မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးသွင်းခြင်းဆိုင်ရာဆေးပညာ ယင်း၏အနာဂတ် စိတ်ချရသလော

သွေးသွင်းခြင်းဆိုင်ရာဆေးပညာ ယင်း၏အနာဂတ် စိတ်ချရသလော

သွေးသွင်းခြင်းဆိုင်ရာဆေးပညာ ယင်း၏အနာဂတ် စိတ်ချရသလော

“သွေးသွင်းကုသခြင်းသည် အပူပိုင်းမိုးသစ်တောအတွင်း လမ်းလျှောက်ခြင်းနှင့် ဆင်တူသည်။ လမ်းများကို ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း သတိဖြင့်လျှောက်ဖို့လိုနေဆဲပင်။ သတိမရှိပါက မကြုံဖူးသော၊ ကြိုမမြင်နိုင်သော အန္တရာယ်များ ကျရောက်နိုင်သည်။”—⁠သွေးသွင်းခြင်းဆိုင်ရာဆေးပညာပါမောက္ခ အီယန် အမ် ဖရန်ကလင်။

ကမ္ဘာချီ အေ့ဒ်စ်ကပ်ဘေးကြီးကြောင့် သွေးအပေါ် လူတို့အာရုံစိုက်လာသော ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် သွေး၏ “ကြိုမမြင်နိုင်သောအန္တရာယ်များ” ကိုဖယ်ရှားရန် အပြင်းအထန်ကြိုးစားခဲ့ကြသည်။ သို့တိုင် အဟန့်အတားကြီးများ ရှိနေသေးသည်။ ၂၀၀၅ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤသို့ဝန်ခံခဲ့၏– “စိတ်ချရသောသွေးသွင်းမှုရရှိရန် အလားအလာသည် . . . တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြီးအကျယ်ကွဲပြားနေသည်။” အဘယ်ကြောင့်နည်း။

နိုင်ငံများစွာတွင် သွေးနှင့် သွေးမှထုတ်လုပ်သည့် ဆေးပစ္စည်းများကို စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့အတွက် ဘေးကင်းမှုအဆင့်စံနှုန်းများ ချမှတ်ရန် တစ်နိုင်ငံလုံး ညှိနှိုင်းဆောင်ရွက်ရေးအစီအစဉ်များ မရှိကြပေ။ တစ်ခါတစ်ရံ သွေးသိုလှောင်သည့်နေရာပင် စိတ်မချရပေ။ အိမ်သုံးရေခဲသေတ္တာများနှင့် ခရီးဆောင်ရေခဲပုံးများတွင် သိုထားတတ်ကြသည်။ စိတ်ချရသောစံနှုန်းများ မချမှတ်ထားသဖြင့် လူနာများသည် မိုင်ရာနှင့်ချီဝေးသောဒေသမှ လူတစ်ဦး၏သွေးကြောင့် ဒုက္ခရောက်သွားနိုင်သည်။

ရောဂါကင်းစင်သည့်သွေး—⁠လက်လှမ်းမမီရာ

အချို့တိုင်းပြည်များက ၎င်းတို့၏သွေးသည် ယခင်ကထက်ပို၍ စိတ်ချရသည်ဟု ဆိုကြသည်။ သို့တိုင် သတိထားရမည့်အကြောင်းများ ရှိပါသေးသည်။ အမေရိကန်ရှိ သွေးအဖွဲ့အစည်းသုံးခုက ပူးပေါင်းထုတ်ဝေသော “ပညာပေးလက်ကမ်းဝေစာ” တစ်စောင်၏ ပထမစာမျက်နှာတွင် ဤသို့ဖော်ပြ၏– “သတိ– သွေးနှင့် သွေးအစိတ်အပိုင်းများကို လူ့သွေးမှရရှိသဖြင့် ယင်းတို့သည် ဗိုင်းရတ်ပိုးများကဲ့သို့သော ကူးစက်ရောဂါပိုးများကို သယ်ဆောင်သည့် အန္တရာယ်ရှိသည်။ . . . သွေးလှူရှင်ကို ဂရုစိုက်ရွေးချယ်ခြင်းနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုတို့သည် အန္တရာယ်ကို မဖယ်ရှားပေးပါ။”

