မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသေလျှင် ကောင်းကင်တမန်ဖြစ်သွားသည်ဟု သမ္မာကျမ်းစာသွန်သင်သလော

လူသေလျှင် ကောင်းကင်တမန်ဖြစ်သွားသည်ဟု သမ္မာကျမ်းစာသွန်သင်သလော

သမ္မာကျမ်းစာရှုထောင့်

လူသေလျှင် ကောင်းကင်တမန်ဖြစ်သွားသည်ဟု သမ္မာကျမ်းစာသွန်သင်သလော

အာရီယိုအမည်ရှိ မိန်းကလေးသည် အသက်ခုနစ်နှစ်သာရှိသေးစဉ် ဆုံးပါးသွားခဲ့၏။ ဝမ်းနည်းပူဆွေးနေသော မိဘများသည် ခေါင်းတလားထဲရှိ အဖြူရောင်ဝတ်စုံနှင့် သမီးကလေးကို ငုံ့ကြည့်နေကြသည်။ ခရစ်ယာန်ဘုန်းကြီးက သူတို့ကို ဤသို့နှစ်သိမ့်စကားပြောဆိုသည်– “ဘုရားသခင်က ကောင်းကင်တမန်နောက်တစ်ပါး အလိုရှိတဲ့အတွက် အာရီယိုလေးကို ခေါ်သွားတာ။ အခု သူ့ရဲ့ဝိညာဉ်က အတိုင်းအဆမဲ့တန်ခိုးရှင်ရဲ့ ပလ္လင်အနားမှာ ပျံဝဲနေတယ်။”

ကောင်းကင်တမန်များသည် လူသေတို့၏ဝိညာဉ်များဖြစ်သည်ဟူသော အယူအဆကို ဘာသာတရားအချို့က ထောက်ခံသော်လည်း လူအများက ယင်းအယူအဆကို စိတ်ရင်းမှန်နှင့် ယုံကြည်လက်ခံကြ၏။ လူတို့ကို ကူညီ၍ ကာကွယ်စောင့်ရှောက်ပေးပြီးနောက် ကောင်းကင်တမန်များဖြစ်ခွင့်ရကြသည့် လူသေများအကြောင်း ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများတွင် ပြသခြင်းဖြင့် မီဒီယာများသည် ယင်းအယူအဆကို လူကြိုက်များစေခဲ့ကြပြီ။

သင်ချစ်မြတ်နိုးရသူများ သေဆုံးသွားသောအခါ ကောင်းကင်တမန်များဖြစ်သွားကြသည်ဟု သင်ထင်ပါသလော။ ဤအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့သွန်သင်သနည်း။ အဖြေရရန် ကောင်းကင်တမန်များ၏ သဘောသဘာဝ၊ လူသေများ၏ တကယ့်အခြေအနေနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏အဆိုကို ဦးစွာ သုံးသပ်ကြည့်ကြစို့။

တစ်မူထူးသော သတ္တဝါများဖြစ်သည့်ကောင်းကင်တမန်များ

ကောင်းကင်တမန်များသည် ဝိညာဉ်ဘုံတွင် နေထိုင်ကြသည့် ဘုရားသခင်၏ မျက်မြင်မရ အစွမ်းတန်ခိုးရှိသော ကျေးကျွန်များဖြစ်ကြသည်။ ၎င်းတို့သည် လူသားများကို မှီခိုအားထားစရာမလိုချေ။ ကောင်းကင်တမန်များသည် ဘုရားသခင်ဖန်ဆင်းထားသော ဝိညာဉ်သတ္တဝါများဖြစ်ကြသည်။ သမ္မာကျမ်းစာက ‘ [ကောင်းကင်တမန်များ] ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့် ထာဝရဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြစေ’ ဟုဆို၏။—⁠ဆာလံ ၁၄၈:၂၊ ၅

