသမှုတစ်ဝက်ကျော်ကို နေ့စဉ်ဖျက်သိမ်းနေရသည်၊ သို့မဟုတ် ရွှေ့ဆိုင်းထားရသည်’ ဟု ကင်ညာနိုင်ငံ၊ နေးရှင်းသတင်းစာက အစီရင်ခံတင်ပြသည်။

ချမ်းသာသောနိုင်ငံများတွင်လည်း သွေးရှားပါးလာနေသည်။ လူ့သက်တမ်းရှည်လာကာ ဆေးပညာတိုးတက်လာသည်နှင့်အမျှ ခွဲစိတ်မှုများ ပိုပြုလုပ်လာကြ၏။ ထို့ပြင် အန္တရာယ်များသောဘဝပုံစံရှိသည့် သို့မဟုတ် ရောဂါပိုးနှင့် ကပ်ပါးပိုးများ ကူးစက်နိုင်သောနေရာများသို့ ခရီးသွားသည့် သွေးလှူရှင်များစွာကို လက်မခံကြတော့ချေ။

ထို့ကြောင့် သွေးစုဆောင်းသူများကြားတွင် ကြံမိကြံရာလုပ်လိုသည့်သဘောထား တိုးများလာပုံပေါက်သည်။ အန္တရာယ်နည်းသော ဘဝပုံစံမျိုးရှိသည့် လူငယ်များ၏သွေးသည် စိတ်ချရ၏ဟု သတ်မှတ်ကြ၏။ ဥပမာ၊ ယခု ဇင်ဘာဘွေတွင် သွေး ၇၀ ရာခိုင်နှုန်းကို ကျောင်းသားလေးများထံမှ ရရှိနေသည်။ သွေးလှူဘဏ်များကို အချိန်ပိုဖွင့်ထားသည့်အပြင် အချို့တိုင်းပြည်များတွင် သွေးလှူဒါန်းသူ တိုးများလာရန်၊ သွေးလှူချင်လာရန် မက်လုံးများပေးကြသည်။ ချက်ပြည်သူ့သမ္မတနိုင်ငံတွင် ပြည်သူလူထုအား သွေးနှင့်ဘီယာ လဲလှယ်ရန် ဖိတ်ခေါ်သည့် ကင်ပိန်းတစ်ခုကို ပြုလုပ်သည်။ မကြာသေးမီက အိန္ဒိယနိုင်ငံရှိ ဒေသတစ်ခုတွင် ပိုင်များသည်သွေးလိုအပ်မှုကို ဖြည့်ဆည်းရန် သွေးလှူရှင်များကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကြသည်။