ခိုင်လုံသည့်အကြောင်းရင်းရှိသဖြင့် ကြက်ခြေနီနှင့် လခြမ်းနီတပ်ဖွဲ့များ၏ နိုင်ငံတကာအဖွဲ့ချုပ်မှ ဝါရင့်အရာရှိဖြစ်သူ ပီတာကာရလန်က ဤသို့ဆိုသည်– “သွေးအတွက် စိတ်ချရတဲ့အာမခံချက် လုံးဝမပေးနိုင်ပါဘူး။ စစ်ဆေးမှုမလုပ်တဲ့ အချိန်ခဏအတွင်းမှာ ကူးစက်ပိုးအသစ်တွေ အမြဲရှိနေပါတယ်။”

အေ့ဒ်စ်ရောဂါကဲ့သို့ ရောဂါသယ်ဆောင်သူအဆင့်တွင် အချိန်ကြာကြာရှိနေသည့်အပြင် သွေးမှတစ်ဆင့် အလွယ်တကူကူးစက်တတ်သော ရောဂါကူးစက်စေနိုင်သည့် ပစ္စည်းအသစ်တစ်ခု ရှိနေလျှင်ကော။ ၂၀၀၅၊ ဧပြီလ၌ ချက်ပြည်သူ့သမ္မတနိုင်ငံ ပရာ့ဂ်မြို့၌ ကျင်းပသော ဆေးဘက်ဆိုင်ရာညီလာခံတွင် အမေရိကန်အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ ဒေါက်တာ ဟာဗေးဂျီကလိန်းက ယင်းကို စိုးရိမ်စရာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူဤသို့ဆက်ပြော၏– “သွေးအစိတ်အပိုင်းတွေကို စုဆောင်းသူတွေဟာ သွေးသွင်းခြင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေကို ဟန့်တားဖို့ အေ့ဒ်စ်ရောဂါ ပေါ်ခါစအချိန်တုန်းကလောက် မလုပ်ဆောင်ကြတော့ဘူး။

အမှားအယွင်းများနှင့် သွေးချင်းမတည့်၍တုံ့ပြန်မှုများ

ဖွံ့ဖြိုးပြီးတိုင်းပြည်များရှိ လူနာများတွင် သွေးသွင်းခြင်းကြောင့်ဖြစ်သော အကြီးမားဆုံးအန္တရာယ်များမှာ အဘယ်နည်း။ အမှားအယွင်းများနှင့် ကိုယ်ခံအားစနစ်တုံ့ပြန်မှုများဖြစ်သည်။ ၂၀၀၁ ခုနှစ်က ကနေဒါနိုင်ငံတွင်ပြုလုပ်သည့် လေ့လာမှုတစ်ခုအရ “သွေးမတူသူထံမှ သွေးနမူနာထုတ်ယူခြင်း၊ သွေးနမူနာကို အမှတ်အသားတပ်မှားခြင်း၊ သွေးမတူသူထံမှ သွေးယူခြင်း” တို့ကြောင့် အသက်ဘေးမှ လက်မတင်လေးလွတ်မြောက်ခဲ့သည့် သွေးသွင်းမှုများ ထောင်နှင့်ချီရှိခဲ့သည်ဟု သည်ဂလုပ်အဲန်မေးလ် သတင်းစာက အစီရင်ခံတင်ပြသည်။ ထိုသို့သော မှားယွင်းမှုများကြောင့် အမေရိကန်တွင် ၁၉၉၅ နှင့် ၂၀၀၁ ခုနှစ်အတွင်း အနည်းဆုံးလူပေါင်း ၄၄၁ ဦး သေဆုံးခဲ့ရသည်။