သရပ်များနှင့် ခေရုဗိမ်များအပါအဝင် သန်းနှင့်ချီသော သစ္စာရှိကောင်းကင်တမန်များသည် ၎င်းတို့၏ရာထူးတာဝန်များနှင့်အညီ သတ်သတ်မှတ်မှတ် ကဏ္ဍများတွင် နာခံမှုရှိရှိ အမှုထမ်းကြကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ဆာလံ ၁၀၃:၂၀၊ ၂၁; ဟေရှာယ ၆:၁-၇; ဒံယေလ ၇:၉၊ ၁၀) ဘုရားသခင်အတွက် အဆိုပါကောင်းကင်တမန်အားလုံးရှိစေရန် လူသားတို့ သေပေးခဲ့ရသလော။ အမှန်ဆိုရလျှင် ဖြစ်ကိုမဖြစ်နိုင်သည့်ကိစ္စ ဖြစ်၏။ အဘယ်ကြောင့်နည်း။

ကောင်းကင်တမန်များသည် လူသားများထက်အလျင် ဖန်ဆင်းခံခဲ့ရသည်ဟု သမ္မာကျမ်းစာကဆို၏။ လူတို့နေထိုင်ကြမည့် ကမ္ဘာဂြိုဟ်ကို ယေဟောဝါ ဖန်ဆင်းတော်မူခဲ့စဉ် နံနက်ကြယ်များဟု ကဗျာဆန်ဆန် ခေါ်ဆိုထားသည့် ကောင်းကင်တမန်များသည် ‘တညီတညွတ်တည်း သီချင်းဆို၍ ဝမ်းမြောက်စွာ ကြွေးကြော်’ ခဲ့ကြသည်။ (ယောဘ ၃၈:၄-၇) ထို့ကြောင့် ကောင်းကင်တမန်များသည် ကမ္ဘာမြေပေါ် လူသားများမတည်ရှိမီ အတိုင်းမသိကာလကတည်းကပင် တည်ရှိခဲ့ကြသည်။

ထို့ပြင် ယေဟောဝါ၏ရည်ရွယ်တော်မူချက်တွင် ကောင်းကင်တမန်များနှင့်လူတို့၏ သဘောသဘာဝနှင့် အခန်းကဏ္ဍသည် အလွန်ကွာခြားသည်။ * ဘုရားသခင်သည် လူကို “ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်” ၍ဖန်ဆင်းတော်မူခဲ့သဖြင့် စိတ်စွမ်းရည်နှင့် ခွန်အားတို့တွင် အဆိုပါဝိညာဉ်သတ္တဝါများက လူသားများထက် ပိုသာသည်ဟု တော်မှန်စွာ သတ်မှတ်ရပေမည်။ (ဟေဗြဲ ၂:၇) ကောင်းကင်တမန်များနေထိုင်ရန် သင့်လျော်သည့် “နေရာအရပ်” မှာ ကောင်းကင်ဖြစ်၏။ (ယုဒ ၆) လူသားများအတွက်မူ ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ ကမ္ဘာမြေပေါ် ထာဝစဉ်နေထိုင်သွားရန်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၇; ဆာလံ ၃၇:၂၉) ကနဦးလူသားမောင်နှံသာ ဘုရားသခင်ကို နာခံခဲ့မည်ဆိုလျှင် သူတို့သည် ဘယ်တော့မျှ သေရမည်မဟုတ်ချေ။ သို့ဖြစ်၍ အစကတည်းက ဘုရားသခင်၏ရည်ရွယ်ချက်တွင် လူသားများနှင့် ကောင်းကင်တမန်များသည် မိမိတို့နေရာအသီးသီး၌ ပျော်မွေ့ကြရန်ဖြစ်သည်။