အခြားသူတစ်ဦး၏သွေးကို သွင်းသူများသည် ကိုယ်အင်္ဂါအစားထိုးကုသသူများ ကြုံရသည့်အန္တရာယ်များကို ကြုံကြရ၏။ ကိုယ်ခံအားတုံ့ပြန်မှုစနစ်က ပြင်ပမျိုးခြားတစ်ရှူးများကို လက်မခံတတ်ပေ။ အချို့အခြေအနေများတွင် သွေးသွင်းခြင်းက မွေးရာပါ ကိုယ်ခံအားစနစ်၏ ဆောင်ရွက်မှုများကို လုံးလုံးဟန့်တားနိုင်သည်။ ထိုသို့ ကိုယ်ခံအားစနစ် ရပ်တန့်သွားခြင်းကြောင့် လူနာသည် ခွဲစိတ်ကုသပြီးနောက် ရောဂါကူးစက်မှုနှင့် ယခင်ကမြုံနေသော ဗိုင်းရတ်များကို ခုခံကာကွယ်နိုင်စွမ်းမရှိတော့ချေ။ ထို့ကြောင့် ဤဆောင်းပါး၏အစပိုင်းတွင် ကိုးကားဖော်ပြသော ပါမောက္ခအီယန် အမ်ဖရန်ကလင်က “လူနာများကို သွေးမသွင်းမီ အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ပါ” ဟု ဆရာဝန်များအား တိုက်တွန်းခဲ့သည်။

ပညာရှင်များ သဘောထားထုတ်ဖော်ကြ

ဤအချက်များကို သိထားကြရာ ကျန်းမာရေးဝန်ထမ်းများစွာသည် သွေးသွင်းခြင်းဆိုင်ရာ ဆေးပညာကို ပို၍ချင့်ချိန်ဆန်းစစ်လျက်ရှိကြသည်။ “ဗီဇကွဲသွေး [အခြားလူတစ်ဦးထံမှသွေး] သည် အန္တရာယ်ရှိသည့်ဆေးဝါးတစ်မျိုးဖြစ်ပြီး အခြားဆေးဝါးများကို အကဲဖြတ်သည့်စံနှုန်းဖြင့် အကဲဖြတ်ကြည့်မည်ဆိုပါက ယင်းကို တားမြစ်ရလိမ့်မည်ဟု ဆရာဝန်အချို့က အခိုင်အမာယူဆ” ကြကြောင်း ဒေလီ၏သွေးဆိုင်ရာမှတ်ချက်များ စာအုပ်က ရေးသားဖော်ပြသည်။

နှလုံးခွဲစိတ်ကုသသည့် လူနာများအား အဓိကသွေးအစိတ်အပိုင်းများ သွင်းပေးခြင်းနှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်အကုန်ပိုင်းတွင် ပါမောက္ခဘရူးစ်စပိစ်က ဤသို့ဆို၏– “အဓိကသွေးအစိတ်အပိုင်းများ သွင်းပေးခြင်းသည် နှလုံးခွဲစိတ်သည့်လူနာ၏ အခြေအနေကိုတိုးတက်စေသည်ဟူသော အဆိုကိုထောက်ခံသည့် ဆေးဘက်ဆိုင်ရာစာပေများ ရှိမည်ဆိုလျှင်လည်း အနည်းငယ်သာဖြစ်သည်။” အမှန်မှာ ထိုသို့သောသွေးသွင်းမှုများသည် “ပြင်းထန်စွာထိခိုက်မှုမှလွဲ၍ ကိစ္စတိုင်းလိုလို၌ ကောင်းကျိုးထက် အန္တရာယ်ပိုဖြစ်စေနိုင်ပြီး” “အဆုတ်ရောင်ရောဂါ၊ ကူးစက်နာများ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့” ပိုဖြစ်စေနိုင်သည်ဟု သူရေးသားခဲ့သည်။

သွေးသွင်းခြင်းဆိုင်ရာ စံနှုန်းများသည် မိမိတို့မျှော်လင့်ထားသည့်အတိုင်း တစ်သမတ်တည်းမဟုတ်ကြောင်း သိလာသည့်အခါ လူများအံ့သြကြသည်။ ဒေါက်တာဂေဘရီယယ်လ် ပေဒရာဇာက ချီလီရှိ မိမိ၏လုပ်ဖော်ဆောင်ဖက်များအား “သွေးသွင်းခြင်းသည် ကောင်းသောကုသနည်းမဟုတ်၊” ယင်းသည် “တစ်ကမ္ဘာလုံး လက်ခံသည့် လမ်းညွှန်ချက်များကို ကျင့်သုံးဖို့ . . . ခက်ခဲစေသည်” ဟုသတိပေးခဲ့၏။ အီဒင်ဘာ့ဂ်နှင့်စကော့တလန် သွေးသွင်းကုသရေးဌာနမှ ဒါရိုက်တာဘရိုင်ယန် မက္ကလာလန်က “သွေးသွင်းခြင်းသည် ကိုယ်အင်္ဂါအစားထိုးကုသခြင်းဖြစ်သောကြောင့် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ရမည့်ကိစ္စတစ်ခု မဟုတ်ကြောင်း သတိရပါ” ဟုဆရာဝန်များအား ပြောဆိုခဲ့သည်။ ဆရာဝန်များအနေဖြင့် “ငါကိုယ်တိုင် ဒါမှမဟုတ် ငါ့သားသမီးသာ လူနာဖြစ်ရင် သွေးသွင်းဖို့ ငါသဘောတူပါ့မလား” ဟုစဉ်းစားသုံးသပ်ကြရန် သူအကြံပြုခဲ့သည်။

အမှန်ဆိုရသော် ကျန်းမာရေးဝန်ထမ်း အတော်များများသည် နိုးလော့! မဂ္ဂဇင်းကို ဤသို့ပြောပြခဲ့သော သွေးပညာရှင်တစ်ဦးနှင့် သဘောတူကြသည်– “သွေးသွင်းခြင်းဆိုင်ရာဆေးပညာ အထူးကုသမားတော်တွေအနေနဲ့ ကျွန်တော်တို့ဟာ သွေးသွင်းခံရမှာကိုရော သွေးသွင်းပေးရတာကိုပါ မနှစ်သက်ကြဘူး။” ဆေးလောကရှိ ကောင်းစွာသင်ကြားပို့ချခံရသူ အချို့တွင်ပင် ထိုသို့သောခံစားချက်ရှိလျှင် လူနာများ မည်သို့ခံစားရမည်နည်း။

ဆေးပညာလောက ပြောင်းလဲလိမ့်မည်လော

သွေးသွင်းခြင်းသည် ဤမျှအန္တရာယ်များသည်ဆိုလျှင် ‘အခြားရွေးချယ်စရာများရှိလျက်နှင့် သွေးကို အဘယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသေးသနည်း’ ဟုသင်စဉ်းစားမိပေမည်။ အကြောင်းတစ်ခုမှာ ဆရာဝန်များစွာသည် ဆေးကုသနည်းများကို ပြောင်းလဲလိုစိတ်မရှိသောကြောင့် သို့မဟုတ် သွေးသွင်းခြင်းအစား လက်ရှိအသုံးပြုနေသော အခြားရွေးချယ်စရာဆေးကုသနည်းများကို မသိသောကြောင့်ဖြစ်သည်။ သွေးသွင်းခြင်း ဂျာနယ်တွင်ပါသော ဆောင်းပါးတစ်ပုဒ်အရ “ဆရာဝန်များသည် သူတို့၏ ယခင်သင်ကြားဖူးသည့်အရာများ၊ ထုံးတမ်းစဉ်လာလိုက်ခြင်းနှင့် ‘ဆေးစစ်ချက်’ တို့အပေါ်မူတည်ပြီး သွေးသွင်းသင့်၊ မသွင်းသင့် ဆုံးဖြတ်ကြသည်။”