သေသောအခါ ဘာဖြစ်သွားသနည်း

ကျွန်ုပ်တို့ဆန်းစစ်ရန်လိုသည့် အခြားအရေးကြီးသောမေးခွန်းများမှာ လူသေသောအခါ ဘာဖြစ်သွားသနည်း။ သူတို့သည် ဝိညာဉ်ဘုံတွင် ကောင်းကင်တမန်များဖြစ်နိုင်ဖွယ်ရှိသည့် ဘဝပုံစံနောက်တစ်မျိုးဖြင့် ဆက်အသက်ရှင်နေပါသလော ဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာက ရိုးရှင်းစွာ ဤသို့ဖြေဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေ. ၉:၅) ထို့ကြောင့် လူသေသောအခါ အသက်မရှိတော့ချေ။ ထို့ပြင် အသိ၊ ထိတွေ့ခံစားမှုဟူ၍လည်း လုံးဝမရှိတော့ချ။

သို့ဆိုလျှင် လူသေတို့အတွက် မျှော်လင့်ချက်ရှိပါသလော။ မျှော်လင့်ချက်ရှိပါသည်။ သေဆုံးသွားကြသည့် လူသားအများစုအတွက် မျှော်လင့်ချက်မှာ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာကဆို၏။ လူသေအများစုသည် ပရဒိသုမြေကြီးပေါ်တွင် လူသားများအဖြစ် အသက်ပြန်ရှင်လာကြမည်ဖြစ်သည်။—⁠လုကာ ၂၃:၄၃; ယောဟန် ၅:၂၈

လူအနည်းငယ်သာလျှင် ကောင်းကင်အသက်တာဖြင့် ရှင်ပြန်ထမြောက်မည့်မျှော်လင့်ချက် ရရှိထားကြ၏။ ယင်းမျှော်လင့်ချက်ကိုရရှိသူ အရေအတွက်မှာ ၁၄၄,၀၀၀ သာဖြစ်သည်။ သို့သော် အဆိုပါ ၁၄၄,၀၀၀ သည် ကောင်းကင်တမန်များနှင့်မတူချေ။ ဥပမာ၊ အဆိုပါ ၁၄၄,၀၀၀ သည် မသေနိုင်သောရှင်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များအဖြစ် ခရစ်တော်နှင့်အတူ စိုးစံကြမည်။ သူတို့သည် တရားစီရင်ပိုင်ခွင့်လည်း ရရှိထားကြ၏။ (၁ ကောရိန္သု ၆:၃; ဗျာ. ၂၀:၆) သူတို့သည် သေဆုံးသွားခဲ့ကြသည့် ကလေးသူငယ်များလော။ မဟုတ်ကြချေ။ အပြည့်အဝစမ်းသပ်ခံခဲ့ရသည့် ခရစ်တော်၏နောက်လိုက်များ ဖြစ်ကြသည်။—⁠လုကာ ၂၂:၂၈၊ ၂၉

လူသေများနှင့် ကောင်းကင်တမန်များ၏ ကွာခြားချက်ကိုလည်း သုံးသပ်ကြည့်ပါဦး။ လူသေတို့သည် “အဘယ်အရာကိုမျှမသိ” ကြတော့ချေ။ ကောင်းကင်တမန်များမှာမူ အသိစိတ်၊ ခံစားချက်နှင့် ဆုံးဖြတ်နိုင်စွမ်း ရှိကြသည်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်လည်းရှိကြ၏။ (ကမ္ဘာဦး ၆:၂၊ ၄; ဆာလံ ၁၄၆:၄; ၂ ပေတရု ၂:၄) လူသေများကို အစွမ်းခွန်အားမဲ့သူများအဖြစ် ဖော်ပြထားပြီး ကောင်းကင်တမန်များကိုမူ “တန်ခိုးကြီး” သူများအဖြစ် ဖော်ပြထားသည်။ (ဟေရှာယ ၂၆:၁၄; ဆာလံ ၁၀၃:၂၀) အာဒံ၏သားစဉ်မြေးဆက်တို့သည် အပြစ်နှင့်မစုံလင်မှုကြောင့် သေဆုံးကြရသော်လည်း ယေဟောဝါကို ကြောက်ရွံ့သည့် ကောင်းကင်တမန်များကမူ စုံလင်၍ ဘုရားသခင်၏ရှေ့မှောက်တော်တွင် မျက်နှာသာရအနေအထားကို အပြည့်အဝရရှိထားကြသည်။—⁠မဿဲ ၁၈:၁၀