ခွဲစိတ်ဆရာဝန်တစ်ဦး၏ ကျွမ်းကျင်မှုကလည်း အလွန်အရေးပါ၏။ “ခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှုပေါ်မူတည်၍ သွေးဆုံးရှုံးမှုပမာဏမှာ အတော်ပင်ကွဲပြားသည်။ သွေးတိတ်အောင်လုပ်နည်းတွင် ကျွမ်းကျင်လာရန် ခွဲစိတ်ဆရာဝန်များအား လေ့ကျင့်ပေးခြင်းကို ပို၍စိတ်ဝင်စားလာနေကြသည်” ဟုအင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ဒေါက်တာဘယ်ဗလီဟန့်တ်က ရေးသားသည်။ အချို့က သွေးအစား အခြားရွေးချယ်စရာများသည် အကုန်အကျများသည်ဟု ဆိုကြသော်လည်း ထိုသို့မဟုတ်ကြောင်း မှတ်တမ်းများက ဖော်ပြ၏။ “အမှန်ဆိုရလျှင် သွေးမဲ့ကုသမှုခံယူသူ လူနာတစ်ဦးသည် ရရှိနိုင်သမျှတွင် အရည်အသွေးအမြင့်မားဆုံး ခွဲစိတ်ကုသမှုကို ခံယူနေခြင်းဖြစ်သည်” ဟူသော ဆေးပညာဒါရိုက်တာ ဒေါက်တာမိုက်ကယ်ရို့စ်၏စကားကို ဆရာဝန်အများ သဘောတူကြမည်။ *

အရည်အသွေးအမြင့်မားဆုံး ဆေးကုသမှုသည် သင်လိုချင်သည့်အရာ မဟုတ်ပေလော။ သို့ဆိုလျှင် သင်သည် သင့်အား ဤမဂ္ဂဇင်းပေးသူတို့နှင့် တူညီသည့်အချက်တစ်ချက်ရှိသည်။ သွေးသွင်းခြင်းနှင့်ပတ်သက်သည့် သူတို့၏ ထူးခြားသောရပ်တည်ချက်ကို နောက်ဆောင်းပါးတွင် ကျေးဇူးပြု၍ဖတ်ကြည့်ပါလေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 စာမျက်နှာ ၈ မှ “သွေးအစား အခြားရွေးချယ်စရာများ” လေးထောင့်ကွက်ကိုရှု။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“လူနာများကို သွေးမသွင်းမီ အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ပါ။”—⁠ပါမောက္ခအီယန် အမ် ဖရန်ကလင်

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“ငါကိုယ်တိုင် ဒါမှမဟုတ် ငါ့သားသမီးသာ လူနာဖြစ်ရင် သွေးသွင်းဖို့ ငါသဘောတူပါ့မလား။”—⁠ဘရိုင်ယန် မက္ကလာလန်

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သွေးသွင်းခြင်းနှင့်ဆက်နွှယ်သည့် အဆုတ်ရောဂါကြောင့် သေဆုံးမှု

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဦးဆုံးသိရှိခဲ့ရသော သွေးသွင်းခြင်းနှင့်ဆက်နွှယ်သည့် အဆုတ်ရောဂါ (Transfussion-related acute lung injury) သည် သွေးသွင်းခြင်းကြောင့် အသက်အန္တရာယ်ဖြစ်စေသည့် ကိုယ်ခံအားစနစ်တုံ့ပြန်မှုဖြစ်သည်။ ယခုအချိန်တွင် ထိုရောဂါကြောင့် နှစ်စဉ် လူပေါင်းရာနှင့်ချီ သေဆုံးလျက်ရှိ၏။ ဆရာဝန်များသည် ရောဂါလက္ခဏာများကို မသိသောကြောင့် သေဆုံးသူအရေအတွက် ပိုများလာသည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။ အဘယ်အရာက တုံ့ပြန်မှုဖြစ်ပေါ်စေသည်ကို ရှင်းလင်းစွာမသိသော်လည်း နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းအရ ယင်းသို့ဖြစ်စေသောသွေးသည် “အကြိမ်ပေါင်းများစွာ သွေးသွင်းခဲ့သည့် လူများ၊ တစ်နည်းအားဖြင့် သွေးအမျိုးမျိုးသွင်းခဲ့သည့် လူများထံမှ အဓိကဖြစ်ပုံရသည်။” ယခု အမေရိကန်နှင့် ဗြိတိန်တွင် ဤရောဂါသည် သွေးသွင်းခြင်းနှင့်ဆက်နွှယ်သည့် သေဆုံးမှုများ ဖြစ်စေသော အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်နေသည်ဟု အစီရင်ခံစာတစ်စောင်ကဆိုသည်။ “သွေးလှူဘဏ်များအတွက် အိပ်ခ်ျအိုင်ဗီကဲ့သို့ လူသိများသောရောဂါများထက် ပိုကြီးမားသောပြဿနာတစ်ရပ်” ဖြစ်သည်။

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ပုံကြမ်း]

သွေးတွင်ပါဝင်သော အစိတ်အပိုင်းများ

သွေးလှူရှင်များသည် အများအားဖြင့် ပကတိသွေးကို လှူကြသည်။ သို့သော် ပလာစမာ (သွေးရည်ကြည်) လှူသူလည်း အတော်များများရှိသည်။ အချို့နိုင်ငံများတွင် ပကတိသွေးကို သွင်းပေးသော်လည်း အများအားဖြင့် သွေးကို မစစ်ဆေးမီနှင့် အသုံးမပြုမီ အဓိကအစိတ်အပိုင်းများကို ခွဲထုတ်လေ့ရှိကြသည်။ အဓိကအစိတ်အပိုင်းလေးခု၊ ယင်းတို့၏လုပ်ဆောင်မှုနှင့် သွေးတွင် ယင်းတို့ပါဝင်မှုနှုန်းကို သတိပြုပါ။

ပလာစမာ သည် ပကတိသွေးတွင် ၅၂ မှ ၆၂ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ယင်းသည် အဝါဖျော့ရောင်ဖြစ်ပြီး သွေးဆဲလ်များ၊ ပရိုတင်းများနှင့် အခြားအစိတ်အပိုင်းများ ရောနှောပါဝင်ကာ ခန္ဓာကိုယ်တွင် လှည့်ပတ်နေသည်။

ပလာစမာတွင် ရေ ၉၁.၅ ရာခိုင်နှုန်း၊ ပလာစမာအပိုင်းအစများထုတ်ပေးသော ပရိုတင်းများ ၇ ရာခိုင်နှုန်း (အယ်လ်ဗျူမင် ၄ ရာခိုင်နှုန်း၊ ဂလိုဗျူလင် ၃ ရာခိုင်နှုန်း၊ ဖိုင်ဘရီနိုဂျင် ၁ ရာခိုင်နှုန်းအောက်) ပါဝင်သည်။ ပလာစမာ၏ ကျန် ၁.၅ ရာခိုင်နှုန်းမှာ အာဟာရဓာတ်များ၊ ဟော်မုန်းများ၊ အသက်ရှူခြင်းနှင့်ဆိုင်သောဓာတ်ငွေ့များ၊ လျှပ်လိုက်ပစ္စည်းများ၊ ဗီတာမင်များနှင့် စွန့်ပစ်ပစ္စည်းများစသော အခြားအစိတ်အပိုင်းများဖြစ်သည်။

သွေးဖြူဥများ (လျူကိုဆိုက်) သည် ပကတိသွေးတွင် ၁ ရာခိုင်နှုန်းအောက် ပါဝင်သည်။ ယင်းတို့က ဘေးဖြစ်စေနိုင်သော ပြင်ပမျိုးခြားအရာများကို တိုက်ခိုက်ဖျက်ဆီးပစ်သည်။

သွေးဥမွှားများ (သရွမ်ဗိုဆိုက်) သည် ပကတိသွေးတွင် ၁ ရာခိုင်နှုန်းအောက်ပါဝင်သည်။ ယင်းတို့သည် ဒဏ်ရာများမှ ထွက်လာသည့်သွေးကို ခဲစေသည်။

သွေးနီဥများ (အီရစ်သရိုဆိုက်) သည် ပကတိသွေးတွင် ၃၈ မှ ၄၈ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ယင်းတို့သည် အောက်ဆီဂျင်ကိုသယ်ဆောင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးခြင်းဖြင့် တစ်ရှူးကို အသက်ရှင်စေသည်။

ပလာစမာကို အပိုင်းအစများစွာ ခွဲထုတ်နိုင်သကဲ့သို့ အခြားအဓိကအစိတ်အပိုင်းများကိုလည်း ပို၍သေးငယ်သောအပိုင်းအစများအဖြစ် ခွဲထုတ်နိုင်သည်။ ဥပမာ၊ ဟီမိုဂလိုဗင်သည် သွေးနီဥမှထုတ်ယူသော အပိုင်းအစဖြစ်သည်။