ကောင်းကင်တမန်များသည် လူသေတို့၏ဝိညာဉ်များဖြစ်ကြသည်ဟူသော အယူအဆမှာ တီဗွီအစီအစဉ်များ၊ ရုပ်ရှင်များ၏ စိတ်ကူးယဉ်ဖန်တီးချက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သမ္မာကျမ်းစာအပေါ် အခြေမပြုချေ။ အထက်ဖော်ပြပါ ကျမ်းစာအမှန်တရားများသည် သေဆုံးသွားကြသည့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့၏ အနာဂတ်နှင့်ပတ်သက်၍ တလွဲမယူဆစေပါ။ ထို့ပြင် ဘုရားသခင်၏ အစွမ်းတန်ခိုးရှိကျေးကျွန်များအဖြစ် ဖန်ဆင်းခံထားရသော သစ္စာရှိကောင်းကင်တမန်တို့သည် လူသားများထက် ပို၍အဆင့်မြင့်ကာ ယေဟောဝါ၏အလိုတော်ကိုထမ်းဆောင်ရန် အမြဲအသင့်ရှိကြောင်း သမ္မာကျမ်းစာက အသေအချာဆို၏။ ယေဟောဝါအား စိတ်ရင်းမှန်ဖြင့် ရိုသေလေးမြတ်ပြီး ကိုယ်တော့်အမှုတော်ကို ကြိုးစားထမ်းဆောင်နေကြသူတို့အား ကူညီစောင့်ရှောက်ဖို့ ကောင်းကင်တမန်များကို အသုံးပြုရန် ဘုရားသခင်အလိုတော်ရှိခြင်းက ဝမ်းသာစရာပါတကား။—⁠ဆာလံ ၃၄:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 စာသားအရ “စေတမန်” ဟုအဓိပ္ပာယ်ရှိသော “ကောင်းကင်တမန်” ဟူသည့်အသုံးအနှုန်းသည် တစ်ခါတစ်ရံ အဓိပ္ပာယ်ကျယ်ပြန့်နိုင်ပေသည်။ ဝိညာဉ်သတ္တဝါအမျိုးမျိုးနှင့် ဘုရားသခင့်လူသားကျေးကျွန်တို့ကိုပင် ဆိုလိုနိုင်၏။ သို့သော် ဤဆောင်းပါးတွင် ကောင်းကင်တမန်များဟု ကျမ်းစာဆိုလေ့ရှိသည့် ဝိညာဉ်သတ္တဝါများကို ကျွန်ုပ်တို့ရည်ညွှန်းပါသည်။

သင်စဉ်းစားဖူးသလော

▪ သေဆုံးသွားသည့် သင်ချစ်မြတ်နိုးရသူတို့သည် ယခု ကောင်းကင်တွင် ဘုရားသခင့်အမှုတော်ဆောင်နေကြသည့် ကောင်းကင်တမန်များလော။—⁠ဒေ. ၉: ၅၊ ၁၀

▪ ဘုရားသခင်သည် ကောင်းကင်တမန်များ ထပ်အလိုရှိ၍ ကလေးသူငယ်များ သေဆုံးသွားကြခြင်းလော။—⁠ယောဘ ၃၄:၁၀

▪ လူသေသည် အသက်ရှင်နေသူကို ပြန်၍ကာကွယ်စောင့်ရှောက် ပေးနိုင်သလော။—⁠ဟေရှာယ ၂၆:၁၄

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

‘[ကောင်းကင်တမန်များ] ကို အမိန့်တော်ရှိ၍ဖန်ဆင်းတော်မူသောကြောင့် ထာဝရဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြစေ။’—⁠ဆာလံ ၁၄၈:၂၊ ၅