[ပုံကြမ်း]

ပလာစမာ

ရေ ၉၁.၅%

ပရိုတင်း ၇%

အယ်လ်ဗျူမင်

ဂလိုဗျူလင်

ဖိုင်ဘရီနိုဂျင်

အခြားအစိတ်အပိုင်းများ ၁.၅%

အာဟာရဓာတ်များ

ဟော်မုန်းများ

အသက်ရှူခြင်းနှင့်ဆိုင်သောဓာတ်ငွေ့များ

လျှပ်လိုက်ပစ္စည်းများ

ဗီတာမင်များ

စွန့်ပစ်ပစ္စည်းများ

[Credit Line]

Page 9: Blood components in circles: This project has been funded in whole or in part with federal funds from the National Cancer Institute, National Institutes of Health, under contract N01-CO-12400. The content of this publication does not necessarily reflect the views or policies of the Department of Health and Human Services, nor does mention of trade names, commercial products, or organizations imply endorsement by the U.S. Government

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သွေးသွင်းခြင်းအစား အခြားရွေးချယ်စရာများ

လွန်ခဲ့သောခြောက်နှစ်အတွင်း ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေများ၏ ဆေးရုံဆက်သွယ်ရေးကော်မတီများသည် သွေးသွင်းခြင်းအစား အခြားရွေးချယ်စရာ နည်းပညာများ—⁠ရိုးရှင်း၊ ဘေးကင်း၊ ထိရောက် ဗီဒီယိုခွေကို ၂၅ ဘာသာဖြင့် ဆေးလောကတွင် ထောင်နှင့်ချီဖြန့်ဝေခဲ့သည်။ * ယင်းဗီဒီယိုခွေတွင် ကမ္ဘာကျော်ဆရာဝန်များက လူနာများအား သွေးမသွင်းဘဲကုသရာ၌ လက်ရှိအသုံးပြုနေသော ထိရောက်သည့်နည်းလမ်းများကို ဆွေးနွေးထားသည်။ ယင်းကို လူတို့ အထူးအာရုံစိုက်ခဲ့ကြသည်။ ဥပမာ၊ ဤအခွေကို ၂၀၀၁ ခုနှစ် အကုန်ပိုင်းတွင် ကြည့်ပြီးနောက် ယူနိုက်တက်ကင်းဒမ်းရှိ အမျိုးသားသွေးလှူဌာနသည် ဤဗီဒီယိုအခွေနှင့်အတူ စာတစ်စောင်ကို သွေးလှူဘဏ်အားလုံးရှိ မန်နေဂျာများနှင့် နိုင်ငံတစ်ဝန်းရှိ အတိုင်ပင်ခံသွေးပညာရှင်များထံ ပို့ပေးခဲ့သည်။ “ထိရောက်သည့်ဆေးကုသနည်း၏ ရည်မှန်းချက်တစ်ခုမှာ ဖြစ်နိုင်သရွေ့ သွေးသွင်းခြင်းကို ရှောင်ကြဉ်ရန်ဖြစ်ကြောင်း တိုး၍အသိအမှတ်ပြုနေကြ” သောကြောင့် ဗီဒီယိုအစီအစဉ်ကို ကြည့်ရှုကြရန် သူတို့ကိုအားပေးထားသည်။ “ဗီဒီယိုတွင်ပါသော ယေဘုယျအကြောင်းမှာ ချီးမွမ်းဖွယ်ရာဖြစ်ပြီး အမျိုးသားသွေးလှူဌာနက ယင်းကို အခိုင်အမာထောက်ခံသည်” ဟုစာတွင် ဖော်ပြထားသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 57 ယေဟောဝါသက်သေများထုတ်ဝေသော သွေးသွင်းခြင်းအစား အခြားရွေးချယ်စရာများ—⁠မှတ်တမ်းတင် ဒီဗီဒီခွေတွဲကို ကြည့်ရှုရန် ယေဟောဝါသက်သေတစ်ဦးနှင့် ဆက်သွယ်ပါ။

ခွဲထုတ်ခြင်း—သွေးမှထုတ်ယူသော အပိုင်းအစငယ်များကို ဆေးကုသရာတွင် အသုံးပြုခြင်း

သိပ္ပံနှင့် နည်းပညာတို့ကြောင့် ခွဲထုတ်ခြင်းနည်းဖြင့် သွေးမှအပိုင်းအစငယ်များကို ခွဲခြားပြီး ထုတ်ယူနိုင်သည်။ သာဓကအနေနှင့် ရေ ၉၆.၅ ရာခိုင်နှုန်းပါဝင်သော ပင်လယ်ရေမှ မဂ္ဂနီဆီယမ်၊ ဘရိုမင်းနှင့် ဆားတို့ကို ထုတ်ယူနိုင်ရန် ခွဲထုတ်ခြင်းဖြစ်စဉ်ကို အသုံးပြုနိုင်သည်။ အလားတူ၊ ပကတိသွေး၏ ၅၀% ကျော်ရှိသော ပလာစမာတွင် ရေ ၉၀ ရာခိုင်နှုန်းကျော်ပါဝင်ပြီး အယ်လ်ဗျူမင်၊ ဖယ်ဘရီနိုဂျင်နှင့် ဂလိုဗျူလင်းအမျိုးမျိုး စသည့်ပရိုတင်းများကို ထုတ်ယူနိုင်သည်။

ဆေးကုသရာတွင် ဆရာဝန်တစ်ဦးသည် သန့်စင်ထားသော ပလာစမာ၏ အပိုင်းအစငယ်တစ်မျိုးကို ညွှန်းပေမည်။ ဥပမာ၊ ပလာစမာကို ခဲအောင်လုပ်ပြီးနောက် အရည်ပျော်စေခြင်းဖြင့် ရရှိသော ပရိုတင်းအနှစ်ဖြစ်သည်။ အရည်တွင် မပျော်ဝင်နိုင်သော ဤပလာစမာအပိုင်းအစတွင် သွေးခဲစေသည့်ပစ္စည်းများစွာပါဝင်ပြီး လူနာများအား သွေးတိတ်စေရာတွင် အသုံးပြုသည်။ အခြားကုသနည်းများတွင် သွေးအပိုင်းအစ အနည်းငယ် သို့မဟုတ် အများအပြားပါဝင်သောဆေးကို အသုံးပြုပေမည်။ * အချို့ ပလာစမာပရိုတင်းများကို ပုံမှန်ထိုးဆေးအဖြစ်အသုံးပြုကြသည်။ ယင်းဆေးသည် ရောဂါပိုးနှင့်တွေ့ပြီးနောက် ကိုယ်ခံအားကို တိုးပွားစေနိုင်သည်။ ဆေးကုသရာတွင်သုံးသော သွေးအပိုင်းအစအားလုံးနီးပါးတွင် ပလာစမာပရိုတင်းများပါဝင်သည်။

သိပ္ပံသတင်း မဂ္ဂဇင်းအရ “သွေးတွင်အဓိကပါဝင်သော ပရိုတင်းများ ခန့်မှန်းခြေအားဖြင့် ထောင်နှင့်ချီရှိသော်လည်း သိပ္ပံပညာရှင်များသည် ရာနှင့်ချီသောအရေအတွက်ကိုသာ ဖော်ထုတ်နိုင်ခဲ့ကြသည်။” အနာဂတ်တွင် သွေးအကြောင်းပိုမိုသိလာသည်နှင့်အမျှ ထိုပရိုတင်းများမှ ဆေးပစ္စည်းအသစ်များ ထုတ်ယူလာနိုင်ကြပေမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 62 တိရစ္ဆာန်သွေးမှ ထုတ်ယူသော အပိုင်းအစငယ်များကိုလည်း ဆေးပစ္စည်းအချို့တွင် သုံးကြသည်။

[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံ]

အချို့ဆရာဝန်များသည် သွေးကိစ္စကိုင်တွယ်ရာတွင် အလွန်သတိထားကြ